ဂယ်ဘားကို ကရင်မျိုးနွယ်စုတွင်ပါဝင်ကြောင်း နိုင်ငံတော်သို့တင်ပြမည်

ဂယ်ဘားကို ကရင်မျိုးနွယ်စုတွင်ပါဝင်ကြောင်း နိုင်ငံတော်သို့တင်ပြမည်
by -
နန်းချောင်ဖော့

နန်းချောင်ဖော့(ကေအိုင်စီ)။    ။ဂယ်ဘား (ဂေဘား) မျိုးနွယ်စုကို အစိုးရက ကယားအုပ်စုတွင် ထည့်ထားသည့် အပေါ်မိမိတို့မျိုးနွယ်စုသည် ကရင်လူမျိုးဖြစ်ကြောင်း အစည်းအဝေးတစ်ရပ်ကျင်းပပြီး အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဟု ကရင်ရေးရာကော်မတီအတွင်းရေးမှူး စောကျော်စွာက ကေအိုင်စီသို့ ပြောသည်။

ယင်းအစည်းအဝေးတွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ဂယ်ဘားလူမျိုးများ၏ သဘောထားအမြင်စာတမ်းဖတ်ခြင်း၊ ကရင်ကိုယ်စားလှယ်များ၏ အမြင်စာတမ်းဖတ်ခြင်း၊ ဂယ်ဘားကိုယ်စား လှယ်များဆန္ဒခံယူခြင်း၊ ပြည်နယ်လူဝင်ကြီးကြပ်ရေးဦးစီးဌာနမှ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်ပြီးရှင်းပြခြင်း၊ သန်းခေါင်စာရင်းကောက်ယူချိန်တွင် မေးခွန်းနံပါတ်(၈)ကို ဖြေဆိုမှုနှင့် ပတ်သက်ပြီး ဂယ်ဘားလူမျိုးများကဆွေးနွေးအတည်ပြုခြင်းနှင့် ထုတ်ပြန်ကြေညာချက်လည်း ထုတ်ပြန်သွားမည်ဟု သိရသည်။

“သူတို့က ကယားမဟုတ်ဘူး ကရင်ဖြစ်ကြောင်းကို အစည်းအဝေးမှာ စုပေါင်းလက်မှတ်ထိုးမယ် အတည်ပြုပြီး တော့ အစိုးရကို တောင်းဆိုသွားမယ်” ဟုဦးကျော်စွာက ပြောသည်။ ၄င်းအစည်းအဝေးကို ဂယ်ဘားရေးရာ ကော်မတီမှ ဦးဆောင်ပြီး ဖေဖော်ဝါရီ (၇)ရက်နေ့၌ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ မြတ်သာကုန်းကျေးရွာတွင် ကျင်းပပြီး ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးမှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်ပြည်နယ်မှ လဝကခရိုင်မှူး၊ တိုင်းရင်းသားလူမျိုးများ ဆ်ိုင်ရာကော်မတီ ဥက္ကဌအဖွဲ့တို့လည်း တက်ရောက်မည်။

ဆာမူးထရော်လူမှုအထောက်အကူပြုအဖွဲ့ဥက္ကဌ စောကလိုထူးက “များသောအားဖြင့် ဂယ်ဘားတွေက သူတို့ကိုသူတို့ကရင်ပဲလို့ သတ်မှတ်တယ်၊ စကားတွေကလည်း ကယားနဲ့ အရမ်းကွာတယ်ဆိုတဲ့ အခါကျတော့ အဆင်မပြေဘူး အဲဒါကြောင့်မိုလို့ သူတို့ကိုသူတို့ ကရင်ပဲလိုု ခံယူကြတယ်” ဟုပြောသည်။

ထို့အပြင် အစည်းအဝေးကျင်းပရခြင်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ ညွန်ကြားချက်ရှိသည့်အတိုင်း မျိုးနွယ်စုတစ်စုကို ပြောင်းမည်ဆိုလျှင် ဆွေးနွေးပွဲလုပ်ခြင်း ဖြင့် အတည်ပြု ရမည်ဖြစ်ပြီး ၄င်းပြောသည့်အတိုင်း ဖော်ဆောင်နေခြင်းဖြစ်သည်ဟု စောကလိုထူးက ဆက်ပြောသည်။

၂၀၁၄ခုနှစ် ပြည်လုံကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် အစိုးရသတ်မှတ်ထားသော ကရင်မျိုးနွယ်စုမှာ ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင် (စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုးကရင်တို့ (၁၁)စုဖြစ်သည်။