မိုင်ဒေါသ်သဲ - Chin World ဂျာနယ် -၂၀၁၄ သန်းခေါင်းစာရင်းကောက်ခံရာ၌ ဇိုမီးမျိုးနွယ်စုများအား အခြား (other) တိုင်းရင်းသားလူမျိုးနေရာတွင် ထည့်သွင်းရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေပြီဟု ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
“ ၁၃၅ ထဲမှာ မပါတဲ့မျိုးနွယ်စုတွေကို အခြား(other) မှာထည့်လို့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ထည့်သွား မယ်။ ဒီအကြောင်းတွေကိုလည်း တမူး၊ ကလေး မှာနေတဲ့ ဇိုမီးတွေကို လိုက်ရှင်းပြတယ်။ သူတို့လည်း နားလည်တယ်” ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ကင်ကမ်းလျန်က ပြောသည်။
ဇိုမီးမျိုးနွယ်စုကို ဒေသခံများက တီးတိန်၊ ဂွေးတဲ၊ ဆီးစာန်၊ ခေါနို၊ ဇို၊ ဟိုင်ဒင်း၊ သာဒို၊ ဒင် နဲ့ ဟွမ်ဂို၊ ဆိုင်းဇန်နှင့် တေဇန် ဟုကွဲပြားစွာ ခေါ်ဆိုနေကြပြီး ချင်းမျိုးနွယ်စု ၅၃ မျိုး သတ်မှတ်ချက်သည်လည်း
မှားယွင်းမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။
အချို့ ဇိုမီးမျိုးနွယ်စုက အခြား(other)တွင် ထည့်သွင်းရန် ကန့်ကွက်မှုများလည်းရှိနေကြပြီး ချင်းလူမျိုး၌ လိုင်၊ ဇို၊ ဇိုမီး၊ ခူမီး စသည့်တို့သည် မိမိဒေသအလိုက် ခေါ်ဝေါ်ခြင်းသာဖြစ်သည်ဟု ဇိုမီးမျိုးနွယ်စုတစ်ဦးက ပြောသည်။
သူက “ချင်းလူမျိုးတွေ တစ်သွေးတစ်သံထဲ ထွက်စေချင်တယ်။ အခုကောက်မယ့် သန်းခေါင်စာရင်းမှာ လည်း ချင်းလို့ပဲ ခံယူပါမယ်” ဟု ပြောသည်။
ဇိုမီး လူမျိုးနွယ်စုတစ်ချို့သည် ချင်းလူမျိုးကို မလိုလားခြင်းမပာုတ်ပဲ လူမျိုးတစ်ခုတွင် ယဉ်ကျေးမှု၊ ဘာသာစကား စသည့် အချက်များရှိရန်လိုအပ်သဖြင့် ဇိုမီးမျိုးနွယ်စုမှ ဇိုမီးတိုင်းရင်းသားအဖြစ် ရပ်တည်သွားနိုင်ရန်
ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဆိုသည်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက “ ဇိုမီး ကို ကန့်ကွက်တာမပာုတ်ပါဘူး။ ပါတီနိုင်ငံရေးလုပ်တဲ့ကိစ္စမှာ အမျိုးသားရေး၊ လူမျိုးရေးကို မထိခိုက်စေချင် ဘူး။ အခုတစ်ချို့ဇိုမီးတွေက အခြားမှာထည့်မယ်ဆိုတာကလည်း အတော်လေးကို အန္တရာယ်များပါတယ်။ အခြားဆိုတဲ့ အကွက်က ဘင်္ဂလီနဲ့ နိူင်ငံခြားသားတွေအတွက်ဖြစ်တယ်။ ကုတ်နံပါတ်- ၄၀၁ မှာပဲ ချင်း(ဇိုမီး)
ဆိုပြီးရေးစေချင်ပါတယ်” ဟု ပြောသည်။
ဇိုမီးလူမျိုးသည် တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ တမူး၊ ကလေး၊ မန္တလေးနှင့် ရန်ကုန်မြို့နယ်များ၌ ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေ ၃ သိန်းကျော်ခန့်ရှိကြောင်း သိရသည်။