ချင်းအမျိုးသားအထောက်အကူပြုကော်မတီ ညှိနှိုင်းရေးမှူးဆလိုင်းအိုက်ဇက်ခင်အားမေးမြန်းချက်

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ ညှိနှိုင်းရေးမှူးဆလိုင်းအိုက်ဇက်ခင်အားမေးမြန်းချက်
by -
မိုင်ဒေါလ်သဲ (Chin World ဂျာနယ်)

သန်းခေါင်စာရင်းကောက်ယူရာတွင် အစိုးရအနေဖြင့် အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ် (၁၃၅)မျိုးအပေါ်တွင် အခြေပြုကောက်ခံသွားမည့်အပေါ် တိုင်းရင်းသားမျိုးနွယ်စုများ စိုးရိမ်ပူပန်မှုရှိနေသည်ကို ထောက်ပြပြောဆိုမှုများ ရှိလာခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မျိုးနွယ်စုများစွာ ကွဲပြားနေသည့် ချင်းလူမျိုးများအကြား ဆွေးနွေးစရာများစွာ ဖြစ်လာခဲ့ပေသည်။ ထို့ကြောင့် ချင်းနိုင်ငံရေးပါတီများ၊ ချင်းလူမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများပါ၀င်သည့် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီကို ဖွဲ့စည်းဆောင်ရွက် လာခဲ့သည်ကို တွေ့ရသည်။

ချင်းတိုင်းရင်းသားများနည်းတူ အခြားတိုင်းရင်းသားများကလည်း သန်းခေါင်စာရင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းလာကြသည်။ အစိုးရ၏ ဗဟိုသန်းခေါင်စာရင်းကော်မတီက သန်းခေါင်စာရင်းကောက် ယူခြင်းဆိုင်ရာ တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်ကြိုးစားသည့်အနေဖြင့်ပြီးခဲ့သည့်ရက် သတ္တပတ်က နေပြည်တော်သို့ တိုင်းရင်းသားအဖွဲ့အစည်းများအား ခေါ်ယူတွေ့ဆုံကာ လုပ်ထုံးလုပ်နည်းများနှင့် မျိုးနွယ်စုရေးရာဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်နိုင်မည့်အနေအထားများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည့် ချင်းတိုင်းရင်းသားအဖွဲ့ဖြစ်သည့် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီမှ ညှိနှိုင်းရေးမှူး၊ ဂျီးဒီအိ်ုင်၏ ဦးဆောင် ညွှန်ကြားရေးမှူးလည်းဖြစ် ဒုတိယကြိမ်မြောက် ချင်းအမျိုးသားညီလာခံဘုံသဘောတူညီချက် ဖော်ဆောင် ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ညှိနှိုင်းရေးမှူးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံပြီး သန်းခေါင်စာရင်း ဆိုင်ရာ နောက်ဆုံးအခြေအနေများကို မေးမြန်းထားပါသည်။

မေး-နေပြည်တော်မှာ သွားတွေ့ဆုံရတဲ့ အခြေအနေဘယ်လို ရှိလဲ။

ဖြေ-သူတို့ (ဗဟိုသန်းခေါင်စာရင်းကော်မတီ) ဘက်ကတော့ ကြေငြာချက်ပြန်ထုတ်ပေးတယ်လေ။ မရှင်းတဲ့အကြောင်းအရာ ပြန်မေးပါလို့ သူတို့ပြောတယ်။ နောက်ထပ်လည်း ကြေငြာချက်တွေ ပြန်ထုတ်မယ်လို့ ပြောတယ်။

မေး-တချို့မျိုးနွယ်စုတွေက အခြား(other)မှာ ထည့်မယ်လို့ ပြောနေကြတယ်ဆိုတော့ နောက်ဆက်တွဲ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ-အခြား(other)မှာ ထည့်ရင် ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် စာရင်းထွက်လာတာကတော့ နည်းနည်းနောက်ကျ သွားမယ်ပေါ့။ ကုတ်(လူမျိုးသင်္ကေတ) ရှိတဲ့ဟာတွေကျတော့ စက်နဲ့ရေတွက်သွားမှာမို့ တစ်နေ့ထဲမှာပဲ စာရင်း  ထွက်နိုင်ချေရှိတယ်ပေါ့။ အခြား(other) ထဲကစာရင်းတွေကို လက်နဲ့အကုန်ချရေးပြီး ရေတွက်မှာဖြစ်တဲ့အတွက် အနည်းနဲ့ အများချွတ်ချော်သွားနိုင်တယ်လေ။ အချိန်လည်း နည်းနည်းတော့ နောက်ကျသွားမယ်ပေါ့။

မေး-တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း သန်းခေါင်စာရင်းကောက်မယ့်ရက်ကို ရွေ့ပေးဖို့တောင်းဆိုကြ တယ်။ ဒါပေမယ့် အစိုးရဘက်ကလည်း လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ပြင်ဆင်လာကြတာဆိုတော့ သန်းခေါင်စာရင်း ကောက်ဖို့က သတ်မှတ်ထားတဲ့ ရက်မှာသေချာနေတယ်ဆိုတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က အကောင်းဆုံးနည်းလမ်းတွေနဲ့ ပါ၀င်သွားဖို့ရှိလား။

ဖြေ-လောလောဆယ်ကတော့ နေပြည်တော်မှာရလာတဲ့ သဘောတူညီချက်ကျတော့ အစိုးရဘက်ကလည်း အခက်မတွေ့အောင် တိုင်းရင်းသားတွေဘက်ကလည်း စိုးရိမ်ပူပန်မှုမရှိအောင် နှစ်ဘက်ညှိနှိုင်းကြတယ်ပေါ့လေ။ အဲဒီလိုပဲ နှစ်ဦးနှစ်ဘက် အပြန်အလှန်စိစစ်ဖို့ ဆိုတဲ့နည်းလမ်းတွေကို သုံးထားပါတယ်။

မေး-အခုထိပဲ အငြင်းပွားဖြစ်နေတဲ့ မျိုးနွယ်စုပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ သန်းခေါင်စာရင်းကောက်ယူပြီး သွားချိန်မှာ ဆက်ပြီးတော့ ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ-ဟုတ်ကဲ့။ ဒါကတော့ ကျွန်တို့ဘက်ကတော့ သက်ဆိုင်ရာအစိုးရဘက်နဲ့ ဗဟိုသန်းခေါင်စာရင်းကေ်မတီနဲ့ တွေ့ဆုံပြီးတော့ သူတို့ဘက်က ဂတိပြုသွားတဲ့ အတိုင်းပဲ အဲဒါကိုကျွန်တော်တို့ စောင့်ကြည့်သွားမယ်။ လေ့လာသွားမယ်။ အချက်အလက်တွေ ရလာတဲ့ခါမှာလည်း လက်တွဲလုပ်သွားဖို့ရှိတယ်။

မေး-ဗဟိုသန်းခေါင်စာရင်းကော်မတီကနေပြီးတော့ သန်းခေါင်စာရင်းကောက်ယူမှု အပြီးမှာ တိုင်းရင်းသား တွေဘက်က အကြံပေးချက်တွေကို ဆောင်ရွက်သွားမယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုစီစဉ်ထားလဲ။

ဖြေ-သက်ဆိုင်ရာမြို့နယ်တွေမှာ သန်းခေါင်စာရင်းကောက်ယူတာနဲ့ ပတ်သက်ပြီးတော့မှ မှန်မှန်ကန်ကန်ဖြစ် အောင် မှားယွင်းချွတ်ချော်မှုမရှိအောင် သန်းခေါင်စာရင်းကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်သွားကြပါမယ်။