၀တီမိုး (ရခိုင်ပြည်)-ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရာတွင် နိုင်ငံတကာ စံနှုန်းအတိုင်း ထည့်သွင်းမည် ဖြစ် ရာ လူမျိုးနေရာတွင်“ရိုဟင်ဂျာ” ဟု ထည့်သွင်းခွင့် မပြုရန် ရခိုင်ပြည်သူတစ်ရပ်လုံးတောင်းဆိုဆန္ဒထုတ် ဖော်မှုကို မတ် ၁၆ ရက်နေ့တွင် တစ်ပြည်လုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ သန်းခေါင်စာရင်းကောက်တဲ့အခါ ကုတ်နံပါတ် (၉၁၄)မှာ ဘင်္ဂလီတွေကရိုဟင်ဂျာလို့ ထည့်မယ်ဆိုရင်လည်း ခွင့်ပြုရမည့်အနေအထားရှိတယ်ဆိုပြီးရခိုင်က လွှတ်တော် ကိုယ်စားလှယ်တွေကို ၀န်ကြီး ဦးခင်ရီက ပြောတယ်လို့သိရပါတယ်။ ဦးဇင်းတို့ ရခိုင်တစ်မျိုးသားလုံးက ရိုဟင်ဂျာလို့ထည့်မယ့်ကိစ္စကို လုံးဝလက်မခံ၊ မထောက်ခံနိုင်ဆိုတာကိုဆန္ဒဖော်ထုတ်သွားမှာ ဖြစ်တယ်။ ဆန္ဒဖော်ထုတ်ပေမယ့် အစိုးရက ဘာမှ မတုန့်ပြန်၊ကြေညာချက် မထုတ်ပြန်ဘူးဆိုရင် သန်းခေါင်စာရင်းကောက်တာကိုရခိုင်တမျိုးသားလုံးက ဆန္ဒပြသွားမယ်” ဟု ဝေသာလီမိုးကုတ်ကျောင်းတိုက်မှ ဆရာတော် ဦဣန္ဒာစက္ကက မိန့်ကြားသည်။
ထိုသို့ တောင်းဆို ဆန္ဒပြပွဲပြုလုပ်ရန် မတ် ၈ရက်နေ့က စစ်တွေမြို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ စည်း / ထိမ်း သံဃာတော်များ ၊မြို့မိမြို့ဖများ ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ၊ရခိုင်လူမှုကွန်ရက်(စစ်တွေ) တို့ စစ်ကဲတော်မင်းကျောင်း၌ တွေ့ဆုံဆွေးနွေးကာ ဆုံးဖြတ်ကြခဲ့ကြောင်း တက်ရောက်သူများက ဆိုသည်။
ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် အမတ် ၄ ဦးက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီ နှင့် မတ် ၄ ရက် နေ့ကတွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများက “ရိုဟင်ဂျာ” ဟုထည့်သွင်းမည်ဆိုပါက လက်မခံရန် တောင်းဆိုခဲ့ကြသည်။
“ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက သန်းခေါင်စာရင်းကောက်တဲ့အခါ နိုင်ငံတကာစံနှုန်းအတိုင်း ပြောရင် ပြောတဲ့အတိုင်းထည့်ရမယ်လို့ဆိုပါတယ်။ တကယ်လို့ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ပြောလို့ ဒီအတိုင်းထည့် မယ်ဆိုရင်မှတ်တမ်းတစ်ခုဖြစ်သွားမယ်။ နောက်ပြီး စာရင်းကောက်တွေမှာလည်း ဘင်္ဂါလီတွေသုံးမယ့်ကိစ္စပေါ့။ ဒါကို ရခိုင်ပြည်သူတစ်ရပ်လုံးက လုံးဝ လက်ခံလိမ့်မယ်မဟုတ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးကို ထောက်ပြခဲ့ပါတယ်။ သူတို့အနေနဲ့လည်းရိုဟင်ဂျာဆိုတဲ့နာမည်ကို မထည့်ဖို့ကို ပြတ်ပြတ်သားပြောရပါမယ် ” ဟုမြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဆိုသည်။
မတ် ၄ ရက်နေ့ကလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)မှလည်း သန်းခေါင်စာရင်း နှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများအား သန်းခေါင်စာရင်းကောက်ယူရာတွင် “အခြား” ဆိုသည့် ကွက်လပ်ဇယား နေရာ၌ “ဘင်္ဂါလီ” ဟုသာ ထည့်သွင်းရမည် (သို့မဟုတ်) ကုဒ်နံပါတ်တစ်ခုခုကို တိတိကျကျ သတ်မှတ်ပေးရန် နှင့်“ရိုဟင်ဂျာ” ဆိုသော လူမျိုးအမည်ကို (လုံးဝ) သုံးခွင့်မပြုရန်၊ ဘင်္ဂါလီလူမျိုး စာရင်းကောက် စာရင်းစစ် (၁၃၀၂) ဦးကို တာဝန်ပေးထားသည်ဖြစ်ရာ ထိုကဲ့သို့ နိုင်ငံသားဖြစ်မှု/မဖြစ်မှု မသေချာသူများက ကောက်ယူပြုစုပေးသည့် ဘင်္ဂါလီ လူဦးရေစာရင်းကို RNDP ပါတီက လုံးဝ အသိအမှတ်ပြုလိမ့်မည် မဟုတ်ဟု သန်းခေါင်းစာရင်း ကောက်ယူမှုတွင် လိုအပ်သည်များကို အချိန်မီ ပြန်လည်ဖြည့်စွက် ပြင်ဆင်ပေးရန် RNDP ပါတီက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။