ဝမ်းဗိုက်ခေါင်းအမြှေပါးကို ဖွင့်လိုက်သောအခါ ဗိုက်ခေါင်းအတွင်းမှ ကော်ဖီရောင်အရည်များ ထွက်လာသည်။ “အရည်စုတ်မယ်” အရည်စုတ်သောပိုက်ဖြင့် ဗိုက်ထဲမှ ထွက်နေသော အရည်များကို ခွဲစိတ်အကူဆရာဝန်က စုတ်နေသည်။ “ငါတို့တော့ နာပြီနဲ့တူတယ်” ဟု ခွဲစိတ်ဆရာဝန်က ငြီးငြူလိုက်သည်။
လူနာကအမျိုးသမီးလူနာ။ အသက်က (၃၄)နှစ်။ ရုတ်တရက် ဗိုက်အောင့်သောကြောင့် ရွာမှ မြို့သို့ အရေးပေါ်တက်လာပြီး ပြသခြင်းဖြစ်သည်။ ခွဲစိတ်ဆရာဝန်သည် လူနာကို ကြည့်ရန် ရောက်လာသောအခါ လူနာ၏ဘေးတွင် လူနာ၏ယောက်ကျားကို စိုးရိမ်ပူပန်နေသောပုံဖြင့် တွေ့ရလေသည်။
“ဘယ်လိုစဖြစ်တာလဲ။ ဒီမနက်မှရုတ်တရက် ဗိုက်အောင့်လာလို့ပါ ဆရာ။ တခြားဘာဖြစ်သေးသလဲ။ မဖြစ်ဘူးဆရာ။ ဒီမနက် ကိုယ်လက်ကိုက်တယ်ဆိုပြီး ရွာက ကုန်စုံဆိုင်မှာ စပ်ဆေးတစ်ထုတ် ဝယ်ပြီး သောက်လိုက်တယ်ပြောတယ်။ သောက်ပြီး သိပ်မကြာဘူး ဗိုက်တပြင်လုံး အောင့်တယ်ပြောတယ်ဆရာ။”
ခွဲစိတ်ဆရာဝန်သည် လူနာ၏ဗိုက်ကိုစမ်းသပ်ကြည့်သောအခါ ဗိုက်မှာမာကြောတောင့်တင်းနေပြီး အထိမခံနိုင်အောင် နာလျှက်ရှိလေသည်။ ခွဲစိတ်ဆရာဝန်၏ညွှန်ကြားချက်ဖြင့် အရေးပေါ်ဓာတ်မှန်ရိုက်ကြည့်သောအခါ ဓာတ်မှန်တွင် ဗိုက်ခေါင်းထဲ၌လေရောက်နေပြီး အစာလမ်းကြောင်း ပေါက်သောလက္ခဏာကိုတွေ့ရသည်။
“အရေးပေါ်ခွဲစိတ်ကုသဖို့ လိုလိမ့်မယ်ဗျ။ ကြည့်ရတဲ့ပုံကတော့ သောက်လိုက်တဲ့ စပ်ဆေးဆိုတာတွေက အကိုက်အခဲပျောက်ဆေးတွေ။ ဒီဆေးတွေက အစာအိမ်ကို ထိခိုက်ဖျက်ဆီးနိုင်တယ်။ သိပ်ဆိုးရင် ဒီဆေးတွေကြောင့် အစာအိမ်ထွက်ဝနားက အူသိမ်ပိုင်းမှာ ပေါက်တတ်တယ်။ ဓာတ်မှန်မှာလဲ အစာလမ်းကြောင်း ပေါက်တဲ့လက္ဓဏာရှိတယ်ဆိုတော့ ဗိုက်ကိုခွဲပြီး ပေါက်နေတဲ့ပြသနာကို ရှင်းဖို့လိုလိမ့်မယ်။ သဘောတူရဲ့လား။”
လူနာရှင်ယောက်ျားက သဘောတူကြောင်း လက်မှတ်ထိုး၍ လူနာကိုခွဲခန်းထဲတွင် ခွဲစိတ်နေကြခြင်းဖြစ်သည်။
ကော်ဖီရောင်အရည်များ စုတ်၍ကုန်သွားသောအခါ ခွဲစိတ်ဆရာဝန်သည် အစာအိမ်နှင့် အစာအိမ်ထွက်ဝ အူသိမ်တို့ကို သေသေချာချာစစ်ဆေးကြည့်လေသည်။ သို့သော် အစာအိမ်နှင့်အစာအိမ်ထွက်ဝတွင် အနာနှင့်အပေါက် မတွေ့ရပေ။ “ဓားပေး။ချဲ့မယ်” ဟု ခွဲစိတ်ဆရာဝန်သည် ခွဲခန်းအကူသူနာပြုထံမှ ဓားတောင်း၍ ဝမ်းဗိုက်ကိုခွဲထားသည့်အပေါက်ကိုချဲ့လိုက်သည်။ ထို့နောက် အူသိမ်များအား တစ်ခွေပြီးတစ်ခွေ ထုတ်၍စစ်ဆေးလေသည်။ ထိုသို့စစ်ဆေးသောအခါမှ အူသိမ်တွင်ပေါက်နေသော အပေါက်များကို တွေ့ရလေသည်။ အပေါက်များက “ဆယ်ပေါက်၊ ဆယ့်ငါးပေါက်” ခန့်ရှိပြီး အူသိမ်အနှံ့တွင်ရှိနေသည်။
ဝမ်းဗိုက်အတွင်း ထပ်မံစစ်ဆေးကြည့်သောအခါတွင် သားအိမ်မှာ ရှိသင့်သည်ထက်ကြီးနေပြီး ပေါက်နေသည်ကို တွေ့ရလေသည်။ ထိုအပေါက်မှ သွေးစသွေးနများ ယိုစီးထွက်လျက် ရှိလေသည်။ “ငါတို့အလိမ်ခံရပြီဟေ့” အိမ်သားတွေကို “ဘာလုပ်ထားလဲ။ ထွက်ပြီးမေးကြပါဦး။ ဒါရိုးရိုးအူပေါက်တာ မဟုတ်ဘူး။ ကလေးဖျက်ချထားတာနဲ့တူတယ်။သားဖွားမီးယပ်ဆရာဝန်လည်းခေါ်ပါ” ဟု ခွဲစိတ်ဆရာဝန်က ပြောလိုက်လေသည်။
လူနာစောင့်များကို ခေါ်လိုက်သောအခါ လူနာ၏ယောက်ျားနှင့် အမျိုးသမီးနှစ်ယောက် ရောက်လာကြသည်။ “လူနာက ရိုးရိုးအစာအိမ်ပေါက်တာ မဟုတ်ဘူး။ အခုဖြစ်နေတာက အူတွေမှာဒဏ်ရာတွေ အများကြီးနဲ့ အပေါက်တွေလည်းအများကြီးပဲ။ သားအိမ် လည်းပေါက်နေတယ်။ ခင်ဗျားတို့ဘာလုပ်လာကြတာလဲ”
လက်ထောက်ဆရာဝန်၏မေးခွန်းဆုံးတော့ အားလုံး မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြသည်။ “ကျွန်တော်တော့ ဘာမှမသိဘူးဆရာ။ စပ်ဆေးသောက်ပြီး ဗိုက်နာလာတယ်လို့ပဲသိထားတာ။”
ယောက်ျားလုပ်သူကမပွင့်တပွင့်ပြောသည်။ အသက်ပိုကြီးသောအမျိုးသမီးကြီးက သူ့ထက်ငယ်သောအမျိုးသမီးကို “နင့်ညီမ ဘာတွေလုပ်ထားလဲ။နင်သိမှာပေါ့။ ဆရာဝန်တွေကိုအမှန်အတိုင်းပြောပြရမယ်” ဟုပြောသည်။
လူနာ၏အစ်မလုပ်သူက မျက်စိမျက်နှာပျက်၍ “သေသေချာချာတော့မသိဘူး။ ကလေးမလိုချင်လို့ဆိုပြီး ဒီမနက် လက်သည်ဆီသွားတယ်။ လက်သည်က သားအိမ်ခြစ်ပေးလိုက်တယ်။ သားအိမ်ခြစ်နေတုန်း ဗိုက်က မခံမရပ်နိုင်အောင်နာလာလို့ ရွာပြန်သွားပြီး ဒီဆေးရုံကို ချက်ခြင်းလာခဲ့တာပါ။ ဆရာ လိုအပ်တာ အကုန်လုပ်ပေးပါ။ အကုန်ကျမတို့သဘောတူပါတယ်။ ကျမက လူနာရဲ့ ယောက္ခမပါ” အသက်ကြီးကြီး အမျိုးသမီးကြီးက ဝင်ပြောသည်။ ထိုသို့ အပြန်အလှန် ပြောဆိုနေချိန်တွင် လူနာ၏ယောက်ျားကို မတွေ့ရတော့ပေ။
လူနာ၏အူကို သုံးလေးပေခန့်ခွဲစိတ်ဆရာဝန်က ဖြတ်တောက်၍ ပြန်ဆက်ပေးလိုက်ရလေသည်။ သားဖွားမီးယပ်ဆရာဝန်ကတော့ သားအိမ်ကို အရေးပေါ် ထုတ်ပေးလိုက်ရလေသည်။ ခွဲစိတ်မှုများပြီး၍ ခွဲခန်းထဲမှခွဲစိတ်ဆရာဝန် ထွက်လာသောအခါ လူနာစောင့်များကိုခွဲစိတ်မှုနှင့်ပတ်သက်ပြီး ရှင်းပြရန်ခေါ်လိုက်သောအခါ လူနာ၏အစ်မနှင့် ယောက္ခမဖြစ်သူတို့ ရောက်လာကြသည်။ ခွဲစိတ်ဆရာဝန်က အူသုံးပေခန့် ဖြတ်လိုက်ရကြောင်း သားဖွားမီးယပ်ဆရာဝန်က သားအိမ်ကိုထုတ်လိုက်ကြောင်း ရှင်းပြလေသည်။
“လတ်တလောတော့ သွေးဆိပ်တက်မလားလို့ အခြေအနေ စောင့်ကြည့်ရဦးမယ်။ အသက်အန္တရာယ်တော့ ကင်းသွားပြီလို့ယူဆရပါတယ်။
“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ဆရာကြီးရယ်။ အသက်ရှင်အောင် ကုပေးပါ။ အခုမသေတာကိုပဲ ကျေးဇူးတင်လှပါပြီ။ သူ့ကလေးသုံးယောက် ကျမမြေးလေးတွေ အမေမရှိဖြစ်မကုန်တာ ကျေးဇူးကြီးလှပါတယ်ဆရာကြီးရယ်။” မျက်ရည်များဝိုင်းလျှက် ယောက္ခမဖြစ်သူ အမျိုးသမီးကြီးက ပြောရှာသည်။
နောက်တစ်နေ့ လူနာကိုလှည့်လည်ကြည့်ရှုရန် ခွဲစိတ်ဆရာဝန်ရောက်လာသောအခါ လူနာမှာ ထူထူထောင်ထောင် ဖြစ်လို့နေပြီ။ လူနာဘေးကိုကြည့်လိုက်တော့ လူနာ၏အစ်မနှင့် အခြားလူနာစောင့်များကိုတွေ့ရသည်။ လူနာ၏ယောကျ်ားနှင့် ယောက္ခမအမျိုးသမီးကြီးကိုတော့ မတွေ့ရပေ။
ခွဲစိတ်ဆရာဝန်သည် လူနာအား စမ်းသပ်ကြည့်ရှုပြီးသောအခါ စကားပြောလေသည်။ “ခင်ဗျား တော်တော်ဆိုးတာပဲဗျာ။ ဘာလို့လိမ်ပြောရတာလဲ။ ခင်ဗျား ကျွန်တော်တို့ကို လိမ်ပြောတယ်ဆိုတာက ခင်ဗျားအသက်ကိုရင်းပြီး အလောင်းအစားလုပ်လိုက်သလိုပဲ။ ကျွန်တော်တို့က ခင်ဗျားပြောတဲ့ အပေါ်မှာတည်ပြီး ဆုံးဖြတ်ရတာဆိုတော့ ဆုံးဖြတ်ချက်တွေ မှားနိုင်တယ်ဗျ။ အခုတော့ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အသက်နဲ့ရင်းပြီးလိမ်ပြောခဲ့ပေမဲ့ ကံကောင်းလို့ပြသနာက ပြေလည်သွားပြီလို့ပြောရမယ်။ ဒါနဲ့ အမျိုးသားရော မတွေ့ပါလား။ ”
လူနာနှင့် လူနာအစ်မတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ “အိမ်က ကလေးသုံးယောက်ကို ပြန်ကြည့်နေတယ်ဆရာ” ဟု အစ်မလုပ်သူကဖြေသည်။
“ကျွန်တော်တို့ ဆရာဝန်တွေကို လိမ်တယ်ဆိုတာက ခင်ဗျားအသက်ကိုရင်းပြီး အလောင်းအစား လုပ်တာနဲ့တူတယ်။ ဒီလိုပဲ ခင်ဗျားရဲ့ မိသားစုဝင်အမျိုးသားကို လိမ်တာကတော့ ခင်ဗျားဘဝကိုရင်းပြီး အလောင်းအစား လုပ်လိုက်သလိုပါပဲ။ ခင်ဗျားအသက်ရှင်သွားရင် ခင်ဗျားဘဝကို အဖတ်ဆယ်ဖို့ ကြိုးစားရဦးမယ်။ ကံကောင်းပါစေဗျာ” ဟုပြောပြီး ခွဲစိတ်ဆရာဝန်သည် လူနာထံမှထွက်သွားလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ထင်ရသည်။ ။