ရဟတ်ယာဉ်ပေါ်က သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်နေ သည်မြင်တွေ့၍ စိုးရိမ်ထိလန့်မှုကိုယ်စီဖြင့် စာသင် ကျောင်းတွင် ပုန်းခိုနေကြသည်။ရွာလယ်ရှိ နေအိမ်များသည် ကျည်ဆန်ထိမှန်၍ မီးလောင်နေသော်လည်း မီးငြိမ်းသတ်ရန် ဆန္ဒရှိကြသော်လည်း ကျည်ထိမည်ကို စိုးရိမ်၍ တစ်ယောက်မျှ အပြင်မထွက်ရဲကြပေ ။နေအိမ် (၈) အိမ်မှာ ကျည်ဆန်ထိမှန်၍ မီးလောင်နေသည်ကို ကြည့်၍ စိတ်မကောင်းသာဖြစ်နေမိကြသည်။
ဇန်နဝါရီလ ၄ ရက်၊လွတ်လပ်ရေးနေ့၊နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ခထီးလှရဲကင်း စခန်း ကို ရက္ခိုင့်တပ်မတော် (AA)တပ်ဖွဲ့ဝင်အင်အား (၁၀၀)ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ယင်းသို့ ဝင်ရောက် တိုက်ခိုက်နေစဉ်အတွင်း နှစ်ဖက်အပြန်အလှန် တိုက်ခိုက်သံများသည် စခန်းနှင့်ဆယ်မိနစ်ခန့်သာ ဝေးကွာသည့် လူဦးရေ (၁၀၀၀)ကျော် နေထိုင်သည့် ခထီးလှကျေးရွာရှိ လူအများ နားထဲသို့ အသံ ကျယ်ကျယ် ကြားလာရသည်။
ယင်းအချိန်တွင် ဦးဝေသာအောင်သည် မျက်နှာသစ်နေချိန်ဖြစ်သည်။ သို့သော် ကောင်းကောင်းမွန်မွန် မျက်နှာသစ်ချိန်မရဘဲ မိသားစုဝင် များကို နိုးကာ ရွာအလယ်ရှိ မူလတန်းစာသင်ကျောင်းကို ထွက်ပြေးကြသည်။တခြား ကျေးရွာရှိလူများလည်း စာသင်ကျောင်းသို့ ဦးတည်လျက် အပြေးအလွှားလာကြရသည်။
ရက္ခိုင့်တပ်မတော်က ခထီးလှ ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ကျေးရွာသားများမှ စာသင်ကျောင်းတွင် ခိုလှုံခဲ့ကြရသည်။ (ဓာတ်ပုံ - DMG)
“ကျနော်အိပ်ရာကထတာနဲ့ သေနတ်သံကြားတယ်။ကျနော်က အဝေးမှာ ဖြစ်နေတာ ထင်ခဲ့သေးတယ်။ ဒါပေမယ့် စခန်း မှာဖြစ်နေတာဆိုတော့ ရှောင်ပြေးရတယ်”ဟု ဦးဝေသာအောင်က တယ်လီဖုန်းက တစ်ဆင့် DMG ကို ပြောသည်။
နံနက် ၇ နာရီခွဲအချိန်တွင် ရက္ခိုင့်တပ်မတော်(AA)သည် စခန်းကို ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်သည်။ တပ်မတော် စစ်ကူ အဖွဲ့ကလည်း ခထီးလှစခန်းဘက်သို့ ရဟတ်ယာဉ်တစ်စီးဖြင့် စစ်ကူ ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သည်။ယင်းကြောင့် AA အဖွဲ့သည် စခန်းကဆုတ်ခွာ၍ ရွာထဲရှိ အိမ်များတွင် ပုန်းခိုကြသည်။ တပ်မတော်ရဟတ်ယာဉ်ကလည်း သူတို့ ပုန်းခိုနေသည့်အိမ်ကို ရဟတ်ယာဉ်ပေါ်က သေနတ်ဖြင့် ပစ်ခတ်သည်။
“(တပ်မတော်က) ရဟတ်ယာဉ်နဲ့ ပစ်တော့ အိမ်တွေ မီးလောင်တော့တယ်။ အေအေက အိမ်တွေမှာ ခိုနေတယ်။ အဲဒီတော့ ရဟတ်ယာဉ် နဲ့ပစ်တာ။ ဘယ်နှစ်ကြိမ်ပစ်မှန်းတောင် မသိဘူး။ အများကြီး ကြားလိုက်ပါတယ်။အဲဒီအချိန်မှာ ကျမတို့ကတော့ ကြောက်လို့ တုန်နေတယ် ”ဟု ခထီးလှ ကျေးရွာက ဒေါ်မစိန်ကဆိုသည်။
တပ်မတော်က ရဟတ်ယာဉ်နှင့်ပစ်သောကြောင့် ရက္ခိုင့်တပ်မတော် (AA)တပ်ဖွဲ့ဝင်နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားသည်ကို မြင်တွေ့လိုက်ပြီး ရဟတ်ယာဉ်နှင့် ပစ်ခတ်ပြီးချိန်တွင် ရွာက ထွက်ခွာသွားကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်မတော်(AA)သည် ခထီးလှရဲကင်းစခန်းအပါအဝင် ငမြင်းဘော်၊ကျောင်းတောင်နှင့် ဂုပ္ပိ ရဲကင်း စခန်းတို့ကို အင်အား (၃၅၀)ခန့် သုံးပြီး တစ်ချိန်တည်း ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တိုက်ခိုက်ခဲ့ မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရရှိသွားသည်။ယင်းအပြင် တပ်ဖွဲ့ဝင် ၁၄ ဦးနှင့် တပ်ဖွဲ့ဝင် ဆွေမျိုးများဖြစ်သည့် အမျိုးသမီး လေးဦးကိုလည်း AA က ဖမ်းဆီးခဲ့သည်။
ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်းများသို့ စစ်ကူအဖွဲ့မရောက်ရှိသေးမီ AA အဖွဲ့က ဖိအား ပေးတိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များ စခန်းနှစ်ခုကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ဂုပ္ပိရဲကင်းစခန်း နှင့် ခထီးလှ ရဲကင်းစခန်းကို AA အဖွဲ့က သိမ်းပိုက်ရန် ကြိုးစားသော်လည်း တပ်ဖွဲ့ဝင်များ ပြန်လည်ခုခံသောကြောင့် မအောင်မြင်ခဲ့ချေ။
ငမြင်းဘော်ကျေးရွာတွင် ရွာသစ်နှင့်ရွာဟောင်းဟူ၍ နှစ်ခုရှိသည်။ ရဲကင်းစခန်းသည် ရွာသစ်တွင် တည်ရှိပြီး ရွာဟောင်းနှင့် နာရီဝက်ခန့်ဝေးကွာသည်။စခန်းကို ဝင်ရောက်တိုက်ခိုက်နေချိန်တွင် ရွာဟောင်းနှင့်ရွာသစ် က ဒေသခံများမှာ ကြောက်လန့်၍ တိတ်ဆိတ်နေကြသည်။
“တိုက်ပွဲဖြစ်ပွားနေတော့ ရွာကလူတွေ ကိုယ့်အိမ်မှာ ပုန်းနေကြတယ် ”ဟု ငမြင်းဘော်(ရွာဟောင်း)ကျေးရွာက ဦးမောင်ကြာအောင်က ပြောသည်။
ရက္ခိုင့်တပ်မတော်မှ စခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် သုံ့ပန်းများကို ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ (ဓာတ်ပုံ - AA)
ယင်းနောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော်(AA)ကို တပ်မတော် ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်။ ယင်းအပြင် တပ်မတော်က တရစပ်ထိုးစစ်ဆင် ထိုးဖောက် ဝင်ရောက် တိုက်ခိုက်မှုကြောင့် AA အဖွဲ့သည် ဆုတ်ခွာထွက်သွားခဲ့ရသည်ဟု အစိုးရကဆိုထားသည်။
စခန်းက ဆုတ်ခွာသွားပြီးနောက် ယင်းအနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ယင်းတိုက်ပွဲသည် မွန်းလွဲ ၁၂ နာရီအချိန်အထိ ကြာမြင့်ခဲ့သည်ဟု ခထီးလှ ကျေးရွာ သား ဦးဝေသာအောင်က ပြောသည်။
“တပ်မတော်က ရဟတ်ယာဉ်နဲ့ စခန်းပတ်ဝန်းကျင်ကို ပစ်တယ်။ ရွာပတ်လည်ပစ်တယ်။ ပြီးတော့ တောင်တန်းတွေကို ပစ်တယ် ”ဟု ၎င်းကဆိုသည်။
ရက္ခိုင့်တပ်မတော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် KIO ဌာနချုပ် လိုင်ဇာတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတင်ပြီး ရခိုင်ပြည်နယ်အတွင်း ခြေကုပ် ယူနိုင် ရန်ကြိုး စား ခဲ့သည်။ ထို့ကြောင့် ပလက်ဝ၊ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားလာသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းကစတင်ပြီး ရခိုင်ပြည်နယ် အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်တို့ စစ်ရေး တင်းမာလာသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး တိုင်းစစ်ဌာန ချုပ်နယ်မြေ(၅)ခုရှိ လက်နက်ကိုင်အဖွဲ့အစည်း များနှင့်ဆွေးနွေးရန်အတွက် လေးလကျော်ကြာအပစ်ရပ်စဲမည်ဟု တပ်မတော်က ကြေငြာသည်။တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်ကြား စစ်ရေးတင်းမာနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေပါဝင်လာခြင်းမရှိပေ။
သို့သော်လည်း အပစ်ရပ်စဲထားစဉ်ကာလတွင် တပ်မတော်သည် ရက္ခိုင့်တပ်မတော်နှင့်လည်း ဆွေးနွေးမည်ဖြစ်သောကြောင့် ရခိုင်ဒေသတွင် တိုက်ပွဲများရပ်တန့်လိမ့်မည်ဟု တစ်ချို့ ကမျှော်လင့်ကြသည်။ တစ်ချို့ကလည်း တခြားဒေသ တို့တွင် အပစ်ရပ်စဲပြီး ရခိုင်တွင်အင်အားသုံးတိုက်ခိုက်မည်လော၊တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်လောဟု ယူဆကြသည်။
တပ်မတော်က လေးလကျော်ကြာ အပစ် ရပ်စဲကြောင်းကြေငြာ သည့်နေ့မှစတင်၍ ရခိုင်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန် လာခဲ့သည်။ယခင်က တောတောင်များတွင်သာ တိုက်ပွဲဖြစ်ပွားသော်လည်း ယင်းရက်ပိုင်း များတွင်မူ ကျေးရွာ အနီးတို့တွင်လည်း တိုက်ပွဲဖြစ်ပွားလာကြသည်။
ရက္ခိုင့်တပ်မတော်(AA) အနေဖြင့် အဆိုပါစခန်းလေးခုကို တိုက်ခိုက်ရခြင်းမှာ ယင်းစခန်းများသည် နယ်ခြား စောင့်စခန်း ဆိုသော်လည်း မြန်မာ့တပ်မတော်ဘက်က နေရာယူထား မှုနှင့် နယ်ခြားစောင့်ရဲများက အရပ်သားများကို ညှင်းပန်းနှိပ်စက်မှုများ ရှိသည်။ ယင်းအပြင် ယခုရက်ပိုင်းတွင် မြန်မာ့တပ်မတော်ဘက်က အင်အားအလွန်အကျွံသုံးပြီး တိုက်ခိုက်နေသောကြောင့် ပြန်လည်တိုက်ခိုက်ရခြင်းဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG ကိုပြောသည်။
AA အဖွဲ့က တိုက်ခိုက်ခဲ့သော ရဲကင်းစခန်းတစ်ခု (ဓာတ်ပုံ - MOI)
“ နယ်ခြားစောင့်ရဲတွေဟာ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင် မြို့နယ် တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွာသားတွေကို ညှင်းပန်းနှိပ်စက်တာတွေရှိတယ်။နောက်တစ်ချက်က နယ်ခြားစောင့် ရဲတွေက လက်နက်ကြီး ပစ်ကူပေးနေတာတွေရှိတယ်”ဟု ခိုင်သုခက ဆိုသည်။
သို့သော် ရက္ခိုင့်တပ်မတော်(AA)ဘက်က ယခုကဲ့သို့ စခန်းလေးခုကို တိုက်ခြင်းမှာ “အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်”ဟု အစိုးရက သတ်မှတ်ပြီး ယင်းလုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ဒေသတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ် ချက်ရှိရှိ ဆောင်ရွက်လာခြင်းဟု ရှုမြင်သည်။
“အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာ တုံ့ပြန်ချေမှုန်းနှိမ်နင်းသွားမည်”ဟု အစိုးရ က ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် AA ကို “AA သောင်းကျန်းသူအဖွဲ့”ဟု သုံးနှုန်းဖော်ပြထားသည်ကို လည်းတွေ့မြင်ရသည်။
“ဒီစကားလုံးသုံးတာဟာ အစိုးရတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးသွားနေတဲ့အချိန်အခါမျိုးမှာ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေနိုင်တယ်”ဟု ဝံလက်ဖောင်ဒေးရှင်း(ရခိုင်ပြည်)ဒါရိုက်တာ ခိုင်ကောင်းစံက ပြောသည်။
ရက္ခိုင့်တပ်မတော်(AA)သည် စခန်းလေးခုကို ဝင်ရောက် တိုက်ခိုက်စဉ်အတွင်း ဖမ်းဆီးရမိခဲ့သည့် တပ်ဖွဲ့ဝင် သုံ့ပန်းများနှင့် ဆွေမျိုးကို ယင်းနေ့ညနေပိုင်းတွင် အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော အနေ အထားတစ်ခု အောက်တွင် နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ပြန်လွှတ်ထားခဲ့ပြီဟု ကြေငြာသည်။
AA အဖွဲ့က စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၂၀၁၄ ခု ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၄ နှင့် ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က)ဖြင့် တောင်ပဇာနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားသည်။
ယင်းအပြင် AA ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည်ဟု အစိုးရက ထုတ်ပြန်ထား သည်။ယင်းကြောင့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲများဆက်လက် ပြင်းထန်နိုင်သေးသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောကြသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA) တို့ကြားတွင် တိုက်ပွဲများဆက်လက်ဖြစ်နေ သည်။ရခိုင်၊ခမီ၊ဒိုင်းနက် စသည့်တိုင်းရင်းသားမျိုးနွယ်စုဝင်များ နေထိုင်ကြသည့် ခထီးလှ ရွာသားများသည် သူတို့ မိရိုးဖလာ လုပ်ကိုင် စားသောက်နေ ကြသည့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရန် တောတောင်များသို့ မသွား ရဲကြတော့ပေ။ တိုက်ပွဲပြန်လည် ဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေကြသည်။
ရဟတ်ယာဉ်သုံးပစ်ခတ်မှုကြောင့် နေအိမ်(၈)အိမ် မီးလောင်ဆုံးရှုံး သွားသောကြောင့် နေအိမ်ဆုံးရှုံးသူများမှာ ဆွေမျိုးအိမ်များမှာ နေထိုင်ရသူများရှိသကဲ့သို့ စာသင်ကျောင်းတွင်လည်း ခိုလှုံနေရ သူများရှိသည်။ ယင်းကြောင့် သူတို့နေအိမ်ကို ပြန်လည် တည်ဆောက်ရန်အတွက် အစိုးရနှင့်လူမှုအဖွဲ့အစည်းများ၏ အကူအညီများကို မျှော်လင့်နေကြသည်။
ဒေသတည်ငြိမ်ပြီး သူတို့အေးချမ်းစွာ နေထိုင်ရမည့်နေ့ရက်များကို ခထီးလှ ကျေးရွာသား ဦးဝေသာအောင်က မျှော်လင့်နေသည်။
“တိုက်ပွဲဖြစ်နေတာတွေ အမြန်ဆုံးငြိမ်စေချင်ပါတယ်”
ဖဒူ ထွန်းအောင်