အောင်နိုင်တယ် ဆိုတာက ပြည်သူတွေရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်

အောင်နိုင်တယ် ဆိုတာက ပြည်သူတွေရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်
by -
သုုတလင်း၊ BNI ရွေးကောက်ပွဲသတင်းခန်း
သုုတလင်း၊ BNI ရွေးကောက်ပွဲသတင်းခန်း - ကချင်ပြည်နယ်တွင်း မဲဆွယ်စည်းရုုံးရေးမှာ ဘယ်လုုိတွေ ပြင်ဆင်ဆောင်ရွက်နေတယ်။ ဘယ်လုုိတွေ အခက်အခဲရှိနေတယ် ဆုုိတာတွေကုုိ ကချင်ပြည်နယ် ဒီမုုိကရေစီပါတီ အမျိူးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မှာ ၀င်ပြိုင်မယ့် ဦးခွန်ဆာ့ ကုုိ BNI ရွေးကောက်ပွဲ သတင်းခန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။        ။ ဦးခွန်ဆာ့အနေနဲ့ မဲဆွယ်စည်းရုံးရေး အတွက် ဘာတွေများ ပြင်ဆင်ဆောင်ရွက်နေပါသလဲ။

လက်ရှိမှာတော့ သက်ဆိုင်ရာ ဒေသတွေမှာ စည်းရုံးရေး ဟောပြောပွဲတွေလုပ်နေပါတယ်။ ကျွန်တော်က မြစ်ကြီးနားမှာ ဝင်ပြိုင်မှာဆိုတော့ အဲ့ဒီက မဲဆန္ဒရှင်တွေ၊ မဲစာရင်း လိုအပ်ချက် စတာတွေကို ပြင်ဆင် ဆောင်ရွက်တဲ့ နေရာမှာ ပါဝင်ဆောင်ရွက်မှု တွေလည်း လုပ်ဆောင်နေပါတယ်။

မေး ။        ။မဲဆွယ်စည်းရုံတဲ့နေရာမှာ အခက်အခဲတွေများရှိပါသလား။ ရှိရင် သိချင်ပါတယ်။

မဲဆွယ်စည်းရုံးတဲ့ နေရာမှာ အခက်အခဲ အနည်းငယ်ရှိပါတယ်။ အဲ့ဒါကတော့ အခုဆိုရင်ပါတီတွေက သူတို့ရဲ့ မဲဆွယ်စည်းရုံးရေး အတွက် ပွဲတွေလုပ်ဖို့ကို နေရာတွေ ငှားကြပါတယ်။။ အဲ့ဒီနေရာမှာ အရင်လို နေရာတွေ ရယူဖို့က မလွယ်တော့ပဲ ပါတီတွေထပ်နေတာမျိုးတွေပေါ့နော်။ အဲ့ဒီလို အခက်အခဲအသေးလေးတွေတော့ ရှိပါတယ်။

မေး။        ။ကချင်ဒေသမှာ ရှိနေတဲ့ မဲပေးနိုင်တဲ့ ပြည်သူတွေအတွက် အဓိက ကြံုတွေ့နေရတယ့် အခက်အခဲ တွေကိုရော မဲဆွယ်စည်းရုံးရေး ဆင်းရင်းနဲ့ တွေ့ကြံု ရတာမျိုးရှိပါသလား။ ဒေသခံတွေ အတွက် အဓိက အခက်အခဲတွေက ဘာတွေများပါလဲ။

ဒေသခံတွေအတွက် အဓိက အခက်အခဲဆိုတဲ့ နေရာမှာ တစ်ချို့က ရပ်ဝေးကနေ လာကြရတဲ့ လူတွေရှိပါတယ်။ ကချင်ဒေသမှာပေါ့။ နောက်ပြီး စစ်ဘေးရှောင်နေရတဲ့ သူတွေက စစ်ရှောင်စခန်း တွေမှာ မနေတာမျိုး၊ မှတ်ပုံတင် မရှိကြတာမျိုး ၊ အိမ်ထောင်စု စာရင်း မရှိတာမျိုး၊ အဲ့ဒီလိုလူတွေက မဲစာရင်းထဲမှာ မပါဘူး။ တစ်ချို့နေရာတွေမှာ သူတို့ နာမည်မဟုတ်တာ မျိုးတွေ၊ နောက် မှတ်ပုံတင် နံပါတ်လည်း မှန်တယ်၊ အိမ်လိပ်စာတွေလည်း မှန်ပေမယ့် နာမည်က ဗမာနာမည်တွေနဲ့ ဖြစ်နေတာမျိုးတွေ ရှိနေတာ တွေ့ရပါတယ်။ နောက် ကွယ်လွန်ပြီးသားလူတွေရဲ့ နာမည်တွေ ကပ်ထားတာမျိုးလည်း တွေ့ရပါတယ်။ အဲ့ဒီတော့ ခုလို အလွဲတွေကြားမှာ မဲပေးချင်တဲ့ လူတွေက သူတို့မဲ ပြန်ပေးလို့ရအောင် လုပ်ပေးပါဆိုပြီး တောင်းဆိုတာမျိုး တွေရှိပါတယ်။

 အဲ့ဒီအတွက်လည်း ပါတီဘက်က အများကြီး လိုက်လုပ်ပေးနေတာတွေရှိပါတယ်။ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်နဲ့ သီးသန့်ညှိနှိုင်းတယ် ဆိုတာမျိုးမရှိပေမယ့် ရက်ပေါင်း ၁၈၀ ကြာမြင့်အောင် နေထိုင်သူ ဖြစ်တယ်ဆိုတာကို ကျေးရွာ/ ရပ်ကျေးက ထောက်ခံချက် တွေရအောင် တောင်းကြပါ။ အဲ့ဒါနဲ့ မဲထည့်လို့ ရနိုင်တယ်ဆိုတာမျိုး ပြောပြတာမျိုးတွေရှိပါတယ်။

မေး။        ။ ဦးခွန်ဆာ့တို့ ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်မှာ အင်အားကြီးပါတီတွေ ပါဝင်နေပါတယ်။ အဲ့ဒီတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီအနေနဲ့ ပြိုင်ဘက်ပါတီတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ အားသာချက် ၊အားနည်းချက်တွေက ဘာတွေများ ဖြစ်ပါမလဲ။

ကျွန်တော်တို့ ပါတီရဲ့ အားနည်းချက်လို့ ပြောရမယ့် အရာကတော့ အင်အားကြီး ပါတီတွေလိုမျိုး ရံပုံငွေ အင်အားတောင့်တောင့်တင်းတင်း၊ လူအင်အား တောင့်တောင့်တင်းတင်း နဲ့ လုပ်နိုင်စွမ်း  မရှိတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ပါတီအနေနဲ့တတ်နိုင်သမျှ လုပ်နိုင်စွမ်းရှိသမျှ လုပ်နေကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အောင်နိုင်တယ် ဆိုတာက ပြည်သူတွေရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။

မေး။        ။ကချင် ပြည်နယ် ဒီမိုကရေစီပါတီရဲ့ အဓိက မူဝါဒထဲမှာ ငြိမ်းချမ်းရေးက အဓိကပါဝင်နေတာ တွေ့ရပါတယ်။ အဲ့ဒီတော့ ခုလက်ရှိမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို ချုပ်ဆိုတော့မှာ ဆိုပေမယ့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေကတော့ ပါဝင်ဦးမှာလည်း မဟုတ်သေးပါဘူး။ အဲ့ဒီတော့ ပါတီအနေနဲ့  လာမယ့် ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ဘယ်လိုများ ဆောင်ရွက်ပါမလဲ။

ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ရင်တော့ NCA ရဲ့ အဓိက ရည်ရွယ်ချက် ဖွင့်ဆိုချက်ကိုက Nation Wide ပေါ့။ အဲ့ဒီတော့ အားလုံးပါဝင်အောင်လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။

ခုတော့ တစ်စိတ်တစ်ဒေသလို ပုံစံမျိုးဖြစ်နေတော့ သိပ်တော့အားမရဘူးလို့ ပြောရမှာပါ။ KIA နဲ့ တင် သေသေချာချာ ညှိနှိုင်းဆွေးနွေးရမှာမျိုးမဟုတ်ပါဘူး။ တစ်ခြား လက်မှတ်ထိုးဖို့ ကျန်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း သေချာဆွေးနွေးရမှာပါ။ ဒါ့အပြင် လက်မှတ်ထိုးပြီးဖြစ်မယ့် အဖွဲ့တွေအနေနဲ့လည်း အစိုးရနဲ့ လက်မှတ်ထိုးပြီးတဲ့ နောက်မှာ ဘယ်လိုတွေဖြစ်လာမလဲ၊ ဘယ်လိုတွေပြောင်းလဲလာမလဲဆိုတာကို သေချာစောင့်ကြည့်ရမှာ။

အဲ့ဒါကို စောင့်ကြည့်ပြီး ထွက်လာတဲ့ အဖြေပေါ်မူတည်ပြီး  လက်မှတ်ထိုးဖို့ ကျန်သေးတဲ့အဖွဲ့တွေ့ လေ့လာကြည့်ရှု ရမှာပါ။ အဓိကကတော့ ခိုင်မာတိကျတဲ့ မူဝါဒ မူဘောင်ရှိရလိမ့်မယ်လို့ မြင်ပါတယ်။ ခု လက်ရှိကတော့ အဲ့ဒါတွေ သိပ်မရှိသေးဘူးလို့ ထင်ပါတယ်။ အဲ့ဒီတော့ အစိုးရဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကရော နှစ်ဦးနှစ်ဖက် မူဘောင်တွေ သေချာချမှတ်ပြီး လုပ်ဆောင် ရလိမ့်မယ် ထင်ပါတယ်။

မေး။        ။ KIA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေပြန်ဖြစ်လာတာဟာ ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မုှ ရှိလာနိုင်ပါသလား။ အဲ့ဒီလိုမဖြစ်လာဖို့ ပါတီအနေနဲ့ ပြင်ဆင်ထားတာတွေ၊ ရှိပါသလား ။

အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ပါတီဥက္ကဌကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ရောက်လာတုန်းက ဆွေးနွေးတင်ပြခဲ့တာရှိပါတယ်။

အဲ့ဒါကတော့ ရွေးကောက်ပွဲကာလမှာ တိုက်ပွဲတွေရပ်ထားပေးနိုင်ဖို့ ၊ တိုက်ပွဲတွေမဖြစ်အောင် ဆောင်ရွက်ပေးဖို့ တင်ပြထားတာဖြစ်ပါတယ်။ တောင်းဆိုထားတာပေါ့ဗျာ။

ဒါပေမယ့် အခုလိုပဲ တိုက်ပွဲတွေ ဆက်ဖြစ်မယ် ဆိုရင်တော့ ရွေးကောက်ပွဲလုပ်တဲ့အခါ ထိခိုက်မှုတွေ ရှိလာနိုင် တာမျိုး တွေရှိပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ နေရာမှာ အနှောက်အယှက်တွေ ရှိလာနိုင်မယ်လို့ ထင်ပါတယ်။

မေး။        ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးခွန်ဆာ့အနေနဲ့ မဲဆန္ဒနယ်က ပြည်သူတွေ၊ ပြည်နယ်အတွက် ပေးနိုင်တဲ့ ကတိကဝတ်ရှိရင် သိချင်ပါတယ်။

ကျွန်တော့် တစ်ဦးတည်း ဆန္ဒအနေနဲ့ ဆိုရင်တော ဖြစ်ချင်တဲ့ဟာနဲ့ ဖြစ်အောင်လုပ်ချင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ အများက ပြောကြပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားပေါ့။ တွင်တွင်ကျယ်ကျယ်ကို သုံးကြတာပါ။ ကျွန်တော်ကတော့ ပြောင်းလဲပြုပြင်ရေးလို့ လက်ခံထားပါတယ်။

ပြောင်းလဲစရာ ရှိတာတွေ ပြောင်းလဲပြီးမှ ပြုပြင်ရမယ်လို့ ထင်ပါတယ်။ အစိုးရပိုင်းတွေ၊ ဌာနဆိုင်ရာ ယန္တရားတွေကို ပြုပြင်ပြောင်းလဲပြီး ပြည်နယ်၊တိုင်း၊နိုင်ငံ အလိုက် တိုးတက်မှုတွေဖြစ်လာအောင် လုပ်ရမှာပါ။ ပြုပြင်တယ်ဆိုတဲ့ နေရာမှာ အခြေခံဥပဒေလို ဟာမျိုးက ပါတာမျိုးပေါ့။

အရေးကြီးတာက ရွေးကောက်ပွဲဟာ တရားမျှမျှတတနဲ့ ဖြစ်မြောက်ဖို့ပါပဲ။ ကျွန်တော်တို့ ပါတီအနေနဲ့ အနိုင်ရရှိခဲ့မယ် ဆိုရင်လည်း လွှတ်တော်ထဲမှာ ကျွန်တော်တို့ ပါတီနဲ့မူဝါဒချင်း ၊ ရပ်တည်ချက်ချင်း တူညီတဲ့ ပါတီတွေနဲ့ ပူးပေါင်းပြီး နောက်ထပ် လုပ်ဆောင်ရမယ့် အလုပ်တွေကို လုပ်မှာပါ။ နောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု အစစ်အမှန် ဖြစ်လာဖို့ ဆောင်ရွက်ကြရမယ်လို့ ဆိုချင်ပါတယ်။

ကုုိယ်ရေးအကျဉ်း

အမည်              -    ဦးခွန်ဆာ့
အသက်            -    (၃၆) နှစ်
ပါတီ                -    ကချင်ပြည်နယ် ဒီမိုကရေစီပါတီ
လွှတ်တော်        -    အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ် (၂)
ပညာအရည်အချင်း        -    LL.B (ဥပဒေဘွဲ့)
လူမျိုး                         -    ကချင်
အလုပ်အကိုင်               -     အထက်တန်းရှေ့နေ

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...