အခုလ ၁၉ ရက်နေ့မှာ သျှမ်းပြည်တပ်မတော် RCSS/SSA နဲ့အစိုးရတပ်ဖွဲ့တို့ ဆွေးနွေးခဲ့ကြတာ တနှစ်ပြည့် ပြီဖြစ်ပါတယ်။ တနှစ်တာကာလအတွင်းမှာ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေးတည်ဆောက်ကြ တာ ဘယ်အတိုင်း အတာအထိရှိပြီလဲ။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ သျှမ်းပြည်တပ်မတော်ဘက်က ဘယ်ခံယူချက်ကိုအဓိက ကျတယ်လို့ မြင်ပါသလဲ။ အပြည့်အစုံသိရအောင် သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကို ရှဲန်ချိုဖှက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဟုတ်ကဲ့။ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးတာ ဒီလ ၁၉ ရက်ဆိုရင် ၁ နှစ်ပြည့်တော့မယ်။ ဒီ ၁ နှစ်တာကာလအတွင်းမှာ သျှမ်းပြည်တပ်မတော်ဘက်က လက်တွေ့ အကောင်အထည်ဖော်ခဲ့ရတာတွေကိုပြောပြပေးပါလား။
ဖြေ။ ။ ၁ နှစ်တာကာလအတွင်းမှာ လက်တွေ့အကောင်အထည်ဖော်နိုင်တာ ဘာမှမရှိ။ မြန်မာ စစ်တပ်ဘက်က ကျနော်တို့တပ်စခန်းတွေကို တက်တိုက်နေလို့ပါဘဲ။ တနှစ်တာအတောအတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ ၃၂ ကြိမ်လုံးလုံး ကျနော်တို့ဘက်က ခုခံတာဘဲ။ သူတို့ကျတော့ အထက်က တိုက်ခိုင်းလို့ တိုက်နေတာ ဖြစ်တယ်။ ကျနော်တို့က တိုက်ပွဲဖြစ်တဲ့အခါတိုင်း ဦးအောင်မင်း ဆီစာရေး အကြောင်းကြားတယ်။ ထိရောက်အောင် တားဆီးပေးနိုင်စွမ်းမရှိဘူး။ နောက်တခု ကျနော်တို့ တပ်သား မိသားစုနေရာချထားရေး အတွက် မုံးတော့ မုံးထားကို ပေးတယ်လို့သဘောတူညီချက်မှာပါပေမယ့် ခုထိဘာမှမဖြစ်လာသေးဘူး။ ကျနော်တို့ အဲဒီကိုနေရာပြောင်းရွှေ့ချဖို့ တပ်သားမိသားစု ၁၀၀၀ ပြင်ဆင် ထားတယ်။ နေရာချဖို့မပြောသေးနဲ့ ရှေ့ ပြေး ပြင်ဆင်ဖို့ တပ်သား ၆၀ ပို့ထားတာတောင်မှ ဘာမှ လှုပ်ရှားခွင့်မရှိသေးဘူး။ လှုပ်ရှားလို့ မရသေး ဘူး။ မြန်မာစစ်တပ်ဘက်က လိုက်ပြီး ခွင့်မပြုလို့ဘဲ။
မေး။ ။ တိုက်ပွဲပေါင်း ၃၀ စလုံးမှာ မြန်မာအစိုးရဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖက်က စတိုက်တယ် လို့ပြောတယ်။
ဖြေ။ ။ အဲတာသူတို့ပြောတာဘဲလေ။ သက်သေက လူထုရှိတာဘဲ။ လူထုမြင်တယ်။ လူထုသိတယ်။ မိုင်းပန်မြို့ နောင်လေမှာ အပစ်ရပ်ပြီး ကတည်း က ကျနော်တို့ တပ်ဖွဲ့နေထိုင်လာတယ် ၈ လတာ ကာလ အတွင်း။ ဒါကိုမြန်မာစစ်တပ်က ၃ တပ်ရင်းနဲ့တက် တိုက်ဖို့အမိန့် ထုတ်တယ်။ မိုင်းစစ် လိုင်ခါး မှာ ၄၂၅၊ ၄၂၂ - နှစ်ဖက်ညှပ်ပြီးတိုက်တယ်။ ဒါတွေအကုန်လုံးလူထု မြင် တယ်။ သူတို့အခုလို ပြော တာက ခေါင်းရှောင်ဖို့ဘဲလေ။
မေး။ ။ သျှမ်းတပ်ဘက်က စတိုက်တာ ရှိခဲ့ဖူးလား။
ဖြေ။ ။ ကျနော်တို့ဘက်က စတိုက်ရင်တော့ သူတို့ ဒီထက်ပိုပြီး ကျမှာပေါ့ဗျ။ အခု ကျနော်တို့က ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ဘဲ။
မေး။ ။ နှစ်ဦးနှစ်ဘက်ကြားက ယုံကြည်မှုတည်ဆောက်ရမယ်ဆိုကြတဲ့အတိုင်း စဝ်ယွက်စစ်တို့ အနေနဲ့လဲ အစိုးရနဲ့ မကြာခဏ ဆွေးနွေးခဲ့တယ်။ သို့ပေမယ့်လဲ တိုက်ပွဲတွေက ဆက်ဖြစ်နေ သေးတယ်။ ဒီတိုင်းဆက်သွားနေရင် ယုံကြည်မှုက တည်ဆောက်လို့ရနိုင်မယ်လို့ ထင်လား။
ဖြေ။ ။ အစိုးရအပေါ် စစ်တပ်အပေါ်မူတည်တယ်။ အစိုးရက ဘယ် လောက်ထိ ငြိမ်းချမ်းရေးလိုချင်လဲ၊ ယုံကြည်မှုဘယ်လောက် ထားချင်လဲဆိုတာ သူတို့ပေါ်မှာမူတည်တယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး အတွက် သူတို့ဘက်က စတင်ကမ်းလှမ်းတာဘဲလေ။
မေး။ ။ ဒီလိုဆိုရင် ယုံကြည်မှုရဖို့အတွက် ဘာတွေအဓိက ရှိဖို့လိုအပ်တယ်လို့ထင်ပါသလဲ။
ဖြေ။ ။ ၁- တပ်မှူးတွေ အစိုးရနဲ့ နားလည်အောင်လုပ်ရမယ်။ အစိုးရနဲ့ တပ် တခြားစီ မဖြစ်စေချင်ဘူး။
၂- စစ်တပ်နဲ့အစိုးရ ၂ ဖက်စလုံး ဒေသခံပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို စိတ်ပိုင်းဆိုင်ရာ ကုသပေးသင့်တယ်။ ခွင့်လွတ်နားလည်ပေးနိုင်တဲ့အထိပေါ့နော်။
၃- နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ အမြန်ဆုံးကျင်းပ သင့်တယ်။ ဒီ ၃ ချက်အဓိက ဘဲ။ ဒီဟာလုပ်နိုင်ရင် အစိုးရကို ယုံကြည်နိုင်ပြီလို့ ပြောလို့ရပါပြီ။
မေး။ ။ ဒီလိုဆိုရင် တိုင်းရင်းသားတွေအပေါ် အစိုးရက ယုံကြည်လာအောင် ဘာတွေလုပ်သင့်သလဲ။
ဖြေ။ ။ အစိုးရက အပေါ်စီးကနေ ကျနော်တို့ကို တိုက်ခိုက်တဲ့သူပါ။ ကျနော်တို့ကသာ အောက်ကနေ ခံစစ်ဆင်ရတဲ့သူပါ။ နားလည်မှုရှိအောင်ယုံကြည်မှုရှိလာအောင်လဲ သူတို့ဘက်ကလုံးဝ မကြိုးစားဘူးလေ။ တနှစ်အတွင်းမှာဘဲ ၃၂ ကြိမ်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လေ။ မကြာသေးခင်ကဘဲ ပင်လုံမြို့ဘက်မှာ မြန်မာစစ်တပ်က ဝင်ပြီးတိုက်ခိုက်သေးတယ်လေ။ ရွာသူ ၂ ယောက်ကို ပစ်ခတ်မိလို့ သေတာရှိတယ်လေ။
ဒါကြောင့် တနှစ်အတွင်း မှာ လက်တွေ့အကောင်အထည်ဖော်နိုင်တာ ဘာမှမရှိသေးဘူးလို့ပြောရမယ်။ အပစ်ရပ်တယ်ဆိုတာ စကားဘဲရှိတယ်လေ။ နိုင်ငံရေးဆွေးနွေးတာလဲဘာမှမရှိသေးဘူး။ နယ်မြေဖွံ့ဖြိုး ရေးဆိုတာကလည်း မုံးတော့ မုံးထားပေးမယ်လို့ပြောပေမယ့် ခုထိ တခွန်းမှမဟ သေးဘူး။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတာ ပြီးခဲ့တဲ့အပတ်က တာချီလိတ်မှာဆွေးနွေးတယ်။ သဘောတူညီမှု မရသေးတော့ ဘာမှမလုပ်နိုင်သေးဘူး ဆိုတော့ ဘာမှ အကောင်အထည်မဖော်နိုင်သေးဘူးလို့ပြောရမှာပါ။
မေး။ ။ မုံးတော့ မုံးထားမှာ တပ်မချနိုင်သေးတဲ့အကြောင်း အစိုးရကို ထပ်ပြီး သတိပေးမေးမြန်းတာ မရှိဘူးလား။
ဖြေ။ ။ ဘယ်လောက်ဘဲမေးမေး ဘယ်လောက်ဘဲ သူတို့က ပေးတယ်လို့ဖြေဖြေ အဲဒီနေရာကနေ သူတို့တပ်စခန်းမခွါပေးရင် ဘယ်လိုလုပ်သွားနေနိုင်မလဲ။ ကျနော်တို့သွားနေရင်လဲ ချဖို့ဘဲရှိတော့တယ်လေ။
မေး။ ။ ရှေ့ရေးအတွက် ဘာဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အစိုးရမှာဘဲမူတည်တယ်။ လူထုကို မရှင်းပြရင်၊ ဒီတိုင်းဘဲဆက်သွားမယ်ဆိုရင် အခြေအနေ ဟာ အရင်အတိုင်းဘဲပြန်ဖြစ်သွားမယ်။ တိုက်ပွဲတွေလဲ ဒီထက်ပိုပြီးဆိုးဆိုးရွားရွားဖြစ်လာနိုင်တယ်။
မေး။ ။ ဒီလိုဆိုရင် ငြိမ်းချမ်းရေး ဖျက်သိမ်းဖို့ အခြေအနေစောင့်ကြည့်ဖို့အချိန်သတ်မှတ်ထားလား။
ဖြေ။ ။ မသတ်မှတ်ထားဘူး။ တိုက်ပွဲဖြစ်ပွါးတဲ့အကြိမ်တိုင်း ဦးအောင်မင်းနဲ့ ဆက်သွယ်မယ်။ တိုက်ပွဲတွေဆက်ဖြစ်နေရင် ကျနော်တို့ ဆက်လက်ခုခံသွားမှာဘဲ ။ ခုခံတာများသွားရင် ငြိမ်းချမ်းရေး ဟာလဲ အလိုလိုပျက်စီးသွားလိမ့်မယ်။
မေး။ ။ နောက်တကြိမ်တွေ့ဆုံဖို့ သတ်မှတ်ပြီးပြီလား။
ဖြေ။ ။ ဒီမဝေးတော့တဲ့ကာလမှာနောက်တကြိမ်တွေ့ဖို့ ရှိသေးတယ်။ တောင်ကြီးမှာဖြစ်နိုင်မယ်။ ရက်မသတ်မှတ်ရသေးဘူး။ ငြိမ်ချမ်းရေးစောင့်ကြည့်ရေးအဖွဲ့အတွက် ဆွေးနွေးမယ်လို့စီစဉ်ထားတယ်။
မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အပေါ် ဘယ်လိုသုံးသပ်ပြောဆိုချင်ပါသလဲ။
ဖြေ။ ။ ထပ်ပြီး များများတွေ့ဆုံမယ်။ များများပြောဆိုဆွေးနွေးကြမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိမယ်။