နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကလိုအပ်ချက်မှာ ယုံကြည်မှုပင်ဖြစ်သည်” ဟုဆိုသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ရှိပါက အခြား ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ ယုံကြည်မှုမရှိပါက စာချုပ်များ မည်သို့ ပင် ချုပ်ထား စေကာမူ အဟောသိကံဖြစ်သွား စေနိုင်သည်ဟုလည်း ပြောကြားသည်။ ယုံကြည်မှုရရှိရန်ဆိုလျှင် တစ်ဦးနှင့် ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ဦး ဆက်ဆံရာ၌် ပွင့်လင်းရန်နှင့် တည့်မတ်မှုရှိရန်လိုအပ်ကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုသော်လည်း တစ်ဖက်သား နားလည်ရန် လိုအပ်ပြီး အကျိုးရှိ၊ မှန်ကန်၊ တစ်ဖက်သားခံသာ သည့် စကားကို ပြောကြားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာပေါ်တွင် အရေးကြီးဆုံးမေးခွန်းမှာ “ဘာကြောင့်” ဆိုသည့် မေးခွန်း ဖြစ်ကြောင်း၊ မိမိတို့ ဘာကြောင့် ထာဝရ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သလဲ။ ကိုယ့်ဘက်က ဘာကြောင့် ငြိမ်းချမ်းရေး ရအောင် မလုပ်နိုင်သလဲ။ သူ့ဘက်ကလည်း ဘာကြောင့် ငြိမ်းချမ်းရေးရအောင်မလုပ်နိုင်သလဲ ဆိုသည့်အချက်ကို တစ်ဖက်နှင့်တစ်ဖက် မျှမျှတတ စဉ်းစားပါက ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်ဟု ဆိုပါသည်။ အခွင့်အလမ်း တစ်ခုသည် လူတစ်ယောက်၏ဘဝတွင် နှစ်ခါပြန်မလာတတ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် ကြိုးစားသွားရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျကျန်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအခါ ဆောင်ရွက်ခွင့်ရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မိမိတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအတွက် အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေရသည်။
ကုန်လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အပစ်ရပ်ရေးစာချုပ် လက်မှတ် မထိုးသည့် UNFC ခေါင်းဆောင်များနှင့် နေပြည်တော်၌ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ လက်ရှိဖြစ်စဉ်များအပေါ် မူတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေအားလုံးကို ခြံုငုံသုံးသပ်ပါက ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လမ်းစဉ်သည် လက်တွေ့ကျ၍ အမြော်အမြင်ရှိရှိ ဘက်စုံ ထောင့်စုံမှ အားထုတ် ပြင်ဆင်ထားကြောင်းတွေ့ရသည်။ ထို့ပြင် တွေးဆပုံ များမှာလည်း “ပြည်ထောင်စုငြိမ်းချမ်းရေး၊ ပြည်ထောင်စုတိုးတက်ရေး၊ ပြည်ထောင်စု ညီညွတ်ရေး” မူကို အခြေခံထား ကြောင်းတွေ့ရသည်။ NLD ၏ အတွေ့အကြုံအရ ၁၉၉၀ ရလဒ် အဟောသိကံ ဖြစ်ခဲ့ရသည့် သင်္ခန်းစာကို ယူ၍ ၂၀၁၂ ၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် အခွင့်အရေး အလွတ်မခံဘဲ ဖမ်းဆုပ်ခဲ့ပုံ၊ ၁၀၀ ရာခိုင်နှုန်းအာမခံ ချက်ရှိမှလုပ်မည်ဆိုလျှင် မိမိတို့ ဘယ်တော့မှ လုပ်ဖြစ်မည် မဟုတ်ပုံ၊ မည်သည့်နည်းနှင့်မျှ ၁၀၀ ရာခိုင်နှုန်း မရနိုင် သဖြင့် Calculated Risk ယူကာ စွန့်စားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က UNFC ခေါင်းဆောင်များအား ရှင်းပြခဲ့သည်။ ထို အချက် ကို ထောက်ရှုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် တရားသေဝါဒ (Dogmatism) ကို ကျင့်သုံးသူ မဟုတ်ကြောင်း တွေ့နိုင် သည်။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် လက်တွေ့အကျိုးရှိမှုကို ပဓါနပြု စဉ်းစားဆောင်ရွက်သည့် Pragmatist တစ်ဦး ဟု ဆိုရပေမည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ခုနှစ် သင်္ခန်းစာကိုယူ၍ ၂၀၁၂ ၊ ၂၀၁၅ ရွေးကောက်ပွဲများအောင်နိုငရေးကို မဟာဗျူဟာချမှတ် ဆောင်ရွက်နိုင်ခဲ့သဖြင့် ယနေ့ကဲ့သို့ အာဏာရသည့် အခြေအနေရောက်လာခဲ့သည်။ အကယ်၍သာ တရားသေဝါဒီ Dogmatist တစ်ဦး ဖြစ်ခဲ့ပါက တပ်မတော်နှင့် ထပ်ဆင့် ထိပ်တိုက်တိုးမှုများ ကြုံရနိုင်သည်။ ယခုလည်း ငြိမ်းချမ်းရေးရရှိရေးအတွက် အမြော်အမြင်ကြီးစွာ စဉ်းစားချိန်ဆဆောင်ရွက်နေသည်ကို တွေ့နေရသည်။
“ငြိမ်းချမ်းရေး ရရှိစေရန် စောင့်နေရသည့် အချိန်တွင် မိမိတို့နိုင်ငံ မည်မျှနစ်နာနေသည်ကို စဉ်းစားကြရန်နှင့် ယခုတစ်ခါ ငြိမ်းချမ်းရေးညီလာခံ စတင်လိုက်သည်နှင့် မိမိတို့၏ နိုင်ငံသားများ မလိုအပ်ဘဲ ဆုံးရှုံးမှုများ မဖြစ်အောင် အားလုံး ကြိုးစား ကြရန်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည့် နှိုးဆော်ချက်ကို အလေးထား မှတ်သားသင့်ပေသည်။
လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) တွင် ပါ၀င် တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တဖွဲ့မကျန် အားလုံးကို ဖိတ်ကြားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်က ကြေညာထားပေသည်။ သို့ဖြစ်၍ မကြာမီ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသည့်အတိုင်း Stakeholders အားလုံးပါ၀င် တက်ရောက်နိုင်မည့် အခြေအနေကောင်းများ ရှိနေပြီဟု ဆိုနိုင်သည်။
လက်ရှိ ပြည်သူလူထု၏ စိုးရိမ်ချက်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံက ပေးထားသည့် အခွင့်အာဏာများကို တပ်မတော်က အသေဆုပ်ကိုင်ထားသည့် ကိစ္စဖြစ်သည်။ ဒီမိုကရေစီကို အခြေခံသည့် နိုင်ငံတစ်ခုတည်ဆောက်မည်ဆိုပါက တပ်မတော် သည် နိုင်ငံရေးကိစ္စရပ်များဖြစ်သည့် (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး) တို့နှင့် ကင်းကင်းရှင်းရှင်း ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်ရမည် ဖြစ်ပေသည်။ ထို့ကြောင့် လက်ရှိ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး အစရှိသော ၀န်ကြီးဌာန ၃ ခုကို တပ်မတော်က အရပ်ဖက်သို့ ပြန်လည်လွှဲပြောင်း ပေးရန်လည်း စဉ်းစားသင့်သည်။ အထူးသဖြင့် လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒကို အကောင်အထည်ဖေါ်ရာတွင် တပ်မတော်က အတူလက်တွဲ ဆောင်ရွက်ရမည် ဖြစ်သည်။ ယခုအချိန်အထိ တပ်မတော်က တိုင်းရင်းသားဒေသများတွင် စစ်ဆင်ရေး မရပ်သေးသည့်အတွက် စိုးရိမ်ဖွယ် ဖြစ်နေသည်။ တိုက်ပွဲဆက်လက်ဆင်နွှဲနေခြင်းသည် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒအား ဆန့်ကျင်သလို ဖြစ်နေသည်။
သို့ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သြဂုတ်လ ၈ ရက် မွန်းလွဲ(၂) နာရီမှ(၄) နာရီခွဲ အထိ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည့် သတင်းအရဆိုလျှင် အလားအလာကောင်းသည်ဟု ယူဆစရာရှိသည်။ ထိုသို့ တွေ့ဆုံစဉ် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိစ္စကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ဆိုသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်ဟု သတင်းများအရ သိရသည်။
ထိုသို့သော အခြေအနေ အရပ်ရပ်နှင့်တကွ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း ကိုယ်တိုင်လည်း ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ပြီး အမှာစကားပြောကြားမည်ဖြစ်သဖြင့် ယခု ငြိမ်းချမ်းရေး ညီလာခံသည် မြန်မာနိုင်ငံ၏ သမိုင်းဝင် အခမ်းအနားကြီး အဖြစ် မှတ်တမ်းတင်ခံရမည်မှာ သေချာပေသည်။ ထို့ကြောင့် ၂၁ ရာစုပင်လုံညီလာခံတွင် “မိမိတို့ ဘာကြောင့် ထာဝရ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သလဲ” ဟု အပြန်ပြန်အလှန်လှန် မေးခွန်းထုတ်ကြရမည်။ ထိုမေးခွန်း၏ အဖြေကို ဤညီလာခံတွင် ပေါ်ထွက်လာအောင် ညီရင်းအစ်ကို စိတ်ဓါတ်ဖြင့် အားထုတ်ကြရပေမည်။ အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့်တကွ သက်ဆိုင်သူအားလုံး ညီရင်းအစ်ကို စိတ်ဓါတ်ဖြင့် သွေးစည်း ညီညွတ်စွာ စိတ်ရှည်သီးခံ လက်တွဲဆောင်ရွက်ကြမည်ဆိုလျှင် ငြိမ်းချမ်းရေးရရှိဖို့ နီးပြီဟု ဆိုနိုင်သည်။
ငြိမ်းချမ်းရေးရပြီဆိုလျှင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန် မျှော်လင့်နိုင်ပေပြီ။ သို့ဆိုလျှင် မြန်မာ နိုင်ငံ၏ ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် ပြန်လည် မြှင့်တင်ပေးနိုင်ရေးအတွက် “၂၁ ရာစုပင်လုံညီလာခံ” ကို လှိုက်လှဲစွာ ကြိုဆိုကြရပေမည်။