မြန်မာ့ပြည်တွင်းစစ်မှာ တိုက်ပြီးပြေးဗျူဟာနဲ့ အလုပ်ဖြစ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့များ

မြန်မာ့ပြည်တွင်းစစ်မှာ တိုက်ပြီးပြေးဗျူဟာနဲ့ အလုပ်ဖြစ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့များ
ရက္ခိုင့်တပ်တော် AA ဟာ အခိုင်အမာတပ်စွဲပြီး နယ်မြေရယူထားတာမျိုး မလုပ်ဘဲ ချုံခိုတိုက်ခိုက်တာနဲ့ တိုက်ပြီးပြေးတဲ့နည်းဗျူဟာတွေကို အသုံးပြုလျက်ရှိတာကြောင့် မြန်မာ့တပ်မတော်ရဲ့ ပုံမှန်လုပ်ဆောင်နေကျ အင်အားသုံးထိုးစစ်ဆင်တဲ့ဗျူဟာနဲ့ ချေမှုန်းအနိုင်ယူဖို့ အခက်တွေ့နေရပါတယ်။ (ဓာတ်ပုံ - Twitter)
ရက္ခိုင့်တပ်တော် AA ဟာ အခိုင်အမာတပ်စွဲပြီး နယ်မြေရယူထားတာမျိုး မလုပ်ဘဲ ချုံခိုတိုက်ခိုက်တာနဲ့ တိုက်ပြီးပြေးတဲ့နည်းဗျူဟာတွေကို အသုံးပြုလျက်ရှိတာကြောင့် မြန်မာ့တပ်မတော်ရဲ့ ပုံမှန်လုပ်ဆောင်နေကျ အင်အားသုံးထိုးစစ်ဆင်တဲ့ဗျူဟာနဲ့ ချေမှုန်းအနိုင်ယူဖို့ အခက်တွေ့နေရပါတယ်။ (ဓာတ်ပုံ - Twitter)

မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးနိုင်ဖို့ ရုန်းကန်နေရချိန်မှာပဲ ကိုယ်ပိုင်အာဏာတစ်ရပ်နဲ့ ရပ်တည်နေတဲ့ မြန်မာ့တပ်မတော်ဟာလည်း တိုက်ခိုက်နှိမ်နင်းရခက်တဲ့ ခေတ်ပေါ်လက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် ခေါင်းခဲနေရပါတယ်။

ဒီခေတ်ပေါ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ယခင်လက်နက်ကိုင်အဖွဲ့ဟောင်းတွေလို နေရာတစ်ခုမှာ အခိုင်အမာတပ်စွဲပြီး နယ်မြေရယူထားတာမျိုးမလုပ်ဘဲ ချုံခိုတိုက်ခိုက်တာနဲ့ တိုက်ပြီးပြေးတဲ့နည်းဗျူဟာတွေကို အသုံးပြုလျက်ရှိတာကြောင့် တပ်မတော်ရဲ့ ပုံမှန်လုပ်ဆောင်နေကျ အင်အားသုံးထိုးစစ်ဆင်တဲ့ဗျူဟာနဲ့ ချေမှုန်းအနိုင်ယူဖို့ ခက်ခဲနေတာပဲဖြစ်ပါတယ်။

ဒီလိုအခြေအနေဟာ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တို့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ အတော်လေးဆင်တူတယ်လို့တောင် ပြောလို့ရပါတယ်။ အမေရိကန်တွေဟာလည်း ဗီယက်နမ်စစ်ပွဲအတွင်းမှာ ချုံခိုတိုက်ခိုက်မှုတွေ၊ ရန်သူတပ်ထက် အရပ်သားတွေကို ထိခိုက်မှုပိုများတဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

မြန်မာနိုင်ငံက အရင်ခေတ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကြီးမားတဲ့နယ်မြေဧရိယာကို သိမ်းပိုက်ပြီး လက်နက်တွေတပ်ဆင်ကာ စစ်စခန်းအဖြစ်အခြေစိုက်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။ ဥပမာ KNU ဟာ ထိုင်းနယ်စပ်မှာ ဌာနချုပ် အဖြစ်အခြေစိုက်ပြီး အခိုင်အမာအဆောက်အဦတွေဆောက်လုပ်ကာ သူ့ရဲ့အရပ်ဘက်အုပ်ချုပ်ရေးဝန်ထမ်းတွေအတွက် အိမ်ရာတွေနဲ့ စစ်စခန်းတွေ ထားရှိခဲ့ပါတယ်။ ဒီလို နေရာတစ်နေရာကိုသိမ်းပိုက်ပြီး အခိုင်အမာတပ်စွဲမှုကြောင့် တပ်မတော်က အလွယ်တကူ ပစ်မှတ်ထားထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး ၁၉၈၀ လွန်နဲ့ ၁၉၉၀ လွန်နှစ်တွေမှာ နယ်မြေလက်လွှတ်ဆုံးရှုံးရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဆိုရင်လည်း တစ်ချိန်တုန်းက ကချင်ပြည်နယ်မြောက်ပိုင်းမှာ အဓိကမြို့ကြီးတွေကလွဲလို့ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပြီး သူတို့ရဲ့ကိုယ်ပိုင် အုပ်ချုပ်ရေးအဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စစ်စခန်းတွေ တည်ဆောက်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီမှာ တပ်မတော်နဲ့ အပစ်ရပ်သဘောတူညီမှု ယူတဲ့အချိန်မှာလည်း နယ်မြေအချို့ကိုလက်လွှတ်ဆုံးရှုံးလိုက်ရပေမယ့် သူ့ရဲ့စခန်းတွေကို ထိန်းသိမ်းထားခဲ့ပြီး စစ်ဌာနချုပ်အသစ်တစ်ခု တည်ဆောက်ကို ပိုပြီးအခိုင်အမာတပ်စွဲခဲ့ကာ နောက်ပိုင်းမှာအဲဒီနေရာဟာ လိုင်ဇာမြို့ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်က အင်အားကြီး ဗမာကွန်မြူနစ်ပါတီဟာလည်း ရှမ်းပြည်နယ်ထဲမှာ စတုရန်းကီလိုမီတာ ၂၀၀၀၀ လောက်အထိ သိမ်းပိုက်ထိန်းချုပ်ခဲ့ဖူးကာ လက်ရှိအချိန်မှာတော့ ယင်းနယ်မြေအများစုဟာ မြန်မာနိုင်ငံရဲ့လက်ရှိ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSA လက်ထဲ ကျရောက်လျက်ရှိပါတယ်။

မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသစ်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်အနောက်ပိုင်းက AA နဲ့ ရှမ်းမြောက်ပိုင်းက TNLA တပ်ဖွဲ့တွေကတော့ အစပထမမှာ KIA ကပဲ လေ့ကျင့်သင်ကြားပေးလိုက်တဲ့ တပ်ဖွဲ့တွေဖြစ်ပေမယ့် မတူညီတဲ့စစ်ရေးဗျူဟာတွေ ရှိနေပါတယ်။

ဒီတပ်ဖွဲ့နှစ်ဖွဲ့စလုံးမှာ ပေါ်ပေါ်ထင်ထင် အခြေစိုက်စခန်းတွေရယ်လို့မရှိဘဲ လျို့ဝှက်ပုန်းအောင်းပြီး နေရာတွေရွှေ့ပြောင်းကာ အလစ်ချောင်းတိုက်ခိုက်တတ်ကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ တိုက်ခိုက်ရအခက်ခဲဆုံးနဲ့ လှုပ်ရှားမှုအများဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်လျက်ရှိတဲ့ AA ဟာ သူ့ရဲ့အမာခံနယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တင်မကဘဲ ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံရဲ့ ကျန်ဒေသတွေနဲ့ဆက်သွယ်ပေးထားတဲ့ အဝေးပြေးလမ်းမပေါ်က တောင်ပိုင်း အမ်းမြို့ထိ တိုက်ခိုက်မှုတွေ လုပ်ဆောင်ထားပါတယ်။



ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အား ၂၀၁၉ ခုနှစ် ဧပြီလ ၆ ရက်နေ့က ‘ဝ’ထိန်းချုပ်နယ်မြေ ပန်ဆန်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း မဟာမိတ်တွေဖြစ်တဲ့ AA၊ TNLA နဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေဟာ ပြင်ဦးလွင်ရှိ DSA ကျောင်းကို လျှပ်တပြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ TNLA နဲ့ AA ၂ ဖွဲ့စလုံးဟာ ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာ TNLA က တပ်သားအင်အား ၅၀၀၀ ဝန်းကျင်နဲ့ AA က တပ်သားအင်အား ၃၀၀၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး အဲဒီထက်ပိုတဲ့အရေအတွက်လည်း ရှိနေနိုင်ပါတယ်။

ယခင် ဆယ်စုနှစ်နဲ့ချီပြီး အစိုးရတပ်တွေနဲ့တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟောင်းတွေလို မဟုတ်ဘဲ TNLA နဲ့ AA တို့မှာ ငယ်ရွယ်တက်ကြွပြီး စီးပွားရေးအကျိုးအမြတ်ကို အာရုံစိုက်တဲ့ ခေါင်းဆောင်တွေ ရှိကြပါတယ်။ TNLA နဲ့ AA တို့ဟာ သူတို့ရဲ့ပထမဆုံး ကြီးမားတဲ့စစ်ရေးလှုပ်ရှားမှုကို ၂၀၁၅ ခုနှစ်မှာပြုလုပ်ခဲ့တာဖြစ်ပြီး ကိုးကန့်ဒေသမှာ MNDAA နဲ့လက်တွဲကာ တပ်မတော်နဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေက အဲဒီစစ်ပွဲကို မြန်မာတိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခသမိုင်းတစ်လျှောက် အကြီးမားဆုံးစစ်ပွဲတွေထဲကတစ်ခုလို့ ဖော်ပြခဲ့ကြပြီး တပ်မတော်ဘက်က လေတပ်အကူအညီကိုပါ ရယူခဲ့ရကာ မကြုံစဖူး ကြီးမားတဲ့ပမာဏနဲ့ အမြောက်တပ်လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ AA ဟာ ဗုဒ္ဓဘာသာရခိုင်လူမျိုးတွေရဲ့ ထောက်ခံမှုကိုရရှိနိုင်ဖွယ်ရာရှိတဲ့ ရခိုင်ပြည်နယ်ကို ရွှေ့ပြောင်းခြေကုပ်ရယူခဲ့ပါတယ်။ AA ဟာ လူမျိုးရေးဝါဒဖြန့်စကားတွေကို ဖြန့်ဝေဖို့ ခေတ်နဲ့အညီ ဒစ်ဂျစ်တယ်မီဒီယာကိုလည်း အသုံးပြုတာတွေ့ရပြီး သူတို့ရဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ကိုလည်း အင်တာနက်ဗွီဒီယိုတွေမှာ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုကာ စည်းကမ်းပြည့်ဝတဲ့ စစ်သားတစ်ယောက်အသွင်နဲ့ မကြာခဏတွေ့မြင်ရလေ့ရှိပါတယ်။

AA ပေါ်ထွက်လာမှုဟာ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားရေးဝါဒကိုလည်း ပိုမိုအားကောင်းလာစေပြီး ပြည်နယ်အတွင်း မွတ်ဆလင် (မူရင်းမှာ ရိုဟင်ဂျာဟုဖော်ပြ) တွေနဲ့ ပဋိပက္ခတွေကိုလည်း အခြေအနေပိုဆိုးလာစေခဲ့ပါတယ်။ ဒီအခြေအနေတွေကို တုံ့ပြန်တဲ့အနေနဲ့ တပ်မတော်ဘက်က လက်ရှိမှာ AA လှုပ်ရှားရာနယ်မြေတွေဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်းအပါအဝင် မြို့နယ် ၅ မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် လေတပ်အင်အားနဲ့ လက်နက်ကြီးတွေကို အသုံးပြုကာ AA ကို တိုက်ခိုက်နှိမ်နင်းနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလို AA ဟာ အခြေစိုက်ယူထားတဲ့ ထင်ထင်ရှားရှားစခန်းတွေမရှိဘဲ လျှို့ဝှက်ပုန်းအောင်းလျက်ရှိတာကြောင့် ထိထိရောက်ရောက်ချေမှုန်းနိုင်ဖို့ အခက်တွေ့ရလျက်ရှိပါတယ်။

တစ်ဖက်မှာလည်း မြန်မာ့တပ်မတော်ဟာ ဒီဘက်နှစ်ပိုင်းတွေမှာ တပ်သားအင်အား ၂၀၀၀၀၀ ကနေ ၅၀၀၀၀၀ ထိတိုးလာသလို တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားမှ လက်နက်တွေဝယ်ယူကာ အင်အားဖြည့်တင်း အဆင့်မြှင့်တင်မှု တွေ ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ ဒီတပ်သားအသစ်တွေနဲ့ လက်နက်အသစ်တွေဟာ ၂၀၁၁ ခုနှစ်မှာ KIA နဲ့ တပ်မတော်ကြား အပစ်ရပ်သဘောတူညီမှု ကျိုးပျက်ပြီး တိုက်ပွဲများပြန်လည်စတင်ဖြစ်ပွားချိန်ထိ တိုက်ပွဲအတွေ့အကြုံနုနယ်တဲ့ အခြေအနေမှာပဲ ရှိနေခဲ့ပါသေးတယ်။

ကချင်၊ ရှမ်း နဲ့ ရခိုင်ပြည်နယ်တွေမှာ အကျအဆုံးများခဲ့ပြီးတဲ့နောက်မှာ တပ်မတော်ဟာ သူ့ရဲ့အတွေ့အကြုံနုနယ်သေးတဲ့ တပ်တွေကို ယင်းဒေသတွေကနေ ပြန်လည်ဆုတ်ခွာစေကာ လေကြောင်းနဲ့ အမြောက်တပ်တို့အပေါ် ပိုမိုအားပြုလာခဲ့ပါတယ်။ ဒီလိုဗျူဟာပြောင်းလဲတိုက်ခိုက်မှုဟာ နေရာအခြေစိုက်ရယူထားတဲ့ KIA နဲ့တိုက်ခိုက်ရာမှာ အလုပ်ဖြစ်ပေမယ့် ရခိုင်ပြည်နယ်မှာ AA ကို တိုက်ခိုက်ရာမှာတော့ AA တပ်သားတွေကို ထိခိုက်နိုင်ချေထက် အရပ်သားတွေကို ထိခိုက်နိုင်ခြေ ပိုများနေကာ အခက်တွေ့ရမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းက စာသင်ကျောင်းတစ်ကျောင်းပေါ်ကို အမြှောက်ကျည်ဆံတစ်ခု ကျခဲ့တာကြောင့် အနည်းဆုံးကလေး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ AA ကြားတိုက်ပွဲတွေကြောင့် အရပ်သား ၁၀၀၀၀၀ ခန့် အိမ်ခြေဆုံးရှုံးထားရပြီးပြီလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တုန်းကလည်း လူမှုဖူလုံရေးဝန်ကြီး ဦးဝင်းမြတ်အေး နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိပေမယ့် ဒီအဖြစ်အပျက်ဟာ လုံခြုံရေးရယူထားတဲ့ အရေးကြီးပုဂ္ဂိုလ်တွေကိုတောင် တိုက်ခိုက်ဖို့ကြိုးပမ်းတဲ့ AA ရဲ့ တိုက်ခိုက်နိုင်စွမ်းကို သတိပြုစရာဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တပ်မတော်ဟာ TNLA ကိုတိုက်ခိုက်ဖို့ ၂၀၁၅ ခုနှစ်တုန်းက တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ RCSS ကို ကိုယ်စားလှယ်အဖြစ် ထားရှိသွားဖွယ်ရှိနေပါတယ်။ RCSS ဟာ NCA လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအကြာမှာပဲ တောင်ပိုင်းထိုင်းနယ်စပ်ရှိ သူ့ရဲ့ အခြေစိုက်စခန်းကတပ်သားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းကို ရွှေ့ပြောင်းပြီး NCA ကို ကောင်းကောင်းအသုံးချသွားခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာလည်း ပြည်တွင်းဒေသအချို့မှာ AA နဲ့ TNLA တို့ရဲ့ တိုက်ပြီးပြေး ဗျူဟာနဲ့ တိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှုအဖြစ် ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ဘေးကျပ်နံကျပ်ကြုံရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။



ရခိုင်ပြည်နယ် သံတွဲမြို့ သပြုချိုင်ကျေးရွာအနီးတွင် ကင်းလှည့်နေသည့် မြန်မာ့တပ်မတော်သားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - Twitter)

မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းတွေကို ဧပြီလထဲမှာ ပြန်လည်စတင်သွားမယ်လို့ ကြေညာထားပြီး ဒီဆွေးနွေးပွဲတွေမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသာ ပါဝင်ဖွယ်ရှိနေပါတယ်။ မြန်မာအစိုးရအနေနဲ့ လာမယ့်နိုဝင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရှိနေတဲ့အခြေအနေမှာ တိုင်းပြည်ရဲ့ ဆယ်စုနှစ်များစွ ာသက်တမ်းရှိပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ ကြိုးစားကြည့်တဲ့အနေနဲ့ပဲဖြစ်ဖြစ် NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ လက်နက်ကိုင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ ချဲ့ထွင်ပြုလုပ်သွားကောင်း သွားဖွယ်ရာလည်း ရှိနေပါတယ်။

ဒါပေမဲ့ ချုံခိုတိုက်ခိုက်နည်းနဲ့ တိုက်ပြီးပြေးဗျူဟာတွေနဲ့ အလုပ်ဖြစ်နေတဲ့ AA နဲ့ TNLA တို့လို လက်နက်ကိုင်အဖွဲ့တွေက သူတို့အနေနဲ့ တပ်မတော်ကိုအသာရနေတယ်လို့ သူတို့ဘက်ကအမြင်မှာ ယူဆစရာရှိနေတာကြောင့် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ပွဲတွေဟာ အချိန်တိုအတွင်း ချုပ်ငြိမ်းသွားဖို့ အခွင့်အလမ်း နည်းပါးလွန်းနေသေးတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတော့တယ်။

မောင်ဖြိုး

(Asia Times သတင်းဌာနတွင် ဖော်ပြထားသော ဘာတေးလ်လင်တနာ ရေးသားသည့် New age rebels winning the fight in Myanmar ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ပါသည်။)

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...