မွန်ပြည်သစ်ပါတီ NCA စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စမှာ ငြိမ်းချမ်းရေးခြေတစ်လှမ်းဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ဖော်ပြ

မွန်ပြည်သစ်ပါတီ NCA စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စမှာ ငြိမ်းချမ်းရေးခြေတစ်လှမ်းဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ဖော်ပြ
by -
ဂေထော

မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၌ မကြာမီ ပါဝင်လက်မှတ်ရေးထိုးရန် ကတိကဝတ်ထားခြင်းကိစ္စသည် ငြိမ်းချမ်းရေးခြေတစ်လှမ်းဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွန်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်၊၊

ယခုနှစ်ကျရောက်သည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာတွင် ဖေဖော်ဝါရီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးကာ အစိုးရ၊ ပြည်သူနှင့်အတူ လျှောက်လှမ်းသွားမည့် ခိုင်မာသော ကတိကဝတ်ကို ထုတ်ပြန်ခဲ့ခြင်းမှာ မွန်တိုင်းရင်းသားများနှင့် ပြည်သူတစ်ရပ်လုံး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည့် ငြိမ်းချမ်းရေးခြေတစ်လှမ်းဟု ဆိုနိုင်ကြောင်း သဝဏ်လွှာတွင် ညွှန်းဆိုထားသည်၊၊

အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ လျှောက်လှမ်းကြရာတွင် အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ မွန်တိုင်းရင်းသားများကလည်း စုစည်းညီညာစွာဖြင့် တွဲလက်မဖြုတ်တမ်း လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်တောင်းသည်ကို သဝဏ်လွှာတွင် ရေးသားထားသည်၊၊

မွန်ညီနောင်နှစ်ပါးဖြစ်သော သာမလမင်းနှင့် ဝိမလမင်းတို့သည် လက်ရှိပဲခူးမြို့နေရာမှာ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်တွင် ဟံသာဝတီ မင်းနေပြည်တော်အဖြစ် စတင်တည်ထောင်ခဲ့ကြသည်ကို ရည်ရွယ်ပြီး မွန်အမျိုးသားနေ့ကို ပြုလုပ်ခဲ့သည်။ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က အကြိမ်၇၀ မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘားအံမြို့၌ ကျင်းပမည့် တိုင်းရင်းသားများရိုးရာ စာပေယဉ်ကျေးမှုပွဲတော်သို့ ယခု ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း တက်ရောက်ရန်ရှိကြောင်း သတင်းတစ်ရပ်က ဆိုသည်။

Most read this week