သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်က ငြိမ်းချမ်းရေးခရီးလမ်းမှာ အတွေအကြုံရှိသူ ၀ ပြည် သွေးစည်းညီ ညွှတ်ရေး တပ်မတော် UWSA ကို လူထုဘဝ မြင့်မားရေး အတွက် လက်တွဲဆောင်ရွက်ဖို့ အကြံဉာဏ်တောင်းတဲ့စာတစောင် ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်က ငြိမ်းချမ်းရေးခရီးလမ်းမှာ အတွေအကြုံရှိသူ ၀ ပြည် သွေးစည်းညီ ညွှတ်ရေး တပ်မတော် UWSA ကို လူထုဘဝ မြင့်မားရေး အတွက် လက်တွဲဆောင်ရွက်ဖို့ အကြံဉာဏ်တောင်းတဲ့စာတစောင် ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းဌာနက စဝ်ယွတ်စစ်ကို 19/6/2012 က သွားရောက်တွေ့ဆုံ မေးမြန်းထား ပါတယ်။
မေး။ ။ RCSS/SSA က UWSA ဝ တပ်ဖွဲ့ကို စာရေးသားပေးပို့တယ်လို့ သိရပါတယ်။ ဘယ်လိုအကြောင်း ကြောင့် ရေးသားပေးပို့ရပါသလဲ။
ဖြေ။ ။ အကြောင်းရင်း ၂ ချက် ရှိပါတယ်။ RCSS က တခါမှအပစ်မရပ်ဖူးဘူး။ အခြေအနေကြောင့် အပစ်ရပ် ရတယ်။ ၀ တပ်က အပစ်ရပ်တာ အစောဆုံးအဖွဲ့တခုဖြစ်တယ်။ အပစ်ရပ်ပြီးနောက် ဘာလုပ်သင့်တယ် ဆိုတာ သူတို့နဲ့ တိုင်ပင်ဖို့လိုတယ်လို့ မြင်တယ်။ နောက်တချက်က ၀ တပ်ဖွဲ့နဲ့ သျှမ်းတပ်က အနေချင်းနီးတယ်။ မိုင်းတော့-မိုင်းထားဟာ ညီညွတ်သော သျှမ်းတော်လှန်ရေး တပ်မတော် (SURA) ရဲ့ နယ်မြေဟောင်းဖြစ် တဲ့အတွက် ကျနော်တို့က မိုင်းတော့-မိုင်းထားကို တောင်းတယ်။ မြန်မာစစ်တပ်က တပ်ဆုတ်ပေးရင် ကျနော်တို့ အတူတူ ဘယ်လိုနေမလဲ၊ မြန်မာတပ်က တပ်မဆုတ်ပေးရင် ကျနော်တို့ ဘယ်လိုနေကြမလဲ၊ တကယ်လို့ မြန်မာတပ်က ၀ တပ်ဆုတ်ပေးဖို့ တောင်းလာရင် ၀ ဖက်က ဘယ်လိုလုပ်မလဲစသဖြင့် တိုင်ပင်ဆွေးနွေးဖို့ပါ။ ဒါကတော့ ကျနော်တို့ အချင်းချင်း လေးစားယုံကြည်တဲ့အကြောင်း ပြသတာပါ။
မေး။ ။ ဘယ်တုန်းက ပေးပို့ခဲ့ပါသလဲ။ UWSA ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။
ဖြေ။ ။ အပစ်ရပ်ပြီးနောက် ဖေဖော်ဝါရီလတုန်းက ပေးပို့ခဲ့ပါတယ်။ သူတို့အစည်းအဝေးထိုင်ဦးမယ်လို့ ပြောလာတယ်။ ဒါပေမဲ့ အခုထက်ထိတော့ ဘာမှအကြောင်းမပြန်သေးဘူး။
မေး။ ။ မိုင်းတော့-မိုင်းထားကို တောင်းတဲ့အတွက် RCSS/SSA နဲ့ မြန်မာတပ်တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး အကြောင်းပြပြီး ၀ တပ်ဖွဲ့ကို နှင်ထုတ်မှာကို ၀ ဖက်က စိုးရိမ်ပူပန်နေတယ်လို့ ကြားရပါတယ်။
ဖြေ။ ။ ဒါကတော့ သူတို့ဖာသာတွေးပြီး ပူပန်နေတာပါ။ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ မြန်မာစစ် တပ်နဲ့ဘဲ တည်ဆောက်ဖို့ မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်၊ ယုံကြည်တယ်။ နောက်တချက်က ၀၊ လားဟူ၊ ပအိုဝ်းဆိုတာ သျှမ်းပြည်သားတွေဘဲ။ တပြည်တည်းသားတွေမို့ ပိုပြီးညီညွှတ်ဖို့လိုတယ်။ မြန်မာတပ်နဲ့ပေါင်းပြီး သူတို့ကိုတိုက် မယ်ဆိုတာ တဖက်သတ်အတွေးနဲ့ ပူပန်နေတာပါ။
မေး။ ။ မိုင်းတော့-မိုင်းထားက ၀ တပ် လှုပ်ရှားတဲ့နယ်မြေဖြစ်တယ်။ RCSS က သွားတောင်းတော့ ဘယ်လိုပြဿနာတွေ ဖြစ်လာဖွယ်ရှိလဲ။
ဖြေ။ ။ တကယ်တော့ မိုင်းတော့-မိုင်းထား-ဟိုမိန်းဆိုတာ SURA နောက် MTA တို့ရဲ့ ဌာနဖြစ်တယ်။ အရင်က မိုင်းတော့-မိုင်းထားမှာ မြန်မာစစ်တပ်ဘဲရှိတာ။ ၀ တပ်တွေက ခိုင်းလုံမှာ လာနေတယ်။ မိုင်းတော့- မိုင်းထားမှာ လာနေတယ်ဆိုတာ မြန်မာစစ်တပ်က ကျနော်တို့ အချင်းချင်း တိုက်ခိုက်ဖို့ စီစဉ်ပေးလို့ဖြစ်တယ်။ ကျနော်တို့ သတိမမူရင် အချင်းချင်း တိုက်ကြမှာဘဲ။ မိုင်းတော့-မိုင်းထားကြောင့် တိုက်ပွဲမဖြစ်စေချင်ဘူး။
မေး။ ။ RCSS တောင်းဆိုတာ ဖြစ်လာနိုင်မှာလား။ ၀ ဖက်ကရော လွယ်လွယ်နဲ့ လိုက်လျောမှာလား။
ဖြေ။ ။ အဲဒါတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ မြန်မာတနိုင်ငံလုံးအတွက် ကျနော်တို့ ညီညွှတ်မှု တည်ဆောက် ရမယ်။ သမ္မတ ဦးသိန်းစိန်နဲ့တော့ အပစ်ရပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်မယ် ဆိုတာ မဖြစ်သင့်ပါဘူး။
မေး။ ။ RCSS/SSA နဲ့ UWSA တို့ လွယ်ကော်ဝမ်းမှာ စစ်ရေးတင်းမာ နေတယ်လို့ ကြားရပါတယ်။ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဲဒါတော့ ကလေးအချင်းချင်း ရန်ဖြစ်တယ်လို့ မြင်တယ်။နိုင်ငံရေး စစ်ရေးနဲ့မပတ်သက်ဘူး။လယ်ယာ စိုက်ပျိုးတာကို အမြင်မှားပြီး တင်းမာတာပါ။
မေး။ ။ အခြေအနေကော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အခြေအနေတော့ ငြိမ်သက်သွားပါပြီ။ ၀ လူကြီးတွေလည်း အခြေအနေကို စစ်ဆေးသိရှိသွားပြီလို့ ယုံကြည်ပါ တယ်။
မေး။ ။ UWSA ဘက်က လူကြီးတွေကို ဘယ်လိုအမှာစကားပြောကြားချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ပေါ်လစီက သျှမ်းပြည်အေးချမ်းဖို့၊ မြန်မာပြည်အေးချမ်းဖို့၊ တိုင်းရင်းသားအားလုံး ညီညွှတ် ဖို့ဖြစ်တယ်။ နောက်တချက်က UWSA ခေါင်းဆောင် ပေါက်ယိုချမ်ကို လေးစားယုံကြည်တယ်။ အချင်းချင်း မမြင်ဖူးပေမဲ့ သူ့ရဲ့စိတ်ဓာတ်ကို လေးစားတယ်။ ၀ ကိုတိုက်ဖို့ ကျနော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမဲ့ သူတို့က အမြင်မှားပြီး ကျနော်တို့ကို လာတိုက်ရင်တော့ ကျနော်တို့ကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပေါ့။
မေး။ ။ ရှေ့ဆက်ပြီး UWSA နဲ့ ဆက်သွယ်ဖို့ ရှိပါသလား။
ဖြေ။ ။ တကယ်တော့ ကျနော်တို့ အမြဲတမ်း ဆက်သွယ်ကြပါတယ်။ ၀ ဖက်က လူတွေနဲ့ ကျနော်တို့ အမြဲ တမ်း ဆက်သွယ်တယ်။ ကျနော်တို့ အနေနီးပေမဲ့ ပြဿနာ ကြီးကြီးကျယ်ကျယ် တခါမှမရှိခဲ့ဘူး။ အောက်လက် ငယ်သား အချင်းချင်း ရန်ဖြစ်တာတော့ ရှိတာပေါ့။
မေး။ ။ မိုင်းတော့-မိုင်းထားမှာ ဌာနချုပ်ထားဖို့ ဘယ်အဆင့်ထိ ရောက်ပြီလဲ။
ဖြေ။ ။ ဂျန္နဝါရီ ၁၆ ရက် တောင်ကြီးမှာ ဆွေးနွေးတုန်းက မိုင်းတော့-မိုင်းထားကို RCSS ရဲ့ ထိန်းချုပ်နယ် မြေလို့ သတ်မှတ်ပေးတယ်။ ဒါပေမဲ့ ဦးအောင်မင်းက ကတိသာပေးသွားတယ်။ တာဝန်တော့မယူဘူး။ ဒီနေ့ထိ ပြဿနာတွေ ရှိနေတုန်း။ မေလ ၁၉ ရက် ကျိုင်းတုံမှာ ဆွေးနွေးတုန်းက ဗိုလ်ချုပ်ကြီး စိုးဝင်း လည်း တိုက်ပွဲထပ်မဖြစ်တော့ဘူးလို့ ကတိပေးသွားတယ်။ ဒီလ ၁၆ ရက်မှာဘဲ တိုက်ပွဲထပ်ဖြစ်တယ်။ ဒါဟာ အပြောတမျိုး အလုပ်တမျိုးလို့ ပြောရမှာဖြစ်တယ်။ မျှော်လင့်ထားသလိုမှ မဖြစ်လာဘဲ။
မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ဘက်က ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။
ဖြေ။ ။ဒီအတွက် ကျနော်တို့ ၃ ကဏ္ဍ ခွဲထားပါတယ်။ ကျိုင်းတုံမှာ ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်ကြီး စိုးဝင်း က သူရဲ့စစ် တပ်အပေါ် သြဇာဘယ်လောက်ရှိမှာလဲ။ သူပြောထားတဲ့အတိုင်း လုပ်မှာလားဆိုတာ စောင့်ကြည့် နေတယ်။ ပြီးတော့ သဘောတူညီချက်အတိုင်း နိုင်ငံရေးဆွေးနွေးမယ်။ထို့အပြင် နိုင်ငံရေးဆိုတာ RCSS တဖွဲ့တည်းကဘဲ တာဝန်ယူထားတာ မဟုတ်ဘူး။ ပြည်သူတွေလည်း ပါ၀င်ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်။ ပြည်သူတွေ ပါ၀င်ရမယ်။
မေး။ ။ ပြဿနာတွေရှိလို့ မိုင်းတော့-မိုင်းထားမှာ ဌာနချုပ် သွားမထားသေးနိုင်ဘူးဆိုတာ ဘာပြဿနာပါလဲ။
ဖြေ။ ။ မြန်မာစစ်တပ်က တပ်မဆုတ်ပေးတဲ့ ပြဿနာပါ။ ကျနော်တို့ကို ၀င်ခွင့်မပေး သေးဘူး ။
မေး။ ။ ဒီလိုဆိုရင် ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ဘက်တောင်းတဲ့သူ ။ သူတို့ဖက်က ပေးရမဲ့သူ။ သူတို့က ပေးမယ် လို့ပြောပြီး မပေးတော့ သူတို့ဘဲ ရှေ့ဆက်ပြဿနာတွေ ကြံုဦးမှာ။ ဒီလောက်လေးတောင် သူတို့မပေးနိုင် တော့ ရှေ့ဆက် ကျနော်တို့က သူတို့ကို ဘယ်လိုယုံရမှာလဲ။
မေး။ ။ အကြိမ်ကြိမ် ဆွေးနွေးပြီးတာတောင် တိုက်ပွဲတွေ ဖြစ်နေတုန်းဆိုတော့ ဘာကြောင့်လဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်တာ ၃ ချက် ကြည့်ရမယ်။ တချက်က လက်အောက်ငယ်သားတွေ ပြဿနာလား။ ဘယ်အဆင့်ရဲ့ စီမံချက်လဲ။ ဥပမာ-ကာကွယ်ရေးဦးစီးချုပ်ရုံးလား၊ ဗျူဟာအဆင့်လား၊ တိုင်းအဆင့်လားပေါ့။ တကယ်လို့ တိုင်းအဆင့်ဆိုရင်တော့ ကြီးမားတဲ့ ပြဿနာဘဲ။ တပ်ရင်းမှူးတို့ ဗျူဟာမှူးတို့ အဆင့်လောက်ဘဲဆိုရင် ကျနော် တို့ ဖြေရှင်းလို့ရတယ်။ ဒီလိုတိုက်ပွဲတွေဖြစ်နေတာဟာ အထက်က သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မြန်မာစစ် တပ်ဘက်က အရင်ဆုံးမှားတာဘဲ။
မေး။ ။ အထက်က မသိဘူးဆိုတာ ဖြစ်နိုင်သလား။
ဖြေ။ ။ မသိဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်စခန်းအချင်းချင်း နီးနီးကပ်ကပ်နေ ရင်တော့ ပြဿနာရှိမှာဘဲ။ စစ်ဆိုတာ တယောက်သောသူရဲ့ အမိန့်ကိုဘဲ နာခံတာမဟုတ်ဘူး။ စစ်တိုက်လာ တာ နှစ်နဲ့ချီပြီ။ ၄-၅ လအတွင်း အချင်းချင်းယုံကြည်စိတ်ချဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်တခုက မြန်မာ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ သူတို့ကို ယုံကြည်လာအောင် လုပ်ရမယ်။ တိုက်ပွဲတွေ အကြိမ်ကြိမ် ထပ်ဖြစ်နေရင် တော့ ဘယ်သူက ယုံတော့မှာလဲ။ ယုံကြည်မှုမရှိရင် ညီညွှတ်မှု မတည်ဆောက် နိုင်ဘူး။ ညီညွှတ်မှုမရှိရင် တိုင်းပြည်ငြိမ်းချမ်းအောင် မလုပ်နိုင်ဘူး။ ထာဝရငြိမ်းချမ်းမှုဆိုတာလည်း မဖြစ်လာနိုင်ဘူး။
မေး။ ။ တကယ်လို့ ရှေးဆက်ပြီး တိုက်ပွဲတွေဖြစ်နေရင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိခိုက်နိုင်ပါသလား။
ဖြေ။ ။ တကယ်လို့ ဆက်ဖြစ်နေပြီး ပြဿနာကို မဖြေရှင်းရင်တော့ ငြိမ်းချမ်းရေးလည်း ပျက်ပြယ်မှာဘဲ။ ငြိမ်းချမ်းရေးကနေ ရန်သူတွေဖြစ်ပြီး တိုက်ပွဲတွေဖြစ်လာမှာဘဲ။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ငြိမ်းချမ်းရေး ရချင်လို့သာ အပစ်ရပ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်လို့ အပစ်ရပ် တယ်။ အနှစ် ၄၀-၅၀ တိုက်ခိုက်လာကြတာ ဘယ်သူကမှ ဘယ်သူ့ကို မနိုင်ဘူး။ ဒါကြောင့် အပစ်ရပ်တယ်။ အပစ်ရပ်တယ်ဆိုတာ ယုံကြည်မှု တည်ဆောက်ဖို့ဖြစ်တယ်။ အပစ်ရပ်ပြီးတာတောင် သူတို့ဖက်က ထပ်တိုက် ချင်ရင်တော့ ပြန်တိုက်ရမှာဘဲ။ တိုက်ပွဲဖြစ်ရင် ပြည်သူတွေလည်း ဒုက္ခတွေ့မယ်။ မြန်မာပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင်၊ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်အောင် ထူထောင်ပြီးတော့ ကမ္ဘာ့နိုင်ငံအတွက် လမ်းဖွင့်ပေးမယ်ဆိုတာ တိုက်ပွဲဖြစ်ရင် ဘယ်လိုမှ မဖြစ်လာနိုင်ဘူး။ ဒါကို အထက်က ခေါင်းဆောင်တွေလည်း စဉ်းစားမယ်ဆိုတာ ယုံကြည်ပါတယ်။
မေး။ ။ သူတို့ကို စောင့်ကြည့်သွားမယ်လို့ ပြောတာ ဘယ်အချိန်ထိလဲ။ သတ်မှတ်ထားတာရှိလား။
ဖြေ။ ။ ဒါကတော့ အချိန်ပေးရမယ်။ အလုပ်ကြီးအကိုင်ကြီးလုပ်တဲ့နေရာမှာ အလုပ်သေးအကိုင်သေးကြောင့် ဆုံးရှုံးသွား ရတာ မဖြစ်သင့်ဘူး။ အချိန်တိုတိုလေးအတွင်းမှာ ကောင်းလာဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အခုအချိန်မှာ ကြိုးစားပြီး ဆက်သွယ်ကြမယ်။ ကြိုးစားပြီး ပြဿနာဖြေရှင်းမယ်။ နိုင်ငံရေး ဆွေးနွေးနိုင်တဲ့ အဆင့်အထိပေါ့။ နိုင်ငံရေး ဆွေးနွေးဖို့ ပြည်သူ၊ ပါတီ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ နိုင်ငံရေးဆွေးနွေးတဲ့အခါ ဘာတွေလုပ် သင့်တယ်ဆိုတာ ဆုံးဖြတ်မယ်။ ကျနော်တို့လည်း ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ခံယူမယ်။ ဘာကြောင့်လည်း ဆိုတော့ စစ်သားဆိုတာ လည်း ပြည်သူ့နှလုံးသားပါ။
မေး။ ။ တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းကို မြန်မာဘက်က လူကြီးတွေကို အကြောင်းကြားလား။ သူတို့ဘာပြောလာသလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့နေ့ကဘဲ ကျိုင်းတုံကို ချက်ချင်းအကြောင်းကြားသွားတယ်။ ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုတော့ အကြောင်းမကြားရဘူး။ ပြဿနာငယ်လေးဘဲဖြစ်သေးတဲ့အတွက်ကြောင့်ပါ။ သူတို့ စစ်ဆေးကြည့် မယ်လို့ ပြောလာပါတယ်။DSC06620
မေး။ ။ အပစ်ရပ်ပြီးနောက် RCSS/SSA ရဲ့ ကိုယ်စားလှယ်တွေ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။ ဘာတွေဆွေးနွေးပါသလဲ။ ဘာအကျိုးကျေးဇူးတွေရပါသလဲ။
ဖြေ။ ။ ကိုယ်စားလှယ်တွေ စေလွှတ်တာ ကျိုင်းတုံသဘောတူညီချက်အရပေါ့။ သတင်းမီဒီယာဌာနဖွင့် လှစ်ဖို့ပါ။ နောက် အနောက်နိုင်ငံရဲ့အကူအညီနဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ NGOs ရုံးဖွင့်ဖို့။ နောက် အပစ်ရပ် အပေါ် စောင့်ကြည့်မယ့် ပုဂ္ဂိုလ်တွေကို ရှာဖို့ပါ။ ဘယ်သူ့ဘက်က မှားတယ် မှန်တယ် ဆိုတာ စောင့်ကြည့်ဖို့ အတွက်ပါ။ ကချင်နဲ့ တိုက်တာဖြစ်ဖြစ် SSPP နဲ့တိုက်တာဖြစ်ဖြစ် အစိုးရဘက်ကလည်း သူတို့မှန်တယ်။ တိုင်းရင်းသားဖက်ကလည်း သူတို့မှန်တယ်။ ဘယ်သူကမှ တရားမစီရင်နိုင်ဘူး။ ဒါဟာ ကျနော်တို့အတွက် သင်ခန်းစာဖြစ်တယ်။ ဒါကြောင့် စောင့်ကြည့်တဲ့အဖွဲ့ရှိရမယ်။ နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ ဘယ်လိုလုပ်သင့် တယ်ဆိုတာ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာလည်းပါတယ်။ သူတို့တင်ပြလာအရ အားလုံးအကောင်း မြင်ကြပါတယ်။
မေး။ ။ RCSS/SSA အနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနေတာကို ဒုက္ခသည်တွေ၊ သျှမ်းပြည်သားတွေက ရန်သူ့လှည့်ကွက်ထဲဝင်ပြီလို့ ပူပန်နေကြပါတယ်။ ဒီကစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောကြားချင်ပါသလဲ။
ဖြေ။ ။ ရန်သူ့လှည့်ကွက်ထဲဝင် မဝင်ဆိုတာ သျှမ်းပြည်သားတွေအပေါ်မှာ မူတည်ပါတယ်။ RCSS မှာဘဲ မူတည်တာ မဟုတ်ဘူး။ ဘာတွေလုပ်သင့်တယ်ဆိုတာ သူတို့လည်း ကြားရ၊ သိရပြီး ပြောပြမှာဘဲ။ ကျနော်တို့ က ဆုံးဖြတ်မဲ့သူဖြစ်တယ်။ သျှမ်းပြည်လူထုက ထင်မြင်ချက်ပေးမဲ့သူဖြစ်တယ်။ ကျနော်တို့ အခွင့်အရေးကို မဆုံးရှုံးသွားအောင် ကြိုးစားသွားမယ်။ ကျနော်တို့ တခါမှ အပစ်မရပ်ဖူးပေမဲ့ ဘာတွေဖြစ်ခဲ့ သလဲဆိုတာ ကျနော်တို့ မြင်ဖူးတယ်။ ဒါဟာ ကျနော်တို့ရဲ့ သင်ခန်းစာဘဲ။
မေး။ ။ နိုင်ငံရေး ပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲ။ အစိုးရက ဘာဘဲပြင်ချင်ပြင်ချင် လွှတ်တော်ထဲမှာ ပြင်လို့ ပြောထားပါတယ်။
ဖြေ။ ။ လွှတ်တော်တွင်းကဘဲဖြစ်ဖြစ် လွှတ်တော်ပြင်ပကဘဲဖြစ်ဖြစ် လက်ခံတဲ့အပေါ်မှာ မူတည်တယ်။ အပစ်ရပ်တဲ့အဖွဲ့တွေ လွှတ်တော်ထဲ ဘယ်လိုဝင်မှာလဲ။ နိုင်ငံရေးကို လွှတ်တော်ပြင်ပမှာ ဆွေးနွေးဖို့ ရည်ရွယ်ကြတယ်။ လွှတ်တော်ပြင်ပက သဘောတူညီချက်ကို လွှတ်တော်ထဲ ယူသွားမယ်။ အပြင်ဘက်မှာ သဘောမတူသေးဘဲ အတွင်းဘက်ကို မဝင်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်မရှိသေးဘူး။ လွှတ်တော်ထဲသွားပြောဖို့ ဖြစ်နိုင်မှာလား။
မေး။ ။ တပ်မတော်တခုတည်းထားရှိမယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားအားလုံးကို အခြေခံတယ်။ ဒါကြောင့် ပြည်ထောင်စုတပ်မတော် ဆိုတာလည်း တိုင်းရင်းသားတွေကို အခြေခံရမယ်။ ဒါကြောင့် ပြည်နယ်နဲ့တိုင်းကနေ ဖွဲ့စည်းထူထောင်မှာသာ ပြည်ထောင်စုတပ်မတော်ဖြစ်တယ်။
မေး။ ။ အပစ်ရပ်တဲ့အပေါ် RCSS/SSA ဘယ်လောက်ထိ ကျေနပ်အားရလဲ။
ဖြေ။ ။ ကျေနပ်အားရတာ မရှိသေးပါဘူး။ အပစ်ရပ်တဲ့အတောအတွင်း နိုင်ငံရေး ဆွေးနွေးရမယ်လို့ မြင်တယ်။ စစ်ပြေးဒုက္ခသည်တွေလည်း အသက်ရှုချောင်လာမယ်၊ သွားလာတာ လွယ်ကူမယ်၊ ချောဆွဲတာ လျော့လာမယ်လို့ မြင်တယ်။ ထာဝရငြိမ်းချမ်းရေးကတော့ နိုင်ငံရေးဆွေးနွေးနိုင်တဲ့အချိန်မှဘဲဖြစ်မယ်။
မေး။ ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာ ဘယ်အဆင့်ထိ ရောက်ပြီလဲ။ ဘာတွေလုပ်ပြီးပြီလဲ။
ဖြေ။ ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ အချိန်မရောက်သေးဘူး။ နိုင်ငံရေးသဘောတူညီချက်မရသရွေ့ ဖွံ့ဖြိုး ရေးလုပ်ငန်းလည်း လုပ်နိုင်မှာမဟုတ်ဘူး။ အခုလုပ်မဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတာ တပ်သားတွေနဲ့ သူတို့ရဲ့ မိသားစု၊ စစ်ပြေးဒုက္ခသည်တွေအတွက်ပါ။ သူတို့တွေ ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ သျှမ်းပြည်ဖွံ့ဖြိုးရေးအတွက်တော့ အချိန်မရောက်သေးဘူး။ နိုင်ငံရေးဆွေးနွေးပြီးမှ ပြဿနာ တွေ ဖြေရှင်းပြီးမှ ဖြစ်နိုင်မယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဟာလည်း အရေးကြီးပါတယ်။ ပြည်သူတွေ တိုးတက် အောင် အရင်ဆုံးလုပ်ရမယ်။ ပြည်သူပြီးမှ တိုင်းပြည်ပေါ့။ တိုင်းပြည်ဖွံ့ဖြိုးဖို့ဆိုတာ ပြည်သူတွေ အသိဉာဏ် ကြွယ်ဝရမယ်။ အသိဉာဏ် ဗဟုသုတမရှိရင် သူများကို မမှီနိုင်ဘူး။ နောက်ဆုံးတော့ သူတောင်းစား ပြန်ဖြစ်တာ ဘဲ။
မေး။ ။ ဆက်သွယ်ရေးရုံးတွေဖွင့်တာ၊ ကုမ္ပဏီတွေ ဖွင့်တာတွေကရော။
ဖြေ။ ။ ဆက်သွယ်ရေးရုံးဖွင့်တာ ပြဿနာတွေ ဖြေရှင်းဖို့။ အစိုးရက ဘာပြောချင်ပြောချင် ကျနော်တို့ရုံးကို သွားရမယ်။ ကျနော်တို့လူ မြန်မာစစ်တပ်နဲ့ဖြစ်ဖြစ် ဒေသခံအာဏာပိုင် တွေနဲ့ဖြစ်ဖြစ် ပြဿနာဖြစ်လာရင် အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက်ပါ။ ပြည်သူတွေ ပြဿနာရှိလာရင် မြန်မာအာဏာပိုင်တွေကို မပြောရဲရင် ကျနော်တို့ဆီလာပါ။ ကျနော်တို့ ကူညီမယ်။ ညီညွှတ်ရေးရအောင် နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်ဖို့။ စီးပွားရေးကတော့ ကုမ္ပဏီထောင်မယ်။ ကုမ္ပဏီထောင်ရတဲ့အကြောင်းရင်းက တပ်အတွင်း ပြဿနာဖြေရှင်းဖို့။ ကုမ္ပဏီထောင်တာ အောင်မြင်လာရင် ပြည်သူတွေအပေါ် အခွန်ကောက်တာတွေ အားလုံးရုပ်သိမ်းမယ်။ အခွန်မကောက်တော့ဘူး။
မေး။ ။ ပြည်သူတွေကို အရင်ဆုံးထူထောင်မယ်ဆိုတာ ဘယ်လိုစထူထောင်မှာလဲ။
ဖြေ။ ။ ပြည်သူတွေကို ထူထောင်မယ်ဆိုတာ ပညာရေးမှာပါ။ ပညာရေးက အရေးကြီးဆုံးဘဲ။ ပညာရေး အဆင့်မမှီရင် သူများကို မှီဖို့မဖြစ်နိုင်ဘူး။ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်း စသဖြင့်ပေါ့။
မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာများမှာကြားချင်ပါသလဲ။
ဖြေ။ ။ အပစ်ရပ်တဲ့အတောအတွင်းမှာ ပြည်သူတွေ ကိုယ့်ရဲ့ဇာတိ မွေးရပ်မြေကို ပြန်သွားနေစေချင်တယ်။ ရွာတွေပြန်တည်ပါ။ ရွာပျက်တွေ မရှိစေချင်ဘူး။ နောက် မှတ်ပုံတင်လုပ် ပေးမှာဖြစ်တဲ့အတွက် မှတ်ပုံတင်လုပ် ကြဖို့။ အိမ်ထောင်စုစာရင်းတွေ လုပ်ကြပါ။ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ရှိရင် တရားဝင်ဖြစ်မယ်။ တကယ် လို့ မှတ်ပုံတင်မရှိ အိမ်ထောင်စုမရှိရင် နိုင်ငံမဲ့ တွေဖြစ်ကုန်မယ်။ အားလုံးတစုတစည်းတည်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့အချိန်တန်ပြီ။ ညီညွှတ်ကြရမယ်။ ခေတ်လူငယ်တွေ ဆေးစွဲတာ အများကြီးဘဲ။ ဆေးဖြတ်ချင်ရင် ကျနော်တို့ ဆီကိုလာခဲ့ပါ။ မကြောက်ပါနဲ့။ အရေးမယူပါဘူး။ စာရင်းမပေးဘဲ ဖမ်းမိတဲ့အခါ ကျရင်တော့ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ မှာကြားချင်ပါတယ်။