ချင်းပြည်နယ်တွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၂၀၀ ကျော်ရှိ

ချင်းပြည်နယ်တွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၂၀၀ ကျော်ရှိ

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မြေအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားသူ ၂၁၁ ဦးရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“အမည်လာရောက်တင်သွင်းတာ ပထမ ၂၁၂ ယောက် ရှိတယ်။ ပြီးတော့မှ တစ်ယောက်က ပြန်ရုတ်သိမ်းသွားတော့  ၂၁၁ ဦးဖြစ်သွားတယ်။ ယောက်၊ အခုလျှောက်လွှာတင်ရက်ကုန်သွားပြီဆိုတော့ တင်သွင်းလို့မရတော့ဘူး။ သူတို့တွေကို သြဂုတ် ၇ ရက်ကစပြီးကျနော်တို့ စီစစ်နေတယ်” ဟု ဦးလင်းကျော်ကပြောသည်။

ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်များသည် ပြည်နယ်လွှတ်တော်နေရာအတွက် ၉၉  ဦး၊ အမျိူးသားလွှတ်တော်နေရာအတွက် ၆၄ ဦးနှင့် ပြည်သူ့လွှတ်တော်နေရာအတွက် ၄၆ ဦး ဖြစ်ကြောင်းသိရသည်။

ယင်းအနက် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၇ ဦးရှိပြီး ပြည်သူ့လွှတ်တော်တွင် လေးဦး၊ အမျိုးသားလွှတ်တော်တွင် သုံးဦးနှင့် ပြည်နယ်လွှတ်တော်တွင် ၁၀ ဦးရှိသည်ဟု ဆိုသည်။

မြို့နယ်ပေါင်း ကိုး မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ကိုး နေရာ၊ အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ ၁၈ နေရာရှိသည်။

ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄၂၁၄၂ ဦးရှိပြီး မဲရုံပေါင်း ၁၁၀၇ ရုံထားရှိရန်လျာထားကာ ထပ်တိုးနိုင်သည်ဟုလည်း ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းပါတီများမှာ ချင်းတိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခူမီး (ခမီး) အမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊  တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်သူ့ပါတီ တို့မှဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...