ကချင်ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး အစိုးရ အုပ်ချုပ် နယ်မြေ၌ ပူးပေါင်းတိုက်ဖျက်ရန် လိုအပ်ဟု KIO ပြော

ကချင်ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး အစိုးရ အုပ်ချုပ် နယ်မြေ၌ ပူးပေါင်းတိုက်ဖျက်ရန် လိုအပ်ဟု KIO ပြော
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOမှ စီမံချက်ချ လုပ်ဆောင်မှုတွင် ဒေသတွင်းမည့်သည့် အခြေအနေထိ တိုက်ဖျက်နိုင်ခဲ့သည်ကို ကေအိုင်အို ဌာနချုပ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာအား KNG ကချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသည်။

မေး ။   ။ ကချင်ပြည်ဒေသတွင်း ဘိန်းထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေ ပပျောက်သွားအောင် ကေအိုင်အိုအနေနဲ့ ဘယ်လောက်အဆင့်ထိ လုပ်ဆောင်နိုင်ခဲ့ပြီလဲ။
ကျွန်တော်တို့ ဌာနချုပ် မူးယစ်ဆေးဝါးပိတ်ပင်တားဆီးရေးကော်မတီကနေ ဦးစီးရှင်းလင်းနေတာ ၂၀၁၀ အောက်တိုဘာ ၁၅ ရက်နေ့ကတည်း စတင်လုပ်ခဲ့တယ်။  KIO အုပ်ချုပ်နယ်မြေ လိုင်ဇာ၊ ရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ် နယ်မြေတွေမှာတော့ ရောင်းဝယ်ဖောက်ကားတဲ့သူတွေနဲ့ စိုက်ပျိုးတဲ့သူတွေအားလုံးကိုလည်း ဖမ်းဆီးအရေးယူခဲ့တယ်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေအားလုံးကိုလည်း ၆ လ ဘိန်းဖြတ်ပေးတာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့မြင်တာက KIA ထိန်းချုပ်နယ်မြေတွေမှာဆိုရင် စိုက်ပျိုးတဲ့သူတွေ မရှိသလောက် ဖြစ်သွားပြီလို့ လက်ခံထားတယ်။  ပြီးတော့ သုံးစွဲတာ၊ရောင်းဝယ် တာတွေလည်း အရင်ကထက်တော့ ရပ်ရွာတွေမှာ တော်တော်လေး လျှော့သွားတယ်လို့မြင်ရတယ်။ ဒါတင်မက မူးယစ်ဆေး ထုတ်လုပ်တဲ့သူတွေ မရှိသလောက်ဖြစ်လာတယ်။ ရပ်ရွာတွေမှာ ခိုးယူလုယက်မှုတွေ ညစ်ပတ်စုတ်ပြတ်ပြီး လျှောက်သွားနေကြတာတွေ၊ အဲဒါမျိုးတွေလည်း မမြင်ရသလောက် လျှော့သွားတယ်လို့ ခံယူပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် မြင်ရတဲ့ KIO ရဲ့ မူးယစ်ဆေးဝါး တားမြစ်ခြင်း ပိုစတာ။ ပုံ - KNG ကချင်သတင်းဌာန

မေး။   ။ ဆေးစွဲသူတွေ ဘယ်နှစ်ယောက်လောက်ကို ဖြတ်ပေးခဲ့လဲ။
ခုဆိုရင် အယောက် ၁၀၀၀ ကျော်ကို ကျွန်တော်တို့ ဘိန်းဖြတ််ပေးနိုင်ခဲ့ပါတယ်။ ဘိန်းဖြတ်ပေးတဲ့သူတွေထဲ မှာလည်း လူမျိုးပေါင်းစုံပါပဲ ပိုပြီးများတာကတော့ ကချင်ပြည်သူတွေ ဖက်များပါတယ်။ ဒီဖြတ်ပေးလိုက်တဲ့ သူတွေထဲက ၃၀ လောက်က ပြန်သုံးစွဲလို့ ကျွန်တော်တို့ဆီပြန်လာ အပ်ပေးတာလည်း ရှိတယ်။ အဲဒါကိုကြည့် မယ်ဆိုရင်တော့ တချို့က ဆေးပြတ်သွားကြပြီး လူကောင်းတွေဖြစ်သွားတာ ပိုများတယ်လို့ ကျွန်တော် မြင်ပါတယ်။

မေး။   ။ အဓိက ကေအိုင်အိုထိန်းချုပ်နယ်မြေမှာတိုက်ဖျက်နေတာဆိုတော့ ရာခိုင်နှုန်းဘယ်လောက်ထိ အောင်မြင်တယ်လို့ပြောနိုင်လဲ။
ရာခိုင်နှုန်းနဲ့ တိတိကျကျမပြောနိုင်ပေမယ့် ရ၀၊ ၈၀ ရာခိုင်နှုန်းလောက်တော့ လျှော့သွားတယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး။   ။ အခုချိန်ထိ ဘိန်းတိုက်ဖျက်ရေး မအောင်မြင်တဲ့ဒေသတွေ၊ လက်လှမ်းမမီနိုင်သေးတဲ့ဒေသတွေရှိလား။ ဘယ်လိုနေရာတွေလဲ။
အထူးသဖြင့် အစိုးရအုပ်ချုပ်နယ်မြေ တွေမှာဆိုရင် မလုပ်နိုင်သလောက်ပဲ။ အခု ဆိုးဝါးနေတာကတော့ အစိုးရအုပ်ချုပ်တဲ့နယ်မြေ ဥပမာ- ပန်ဝါလို ဒေသမျိုးတွေက ကချင်ဒေသတွေဖြစ်ပေမယ့် သူတို့သီးသန့် အုပ်ချုပ်တဲ့နယ်မြေတွေမှာဆိုရင် မူးယစ်ဆေးဝါး တွေကို ဆီးတားမှုမရှိ လွပ်လွပ်လပ်လပ် စိုက်ပျိုးခွင့်ပြုတယ်။ ဧက သောင်းနဲ့ စိုက်တာမျိုးတွေဖြစ်နေတယ်။ ကျွန်တော်တို့ဆီကနေ အဲဒါကို တတ်နိုင်သလောက် ဖျက်ဆီးမယ်လို့ လှုပ်ရှားလာတဲ့အချိန်မှာလည်း သူတို့ဖက် ကနေ  နည်းအမျိုးမျိုးနဲ့ ခုခံတဲ့ ဟာတွေရှိနေပါတယ်။ နောက်ပြီး အခုပိုပြီးဆိုးဝါးနေတာက ၀ါးရှောင်၊ ၀ူယံ၊ ၀ိုင်းမော်၊ မြစ်ကြီးနားနေရာတချို့တွေမှာ အရမ်းဆိုးတယ်။ တချို့လူငယ်တွေပျက်စီးမှုတွေ တော်တော်များ နေပြီဖြစ်ပေမယ့် သူတို့ကို သက်ဆိုင်ရာကို ကိုယ်တိုင်ဖမ်းဆီးပေးရင်လည်း ၃၊ ၄ ရက်ဆိုရင် ပြန်လွှတ်ပေးလိုက် တယ်။ ပြီးတော့ ရောင်းစားတဲ့သူတွေကိုလည်း သုံးစွဲတာတွေတွေ့လို့ သွားတိုင်တန်းရင်လည်းသူတို့အရေး ယူတာတာမျိုး မလုပ်ကြပါဘူး။ နောက်ပြီး ရှမ်းပြည်ဖက်မှာလည်း အစိုးရနဲ့ရောနှောနေတဲ့အတွက် အဲဒီအစိုးရအုပ်ချုပ်နယ်မြေတွေမှာဆိုရင် ထိထိရောက်ရောက် မလုပ်နိုင်တဲ့သဘောပါ။

မေး။    ။ ဘိန်းတိုက်ဖျက်ရေးမလုပ်နိုင်သေးတဲ့ ဒေသတွေမှာ  ဆက်လုပ်သွားဖို့ရှိလား ဘယ်လိုအစီစဉ်ရှိလဲ။
ခုချိန် ခက်ခက်ခဲခဲလုပ်နေတာက ကျွန်တော်တို့ ဌာနချုပ်ရဲ့အမိန့်အတိုင်း တပ်မ၊ တပ်ရင်း၊ တိုင်း၊ မြို့နယ်၊ ရပ်ရွာတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့ကော်မတီဖွဲ့ပြီး တပ်ထု၊ လူထု၊ ဘာသာရေးအသင်းအဖွဲ့က လူငယ်တွေ၊ ပြီးတော့ အမျိုးသမီးတွေ အားလုံးပါ၀င်ပြီး မူးယစ်ဆေးဝါးတားဆီးပိတ်ပင်ရေးကိုပူးပေါင်းပါ၀င် လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ဌာနချုပ်ကနေ ပြောဆိုထားတာတော့ရှိပါတယ်။ ဆိုတော့ တချို့နေရာတွေမှာ သူတို့အနေနဲ့ သိပ်သွားဖို့အဆင်မပြေတဲ့ အစိုးရနယ်မြေမျိုးမှာဆိုရင် သူတို့မလုပ်ရဲဘူး ကြောက်နေကြတော့ အဲဒီနေရာတွေက မလုပ်နိုင်တဲ့နေရာတွေပေါ့နော်။ ကျွန်တော်တို့အနေနဲ့ကတော့ အားလုံးကို လုပ်ရမယ်လို့ ပြောထားပါတယ်။ ဆိုတော့ ကျွန်တော်တို့ KIO ထိန်းချုပ်တဲ့နယ်မြေ သီးသန့်နေရာမှာတော့ တော်တော်လေး လုပ်နေကြတယ်။ သုံးစွဲတယ်ဆိုတဲ့သတင်း ကြားကြားခြင်း၊ မြင်မြင်ခြင်း ရောင်းဝယ်ဖောက်ကားတဲ့အသံ တွေကြားတာနဲ့တော့ ကျွန်တော်တို့စုံစမ်းစစ်ဆေးပြီး ခေါ်ယူပြီး ဖြတ်ပေးတာတွေ၊ ပြင်းပြင်းထန်ထန်အရေး ယူမှုတွေ ပြုလုပ်နေပါတယ်။

မေး။    ။ တဖက်မှာလည်း ကေအိုင်အိုကို လက်နက်တွေဝယ်ယူနိုင်ဖို့ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ ပြောဆိုသံတွေကြားရပါတယ်။ ဒီအပေါ်မှာရော ဘယ်လို ပြောချင်ပါလဲ။
ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင် ဒါကတော့ လုံးဝ မမှန်ဘူးလို့ သုံးသပ်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ကချင်ဒေသမှာ ဟိုးအရင် ၁၉၆၀ နောက်ပိုင်းကတည်းက မူးယစ်ဆေးဝါးဟာ လူထုအတွက်ရန်သူဖြစ်တယ် ဆိုပြီး တိုက်ဖျက်လာခဲ့တယ်၊ ပေါ်လစီလည်း ချထားပြီးသားဖြစ်တယ်။ နောက်ပြီး ၁၉၉၁ ခုနှစ် မှာဘိန်းတိုက် ဖျက်ရေးနေ့ ဆိုပြီး အဲဒီကနေ ကျွန်တော်တို့ တိုက်ဖျက်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကေအိုင်အိုအစိုးရ အထဲမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့ဝင်အရာရှိတွေကိုတောင် တာဝန်ကနေရပ်နားခိုင်းလိုက် တာမျိုး၊ နောက်ပြီး သူတို့ကို ဘိန်းဖျက်ပေးလိုက်တာမျိုးတွေ လုပ်ပြီး ထိရောက်စွာအရေးယူတာတွေ လုပ်နေတာပါ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ဝင်ငွေအတွက် ဘိန်းထုတ်လုပ်တယ် အဲဒါနဲ့သေနတ်လက်နက်ဝယ် တယ်ဆိုတာ ကျွန်တော်အနေနဲ့ကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ဖြေချင်ပါတယ်။

မေး။   ။ ကချင်ဒေသတွင်း  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို အမြစ်ပြတ် တိုက်ဖျက်သွားဖို့ ကေအိုင်အို အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သင့်တယ်လို့မြင်ပါလဲ။
ကျွန်တော့်အမြင်ပေါ့နော် နံပါတ် (၁) မှာတော့ အုပ်ချုပ်နေတဲ့ မြန်မာအစိုးရကနေပိတ်ပင်ဆီးတားတဲ့လုပ်ငန်း တွေကိုနှုတ်နဲ့ပြောဆိုနေပြီး လက်တွေ့မှာ မလုပ်နိုင်ဘူးလို့မြင်ပါတယ်။ နံပါတ်(၂) ကျွန်တော်တို့က နယ်စပ်ဒေသမှာရှိတာဖြစ်တဲ့အတွက် အိမ်နီးချင်းတရုတ်ပြည် နယ်စပ်ဒေသမှာလည်း တရုတ်ဖက်ကနေ ထိရောက်စွာအရေးယူတာတွေမရှိတဲ့အတွက် အဲဒီတရုတ်နယ်စပ်တွေမှာလည်းရောင်းဝယ်ဖောက်ကား မှုတွေအရမ်းများတယ်။ ကျွန်တော်တို့ဖက်မှာ ဘယ်လောက်ပဲ ရှင်းလင်းနိုင်လိုက်ပြီဆိုရင်လည်းတရုတ်ဖက် မှာတောင် ရောင်းနေသေးဆိုတော့ အဲဒီမှာရှိနေတဲ့ ကျွန်တော်တို့ဖြတ်ပေးခဲ့တဲ့သူတွေ ကလည်းတွေ့ရင် တော့ပြန်သောက်လာကြတယ်။ အဲဒါကြောင့် အမြစ်ပြတ်ရှင်းလင်းဖို့ဆိုတာက အစိုးရအချင်းချင်း အားလုံးတညီတညွတ်တည်း သဘောတူညီစွာနဲ့လက်တွဲ၊ နောက် လူထု၊ တပ်ထုဘာသာရေးအသင်း အဖွဲ့လူငယ်တွေအားလုံးလည်းလက်တွဲပြီးမှသာ ဒါကိုတိုက်ဖျက် နိုင်မယ်လို့ ကျွန်တော်တစ်ယောက်အနေနဲ့ ဒီလိုမြင်ပါတယ်။

မေး။    ။  မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ပတ်သက်လို့ KNG ကချင်သတင်းဌာနကနေတဆင့် ဘာများပြောချင်ပါသေးလဲ။
သတင်းဌာနကနေတဆင့် ပြောမယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးပပျောက်သွားအောင် တိုက်ဖျက်နိုင်ဖို့အတွက်က အုပ်ချုပ်နေတဲ့အစိုးရကော၊ နောက်ပြီး ပြည်သူလူထု၊ တပ်ထု၊ လူငယ်၊ ဘာသာရေးအဖွဲ့အစည်း၊ အမျိုးသမီးတွေအားလုံး နားလည်သဘောပေါက်ပြီး သဘောတူညီစွာလက်တွဲလုပ် ဆောင်မှသာ ဒါကို ပပျောက်သွားနိုင်တယ်လို့ လူထုကိုနားလည်စေချင်ပါတယ်ဗျာ။
 
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုသည် ကချင်လူမျိုးစုအပြင် လူသားမျိုးနွယ်စုတခုလုံး၏ အသက်အန္တရယ်ကိုခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးကို အဓိကရန်သူအဖြစ် ပစ်မှတ်ထား ချေမှုန်းသွားကြ ရန် စီမံချက်ကို ၂၀၁၀ အောက်တိုဘာလဆန်း ၅ ရက်နေ့တွင် ချမှတ်လိုက်ခြင်းဖြစ်သည်။

Most read this week