စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် အတွင်းမှာရှိတဲ့ မြောင် ပရိမ္မ ကားလမ်းနံဘေးရှိ နဘက် ကျေးရွာအုပ်စုထဲတွင် ရှိသော နဘက် ဘုရင်ဂျီကျေးရွာအတွင်း ဝင်လိုက်ပြီး ရွာလယ်လမ်းကို လျှောက်မိပြီးနောက် လမ်းချိုးလေး တစ်ခုကို ချိုးလိုက်စဉ် ခပ်လှမ်းလှမ်းတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို မြင်လိုက်သည်နှင့် စိတ်ထဲတွင် အေးချမ်းမှုကို ခံစားရရှိသည်။
အဆိုပါ ဘုရားကျောင်းရဲ့ ဘေးဘက်ကနေ တစ်မိနစ်ခန့်လမ်းလျှောက်လိုက်ပြီးနောက် တစ်လမ်းခြားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို တွေ့မြင်ရမည် ဖြစ်သည်။
ဤကျေးရွာတွင် အိမ်ခြေပေါင်း ၁၃၀ ကျော် ရှိပြီး လူဦးရေ ၅၀၀ ကျော်နေထိုင်ကာ ခရစ်ယာန် ရိုမန်ကက်သလစ် ကိုးကိုယ်သူများ ဖြစ်သည်ဟု အဆိုပါ နဘက် (ဘုရင်ဂျီ) ရွာ ကျေးရွာ ရာအိမ်မှုး ဦးမင်းသိန်းကျော် က ပြောသည်။
နဘက်ကျေးရွာများတွင် ရွာသုံးရွာ ရှိပြီး နဘက် ရွာသစ်၊ နဘက် ရွာမ ၊ နဘက် ဘုရင်ဂျီ ရွာတို့ဖြစ်ပြီး ထိုသုံးရွာလုံးကို နဘက်ရွာဟုပင် ဒေသခံများက ဆိုကြသည်။
အမြင့်ပေ ၁၃၇ ပေ ခန့်ရှိသော ခရစ်ယာန် ဘုရားကျောင်းဝင်းထဲကို ဝင်ရောက်ခဲ့ပြီးနောက်တွင်မူ ဘုန်းတော်ကြီး၏ နေအိမ်တွင် ရွာ၏ သမိုင်းကြောင်းကို ရှင်းပြရာ နဘက် သုံးရွာထဲရှိ နဘက် ဘုရင်ဂျီရွာတွင် ပေါ်တူဂီမျိုးနွယ်များက ဆင်းသက်လာသူများဖြစ်ပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူ အများစု နေထိုင်ကြသည်။ အဆိုပါ “သံယောဟန် ဗတ္တစ္စတား ဘုရားရှိခိုးကျောင်း” သည် ၂၀၁၀ ပြည့်နှစ်က ရာပြည့်ပွဲ ကျင်းပခဲ့သည်။
နဘက်(ဘုရင်ဂျီ) ရွာ အပါအဝင် ဒေသတစ်ဝိုက်တွင် ဘုရင်ဂျီရွာ ၁၃ ရွာခန့် ရှိပြီး ဒီဘရစ်တို (ခေါ်) ငဇင်ကာ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ပေါ်တူဂီ အနွယ်များကို မြန်မာနိုင်ငံ အလယ်ပိုင်း တဝိုက်ကို ပို့ဆောင်ခဲ့ပြီးနောက် နေထိုင်ခဲ့ကြသည့် ပေါ်တူဂီ အနွယ်များမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ အဆိုပါ ဘုရင်ဂျီတို့သည် ထိုဒေသတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး၊ ကုန်သည်နှင့် သားသတ်လိုင်စင်ရပြီး သားသတ်လုပ်ငန်းများလုပ်ကိုင်ကြသည်။
ဘုရင်ဂျီဆိုသည်မှာ ဖာရင်ဂီဆိုသည့် ပါရှန်းဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး လူမျိုးခြားဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ အဆိုပါ ဒေသမှ သူများသည် အနောက်ဘက်လွန်မင်းလက်ထက် သံလျင်တွင် နတ်သျှင်နောင်နှင့် ပေါ်တူဂီသား တပ်မှူးတို့ ပူးပေါင်းပြီး ပုန်ကန်မှုပြုတာကို နှိမ်နင်းခဲ့အပြီးတွင် ပေါ်တူဂီ အနွယ်များကို ဖမ်းဆီး ခေါ်ဆောင်နေထိုင်စေခဲ့ရာက ဆင်းသက်လာသည့် မျိုးနွယ်များဖြစ်ကြသည်။
အေးချမ်းတိတ်ဆိတ်လှသည့် နဘက်ရွာများသည် ရှေးယခင် မြန်မာဘုရင်များ လက်ထက်ကပင် စုစုစည်းစည်း နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး မည်သည့် ခွဲခြားဆက်ဆံမှုမှ တစ်ဦးတစ်ယောက်တွင်မှ မရှိကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူ ခရစ်ယာန် ဘာသာဝင် ဦးသိန်းရွှေက ဆိုသည်။
“နှစ်ပေါင်း ၄၀၀ အတွင်းဘာပဋိပက္ခမှ မရှိခဲ့ခုဖူးပါဘူး။ မဖြစ်ခဲ့တဲ့အကြောင်းကဘာလဲဆိုတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့လည်း အမြဲအဆက်အသွယ်ရှိတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ဘုရားကျောင်းပွဲတွေ ပွဲကြီးတွေရှိလို့ရှင်ရင် သူတို့ကိုပင့်ပြီးမှ ဆွမ်းလည်းကျွေးတယ်။ နောက်ကျွန်တော်တို့လည်း နဘက်ရွာမှာ သမိုင်းဝင် (ဘုရား) ရှိတယ်၊ ထီးတင်တုန်းက ဘုရားပွဲမှာ နာယက အဖြစ်ပါဝင်ခဲ့ ပါသေးတယ်။ ကျွန်တော်တို့က ဘာသာရေးမခွဲဘူး၊ လူလည်းမခွဲဘူး။” ဟု ဦးသိန်းရွှေက ဆိုသည်။
နဘက်ရွာတွင် ဘာသာရေး လူမျိုးရေး မခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြကြောင်းကို စစ်ကိုင်းတိုင်း အတွင်းရှိ ချောင်းရိုးရွာဇာတိဖြစ်ပြီး နဘက် ဘုရင်ဂျီရွာသို့ လာရောက်ပြီး ခရစ်ယာန် ဘုန်းတော်ကြီး၏ ဝေယာဝစ္ဈများ လုပ်ကိုင်ပေးသူ မထေရောဇာက “ဒီရွာကို သဘောကျတယ်။ တစ်ဖက်ကမြစ်ကြီးလည်းရှိတယ်၊ ရွာသူရွာသားတွေလည်းအားလုံးသဘော ကောင်းတယ်၊ ကလေးလူကြီးမခွဲခြား အားလုံးအဆင်ပြေပါတယ်။ ဘာသာခွဲခြားမှုတွေမရှိဘူး၊ မရှိတဲ့အပြင် ဗမာတွေတောင် ဒီကျောင်းရဲ့မယ်တော်ဂူစီမှာ ကိုးစားတာ ကျွန်မ တွေ့ပါတယ်ရှင့်” ဟု သူမ၏ အမြင်ကို ပြောသည်။
အဆိုပါ ကျေးရွာတွင် ဘာသာ မတူသူ အချင်းချင်း လက်ထပ်ထားသူများလည်း ရှိပြီး ထို့အတွက်လည်း ပြဿနာ တစ်စုံတစ်ရာ မရှိဟု အများစုက ဆိုကြသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် လက်ထပ်ထားသူ ခရစ်ယာန် ဘာသာဝင် အသက် ၅၆နှစ် အရွယ် ဒေါ်ကြည်ဝင်း “သူ့ဘာသာကိုယ် ကိုယ့်ဘာသာကို ကိုးကွယ်ကြတယ်။ ကလေးတွေကျတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်။ အကြီးဆုံးသားလည်း ဗုဒ္ဓဘာသာမိန်းမယူထားတယ်၊ သူ့ဘာသာသူ အဆင်ပြေပါတယ်။” ဟု ရှင်းပြခဲ့သည်။
ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် သိပ်မကွာသော နေရာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိပြီး အဆိုပါ ကျောင်းသည်လည်း နှစ်ပေါင်း သက်တမ်း ၃၀၀ ကျော် ရှိပြီ ဖြစ်ကာ အောင်မြေဘုံသာတိုက်ကျောင်းဟု အမည်တွင်သည်။
အဆိုပါ ကျောင်း၏ ကျောင်းထိုင် ဆရာတော်မှာ သက်တော် ၈၃ နှစ် ရှိပြီဖြစ်သော ဆရာတော် ခေမာဝုဓ ဖြစ်ပြီး နဘက်ရွာတွင် အတူယှဉ်တွဲနေထိုင်ကြခြင်းနှင့် ပတ်သက်ပြီး “ခရစ်ယာန်တွေက ဆွမ်းကျွေးလို့ဆွမ်းကပ်လှူဒါတွေလိုက်ဖူးတယ်။ အလှူတွေလုပ်ရင်လည်း သူတို့တွေလာပါ တယ်၊လှူကြပါတယ်။ ဒီဘက်ကလဲ ဟိုဘက်ကို လှူကြ၊ ကူညီကြပါတယ်။ ခုလိုတစ်ဖက်နှင့် တစ်ဖက်ငြမ်းချမ်းစွာ အတူနေထိုင်နိုင်ခြင်းအဓိကတော့ မေတ္တာတရား ငါးပါးသီလ ပါပဲ၊ သူတို့ဘက်ကဆို ပညတ်တော် ၁၀ ပေါ့။” ဟု ဆိုသည်။
အဆိုပါ ရွာသည် အတူတကွယှဉ်တွဲနေထိုင်ကြသည့်အပြင် ဘုရားပွဲတော်များ၊ အလှူပွဲတော်များတွင် ပစ္စည်းများ ငှားရမ်းအသုံးပြုမှုများရှိကြပြီး အတူချက်ပြုတ် စားသောက်ကြသည်ဟုလည်း ဒေသခံများက ဆိုသည်။
ကိုးကွယ်ရာ ဘာသာတရားများ မတူသော်လည်း အတူပျော်ရွှင်စွာနေထိုင်မှုအကြောင်းကိုလည်း ဦးမင်းသိန်းကျော်က “တကယ်တမ်းအရေးကြီးတာက လူလူခြင်းပဲဖြစ်ဖြစ်၊ ဘာသာတရားခြင်းပဲဖြစ်ဖြစ် နားလည်မှုပါပဲ။ တစ်ယောက်ရဲ့ မကြိုက်တာကို ကိုယ်မလုပ်မိစေဖို့ ကိုယ်မကြိုက်တာကို သူမလုပ်မိစေဖို့ တစ်ယောက်နှင့်တစ်ယောက်နားလည် မှုရှိရှိနှင့် နေရင်ဘာပြဿနာမှ ရှိစရာအကြောင်းမရှိဘူး။ လူကိုလူလိုမြင်တတ်ဖို့ ဘာသာတရားဆိုဒါ ကိုယ်ယုံကြည်ရာကိုးကိုယ်တယ်။ အားလုံးကလူဆိုတဲ့အသိ၊ ကိုယ့်ကိုကိုယ်ချစ်သလို သူများကိုချစ်ဖို့ အရေးကြီးဆုံး ဒါဆိုဘာပြဿနာရှိစရာအကြောင်းမရှိဘူး။” ဟု ဆိုသည်။
အေးချမ်းတိတ်ဆိတ်သော ကျေးရွာ၊ သက်တမ်းရင့် မကျည်းပင်များနှင့် ပနာရနေသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်း၊ ကပ်လျက်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်း၊ အရှေ့မြောက်ဘက်တွင် ဧရာဝတီ မြစ်လက်တက်နှင့် ရွာပတ်ဝန်းကျင်ရှိ မြေပဲ စိုက်ခင်းများ၊ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်း ကူးလူးဆက်သွယ်သွားလာနေကြသော နဘက်ရွာခံများက နဘက်ရွာများ၏ ငြိမ်းချမ်းမှု သရုပ်ဖြစ်သည်။
နဘက်ရွာခံ ကိုမင်းမင်းကိုက “ခွဲခြားတာ မရှိပါဘူးဗျာ၊ သူ့အလုပ် ကိုယ်သွား၊ ကိုယ့်အလုပ် သူသွားပဲ” ဟု ဆိုသည်။ ဒါသည်ပင် နဘက်၏ သရုပ်မှန် ဖြစ်သည်။