လက်နက်ကို ဘယ်လို ရုတ်လိုက်မယ် ဆိုတာပဲ

လက်နက်ကို ဘယ်လို ရုတ်လိုက်မယ် ဆိုတာပဲ
by -
ကချင်သတင်းဌာန

သြဂုတ်လပိုင်း အတွင်း ကချင်ပြည်နယ်ဘက်တွင် မြန်မာအစိုးရတပ်ဖွဲ့များ စစ်အင်းအားပိုမို ထိုးစစ်ဆင်လာခြင်း ကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဘက်တွင် ကျဆုံး ဒဏ်ရာရရှိသူများပိုမိုများပြားလာခြင်းရှိသည် ဟူသော သတင်းနှင့်ပတ်သက်ပြီး KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်ကို KNG ကချင်သတင်းဌာနမှ မဆိုင်းခေါန်က သြဂုတ် ၂၁ ရက်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

ဦးလာနန် (ညာ)၊ ကေအိုင်အို ဒု အထွေထွေအတွင်းရေးမှူး-၂

အခုတလော တိုက်ပွဲမှာ KIO ဘက်ကနေပြီး သေဆုံးဒဏ်ရာရတာ ပိုများလာတယ်လို့ကြားတယ် ဒီလအတွင်း KIO ဘက်က ကျဆုံးတာ  ဘယ်လောက် ရှိပြီလဲ။

အဲဒါကပြောဖို့ခက်တယ်။ ကျနော်တို့ KIA တွေ တပ်စိုက်ထားတဲ့နေရာမှာ အစိုးရကနေပြီးလာတိုက်တဲ့ စစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ပွဲရဲ့ အခြေအနေကို ကြည့်တဲ့အခါ။ ကိုယ်နေတဲ့နေရာမှာ တခြားအဖွဲ့က လာတိုက်တယ်ဆိုရင် လာထိုးတိုက်တဲ့အဖွဲ့က ပိုနာတဲ့ သဘောရှိတယ်။ အဲဒါက စစ်ရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေပေါ့။ အဲဒါကြောင့် ဘယ်သူပိုပြီး ကျဆုံးတယ်ဆိုတာကို အဲဒါကို သုံုးသပ်ကြည့်ရင် သိလိမ့်မယ်။ ကျနော်တို့ KIO ဘက်ကလည်း ထိခိုက် ဒဏ်ရာရတာ ရှိလိမ့်မယ်။ အစိုးရဘက်ကလည်း အဲလိုမျိုးတော့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘယ်ဘက်က ပိုဖြစ်တယ်ဆိုတာကိုတော့ အဲဒါကို သုံးသပ်ကြည့်ရင် ရတယ်လေ။

ဒါဆိုရင် KIO ဘက်ကတော့ ဘယ်သူဘက်က ပိုရှိမယ်လို့ ထင်လဲ။

ဥပမာ ပြောမယ်ဆိုရင် မနေ့ကအချိန်မှာ ပန်ဝါနယ်မြေ မှတ်တိုင် ၆ အနီးမှာ ကျနော်တို့ KIA တွေတပ်စိုက်ရာနေ ရာမှာ အစိုးရ ခလရ ရ၇ နဲ့ ၃၄ တွေ စစ်အင်အား ၅၀- ၆၀ လောက်နဲ့ လာထိုးတိုက်တာရှိတယ်။ အဲဒီတိုက်ပွဲမှာ သူတို့အစိုးရတပ်ဘက်က အများကြီး ထိခိုက်ပြီး ပြန်စုတ်သွားတယ်။ ကျနော်တို့ဘက်ကတော့ ၂ ယောက်ဒဏ် ရာရတယ်။ သူတို့ဘက်က အလောင်း ၂ လောင်းချန်ထားတယ်။ ဒဏ်ရာရတာက ၁၀ ယောက် ကျော်တယ်။ သေတာက ဘယ်လောက်ပါလည်းမသိဘူး။ အဲလိုမျိုးဖြစ်တယ်လေနော်။ အဲလိုမျိုးမှာကြည့်တဲ့အခါ ကိုယ့်ဘက်က အဆင်သင့် ရှိနေတဲ့ အချိန်မှာ စစ်တပ်ဖွဲ့တခု လာထိုးတိုက်တယ်ဆိုတော့ အဲဒီ လာထိုးတိုက်တဲ့ အဖွဲ့က ဘယ်တော့မဆို ပိုပြီးထိခိုက် ကျဆုံးတယ်ဆိုတာ့ ရှိရမှာပေါ့။

မနေ့တနေ့မှာပဲ အဲဒီနေရာရဲ့ တခြားနေရာမှာလည်း ၁၀ ယောက်ကျော် ပြန်ပြီး ထိခိုက်တာ ရှိတယ်။ အဲဒါကြောင့် မနေ့က ရက်မှာ အဲဒီ ပန်ဝါဘက်မှာတောင်မှာ အစိုးရဘက်က အယောက် ၃၀ ကျော်လောက်က ထိခိုက် တာရှိတယ်။ ထိခိုက်တယ်ဆိုတဲ့ အထဲမှာ သေတာတွေလည်းပါမယ်။ ကျည်ဆံထိပြီး ဒဏ်ရာရတာ တွေလည်းပါမယ်။

ဒါပေမဲ့ ဒီဟာနဲ့ပတ်သက်ပြီး ဘယ်တပ်ဖွဲ့က ဘယ်လောက်ကျတယ် ဘယ်လောက် ဒဏ်ရာရတယ်ဆိုတာကို အသေးစိတ်တော့ မပြောချင်ဘူး။ ဒီဟာပြောလိုက်လို့ရှိရင် သတင်းဖတ်တဲ့သူတွေက သူတို့ရဲ့အမြင် တမျိုးအနေနဲ့ တွေးယူတာတွေရှိတယ်။ အဲဒါကြောင့် ဘယ်ဘက်က ဘယ်လောက်ကျတယ် ဘယ်လောက်နာတယ်ဆိုတာကို ဂုဏ်ယူတဲ့အနေနဲ့လည်း မပြောချင်ဘူးလေ။

KIA ဘက်က ကျဆုံး မှုရှိိတာက သေနတ်ကြောင့်လား။ လက်နက်ကြီးကြောင့်လား။

အဓိကတော့ လက်နက်ကြီးကြောင့်ဖြစ်တယ်။ လက်နက်ကြီးကို သူတို့ ဖောဖောသီသီ ကိုင်တယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့က အဲလောက် လက်နက်ကြီးမရဘူးဆိုတော့ သူတို့ အဝေးက ပစ်တာကို အရင် စောင့်ယူရတာ ပေါ့။ သူတို့က အဝေးကနေပြီးတော့ လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ပြီးမှပဲ ချီတက်လာတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့က သူတို့ လက်နက်ကြီးပစ်တဲ့အချိန်မှာတော့ အဲလိုပဲ လုံခြံုတဲ့နေရာမှာ ၀ပ်နေပြီးတည်းခံစောင့် နေတယ်။ သူတို့ ခြေကျင်နဲ့ ချီတက်လာတဲ့အခါမှာပဲ ကျနော်တို့အနေနဲ့ ပြန်ပြီး ခုခံတိုက်ခိုက်တာလုပ်တယ်။ အဲဒီတော့ သူတို့ ကိုင်တဲ့လက်နက်ကြီးကြောင့် ထိတာတွေ ကျနော်တို့ဘက်ကလည်း ဖြစ်တယ်။

ဒီလပိုင်းအတွင်း ဘယ်နေရာတွင်မှာ တိုက်ပွဲပိုပြင်းထန်နေလဲ။

ဘယ်ဘက်မှာ ပိုပြင်းထန်တယ်ဆိုတာကိုတော့ ပြောဖို့တော့ခက်တယ်။ အခုကျနေတို့ KIA စစ်တပ်ရှိတဲ့ နေရာတိုင်းမှာတော့ ဖြစ်နေတယ်။ ဘယ်မှာပိုပြီး ဖြစ်တယ်ဆိုတာတော့ ပြောဖို့ခက်မလား။

အစိုးရတို့က ဒီလအတွင်း ပိုပြီးထိုးစစ်ဆင်လာတယ်လို့ကြားတယ်။ အဲဒါ ဘယ်နေရာ ဘယ်ဘက်တွေမှာလဲ။

တပ်မဟာ ၅ နယ်မြေမှာ အင်အားကြီး ထိုးစစ်ဆင်ထားတယ်။ ပြီးတော့ တပ်မဟာ ၃ နယ်မြေမှာလည််း အင်အားကြီးနဲ့ ထိုးစစ်ဆင်ထားတယ်။ ပန်ဝါနယ်မြေမှာလဲ အင်အားများစွာနဲ့ ထိုးစစ် ချီတက်လာတာရှိတယ်။ အဲဒါကြောင့် နေရာတိုင်းမှာ သူတို့ အင်အားကြီးစွာ ထိုးစစ်ထားတယ်လို့ ပြောလို့ရတယ်။

အင်အားကြီးနဲ့ ထိုးစစ်ဆင်တယ်ဆိုတော့ သူတို့ တစ်ခါထိုးစစ်ဆင်ရင် စစ်အင်အားက ဘယ်လောက်လောက်ရှိလဲ။

သူတို့အနေနဲ့ တပ်ရင်းတစ်ခုမှာ ရှေ့တန်းကို စစ်တိုက်လို့ရအောင် တပ်ရင်းတစ်ခုမှာ အင်အား ၁၅၀ ပြည့်ရမှာဖြစ်တယ်။ အဲဒါကြောင့် တပ်ရင်းတစ်ခုမှာ ၁၅၀ နဲ့ ၁၃၀ ကြားရှိတယ်။ အဲဒါတွေက  ရှေ့တန်းမှာ စစ်ပွဲဝင်မဲ့ စစ်သားတွေဖြစ်တယ်။ နောက်တန်းမှာနေမဲ့လူတွေ မပါဘူး။ အခုကျနော်တို့ ကချင်ပြည်နယ် နယ်မြေမှာ တပ်မဟာ ၄ နယ်မြေ (ရှမ်းပြည်မြောက်ပိုင်း) မပါသေးဘူး စာရင်းအရတွက်ကြည့်တယ်။ တပ်မဟာ ၁၊ ၂၊ ၃၊ ၅ နယ်မြေ (ကချင်ပြည်နယ်)တွေမှာ သူတို့ ရှေ့တန်းမှာရောက်နေတဲ့ တောကိုဝင်နေတဲ့ စစ်တပ်ဖွဲ့တွေ တပ်ရင်း ၈၀ လောက်ရှိတယ်။ ၈၀ လောက်ရှိတော့ တပ်ရင်း တစ်ခုမှာ ၁၅၀ လောက်ရှိတာကို တွက်ကြည့်တော့ ၁၀၀၀၀ ကျော်လောက်တော့ သူတို့ ကျနော်တို့ KIA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဝင်နေတာပေါ့။ အဲဒါက ကျနော်တို့ ကချင်ပြည်နယ်မှာပဲ။ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေ မပါသေးဘူး။

KIA ဘက်က တခါတိုက်ပွဲဝင်ရင် အင်အားဘယ်လောက်နဲ့ တိုက်ဖြစ်လဲ။

ကျနော်တို့က ရှိတဲ့အင်အားကိုပဲ တန်ဖိုးထားပြီး တိုက်ပွဲဝင်တယ်။ သူတို့အနေနဲ့က တိုက်ပွဲတစ်ခုမှာတိုက်ပွဲကြီး ဆိုရင် အင်အား ၂၀၀-၃၀၀ လောက်နဲ့ တိုက်တာရှိတယ်။ အဲဒါကို ကျနော်တို့အနေနဲ့ ရှိတဲ့ တပ်ဖွဲ့တွေနဲ့ခုခံတိုက် ခိုက်တာဖြစ်တယ်။ ကျနော်တို့အနေနဲ့က အယောက် ၃၀-၄၀၊ အများဆုံးက ၁၀၀ လေနော်။ အဲလောက်နဲ့ ခုခံတိုက်ခိုက်တယ်။ သူတို့ အစိုးရတပ်အင်အားက အနည်းဆုံးတော့ ၅၀ ပေါ့။

ဒီလပိုင်းအတွင်း KIA ဘက်က အရေးကြီးတဲ့ နေရာတွေလိုမျိုး ဆုတ်ပေးရတာတို့ ကျသွားတာတို့ရှိလား။

အဲလိုမျိုးက ဒီပိုင်းတော့ မရှိဘူး။ သူတို့အနေနဲ့ လာတိုက်စမ်းတယ်။ မရလို့ ပြန်ဆုတ်သွားတယ်။ အဲလိုမျိုးတွေ တော့များတယ်။

တိုက်ပွဲက ပိုပြီးပြင်းထန်မဲ့ အလားအလာရှိလား။

ပိုပြီးပြင်းထန်လာဖို့ အလားအလာတော့ရှိတယ်။ ဒီမိုးတွင်း ကုန်တာနဲ့တော့ သူတို့ အစိုးရတပ်တွေ အနေနဲ့က လည်း ပိုပြီးထိုးစစ်ဆင်လာဖို့ ဖြစ်နိုင်တယ်။

ဒီလလပိုင်းမှာပဲ တိုက်ပွဲ ဘယ်နှကြိမ်ဖြစ်ပြီလဲ။

စာရင်းအရတော့ မနေ့ကထိတော့ ၅၀ ကြိမ် ဖြစ်ပြီ။

အစိုးရနဲ့  KIO  ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဘယ်အဆင့်ရောက်နေပြီလဲ။

ဘယ်အဆင့်ဆိုတာ ပြောဖို့ခက်တယ်။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာက ပြောတော့ပြောတယ်လေနော်။ တွေ့ရင်တော့ ပြောတော့ပြောဖြစ်ကြတာပဲ။ ဒါပေမဲ့ ဘယ်ခေါင်းစဉ်ကို အရင်ပြောမယ်ဆိုတာကို ဆွေးနွေး တိုင်ပင်တဲ့ ပုံစံ (hkrang) မရှိသေးဘူး။ အခုတွေ့ဆုံတာက ဆွေးနွေးတိုင်ပင်တာကို ဘယ်လိုလုပ်မယ်ဆိုတာကို တိုင်ပင်ဆွေးနွေးတဲ့အပိုင်းပေါ့။ အဲဒါတောင်မှ ပြန်ရပ်သွားလိုက် ရပ်သွားလိုက် ဖြစ်နေတာလေ။ အဲဒါကြောင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတယ်လို့ ပြောဖို့ အချိန်မရောက်သေးဘူး။

နောက်တစ်ခေါက် ပြန်တွေ့ဖို့ အစိုးရဘက်က အကြောင်းပြန်လာတာ ရှိပြီလား။

ခုချိန်ထိ အကြောင်းပြန်လာတာ မရှိသေးဘူး။

အစိုးရဘက်က အခုချိန်ထိ အကြောင်း မပြန်သေးတာ ဘာကြောင့်လို့ထင်လဲ။

အဲဒါက သူတို့စိတ်မှာ ဘာရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူးလေ။ သူတို့ မြန်မာအစိုးရက ကျနော်တို့ ဒီတိုင်းရင်းသားတွေ ကိုင်နေတဲ့လက်နက်ကို ဘယ်လိုနည်းလမ်းနဲ့ သိမ်းပိုက်လိုက်မယ်ဆိုတာကို သူတို့ နည်းလမ်းအမျိုးမျိုးကိုင်တယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင်နေတာကို သူတို့ မကြိုက်ဘူး။
အပစ်ခတ်ရပ်ဆဲတယ်ဆိုတာလဲ အဲဒါပဲလေ။ သူတို့ အပစ်ခတ်ရပ်ဖို့ ဆွေးနွေးသွားတဲ့ဟာကိုခန့်မန်းကြည့်တဲ့ အခါမှာလည်း လက်နက်ကို ဘယ်လို ရုတ်လိုက်မယ်ဆိုတဲ့အပိုင်းကိုပဲ ပြောထားတယ်။ လက်နက်ဘာကြောင့် ကိုင်လာတယ်ဆိုတဲ့ အပိုင်းကို မစဉ်းစားပဲနဲ့ အခုကိုင်နေတဲ့ လက်နက်ကို ဘယ်လို  ရုတ်လိုက်မယ်။ အခု BGF ပြောင်းထားမယ်။ နောက် BGF ကို ဘယ်လို ရုတ်လိုက်မယ်ဆိုတာကိုပဲ သူတို့ စဉ်းစားနေတာဟုတ်တယ်။ အဲဒါက သူတို့ အစိုးရဘက်က ကျနော်တို့ တိုင်းရင်းသားတွေကို အမြစ်ပျက် ချေမှုန်းတယ်ဆိုတဲ့အကြောင်းက အဲဒါပဲလေ။ စစ်အနေနဲ့ ချေမှုန်းမယ်။ အင်အားနဲ့ ခြောက်လန့် ချေမှုန်းမယ်။ ပြီးရင် အပစ်ခတ်ရဲဆဲဖို့ လုပ်ခိုင်းမယ်။ အဲဒီအထဲ မှာ သူတို့ ဥပဒေဘောင်ထဲ ၀င်ရမယ်ဆိုတာ ဖြစ်မယ်။ အဲဒီ အခြေအနေပဲ။

အစိုးရက အဲဒီလိုအခြေအနေပဲသွားမယ်မယ်ဆိုပါတော့ အဲဒီအပေါ်မှာ KIO အနေနဲ့က ဘယ်လိုမျိုးလမ်းနဲ့ပဲ သွားမယ်လို့စီစဉ်ထားလဲ။

ကျနော်တို့က သူတို့ကို စောစောကပြောထားပြီးသားဖြစ်တယ်။ ၂၀၁၁ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျနော်တို့ KIO သဘာပတိ အနေနဲ့ သွားရောက်ပြီး ဦးအောင်သောင်း၊ ဦးအောင်မင်း၊ ဦးအောင်ကြည်တွေနဲ့ တွေ့တဲ့အခါ မှာပြောထားပြီ။ ဒီနေ့ ပြည်ထောင်စုဆိုပြီး ဖြစ်လာတာလဲ ၁၉၄၇ ပင်လုံစာချုပ်ကြောင့် ဖြစ်လာတာဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ စစ်ပြန်ဖြစ်လာတာလည်း အဲဒီ ပင်လုံစာချုပ်ကို အစိုးရဘက်မှ ပယ်ဖျက်လိုက် တယ်။  သူတို့ မလိုက်နာလို့ ဖြစ်လာတာပဲ။  ဒါကြောင့် ဒီနေ့ ကျနော်တို့ KIO အနေနဲ့ လိုချင်တာကနိုင်ငံရေးဆွေး နွေးတယ်ဆိုတဲ့အခါ ၁၉၄၇ နှစ်မှာ ကျနော်တို့ ပူးပေါင်း တည်ထောင်ထားတဲ့ ကတိကို အခြေပြုထားပြီး အဲဒီအပေါ်မှာ နိုင်ငံရေးဆွေးနွေးမယ်လို့ပြောနေတာပဲ။ သူတို့အနေနဲ့ အဲဒါကို အခုချိန်ထိ လက်မခံဘူး။ သူတို့ပြောတဲ့ခေါင်းစဉ်က ၂၀၀၈ ဥပဒေဘောင်အထဲမှာ ၀င်ပြီး အဲဒီအထဲမှာပဲ နိုင်ငံရေးလုပ်ပါဆိုပြီးပြောနေတာပဲ။

အဲဒါက ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့က အဲဒီဘောင်ထဲ ၀င်ပြီး နိုင်ငံရေးလုပ်ဖို့ဆိုတာက ကိုယ့်ကိုယ် သူများ  ထောင်ခြောက် (ကချင်လို Ting Raw) အထဲကို ၀င်သွားတာနဲ့ အတူတူပဲပေါ့။ အဲဒါကြောင့် အဲဒါကို လက်မခံဘူး။ အဲဒါကြောင့် တိုင်းရင်းသားတွေ အကုန်လုံးက ၁၉၄၇ ပင်လုံစာချုပ်မှာ ပူးပေါင်း ကတိ ပေးထားတာကို အခြေခံပြီး ဆွေးနွေးတဲ့လမ်းကြောင်းကို သွားနေတာဖြစ်တယ်။

Most read this week