“ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်၊ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့ နိုင်ငံတကာမှာရှိတဲ့ ကရင်အား လုံးက အရေးပါတယ်။” KNU တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

“ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်၊ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့ နိုင်ငံတကာမှာရှိတဲ့ ကရင်အား လုံးက အရေးပါတယ်။” KNU တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် တွဲဘက်အတွင်းရေးမှူး (၂) ပဒို စောလှ ထွန်းတို့နှစ်ဦးသည် ယခင်လ ဖေဖော်ဝါရီလ ၅ ရက်မှ ယခုလ မတ်လ ၁ ရက်နေ့အထိ အမေရိကန် နိုင်ငံရောက် ကရင် လူမှုအဖွဲ့အစည်းအချို့နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေများကို ချပြရှင်းလင်းခြင်းအပါအဝင် ကရင်အမျိုးသားအချင်းချင်းအကြား ရှေ့ဆက်မည်သို့ လက်တွဲလုပ်ဆောင်မလဲ စသည်တို့ကို အပြန်အလှန်ဆွေးနွေး ခဲ့မှုများရှိသည်။  ထိုခရီးစဉ်နှင့်ပတ်သက်ပြီး KNU တွဲဘက်အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုစောလှထွန်းအား ကေအိုင်စီ-ကရင်သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်သည်။ 

မေး။ ။ ပထမဦးဆုံးအနေနဲ့ ကေအဲန်ယူခေါင်းဆောင်နှစ်ဦး အမေရိကန်ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။ 

ကျနော်တို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးရဲ့အမေရိကန်ခရီးစဉ်ကတော့ Karen Community of Minnesota ရဲ့ ဖိတ်ခေါ်ချက်အရ ကျနော်တို့က ဟိုမှာရှိတဲ့ ကရင့်လူမှုအဖွဲ့အစည်း၊ အဝန်းအဝိုင်းတွေနဲ့ တွေ့ဆုံပြီး ကရင်အမျိုးသား နေ့ကို ကျင်းပဖို့အတွက် ဖြစ်ပါတယ်။ ရှေ့အနာဂတ်မှာ ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်တွေ ၊ ကရင် လူမှုအဖွဲ့အစည်းတွေ ဘယ်လိုလက်တွဲလုပ်ဆောင်မလဲ စတာတွေကို ပြောဆို ဆွေးနွေးဖို့ အတွက်၊ ပြီးတော့ ကျနော် တို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အမေရိကန်ရောက် ကရင်တွေ သိရှိအောင် ဆွေးနွေးရှင်းလင်း ဖို့အတွက် ဖြစ်ပါတယ်။ 

မေး။ ။ အခု ခရီးစဉ်မှာ ဘယ်နေရာတွေသွားခဲ့ပြီး ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲ။ နောက် ဘာတွေကို ဆွေးနွေး ဝေမျှနိုင်ခဲ့ပါသလဲ။

ဒီခရီးစဉ်မှာ ကျနော်တို့ ရောက်ခဲ့တဲ့ ပြည်နယ်တွေကတော့ Minnesota ပြည်နယ် ၊ North Carolina, New Bern, Washington D.C , New York, Utica, Nebraska, Omaha, Los Angeles နဲ့ California ပြည်နယ်တွေဘဲ ဖြစ်ပါတယ်။ အဲဒီမှာ အများအားဖြင့် ကျနော်တို့က ပြည်နယ်မှာရှိတဲ့ ကရင်လူမှုအဖွဲ့အစည်း တွေဖြစ်တဲ့ Minnesota ကရင်လူမှုအဖွဲ့၊ ပြီးတော့ North Carolina ၊ New Bern အဖွဲ့ ၊ Utica အဖွဲ့ ၊ Omaha အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။ 

ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ယနေ့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးရဲ့ နို်င်ငံရေးရပ်တည်ချက် အခြေအနေနဲ့ အမေရိကန်ရောက်ကရင်လူမှုအဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုအခြေအနေတွေကို ဆွေးနွေးတင်ပြကြပါတယ်။ ဒီလိုပဲ အမေရိကန်ရောက် ကရင်လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများအနေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုအခြေအနေ၊ သူတို့ အသိုင်းအဝိုင်းတွေကို တစုတစည်းတည်း စည်းစည်းလုံးလုံးဖြစ်ပြီး အမေရိကန်ရောက် ကရင်တွေရဲ့ လှုပ်ရှားမှုအခြေအနေ တွေကို ပြန်ဆွေးနွေးတာ ရှိတယ်။ 

တဆက်တည်းမှာပဲ ဒီကရင်လူမှုအဖွဲ့တွေရဲ့ ရှေ့အနာဂတ်အနေနဲ့ ဖွ့ံဖြိုးတိုးတက်တဲ့ နိုင်ငံကြီး၊ ကမ္ဘာမှာ အင်အားအကြီး ဆုံးဖြစ်တဲ့ နိုင်ငံကို ရောက်ရှိတာနဲ့အမျှ ရရှိလာတဲ့ အခွင့်အရေးတွေအတွက် ပညာရေးကို ကြိုးစားသင်ယူပြီး ကရင်အမျိုး သား လူငယ်ခေါင်းဆောင်တွေဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် တစ်ဖက်က ကရင်ပြည်နယ်အနာဂတ်ကို တည်ဆောက်ဖို့ အတွက်ဖြစ်စေ ၊ ကော်သူးလေပြည်နယ် အတွက်ဖြစ်စေ ၊ ကရင်လူမျိုးတွေအတွက် ပညာရေးက အလွန် အရေးကြီးပါတယ်။ 

ဒါကို ကျနော်တို့ အားပေးတယ်။ တိုးတက်တဲ့ နိုင်ငံကြီးမှာ နေပြီး မျိုးဆက်သစ်လူငယ်တွေ ပညာရေးကို ကြိုးစားသင်ယူ လေ့လာပြီး တစ်နေ့မှာ ကရင်ပြည်နယ်တည်ဆောက်ရေးမှာ ပါဝင်ဖို့ ကျနော်တို့ သွားရောက် အားပေးလှုံ့ဆော်တယ်။ နောက်တစ်ခုက ကျနော်တို့ သိပြီးသားဖြစ်လိမ့်မယ်။ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးရပ်တည်ချက် လှုပ်ရှား ဆောင်ရွက်မှုတွေကို နိုင်ငံခြားမှာရှိတဲ့ ကရင်တွေက သိတဲ့သူရှိသလို မသိတဲ့သူတွေကလည်း ရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ သိရဖို့အတွက် ကျနော်တို့ အသိပေး ဆွေးနွေးတယ်။ 

မေး။ ။ အခုလို အမေရိကန်က ကရင်လူမျိုးတွေနဲ့ တွေ့ဆုံပွဲတွေမှာ သူတို့ဘက်က ကေအဲန်ယူအပေါ် ဘယ်လို အကြံပြုတာတွေ ရှိလဲ။ 

တွေ့ဆုံပွဲတွေမှာ အကြံပေးမှု တော်တော်များများရှိပါတယ်။ ပထမဆုံးအနေနဲ့ ကရင်အသိုင်းအဝိုင်းကြားမှာ ကျနော်တို့ ဆောင်ရွက်နေတဲ့နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လမ်းကြောင်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးကြတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် စစ်အစိုးရလက်ထက်တုန်းက အကြိမ်ကြိမ် ဆွေးနွေးပေမယ့် နိုင်ငံရေးဆွေးနွေးတဲ့ အဆင့်ကို မတက်လှမ်းနိုင်ခဲ့ကြဘူး။ အမြဲတမ်း လက်နက်ချခိုင်းတာတွေရှိခဲ့ဖူးတယ်။ အဲဒီလို ရှိတဲ့ အပေါ်မှာ ကျနော်တို့ လူမျိုးတွေနဲ့ နိုင်ငံခြားရောက် ကရင်တွေက စိုးရိမ်မှုတွေ ရှိတယ်။ ကျနော်တို့ သတိထားရမယ့် အကြောင်းအရာတွေကို တင်ပြတယ်။ 

လက်ရှိ ကျနော်တို့က အစိုးရနဲ့ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးပေမယ့်လည်း ယုံကြည်မှုအပြည့်အဝ မရှိကြဘူး။ ဒီအပေါ် မှာလည်း သတိထားဖို့ အကြံပေးတယ်။ ကေအဲန်ယူရဲ့လမ်းစဉ်၊ ရပ်တည်ချက်အတိုင်း ဆွေးနွေးဖို့နဲ့ အခြားတစ်ဖက် မှာ လည်း တိုင်းရင်းသားတွေ လိုချင်တောင်းတတဲ့အခွင့်အရေးကို ပြည့်ပြည့်ဝ၀ ရရှိဖို့အတွက် အကြံဉာဏ်တင်ပြတာတွေ ရှိတယ်။ 

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ အနာဂတ်မှာ ကရင်အမျိုးသားရေး ရပ်တည်ချက်တွေကို ဘယ်လိုစီစဉ် လက်တွဲလုပ်ဆောင်မလဲ ဆိုတာတွေ ရှိတယ်။ နောက်ထပ်တစ်ခု ထပ်ပြီးအကြံပေးတာက သူတို့က အဝေးမှာနေတဲ့အတွက် ကျနော်တို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ သတင်းနဲ့ ပြန်ကြားရေးအပိုင်းမှာ သတင်းထုတ်ပြန်ချက်တွေ၊ တခြားအကြောင်းအရာ တွေကို ထုတ်ပြန်အသိပေးတာတွေကို ဒီထက်ပိုပြီး လုပ်ဆောင်ဖို့  သူတို့ အကြံပေးထားပါတယ်။ 

မေး။ ။ အဲဒီ ရရှိခဲ့တဲ့အကြံပေးမှု၊ သဘောထားနဲ့ အမြင်တွေအပေါ်မှာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ဘယ်လို ဆက်လက်လုပ်ဆောင်သွားမလဲ။ 

ကရင်လူမှုအဖွဲ့တွေရဲ့ တွေ့ဆုံမှုက ကောင်းတဲ့လက္ခဏာပါ။ ရှေ့ဆက် ကျနော်တို့ရဲ့ လုပ်ငန်းလှုပ်ရှားမှုအတွက်ဖြစ်စေ ၊လုပ်ငန်းစဉ်တွေကို စီစဉ်ချမှတ်တဲ့အခါမှာ ဖြစ်စေ၊ ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ရတဲ့အပိုင်းမှာဖြစ်စေ  ကျနော်တို့ လက်ခံပြီး ဆက်လက်ဆောင်ရွက်မယ်ဆိုတာ အသိပေးထားပြီး ဖြစ်တယ်။ အကြံပေးချက်တွေအရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ အဆက်အသွယ် ဖြစ်တဲ့ အမေရိကန်ရောက် ကရင်လူမှုအသိုင်းအဝိုင်းတွေ ရှိနေတဲ့အပေါ် ကေအဲန်ယူကိုယ်စားလှယ်တွေကို ဒီထက်ပိုကောင်းအောင် ဆက်လုပ်ဖို့ အစီအစဉ်ရှိနေတဲ့အကြောင်း ကျနော်တို့ ဆွေးနွေးထားပြီးဖြစ်တယ်။ 

အကြံပေးချက်တွေအရ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်တဲ့အခါမှာ စိုးရိမ်စရာတွေ ရှိနေတဲ့အပေါ်မှာ ကြိုတင်ပြင် ဆင်မှုတွေအမြဲတမ်းရှိတယ်။ သို့မဟုတ် သတိပြုစရာအနေနဲ့ ကျနော်တို့က သူတို့ရဲ့ အကြံဉာဏ်နဲ့ သဘောထားတွေက အတူတူပါဘဲ။ ဒါကြောင့်မို့ ဘာဘဲဖြစ်ဖြစ် အကြံပြုမှု ၊ သဘောထားအသိပေးမှုအတွက် ကျနော်တို့ ပြန်ပြီးအစီရင်ခံတယ်။ အလုပ်အမှုဆောင်ကော်မတီဆီမှာ တင်ပြဆွေးနွေးပြီး ရှေ့ဆက်ဒီထက်ကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်မလဲ။ ရှေ့ဆက်လုပ်ငန်းစဉ်အတွက် ဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေကို ပြန်ဆွေးနွေးတာတွေရှိတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကလည်း ဒါတွေကို စီစဉ်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပြီးသားပါဘဲ။ 

မေး။ ။ ကေအဲန်ယူ ခေါင်းဆောင်နှစ်ဦးရဲ့ခရီးစဉ်ဟာ စည်းလုံးနေတဲ့ နိုင်ငံတကာရောက် ကရင်လူထုတွေကို သွေးခွဲတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ဝေဖန်ပြောဆိုသံတွေကြားနေရတယ်။ ဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ဒီလိုပဲ အသိပေးချင်ပါတယ်။ ကျနော်တို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ကရင်တစ်မျိုးသားစည်းလုံးညီညွတ်ရေးကို အမြဲတမ်း ဦးစားပေးစီစဉ်ဆောင်ရွက်ခဲ့တယ်။ ကရင်အဖွဲ့အစည်း တွေ ကွဲပြားခြားနားပြီး တကွဲတပြားဖြစ်ဖို့ ကေအဲန်ယူအနေနဲ့ လုံးဝမလိုလားပါဘူး။ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး အတွင်းက ကွဲပြားခြားနားတာတွေအတွက် ကျနော်တို့က စည်းလုံးအောင်၊ ပြန်လည်ညှိနှိုင်းလုပ်ဆောင်ဖို့ အစီအစဉ်ရှိပြီး သားဘဲ။ ဒါကြောင့်မို့ အခုကြားရတဲ့ အသံတွေက မဟုတ်မမှန်ပါဘူးဆိုတဲ့အကြောင်း အသိပေးပြောကြားချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဟိုး..၁၉၉၉ ခုကတည်းက စပြီး Karen Unity Seminar ကို ကရင်အမျိုးသားစည်းလုံးညီညွတ်မှုအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြတယ်။ ဒီကော်မတီကနေပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲကို တစ်နှစ်တစ်ခါ နှစ်စဉ် ပြုလုပ်ပြီး ဘယ်လိုနည်းလမ်းရှာမလဲ။ ဘယ်လိုပြုလုပ်မလဲ။ ဘယ်လိုလက်တွဲလုပ် ဆောင်မလဲဆိုတာ အဆက်မပြတ် နည်းလမ်းရှာခဲ့ကြတယ်။

ဒါပေမယ့် ၂၀၁၂ ခုနှစ် ပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းမှာ ကျနော်တို့ရဲ့ ကူးလူးဆက်ဆံရေးကို တွင်တွင်ကျယ်ကျယ် ဖြစ်အောင် ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒီလို ဆက်လုပ်ဖို့ အစီအစဉ်ရှိတဲ့ အပေါ်မှာ Karen Unity and Peace Committee ဆိုတာကို ဖွဲ့စည်းဖြစ်လာတယ်။ အဲဒီ ကော်မတီထဲမှာ ကရင်လက်နက် ကိုင်အဖွဲ့တွေ ၊ ကရင်ပါတီအဖွဲ့တွေ ၊ ဒေသဆိုင်ရာ ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ ၊ ဘာသာရေးခေါင်း ဆောင် တွေ ပါဝင်ပါတယ်။ ကရင်အမျိုးသားရေးရာအတွက် ကျနော်တို့ စည်းလုံးညီညွှတ်အောင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ ဘယ်လို ထိန်းသိမ်းမလဲ။ ရှေ့အနာဂတ်မှာ ကျနော်တို့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ သဘောထားတွေ ရှိနေတဲ့အပေါ်မှာ ကျနော်တို့ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့တယ်။ ပြီးတော့ ကရင်လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့တည်း ပြန်ဖြစ်ဖို့ ၊ ကရင် လက်နက်ကိုင် စုစည်းညီညွှတ်ရေးကော်မတီကို ကေအဲန်ယူက ဦးဆောင်ဖွဲ့စည်းခဲ့တယ်။ 

ဖွဲ့စည်းပြီးနောက် DKBA၊ PC၊ BGF တွေ တစ်စုတည်းတစ်စည်းတည်း စည်းလုံးပြီး တစ်ခုတည်းဖြစ်ဖို့အတွက် ကျနော်တို့ သဘောထားနဲ့ အစီအစဉ်တွေ ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကရင်အဖွဲ့အစည်းတွေကို ခွဲထုတ်ဖို့ မဟုတ်ပါဘူး။ လက်ရှိ ကရင်တွေ ၊ ကရင်အဖွဲ့အစည်းတွေ ၊ ကရင်လူမှုအဖွဲ့တွေက ကရင်အမျိုးသားအစည်းအရုံးနဲ့လက်တွဲပြီး ကရင့်တော်လှန်ရေးအတွက် တစ်မျိုးသားလုံးအတွက် တစ်စုတစ်စည်း တည်းဖြစ်အောင် ထိန်းသိမ်းဖို့ဆိုတာ ရှိတယ်။ ဒါကြောင့်မို့ (၁၆)ကြိမ်မြောက် ကွန်ဂရက်မှာ ကော်မတီ(၂)ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ (၁)အဖွဲ့က ပြန်လည်ညှိနှိုင်းရေးနဲ့ အကြံပြုမှုကော်မတီဆိုတာကို ဖွဲ့စည်းတယ်။ ဒီကော်မတီရဲ့ တာဝန်က ကရင်အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး လမ်းကြောင်းတစ်ခုတည်း သွားနိုင်ဖို့ကို ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်။ 

ဒီလိုဘဲ ကွဲပြားတဲ့ ကရင်ကော်မတီကို ဖွဲ့စည်းတယ်။ ကွဲပြားတဲ့ကရင်တွေက သိတဲ့အတိုင်းဘဲ။ ကရင်အဖွဲ့အစည်းတွေ ၊ ကရင်လူမျိုးတွေက ကမ္ဘာပေါ်မှာ ပြန့်နှံ့နေထိုင်နေကြတယ်။ နိုင်ငံအတော်များများမှာ ရောက်ရှိနေကြတယ်။ ဒါကြောင့်မို့ ကျနော်တို့ ရောက်ရှိနေကြတဲ့ နေရာကိုယ်စီမှာ ကရင်အမျိုးသား မျှော်မှန်းချက်ပန်းတိုင်ကို အတူတကွလျှောက်လှမ်း ရောက်ရှိဖို့အတွက် ကျနော်တို့ စီစဉ်ထားတယ်။ ဒါကြောင့်မို့ ဒီတစ်ခါ US ခရီးစဉ်မှာ ကျနော်တို့ ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးရဲ့ ရပ်တည်ချက် နိုင်ငံရေးလမ်းစဉ်ပေါ်မှာ ကျနော်တို့အတူတကွ စုစည်းပြီး အတူတကွ ညီညီညွတ်ညွတ် သွားကြမယ်။ ကွဲပြားမှာကို မလိုလားဘူး။ အဖွဲ့အစည်းတွေ စည်းစည်းလုံးလုံး ညီညီညွှတ်ညွတ် တာဝန်တွေ ယူသင့်တယ်။ ကရင်တစ်မျိုးသားလုံးကြိုးပမ်းလှုပ်ရှားနေတဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက်ဖြစ်စေ ၊ ကရင်တစ်မျိုးသားလုံး ရည်ရွယ်ထား တဲ့ပန်းတိုင်ကို ဖြစ်စေ ရောက်ရှိဖို့အတွက် စည်းလုံးညီညွှတ်ရေးဆောင်ရွက်ချက်တွေရှိတယ်။ ကွဲပြားသွားအောင် သွားလုပ်မှာ မဟုတ်ဘူး။ ကျနော်တို့ တစ်စုတစ်စည်းတည်း ပြန်ဖြစ်အောင် လှုံ့ဆော်ဖို့အတွက်ဘဲ ရှိတယ်။ 

မေး။ ။ ကရင်တွေ တန်းတူအခွင့်အရေး ရရှိဖို့အတွက် နိုင်ငံခြားရောက် ကရင်အမျိုးသားတွေရဲ့ အားပေးထောက်ခံမှု အခန်းကဏ္ဍတွေက ဘယ်လောက်အထိ အရေးပါပါသလဲ။ 

ဒီကိစ္စအပေါ်မှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ၊ ရည်မှန်းချက်ပန်းတိုင် ၊ လိုအင်ဆန္ဒတွေကို ရောက်ရှိဖို့အတွက် နိုင်ငံတကာမှာရှိတဲ့ကရင်အားလုံးက အရေးပါတယ်။ ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ ကျနော်တို့က နိုင်ငံရေးတိုက်ပွဲကို သွားနေတဲ့အချိန်။ နိုင်ငံရေးတိုက်ပွဲဖြစ်နေတဲ့အချိန် ဖြစ်တာနဲ့အညီ ကျနော်တို့အင်အား အတွက် ပညာ ရှင်တွေ ၊ နိုင်ငံရေးနားလည်တတ်ကျွမ်းတဲ့သူတွေ၊ နိုင်ငံရေးပညာရှင်တွေက အရေးကြီးတယ်။ လက်ရှိ အချိန်က တတိယ နိုင်ငံကို ရောက်ရှိသွားတဲတစ်ချို့က ကျောင်းတွေတက်ရတယ်။ ကျောင်းတွေ ပြီးသွားတယ်။ ပြီးတော့ အဆင့်မြင့် ပညာကို ရရှိသွားတာတွေ ရှိတယ်။ အဲဒီလိုတွေ ရှိတဲ့အပေါ်မှာ ကရင်လူမျိုးတွေ လိုလားတောင့်တနေတဲ့ ပန်းတိုင် ရောက်ရှိဖို့ အတွက် သူတို့ ပြန်လာပြီးပူးပေါင်းဆောင်ရွက်လုပ်ဆောင်ဖို့က လိုအပ်သလို အရေးလည်း ကြီးပါတယ်။ 

လက်ရှိအချိန်က ကျနော်တို့သိတဲ့အတိုင်းဘဲ။ လွန်ခဲ့တဲ့အချိန်တုန်းကတော့ ကရင်အမျိုးသားအစည်းအရုံးက လက်နက် ကိုင်တော်လှန်ရေးအချိန်ပေါ့နော်။ လက်နက်ကိုင်တော်လှန်ရေးအချိန်တုန်းက ပညာအဆင့်အတန်းရှိသည်ဖြစ်စေ။ မရှိ သည်ဖြစ်စေ ပြဿနာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်တိုက်ပွဲဆိုတော့ တိုက်ပွဲတိုက်လို့ တတ်တယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲကို လှုပ်ရှားလို့ရတယ်။ 

တခြားတစ်ဖက်မှာလည်း နိုင်ငံရေးတိုက်ပွဲကို တိုးမြှင့်လာတဲ့အပေါ်မှာ နိုင်ငံရေးပညာတွေ လိုအပ်လာတယ်။ ကရင် ပညာ ရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အရေးပါတဲ့အပေါ်မှာ လက်ရှိ နိုင်ငံခြားကို ရောက်ရှိနေတဲ့ ကရင်တွေအနေနဲ့ အလွန်အရေးပါပါတယ်။ ဒီလိုဘဲ နိုင်ငံခြားကို ရောက်ရှိပေမယ့် လက်ရှိ နိုင်ငံရေးလုပ်ငန်းဆောင်ရွက်ချက်တွေအပေါ်မှာ၊ လှုပ်ရှားမှုတွေရှိတဲ့အပေါ်မှာ လိုအပ်တဲ့ထောက်ပ့ံကူညီမှုတွေအတွက် အရေးကြီးပါတယ်။ အခြားတစ်ဖက်မှာလည်း နိုင်ငံ ခြားရောက် ကရင်တွေအနေနဲ့ ဆိုင်ရာ နိုင်ငံခြားအစိုးရတွေနဲ့ တွေ့ဆုံပြီး လှုပ်ရှားမှုဆောင်ရွက်ချက်ပေါ်လစီတွေကို အသိပေးမယ်။ တနည်းအားဖြင့် နိုင်ငံရေးတိုက်ပွဲအတွက် တွန်းအားဖြစ်တယ်။ 

အခြားတစ်ဖက်မှာလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် နိုင်ငံတော်အစိုးရကို ဖိအားပေးဖို့အတွက် တွန်းအားဖြစ်စေမယ်။ အဲဒီအတွက် ပိုပြီး ဖိအားတွေ ပေးနိုင်အောင် အရေးကြီးသလို သူတို့နဲ့ တွေ့ဆုံဖို့အတွက်ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြားရောက်ကရင်တွေအနေနဲ့ သူတို့ရဲ့ လှုပ်ရှားဆောင် ရွက်မှုက နှစ်ချက်ရှိမယ်။ (၁) တစ်ချက်က ဆိုင်ရာအစိုးရနဲ့ တွေ့ဆုံပြီး ကျနော်တို့ရဲ့ လှုပ်ရှားဆောင်ရွက်မှု တွေအပေါ်မှာ ရပ်တည်ချက် ၊ လှုပ်ရှားဆောင်ရွက်မှုနဲ့ ဖိအားပေးဖို့အတွက်ပေါ့နော်။ အဲဒါက အချက်တစ်ချက်။ နောက်တစ်ချက်က နိုင်ငံရေးလှုပ်ရှားမှုတိုက်ပွဲအတွက် တိုက်ရိုက်ပြန်ပြီးပူးပေါင်းဆောင်ရွက် လုပ်ဆောင်ခြင်းပဲ။ ဒါကြောင့်မို့ တတိယနိုင်ငံ ရောက် ကရင်အမျိုးသား၊ အဖွဲ့အစည်းအနေနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လှုပ်ရှားဆောင်ရွက်မှုအတွက် ဖြစ်စေ၊  ရည်မှန်းချက် ပန်းတိုင်အတွက်ဖြစ်စေ ၊ ကရင်တစ်မျိုးသားလုံးလိုအင်ဆန္ဒဖြစ်တဲ့ မျှော်မှန်းချက်တွေအတွက်ဖြစ်စေ တတိယနိုင်ငံရောက် ကရင်တွေက အရေးကြီးတယ်ဆိုတဲ့အကြောင်း ကျနော်တို့ အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ 

မေး။ ။ အခု အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်သလဲ။  

ဒီခရီးစဉ်အပေါ်မှာ ပထမဆုံးအနေနဲ့ ဖိတ်ခေါ်တဲ့ Minnesota ကရင်အဖွဲ့ကို ကျေးဇူးတင်တယ်။ ဒါပေမယ့် ကျနော်တို့ ရောက်ရှိပြီး တွေ့ဆုံဖို့အတွက် အချိန်ဇယားတွေ ချမှတ်ထားတာတွေက နည်းတယ်။ နည်းတဲ့အပေါ်မှာ ကျနော်တို့ ရောက်ရှိ တာနဲ့ သတင်းအမျိုးမျိုးထွက်ပေါ်တယ်။ ဒီလို ဖြစ်ပေါ်လာတဲ့အပေါ်မှာ ကျနော်တို့ကို ဖိတ်ခေါ်တဲ့သူတွေအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ကေအဲန်ယူအနေနဲ့ အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင် ရောက်ရှိတဲ့အနေနဲ့ သူတို့ရဲ့ ကြိုဆို ဧည့်ခံမှုအပေါ်မှာ ကျနော်တို့ ကျေနပ်မှုရှိပါတယ်။ 

အမေရိကန်မှာ ရောက်ရှိတဲ့ ကရင်တွေအနေနဲ့ကလည်း ကျနော်တို့ ကေအဲန်ယူခေါင်းဆောင်တွေ တရားဝင်ရောက်ရှိတဲ့ အပေါ်မှာ သူတို့လည်း ဝမ်းသာတယ်။ ကရင်အမျိုးသားအစည်းအရုံးက တရားဝင် စေလွှတ်တာ ဖြစ်တာနဲ့အညီ ကျနော်တို့ တွေ့ရတာက သူတို့အတွက် ကျေနပ်စရာဖြစ်တယ်။ ကျနော်တို့ ရောက်ရှိချိန် နည်းတဲ့အပေါ်မှာ တချို့ပြည်နယ်တွေ ဖိတ်ခေါ်ကြတယ်။ သူတို့ လာလည်ကြတယ်။ သူတို့ရဲ့အသိုင်းအဝိုင်းတွေကို လာပြီးအသိပေးတယ်။ 

ဖိတ်ခေါ်ချင်တဲ့ပြည်နယ်တွေ အများကြီးရှိတယ်။ ကျနော်တို့ ရောက်ရှိမှဘဲ ဖြစ်ပေါ်လာတယ်။ ယခုလက်ရှိ တချို့က ကြားရတဲ့အတိုင်း လက်ခံတယ်။ လက်မခံဘူး။ အဲဒါတွေက ကျနော်တို့ ရောက်ရှိမှဘဲ အားလုံးက လက်ခံတယ်ဆိုပြီး သဘောထားရှိလာတယ်။ အားလုံး သွားရောက်ပြောဆိုဆွေးနွေးမယ်ဆိုတဲ့အပေါ်မှာ ဒါက ထူးခြားမှုပေါ့နော်။ တချို့အ ကြောင်းအရာတွေ ကျနော်တို့ တွေ့ရတယ်။ နိုင်ငံခြားရောက် ကရင်အဖွဲ့အစည်း ၊ ကရင်အသိုင်းအဝိုင်း ၊ ဘာသာ ရေးနဲ့ ပတ်သက်တဲ့အဖွဲ့၊ စတဲ့ ကရင်အဖွဲ့တွေ အများကြီးရှိတာကို တွေ့ရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့ တစ်ခု တည်း စုပေါင်းကြဖို့ ကျနော်တို့က အသိပေးခဲ့တယ်။ 

နောက်တစ်ခုက နီမီဆိုးတားပြည်နယ်ရဲ့ ကွန်ဂရက်က အမျိုးသမီးအဖွဲ့နဲ့ (City Chairman) တွေနဲ့လည်း တွေ့ဆုံပြီး မီနီဆိုးတားပြည်နယ်ရောက် ကရင်လူမျိုးတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့အတွက်ဖြစ်စေ ၊ ရှေ့အနာဂတ် ဖွ့ံဖြိုးတိုးတက်ဖို့ အတွက်ဖြစ်စေ  ကြည့်ရှုစောင့်ရှောက်ပေးဖို့ အတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုတာ ကျနော်တို့ အသိပေးပြော ဆိုတာရှိပါတယ်။ 

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...