သန့်ဇော်(သန်လျင်) — လွန်လေပြီးသောကာလများနှင့် ယခု ဟုမ်းစတေး Home stay( အိမ်၌ဘယ်မှမထွက်ဘဲနေထိုင်ခြင်း) သည် ကျွန်တော်တို့ ထောင်ကျခြင်းနှင့် ဆင်သလိုလို မဆင်သလိုလိုပင်။
ထောင်ဆိုသည်မှာ ချမှတ်ထားသော စည်းကမ်းမြောက်များစွာနှင့် ၈ ပေ၊ ၁၀ ပေ တိုက်ခန်းကလေးထဲတွင် တစ်ယောက်တည်း သော်လည်းကောင်း၊ နှစ်ယောက် သုံးယောက်သော်လည်းကောင်း၊ လေးယောက် ငါးယောက် သော်လည်းကောင်း ရေချိုးချိန် ၁၅ မိနစ်၊ လမ်းလျှောက်ချိန် ၁၅ မိနစ်နှင့် ကျန်ချိန်များတွင် အဆိုပါ တိုက်ခန်းကျဉ်းထဲ၌ နေချင်သည်ဖြစ်စေ မနေချင်သည်ဖြစ်စေ နေကိုနေရမည့် ဥပဒေကန့်သတ်ချက်ဖြင့် နှစ်ပေါင်းမြောက်မြားစွာ ဒုက္ခဆင်ရဲကြီးစွာ နေထိုင်ကြခဲ့ရခြင်းကို ဆိုလိုပါသည်။ ထိုအရာကို ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုသည် အနုပညာတစ်ရပ်အဖြစ် ပျော်ပျော်ရွှင်ရွှင် တင်စားကြသည်။
ဤနေရာတွင် စာရေးသူတို့သည် သူများသားမယားစော်ကား၍ ထောင်ကျခြင်းမဟုတ်၊ သူများပစ္စည်း ခိုးဆိုး လုယက်၍ ထောင်ကျခြင်းမဟုတ်၊ လူသတ် ဓားမြတိုက် ပြည်သူကို ညှဉ်းပန်းနှိပ်စက်၍လည်း မဟုတ်၊ ၁၉၈၈ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံတွင်ပါဝင်ပြီး နိုင်ငံရေးတွင်ပါဝင်သောကြောင့် ပုဒ်ထီး ပုဒ်မ အမျိုးမျိုးတပ်ကာ ထောင်တွင်းအကျဉ်းကျခံရသူများပင်။
ဤကဲ့သို့ထောင်ကျရာတွင်လည်း ယခုလို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဟုမ်းစတေးနေရသလိုမျိုးတော့ နည်းနည်းလေးခပ်ဆင်ဆင်ဖြစ်သည်ဟုဆိုရမည်။ အပြင်ဘယ်မှ မထွက်ရဆိုတာတော့ ဟုတ်သည်၊ ကျန်းမာရေးလေ့ကျင့်ခန်း အညောင်းပြေ လေ့ကျင့်ခန်းလမ်းလျှောက်ရတာ တူသည်။ ကျနော်တို့က ၈ ပေ ၁၀ ပေ တိုက်ခန်းကျဉ်းလေးထဲတွင် ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်ရသည်။ အခန်းရဲ့ ထောင့်ဖြတ်အတိုင်း လမ်းလျှောက်လျင် ခြေလှမ်း ၆ လှမ်းသာရသည်။
ခေါက်တုန့်ခေါက်ပြန်လျှောက်ရသည်၊ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်၊ စသဖြင့် ၁၀၀၊ ၂၀၀၊ ၃၀၀ ကျော် လျှောက်ရသည်။ မနှိုင်းကောင်း နှိုင်းကောင်း တိရစ္ဆာရုံထဲက လှောင်ထားတဲ့ ကျားတွေ ခြင်္သေ့တွေလိုပင်။ မလျှောက်လျင် ကြာရင် ချိတတ်သည်၊ ကိုယ့်ရှေ့တွင် အဲဒီလို ခြေတောက်ဆတ်ဆတ်ဆာဆာဖြင့် ချိသွားတဲ့သူတွေ အပုံအပင် တွေ့ခဲ့ဘူးပြီ။
အကျဉ်းထောင်တိုက်ခန်းထဲတွင် ထမင်းစားရတာကတော့ အိမ်စတေးနဲ့ လုံးဝခြားနားသည်၊ တိုက်ခန်းကျဉ်းလေးထဲသို့ သံတံခါးမှ ထမင်းနှင့် ကမ္ဘာ့အညံ့ဆုံးငပိလက်တစ်ကော် ထည့်ထားသည့် ဒန်ပန်းကန်ပြားကို အခန်းတွင်းကိုထိုးထည့်သည်၊ ပြီးရင် ဒန်ပန်းကန်လုံးထဲသို့ ပဲဟင်းရေကျဲကျဲ ထည့်ပေးသည်၊ အဲဒါနဲ့ စားတော့။
ကျွန်တော် နိုင်ငံရေးနယ်ပယ်တွင် လုံးလုံးလျားလျား တက်တက်ကြွကြွပါဝင်ခဲ့သည်၊ ပါတီတွင်းစည်းရုံးရေး အောင်မြင်နေချိန် ကိုယ်လုံးဝမကျူးလွန်၊ လုံးဝမသိသည့် အမှုတစ်ခုဖြင့် ကျွန်တော့ကို ဖမ်းဆီးစစ်ကြောပြီး အင်းစိန်ထောင်ကို ပို့လိုက်ရာ ညနေပိုင်း အင်းစိန်အကျဉ်းထောင်ရဲ့ တိုက်ခန်းတစ်ခန်းထဲကို ထည့်လိုက်သည်၊ ပြီး သော့ခတ်လိုက်သည်၊ သိပ် မကြာမီတွင် ဝန်ထမ်းအချို့ ထမင်းလာပေးသည်၊ ညနေစာဖြစ်၍ ထောင်အခေါ် တာလပေါဟင်းဆိုသည့် ကန်ဇွန်းရွက်ပြုတ်ရေဖြင့် ဖြစ်သည်။
၎င်းတာလပေါအရည်တွင် မြက်ပင်တချို့ပါသည်၊ အမှိုက်တချို့ပါသည်၊ ပိုးကောင်တချို့ပါသည်၊ ဒီထမင်းနဲ့ ဒီဟင်းအမည်ခံမှ မစားလျင်၊ စစ်ကြောရေးခန်းမှ အပြန် ဗိုက်ဟောင်းလောင်းဖြစ်နေတာကို ဗိုက်မဖြည့်လျင်၊ တစ်ခုခုများဖြစ်သွားမလားဆိုသည့် စိတ်က လွှမ်းမိုးနေသည်။
ဒီတစ်ရက်တည်းမဟုတ် ကြာနိုင်သည်၊ အသက်ရှင်ဖို့ အရေးကြီးသည်၊ အသက်ရှည်ဖို့ အရေးကြီးသည်။ ဒီကိစ္စကြီးကိုရှင်းမှ ရပေမည်၊ ဒါ့ကြောင့် ထမင်းပန်းကန်ထဲသို့ အရွက်ပြုတ်ရည် လောင်းထည့်လိုက်သည်၊ စိတ်ထဲမှ ၁ - ၂ - ၃ ဆိုပြီး ပါးစပ်ထဲ ထည့်သည်၊ တစ်ချက် နှစ်ချက် ဝါးပြီး မြိုချလိုက်သည်၊ ဤသို့ ၃ - ၄ ကြိမ် စားပြီး ရေအဝသောက်လိုက်သည်။ ဒီညအဖို့တော့ ကိစ္စတစ်ခုတော့ ပြီးသွားပေပြီဟု စိတ်ထဲတွင် မှတ်ချက်ပြုလိုက်သည်။
ခု ကျွန်တော်တို့ အိမ်မှာ ဟုမ်းစတေး နေရသည်မှာ ကျွန်တော်၏ ထောင်တွင်းဖြတ်သန်းမှု အစပထမတစ်ရက်ထက်တော့ အများကြီး အဆင်ပြေပါလိမ့်မယ်လို့ . . . .။
အိမ်၌ မိသားစုဖြင့် ရောဂါဘယ ကင်းဝေးစွာ နေနိုင်ကြပါစေ…
သန့်ဇော်(သန်လျင်)
(ဆက်လက်ဖော်ပြပါမည်)