၂၀၂၀ ရွေးကောက်ပွဲအပေါ် ရှမ်းပြည်နယ်မှပြည်သူများ စိတ်ဝင်စားမှုနည်းပါးလျက်ရှိပြီး ကိုဗစ်ရောဂါ နင့် စားဝတ်နေရေးရုန်းကန်နေရခြင်းကြောင့်ဖြစ်ကြောင်း ကမ္ဘောဇလူငယ်စာကြည့်တိုက်အသင်းမှ မမေနှင်းကျော်က ပြောသည်။
“အရင်ရွေးကောက်ပွဲတွေထက်စာရင် ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက စိတ်ဝင်စားမှုကျလာတယ်လို့ပြောချင်ပါတယ်။ ဘာကြောင့်လဲဆို ကိုဗစ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ကြောင့်ကျမှုတွေ၊ စားဝတ်နေရေးရုန်းကန်နေရတာတွေအတွက်၊ လူတွေရဲ့နိုင်ငံရေးအပေါ်စိတ်ဝင်စားမှုတွေဟာတော်တော် လေးလျော့ကျနေတာကိုတော့ သိသိသာသာ မြင်နေရတယ်” ဟု မမေနှင်းကျော်ကပြောသည် ။
ကမ္ဘောဇလူငယ်စာကြည့်တိုက်အသင်းသည် ၂၀၁၀ ခုနှစ်မှစ၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်ခြင်းများအား ဆက်တိုက်လုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ၂၀၁၉ မတ်လမှစ၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကိုဗစ်ရောဂါကြောင့် Voter education ဆိုင်ရာစာအုပ်များဖြန့်ဝေပေးရေးကိုသာ လုပ်ဆောင်လျက်ရှိကြောင်း ၄င်းကပြောသည် ။
အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ ကျေးရွာငယ်တော်တော်များများတွင်လည်း ရွာလုံးကျွတ် မဲစာရင်းသွားမကြည့်သည်ကို တွေ့ရှိရကြောင်း ရှမ်းတောင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ဒီမိုအရပ်ဖက်အဖွဲ့အစည်းမှ ခွန်ဗိုလ်ကျော်ကပြောသည်။
“ကျွန်တော်တို့နေနဲ့ ဝေးလံခေါင်ဖျားတဲ့ရွာတွေကို အဓိကထားသွားဖြစ်တာပေါ့။ ဥပမာ ကျတော်တို့အဖွဲ့ သွားဖြစ်တဲ့ မောက်မယ်မြို့နယ်အတွင်းမှာဆိုရင် လူထုစိတ်ဝင်စားမှုအားနည်းတာ ကိုတွေ့ရတယ်။ မဲပေးရမှာတော့သိတယ်။ အခုချိန်ထိ မဲစာရင်းသွားမစစ်ကြသေးတာ တွေက ရွာနဲ့ချီပြီး ရှိသေးတာကိုတွေ့ရတယ်” ဟု ၎င်းက ပြောသည် ။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကျေးရွာဒေသခံလူထုများ၏ အဓိကပြဿနာမှာ မဲမပေးတတ်ခြင်းဖြစ်ကြောင်း ခွန်ဗိုလ်ကျော်က ဆက်လက်ပြောသည်။ ။
“မဲပေးတဲ့တံဆိပ်တုံးကို အဖုံးနဲ့ပိတ်ထားရင် ဖွင့်ရကောင်းမှန်းမသိတာတွေရှိတယ်။ ကျေးရွာလူထုကတော့ ဒီတံဆိပ်တုံးတွေနဲ့ မရင်းနှီးဘူး။ သူတို့ရဲ့နေ့စဉ်ဘဝက ပေါက်ပြား၊ ပေါက်တူး၊ ဓါးတို့ တောင်ယာလုပ်တဲ့ စ္စည်းတွေနဲ့ပဲရင်းနှီးတာ။ မဲစာရွက်မှာလည်း ဘယ်နေရာမှာ နှိပ်ရမှန်းလဲမသိဘူး။ လူငယ်ပိုင်းတွေတော့ ပြောပြရလွယ်တယ်။ အသက်ကြီးပိုင်းတွေက သေချာပြောပြတယ်။ လက်တွေ့လုပ်ခိုင်းတယ်။ ဒါပေမဲ့ ခဏနေမေ့တယ်” ဟု ခွန်ဗိုလ်ကျော်က ပြောသည်။
တောင်ကြီး မြို့ပေါ်ရှိ ဒီမိုအရပ်ဖက်အဖွဲ့အစည်းသည် ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိပြီးယင်း လုပ်ငန်းများကို တောင်ကြီးမြို့နယ် ၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ နမ့်စန်၊ လွိုင်လင်၊ ညောင်ရွှေ၊ မောက်မယ် စသည့်မြို့နယ်များတွင် အဓိကထားလုပ်ဆောင်နေကြောင်း သိရသည်။