“လိုအပ်လာရင်၂၀၁၅ ကို ကျော်ဖြတ် နိုင်အောင်တော့ ကြိုတင် ပြင်ဆင် ထားတယ်”

“လိုအပ်လာရင်၂၀၁၅ ကို ကျော်ဖြတ် နိုင်အောင်တော့ ကြိုတင် ပြင်ဆင် ထားတယ်”
by -
သျှမ်းသံတော်ဆင့်

ခွန်ထွန်းဦး ဦးဆောင်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဟာ စည်းရုံးရေး လုပ်ငန်းစဉ်တွေအတွက် သျှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ မြို့နယ်တွေကို သွားရောက် နေပါတယ်။ စည်းရုံးရေး ခရီးစဉ်မှာ ဘယ်လို ထူးခြားမှုတွေ ရှိနေပါသလဲ။ သျှမ်းသံတော်ဆင့်မှ ယိင်းတိုင်းက (SNLD) ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်ကို တွေ့ဆုံ မေးမြန်း ထားပါတယ််။  

မေး ။  ။ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး တောင်ကြီးမြို့ကိုရောက်ရှိတယ်လို့သိရပါတယ်။

ဖြေ ။  ။ ဟုတ်ပါတယ်။ ကျနော်တို့အစည်းအဝေး လာလုပ်တာပါ ။ သျှမ်းပြည်တောင်ပိုင်း စည်းရုံးရေးအဖွဲ့နဲ့  SNLD  CEC အဖွဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ အကြောင်းအရာကတော့ စည်းရုံးရေးဆင်းဖို့ ကိစ္စရယ်။ နောက်တစ်ခုက SNDP ကျားဖြူပါတီကနေ နှုတ်ထွက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်(၃) ဦးနဲ့ တကွ မိုင်းကိုင်မြို့က SNDP ကျားဖြူပါတီဝင် အင်အားတစ်ထောင်ကျော်က ကျနော်တို့  SNLD  ကျားခေါင်းပါတီထဲကို အကုန်ပြောင်းဝင်မှာမို့လို့ ပါတီကြိုဆိုနှုတ်ဆက်ပွဲ လုပ်ရင်းနဲ့ ရောက်လာရခြင်းဖြစ်တယ်။

snld party leader khun tun oo

မေး ။  ။ SNLD ပါတီအနေနဲ့  ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မပြိုင်ဘူးလို့ အရင်ကပြော  ဖူးပါတယ်။ လက်ရှိအခြေအနေမှာ ပြန်သုံးသပ်ပေးပါ။

ဖြေ ။  ။ အခုဝင် ဖို့လိုအပ်ရင်အဆင်သင့်ဖြစ်အောင်လို့တော့ တပ်လှန့်ထားတယ်။ ဒါပေမဲ့ ၀င်မယ်လို့တော့ ယတိပြတ် မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကိုသူတို့ဘယ်လောက်အထိပြင်မလည်း ၊ရွေးကောက်ပွဲနည်း ဥပဒေ ဘယ် လိုထပ်ပြဌာန်းဦးမလဲ။ အဲဒီ နှစ်ချက်ပေါ်မူတည်တယ်။ နောက်တစ်ခု ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကိစ္စ နိုင်ငံရေး ဆွေးနွေး နေတဲ့ ကိစ္စတွေ မစတင်ပဲနဲ့တော့ ကျနော်တို့သိပ်ပြီး အာသီသ မရှိဘူး။ ၀င်ဖြစ်ရင်လည်း အနည်းဆုံး (၃) မြို့နယ်တော့ ၀င်ပါမှာပေါ့ဗျာ။ ဒါပေမဲ့ လိုအပ်လာရင် ၂၀၁၅ ကို ကျော်ဖြတ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားတာပေါ့။

မေး ။  ။ အဲဒီ ၃ မြို့နယ်တွေက ဘယ်မြို့နယ်တွေဖြစ်မလဲ။

ဖြေ ။  ။ ဘယ် ၃ မြို့နယ်ဖြစ်မလည်းဆိုတာ ယတိပြတ်တော့ပြောလို့ မရသေးဘူး။အနီးစပ်ဆုံးကတော့ ကျနော်တို့ရဲ့မဟာမိတ် SSA နယ်မြေအနီးတစ်ဝိုက် ပဲဖြစ်ဖို့များမယ်။

မေး ။  ။  နိုင်ငံရေးထိပ်သီး ၁၄ ဦးတွေ့တုန်းက ဘာရလာဒ်တွေထွက်လာသလဲ ။

ဖြေ ။  ။ ၁၄ ဦးတွေ့တုန်းက ဘာရလာဒ်မှ မယ်မယ်ရရမထွက်ဘူး။ နောက်ကိုဆက်လက်ဆွေးနွေးပါမယ်လို့ပဲ သူတို့ပြောပါတယ်။

မေး ။  ။ ၆ ပွင့်ဆိုင် ကိစ္စကို ဘယ်လိုမြင်ပါသလဲ သုံးသပ်ပေးပါ။

ဖြေ ။  ။ ၆ ပွင့်ဆိုင်က မလုပ်ဖြစ်ဘူး။ ပျက်သွားပြီဆိုတော့ ပူပင်စရာသိပ်မရှိဘူး။ ဒါပေမယ့်သူတို့က တိုင်းရင်းသား ဆိုတဲ့နေရာ မှာ ဒေါက်တာအေးမောင် တစ်ယောက်တည်း ရွေးတာမျိုးကတော့ သိပ်သဘာ ဝမကျဘူးပေါ့ ။ ဘာလို့လဲ ဆိုတော့ သူက လွှတ်တော် ထဲကလူကိုပဲကိုယ်စားပြုတယ်။ လွှတ်တော်ပြင်ပမှာ ကျန်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အများကြီးရှိသေးတာကို။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သပိတ်မှောက်ထားတဲ့ပါတီတွေ ၊ ငြိမ်းချမ်းရေးဆွေးနွေး နေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ဒီပုဂိုလ်တွေ ကို ကိုယ်စားပြုမှုမရှိဘူးလေ ။ ဒါကြောင့်မပြည့်စုံဘူးလို့ပဲ မြင်တယ်။

မေး ။  ။ လက်ရှိနိုင်ငံရေးအပေါ် ဘာများထပ်ပြီးဖြည့်စွပ်ပြောချင်သေးလဲ။

ဖြေ ။  ။ လက်ရှိသွားနေတဲ့ပုံစံအတိုင်းဆိုရင် ငြိမ်းချမ်းရေးကလည်းဆွေးနွေး ရတာရှေ့ဆက်ပြီးတော့ မသွားနိုင်သေးဘူး ရပ်တန့်နေတယ်။ ဒါကြောင့် မို့နိုင်ငံရေးဆွေးနွေးပွဲ ကိုဆက်မလုပ်ဘူးဆိုရင် ဒီငြိမ်းချမ်းရေး ကလည်း ရှေ့ဆက်သွားဖို့ မလွယ်ဘူး အဲ့ဒီတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကပဲ အဓိကလိုအပ်ချက် လို့မြင်ပါတယ်။သူတို့ အနေနဲ့ ပဋိညာဉ် တစ်ခုရအောင်ခေါင်းဆောင်တွေစု ဝေးပြီးတော့မှ အချင်းချင်းညှိနှိုင်း သွားဖို့လိုတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မလုပ်ပဲနဲ့ကတော့ ကျနော်တို့အတွက် ဒီမြန်မာပြည်ကြီး ကတော့ အလားအလာမကောင်းဘူးလို့ပဲမြင်ပါတယ်။