ပအိုဝ်းအမျိုးသားနေ့အကြောင်း တစေ့တစောင်း

ပအိုဝ်းအမျိုးသားနေ့အကြောင်း တစေ့တစောင်း
by -
သျှမ်းသံတော်ဆင့်

တပေါင်းလပြည့်နေ့မှာကျရောက်တဲ့ ပအိုဝ်းအမျိုးသားနေ့ကို သျှမ်းပြည်အတွင်း ပအိုဝ်းလူထုနေထိုင်ရာဒေသ တွေမှာ နှစ်စဉ်ကျင်းပမြဲဖြစ်သလို အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ထိုင်းနယ်စပ်တနေ ရာမှာအခြေစိုက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO ကလဲ ပွဲတော်ကိုကျင်းပခဲ့ပါ တယ်။

တပေါင်းလပြည့်နေ့မှာကျရောက်တဲ့ ပအိုဝ်းအမျိုးသားနေ့ကို သျှမ်းပြည်အတွင်း ပအိုဝ်းလူထုနေထိုင်ရာဒေသ တွေမှာ နှစ်စဉ်ကျင်းပမြဲဖြစ်သလို အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ထိုင်းနယ်စပ်တနေ ရာမှာအခြေစိုက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO ကလဲ ပွဲတော်ကိုကျင်းပခဲ့ပါ တယ်။ ပအိုဝ်းအမျိုးနေ့ ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ၊ ကနေ့ ပအိုဝ်းလူထုရဲ့ နိုင်ငံရေးခံယူချက် နဲ့ ရပ်တည်နေထိုင်မှုအခြေအနေကို သိရအောင် PNLO ရဲ့   အတွင်းရေးမှူးလဲဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လဲဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်သူရိန်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဗိုလ်မှူးကြီးခွန်သူရိန်
သျှမ်းသံတော်ဆင့်။    ။ပအိုဝ်းအမျိုးသားထုကြီးရဲ့ အမျိုးသားနေ့မှာ ပအိုဝ်းတပ်မတော်အနေနဲ့ ဘာအခမ်း အနားတွေ လုပ်ခဲ့သလဲခင်ဗျ။

ခွန်သူရိန်။    ။ ဟုတ်ကဲ့ ကျနော်တို့ ပအိုဝ်းအမျိုးသားတပ်မတော်ကတော့ ထိုင်း-မြန်မာနယ်စပ် မယ့်အော ဒေသဖက် မှာ အမျိုးသားနေ့အထိမ်းအမှတ် တခုအနေနဲ့ ဒီကနေ့မနက် ၈ နာရီမှာဘဲ ကျနော်တို့လုပ်ခဲ့ကြပါ တယ်။

သျှမ်းသံတော်ဆင့်။    ။အခမ်းအနားမှာ ဘယ်လိုအထူးအစီအစဉ်တွေ ရှိပါသလဲခင်ဗျ။

ခွန်သူရိန်။    ။ အခမ်းအနားဖွင့်လှစ်တာ၊ ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်တွေကိုအလေးပြုတာတွေအပြင် ထုတ်ပြန် ကြေငြာချက်တစောင်လဲထုတ်ဝေခဲ့တယ်။

သျှမ်းသံတော်ဆင့်။    ။ဘာကိုအဓိကထားပြီး ထုတ်ပြန်ကြေငြာချက်ထုတ်တာလဲခင်ဗျ။

ခွန်သူရိန်။    ။ အဓိကအားဖြင့်တော့  အပစ်အခတ်ရပ်စဲရေးမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ကျနော်တို့ တည်ဆောက် သွားမယ်။ တန်းတူညီတူမှုရှိတဲ့ ပြည်ထောင်စုကိုကျနော်တို့ တည်ဆောက်သွားမယ်။

သျှမ်းသံတော်ဆင့်။    ။အခမ်းအနားမှာ ဘယ်အထူးပုဂ္ဂိုလ်တွေကိုဖိတ်ကြားထားသေးလဲခင်ဗျ။

ခွန်သူရိန်။    ။ ဒီနေ့အခမ်းအနားမှာ SSA WNO တပ်ဖွဲ့၊ ပအိုဝ်းတပ်ဖွဲ့က မိသားစုတွေနဲ့ ရပ်မိရပ်ဖတွေ တက်ရောက် ခဲ့ကြပါတယ်။ နယ်စပ်ဒေသလဲဖြစ် သွားရေးလာရေးကလဲအခက်အခဲရှိတော့ လူ ၂၀၀ ဝန်းကျင်လောက်တော့ရှိမယ်။

သျှမ်းသံတော်ဆင့်။    ။နာယကကြီး ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ မိန့်ခွန်းမှာ ဘာတွေထူးခြားလဲခင်ဗျ။

ခွန်သူရိန်။    ။ နာယကကြီးရဲ့မိန့်ခွန်းမှာ - အမျိုးသားနေဆိုတာ လူမျိုးမှာ ရှိသင့်ရှိအပ်တဲ့ နေ့ထူးနေ့ မြတ်ဖြစ်တယ်။ ဒီဟာရှိမှဘဲ လူမျိုးတမျိုးရဲ့့ဘာသာ စကားရိုးရာထုံးတမ်းအစဉ်အလာတွေ မပျောက်မပျက် ဘဲနဲ့တည်ရှိနေနိုင်မယ်။ အဲဒီ ဟာအပြင် ကျနော်တို့အတူနေညီနောင်တိုင်းရင်းသား အားလုံးဟာလည်းဘဲ တယောက်နဲ့တယောက် နားလည်မှုရှိရှိနဲ့ ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့၊ အပြန်အလှန်သွေးစည်းကြဖို့၊ အဓိက အဲဒါတွေပြောသွားတယ်။

သျှမ်းသံတော်ဆင့်။    ။ဗိုလ်မှူးကြီးခင်ဗျ- ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုံးပြောပြပေးပါလား ခင်ဗျ။

ခွန်သူရိန်။    ။ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ လွတ်လပ်ရေး မရခင်နဲ့ ရပြီးကာလစပ်ကြား ၁၉၅၂ မှာ စပြီး ပေါ် ပါတယ်ခင်ဗျ။အထူးအားဖြင့်တော့ ပအိုဝ်းအမျိုးသား၊ ပအိုဝ်းတိုင်းရင်းသားများရဲ့ အခြေအနေ ဟာ ကရင်ပြည်နယ်မှာ ကရင်လူမျိုးအဖြစ် သိမ်းသွင်းခံရသလို တခြားသော ပြည်နယ်ရောက်နေတဲ့ ပအိုဝ်းတွေလဲ အဲလိုဘဲ ထင်ထင်ရှားရှားနဲ့ တည်ရှိခွင့် မရှိခဲ့ဘူး။ အင်အားကြီးတဲ့ တိုင်းရင်းသား တခုခု ရဲ့လက်အောက်ခံ ဘဝမှာရောက်ရတဲ့ အနေအထားမှာ ရှိပါ တယ်။  အခု သျှမ်းပြည်ဖက်မှာဆိုရင်လဲဘဲ အထူးသဖြင့် ကျနော်တို့ကို ဟိုတုန်းက ပအိုဝ်းလို့ မခေါ်ဘူး။ ကရင်ဖက်မှာဆိုရင် ကျနော်တို့ကို ကရင်မဲ သျှမ်းတွေက ကျနော်တို့ကို တောင်ဆူလို့ခေါ်ကြတယ်။ တကယ်တမ်း ကရင်မဲနဲ့တောင်ဆူ ဘာသာ စကားချင်းအတူတူဘဲ။ ရိုးရာထုံးတမ်းအစဉ်အလာအားဖြင့် အတူတူဘဲ။ အဲဒီတော့ ကျနော် တို့ဟာ တောင်သူတွေ မဟုတ် ပါဘူး။ ကျနော်တို့ဟာ ပအိုဝ်းတွေဖြစ်ပါတယ်။ ကျနော် မှတ်ထားသ လောက်တော့ ကျနော်တို့ဟာ ၁၉၅၂ ခုနှစ်မှာ ပအိုဝ်း အမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေ ဦး ဆောင်ဦးရွက်ပြုပြီး ပအိုဝ်းလူထုတရပ်လုံးက သထုံမြို့မှာ လူအင်အား ၂ သိန်းကျော်နဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ကြတယ်။ သျှမ်းပြည်မှာလဲ လုပ်ခဲ့ကြတယ်။ ကြွေးကြော်သံက ကျနော်တို့ကို တောင်သူလို့မခေါ်ပါနဲ့။ ပအိုဝ်းလို့ခေါ်ပါ။ တောင်သူဆိုတာ မူရင်းအဓိပ္ပာယ်က ကောင်းမွန်ပေမဲ့ ထွက်လာတဲ့ဖြစ်ရပ် အခြေ အနေတရပ်ရပ်က တပါးသူက နာမ်နိမ်ထားတဲ့ သဘောလဲ သက်ရောက်တယ်။ ၁၉၅၂ ခုနှစ်မှာဘဲ ကျနော်တို့ကိုတောင်သူ လို့မခေါ်နဲ့။ ပအိုဝ်းလို့ ခေါ်ပါလို့ တောင်းဆိုတယ်။ နောက်တခုက ကျနော်တို့ရဲ့ ပအိုဝ်းအမျိုးသားနေ့ကို တပေါင်း လပြည့် နေ့ မှာ အသိအမှတ်ပြုဖို့ သတ်မှတ်ပေးဖို့ တောင်းဆိုကြတယ်။ ပအိုဝ်းအမျိုးသားနေ့ကို ၁၉၅၂ ခုနှစ် ကတည်းက စခဲ့ တာပေါ့။ မြတ်စွာဘုရားလက်ထက်တုန်းက သထုံပြည်ကို အုပ်ချုပ်ခဲ့တဲ့ သထုံပြည့်ရှင် သူရိယစန္ဒာမင်းဆိုတာ ကျနော်တို့ရဲ့ ပအိုဝ်းရှင်ဘုရင်ပေါ့။  အဲဒီခေတ်မှာ ထင်ရှားတဲ့ဘုရင်တပါး ဖြစ်တယ်။ နေအထွက် လဝင်ချိန်မှာ မွေးဖွားခဲ့တဲ့ သူရိယ စန္ဒာမင်း ကို အထွတ်အထိပ်ထားပြီး ဒီရှင်ဘုရင်ရဲ့မွေးနေ့ကိုယူပြီး ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပါတယ်။ ဒီလိုမှတ်သားဖူးပါတယ်။

သျှမ်းသံတော်ဆင့်။    ။နှစ်နဲ့တွက်မယ်ဆိုရင် ၁၉၅၂ ခုနှစ်က စတွက်တာလား။ အခုဘယ်နှနှစ်မြောက်ရှိပြီလဲ။

ခွန်သူရိန်။    ။ ဘယ်နှစ်  ခုနှစ်ဆိုတာ အတိအကျပြောဖို့ခက်တယ်။ ဒါပေမဲ့တရားဝင်တောင်းဆိုတာကတော့ ၁၉၅၂ ခုနှစ် ကပါ။

သျှမ်းသံတော်ဆင့်။    ။ဆိုလိုတာက ဒီနှစ်ဆိုရင် ၂၀၁၂ ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့လို့ဘဲ ရေးကြ တာ ပေါ့ ဟုတ်ပါသလား။

ခွန်သူရိန်။    ။ ဟုတ်ပါတယ်။

သျှမ်းသံတော်ဆင့်။    ။တောင်သူက ဘယ်လိုဖြစ်သလဲ။ ပအိုဝ်းကဘယ်လိုဖြစ်တာလဲ။ ဘယ်လိုဆက်နွယ်နေလဲ။

ခွန်သူရိန်။    ။ တောင်သူဆိုတာပြောရရင်တော့ ပအိုဝ်းအမျိုးသားတွေဟာသမိုင်းကြောင်းအရ စီးဆင်းမှုဆိုရင် ကျနော် တို့ရဲ့ တိဘက်မွန်ဂိုလွိုက် အနွယ်တွေပါဘဲ။  တရုတ်ပြည်မှာ စစ်ဖြစ်တော့ ဒီတောင်ဘက်ခြမ်း ကို ဆင်းလာတယ်။ မူလ အမည်က တရုတ်ပြည်မှာဆိုရင် ထုံချူပေါ့။ ထုံချုဆိုတာ ကြေးနီရောင်ကဲ့သို့ အသားအရောင်ရှိတဲ့လူမျိုးပေါ့။ အဲဒီကနေ စပြီး တောင်ဆူဖြစ်သွားတယ်။ နောက်ထပ်တခုကတော့ ပအိုဝ်းဆိုတာကတော့ ပအိုဝ်းတိုင်းရင်းသား ခပ်များများကတော့ ဒဏ္ဍာရီဆန်ဆန်ပေါ့။ ခုနှစ်ကတော့ ပြောဖို့ခက်တယ်။ နဂါးမတစ်ယောက်က ဝိဇ္ဇာဓိုရ်တစ်ယောက်နဲ့ မေတ္တာမျှကြပြီးတော့ ဥ-ဥလာတယ်။ အဲဒီဥကနေ ပအိုဝ်းအမျိုးသားပေါက်ဖွားလာတယ်ပေါ့။ ဒဏ္ဍာရီအရ ဥသုံးဥပေါ့။ ပထမဆုံး ဥ ကတော့ ကရင်ဖြူ။ ပအိုဝ်းတွေရဲ့အကို။ ဒုတိယဥကတော့ ပအိုဝ်းပေါ့။ တတိယဥကတော့ ကရင်နီပေါ့။ ဒဏ္ဍာရီ မှာတော့ ဖော်ပြကြ တယ်။ ဥ-ဥလာတော့ ဝိဇ္ဇာက သူမေတ္တာမျှတဲ့သူဟာ လူစင်စစ်မဟုတ်ဘူး။ နဂါးမ ဖြစ်နေတယ်လို့သိသွားတော့ စိတ်ဓာတ် ကျပြီး သူ့နေရပ်ကို ပြန်သွားတယ်။ နဂါးမလဲ နဂါးပြည်ကို ပြန်သွားတယ်။ ရသေ့တပါးက ဒီဥတွေကိုသွားတွေ့ပြီး သူ့ရဲ့ ကျောင်းကိုယူသွားတယ်။ ဥအကြီးဆုံးက ပေါက်ဖွားလာတဲ့သူကို အဝတ်အဖြူလေးနဲ့ ထုံးထားတဲ့အတွက် ကရင်ကိုမြင်ရင် ကျော့ပွာ လို့ခေါ်ပါတယ်။ ကျော့ပွာဆိုတာ အဝတ်ဖြူကနေထုံးထားတဲ့အကိုကြီးပေါ့။ ပအိုဝ်းကတော့ ဒုတိယတယောက် ပေါ့ဗျာ။ ဒုတိယတယောက်က ဥကနေပေါက်ဖွားတဲ့အခါမှာ ဥကကောင်းကောင်းမကွဲဘူး။ လူကနေကူပေးရတယ်ပေါ့။ ပအိုဝ်းဆိုတာ ကူပြီးခွာပေးရတယ်ပေါ့။ နောက်ဆုံးဥကတော့ ကရင်နီ။ ဥကနေပေါက်ဖွား လာတဲ့အခါမှာ အနီရောင်အနှီးနဲ့ ထုပ်တဲ့အတွက် ကရင်နီကို ကျော့ပန်ညား လို့ခေါ်တယ်။ ကျော့ပန်ညားဆိုတာ အနီရောင်အနှီးထဲကလူလို့ အဓိပ္ပာယ် ရတယ်။ ဒဏ္ဍာရီဆန်ဆန် အဲဒီလိုမျိုးယုံကြည်မှုတွေရှိတယ်ဆိုပြီးတော့ ပအိုဝ်းကို တောင်သူလို့ မခေါ်ပါနဲ့။ ပအိုဝ်းလို့ ခေါ်ပါလို့ ပြန်ကနေပြန်စသလဲဆိုရင် အဓိကအားဖြင့် ဗမာစကားပေါ့။ သျှမ်းက ခေါ်ရင် တောင်ဆူပေါ့။ ရိုးရိုးရှင်းရှင်း လေးပါဘဲ။ ဗမာကခေါ်လိုက်ရင် တောင်သူဆိုတော့ ဗမာစကားအရ တောင်သူလယ်သမား၊ တောသူတောင်သားလို့ အဓိပ္ပာယ်သွားထွက်တယ်။ ဒီလို ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့လူမျိုးက ပပျောက်မဲ့အခြေအနေဖြစ်လာတယ်။ ကျနော်တို့လူမျိုး က လယ်ယာကိုင်းတောမှာ အလုပ်လုပ်နေတဲ့ တောင်သူယောင်ယောင်ဖြစ်လာတာပေါ့ဗျာ။ အမျိုးသား၊ ဘာသာစကား၊ ထုံးတမ်းအစဉ်အလာ ပျောက်ကွယ်သွားတော့မဲ့ အခြေအနေဖြစ်လာတာ ပေါ့ဗျာ။ အဲဒါကြောင့် ၁၉၅၂ မှာ အမျိုးသားခေါင်းဆောင်က ဦးစီးပြီး တောင်းဆိုလာတယ်။

သျှမ်းသံတော်ဆင့်။    ။၁၉၅၂ မှာ သထုံပြည်မှာ လူ ၂ သိန်းနဲ့ ဆန္ဒပြတယ်ဆိုတာ မွန်ပြည်ကသထုံလား။ သျှမ်းပြည်က သထုံလား။ ဆီဆိုင်ဘက်က။

ခွန်သူရိန်။    ။ အဲဒီတုန်းက မွန်ပြည်နယ်ဘက်ကပါ။ ၁၉၄၉ က တော်လှန်ရေးမှာ သျှမ်းပြည်ကပအိုဝ်းနဲ့ သထုံ ကပအိုဝ်းနဲ့ သွေးစည်းညီညွှတ်မှု တည်ဆောက်ပြီးတဲ့ကာလဖြစ်တယ်။ သထုံမှာပြပေမဲ့ သျှမ်း ပြည် တောင်ကြီးမှာ ပြသလို ထပ်တူထပ်မျှဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့်။    ။လက်ရှိအခြေအနေမှာ ပအိုဝ်းစည်းလုံးညီညွှတ်ရေးက ကရအိုင်၊ မွန်မှာရှိတဲ့ပအိုဝ်းနဲ့ သျှမ်းပြည်မှာရှိတဲ့ ပအိုဝ်းနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိလဲ။

ခွန်သူရိန်။    ။ လူမျိုးချင်းတူနေတဲ့အတွက်ကြောင့် ဘာသာစကား၊ ထုံးတမ်းအစဉ်အလာ၊ ဓလေ့စရိုက်လက္ခဏာ တူညီတဲ့အတွက်ကြောင့် လူမျိုးအားဖြင့် စည်းလုံးညီညွှတ်မှုတော့ ရှိနေပါတယ်။ နည်းပညာတိုး တက်လာတာနဲ့အမျှ ကျနော်တို့ရဲ့ ဆက်သွယ်မှု၊ ဖလှယ်မ၊ ချိတ်ဆက်မှုတွေ ကောင်းနေပါတယ်။

သျှမ်းသံတော်ဆင့်။    ။နိုင်ငံရေးဘက်မှာ မွန်ပြည်နယ်ဘက်က ယုံကြည်မှု၊ တခြားပြည်နယ်ဘက်ကယုံကြည်မှုနဲ့ သျှမ်းပြည် ဘက်ကယုံကြည်မှုနဲ့ ဘာတွေကွာခြားသလဲ။

ခွန်သူရိန်။    ။ ခြားနားမှုမရှိပါဘူး။ ဥပမာအားဖြင့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ပါတီဝင်တွေ မြန်မာနိုင်ငံဝန်းမှာ နေရာအနှံ့အပြားရှိပါတယ်။ ဒီနေ့အခြေအနေကတော့ PNO အနေနဲ့ အခက်အခဲ တခုကြုံတွေ့ရတဲ့ အနေအထားမှာရှိတယ်။ ဘယ်လိုလဲဆိုတော့ ပအိုဝ်းအမျိုးသားကို သျှမ်းပြည်မှာရှိ တဲ့ သုံးမြို့နယ်မှာဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ပေးလိုက်တယ်ဆိုတဲ့အချိန်ကျတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ မရှိတဲ့ပအိုဝ်းတွေက ဒီအနေအထားမျိုးက ဘောင်ခတ်ထားသလို ဖြစ်လာတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမရှိတဲ့ ပအိုဝ်းလူမျိုးတွေ တခြားတိုင်းရင်းသားတွေလို အခွင့်အရေးရဖို့ ဆက်လက်ကြိုစားနေပါတယ်။

သျှမ်းသံတော်ဆင့်။    ။၂၀၁၀ ရွေးကောက်ပွဲမှာ တခြားဒေသက ပအိုဝ်းတိုင်းရင်းသား လူနည်းစုကိုယ်စားလှယ် ရှိပါသလား။

ခွန်သူရိန်။    ။ တခြားမှာလဲရှိပါတယ်။ လေ့လာမိသလောက်တော့ မွန်ပြည်နယ်မှာလဲ ပအိုဝ်းတိုင်းရင်းသားရေးရာ ရှိသလို ကရင်ပြည်မှာလဲရှိတယ်။ ပဲခူးတိုင်းမှာလဲရှိတာကို တွေ့ရပါတယ်ခင်ဗျာ့။ ဒါကတော့ ၂၀၀၈ ဘောင်ထဲကဟာပေါ့။

သျှမ်းသံတော်ဆင့်။    ။ ကျနော်တို့ သျှမ်းမှာ ခေတ်လူငယ်အများစုက ဘာသာ စာပေ အပေါ် အလေးထား တန်ဖိုးထားမှု လျော့နည်းလာတာတွေ့ရပါတယ်။ ပအိုဝ်းလူငယ်တွေအပေါ်ကိုရော ဗိုလ်မှူးအနေနဲ့ ဘယ်လို ရှုမြင်သုံးသပ်လိုပါသလဲခင်ဗျ။

ခွန်သူရိန်။    ။ ကျနော်လေ့လာမိသလောက် ပအိုဝ်းလူမျိုးတွေ ရပ်တည် နေထိုင်ရာအရပ်မှာ မိမိဘာသာ စာပေနဲ့ ထုံးတမ်းကို အလေးထားတာတွေ့ရပါတယ်။ ကျနော်တို့ရဲ့လူမျိုး ကျနော်တို့ရဲ့ အသိုင်းအဝိုင်းနဲ့ ခပ်ဝေးဝေးမှာ ရောက်နေ တဲ့လူတွေတော့ ခုနပြောတဲ့အချက်တွေမှာ အားနည်းနေတာတွေ့ရတယ်။ အထူးသဖြင့် မျှားရာပါ ဆိုတဲ့ပုံစံမျိုးကို အဓိကထားပြီးတော့ သူတို့ကသွားနေကြတယ်လို့မြင်ပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့် မယ်ဆိုရင် တော့ ကိုယ့်ရဲ့အမျိုးသား စာပေပေါ်မှာစိတ်ဝင် စားမှုရာခိုင်နှုန်းအားဖြင့် ကြည့်မယ်ဆိုရင်တော့ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ခန့်မှန်းလို့ရပါတယ်။

သျှမ်းသံတော်ဆင့်။    ။PNO ဦးအောင်ခမ်းထီအဖွဲ့ကို ပအိုဝ်းဖြူ၊   SNPLO  ဦးတာကလယ်အဖွဲ့ကိုကျတော့ ပအိုဝ်းနီလို့ခေါ်ကြတယ်။ ဒီနှစ်ဖွဲ့က ဘယ်လိုကွာခြားမှုရှိလဲခင်ဗျ။

ခွန်သူရိန်။    ။ အဲဒါ ဟိုးတချိန်တုန်းက ကိစ္စကြောင့်ပေါ့ဗျာ။ ကျနော်တို့ပအိုဝ်းတွေဟာ ၁၉၆၆ ခုနှစ်တုန်းက ပအိုဝ်း ခေါင်းဆောင်ကြီး ဦးလှဖေအပါအဝင် ခေါင်းဆောင်ကြီးများအားလုံးကို နေဝင်းတို့ တော်လှန်ရေးကောင်စီ အစိုးရကနေ ပြီးဖမ်းလိုက်ကြတယ်။ ၁၉၆၆ ဒုတိယအကြိမ်တော်လှန်ရေး ကိုပြန်လည်စတင်ခဲ့တဲ့ ဗိုလ်ချုပ်စံသိန်းပေါ့နော် သူက ဦးစီး ဦးဆောင်မှုပြုခဲ့တယ်။ ၁၉၆၉  ရောက်တော့ ဗိုလ်ချုပ်စံသိန်းကနေ ကျနော်တို့အချင်းချင်းပဋိပက္ခဖြစ်ပြီး သူ ကျဆုံးသွား တယ်။ ကမ္ဘာပေါ်မှာဆိုရင် အရှေ့အုပ်စု အနောက်အုပ်စုပေါ့ဗျာ။ ကျနော်တို့သျှမ်းပြည်မှာဆိုရင်လဲဘဲ သျှမ်းပြည်ရဲ့ အရှေ့ မြောက်ဖက်မှာဆိုရင်လဲဘဲ ကျနော်တို့ လက်ဝဲအုပ်စု ရရှိတဲ့နေရာပေါ့။  လက်ဝဲအုပ်စုဟာ သူ့ရဲ့ အင်အားတည် ဆောက် ဖို့အတွက် စည်းရုံးနေသလို လက်ဝဲမဟုတ်တဲ့ တိုင်းရင်းသားအင်အားစုကလဲဘဲ  သူ့ရဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ် ဖြစ် ပေါ်လာဖို့ စည်းရုံးရေးဝင်နေတယ်။ အဲချိန်မှာ ကျနော်တို့ ပအိုဝ်းအမျိုးသားတွေက ၁၉၇၃-၇၄ မှာ ခုနပြောတဲ့ လက်ယာ လက်ဝဲအုပ်စုက ၂ ခြမ်းကွဲသွားတယ်ခင်ဗျ။ ကွဲသွားတော့ ကျနော်တို့က ဦးတာကလယ်ကနေပြီးတော့ သျှမ်း ပြည်ရှိ လူမျိုးစုပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ချုပ်ကနေ ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ချုပ်)  ဖြစ်လာတယ်။ ကျန်တဲ့တဖွဲ့က ဦးအောင်ခမ်းထီတို့အဖွဲ့ကတော့ ပအိုဝ်းအမျိုးသားရေးကို အဓိက ဦးထိပ်ထားပြီးတော့မှ လုပ်ဆောင်သွားမယ့်အဖွဲ့ဖြစ်တယ်။ အမျိုးသားနိုင်ငံရေးလမ်းစဉ်ကို လက်ခံတဲ့အဖွဲ့ဖြစ်တဲ့အချိန်ကျတော့ ပြောမယ်ဆိုရင် သူတို့ကလက်ျာပေါ့နော်။ ဦးတာကလယ်တို့က ဗကပ နဲ့ပူးပေါင်းတဲ့ လက်ဝဲပေါ့  ။ ဦးအောင်ခမ်းထီတို့ကျတော့ တောင် ပိုင်း မှာရှိနေတဲ့ ကျနော်တို့ NDF တပ်ပေါင်းစုတို့ ကရင်တို့ မဟာမိတ်တို့နဲ့ အတူတကွတည်ရှိတယ်ပေါ့။ အဲဒီလို မူဝါဒ ရေးရာကိုလက်ခံတဲ့အပေါ်မှာ မူတည်ပြီးတော့မှ အနီရယ် အဖြူရယ်ဆိုတာ ဖြစ်ပေါ်လာတယ်။

သျှမ်းသံတော်ဆင့်။    ။လက်ရှိမှာကော ဗိုလ်မှူးတို့က တောပြန်ခိုပြီး ဆက်လက်တိုက်ပွဲဝင်တယ်။ ပအိုဝ်းဖြူက တော့ ပြည်သူ့စစ်ပြောင်းလိုက်တယ်။ ဒီ ၂ ဖွဲ့အပေါ်ကို လူထုက ဘယ်လိုမြင်လဲခင်ဗျ။

ခွန်သူရိန်။    ။ လူထုက ခုလို ၂ ဖွဲ့ရှိတာကို မလိုလားဘူး။ တဖွဲ့တည်း စည်းလုံးညီညွတ်စွာရှိနေတာ ကိုဘဲတွေ့ ချင် တယ်။ ကျနော်တို့ပအိုဝ်းလူထုကတော့ သင်ခန်းစာ အများကြီးရှိခဲ့တာပေါ့ဗျာ။ ၁၉၇၃-၇၄ တုန်းက အဖွဲ့ ၂ ခြမ်းကွဲ သွား တုန်းက နိုင်ငံရေးက ၂ ခြမ်းကွဲသွားသလို ပအိုဝ်း ပြည်သူလူထုကလဲ ၂ ခြမ်းကွဲတယ်။  လက်ျာဝါဒကိုလက်ခံတဲ့လူထုနဲ့ လက်ဝဲဝါဒကို လက်ခံတဲ့လူထုပေါ့နော်။  ဒီနေ့ခေတ်မှာ ဦးအောင်ခမ်းထီဦးဆောင်တဲ့အဖွဲ့ကနေ  ဒီကနေ့အဆိုအရဆိုရင် ဥပဒေဘောင်ထဲဝင်သွားတယ်။ ပြည်သူ့စစ်အဖြစ် လက်ခံလိုက်တယ်။ အဲဒီအနေအထားမှာ ရလလဖ က လက်နက်အကုန် လုံး အပ်လိုက်ရတယ်။  တချိန်တုန်းက ကိုယ့်ရပ်တည်ချက်နဲ့ သီးခြားရှိနေစဉ်တုန်းက အဖြူရယ် အနီရယ်တော့ရှိတယ် ပေါ့ဗျာ။  ဒီကနေ့မှာတော့ အနီရယ် အဖြူရယ်လို့မရှိတော့ပါဘူး။ ပအိုဝ်းတအိုဝ်းတည်း ရှိပါတော့တယ်။ အရောင်မဲ့တဲ့ အနေ အထားမှာရှိလာတယ်လို့ပြောလို့ရတာပေါ့ဗျာ။ ဒီကနေ့အနေအထားကြည့်ရင်တော့ အခုလက်ရှိအနေအထားပေါ့ ။ ပအိုဝ်းပြည်သူလူထုမှာလဲဘဲ အမြင်အားဖြင့် အမျိုးမျိုးရှိကြပါတယ်။ အစိုးရနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက တမျိုး အစိုးရနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းက အမြင်တမျိုးပေါ့။ ဒီအမြင် ၂ မျိုးမှာလဲဘဲ ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ရဲ့အမျိုး သားရေးကိုရှေ့ရှုပြီးမှ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုကမြင်တဲ့အတိုင်း တဖွဲ့ဘဲဖြစ်စေ ချင်တဲ့သူတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့က ကျနော်တို့ရဲ့နိုင်ငံမှာ တကယ်တန်းတူမှုရှိမှာ ညီညီညွတ်ညွတ်ရှိမှ ကျနော်တို့လိုနေတဲ့အခွင့်အရေး တကယ် ပြီးပြည့်စုံမှ ပြည်သူလူလုဆန္ဒကိုကျနော်တို့ ဖြည့်ပေးနိုင်မယ်။ တန်းတူမှုရှိလာ တဲ့ချိန်မှဘဲ လူထုကလဲ ကျနော်တို့အပေါ် နားလည်နိုင်မယ်လို့ကျနော်ထင်ပါတယ်။

သျှမ်းသံတော်ဆင့်။    ။ဟုတ်ကဲ့ သျှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့မြောက်ပိုင်းတောင်မှ တဖွဲ့တည်းဖြစ်သွားပြီလို့ တခါကကြေငြာဖူးတယ်လေခင်ဗျ။ တန်းတူမှုရဖို့ အခွင့်အလမ်း မမြင်ရပေမယ့် ဝင်ထွက်ပြီးတော့ ဆက်သွယ်ကြတာကို တွေ့ရတယ်။ ပအိုဝ်း ၂ ဖွဲ့ကကော တစုတဝေးတည်းဖြစ်ဖို့ ကြိုးစားတဲ့အခြေအနေမရှိဘူးလားခင်ဗျ။

ခွန်သူရိန်။    ။ အချိန်ကစကားပြောပါလိမ့်မယ် အချိန်ကအများကြီးကျန်သေးတယ်။ ဖြစ်တည်နေတဲ့နိုင်ငံ ရေး အခြေအနေက တဖက်နဲ့တဖက် ဝင်ထွက်ဆက်သွယ်နိုင်ဖို့ လမ်းဖွင့်ပေးမယ်ဆိုရင်တော့ ခုနပြောတဲ့အခြေအနေ အတိုင်းဖြစ်လာလိမ့်မယ်ထင်တယ်။

သျှမ်းသံတော်ဆင့်။    ။ပြီးခဲ့တဲ့လက ဗိုလ်မှူးတို့ အစိုးရကိုယ်စားလှယ်နဲ့နေပြည်တော်မှာတွေ့ခဲ့ပြီးနောက်ပိုင်း ထပ်တွေ့ဖို့အလားအလာရှိလားခင်ဗျ။

ခွန်သူရိန်။    ။ ရှိတယ်။ အစိုးရကိုယ်စားလှယ်တွေအကြောင်းကြားလာတာ ဧပြီလ လောက်မှ ထပ်တွေ့ဖြစ်မယ် ထင်တယ်။

သျှမ်းသံတော်ဆင့်။    ။အဲဒီအချိန်ကျရင်ထပ်တွေ့ရင် ဘာတွေတင်ပြဆွေးနွေးမလဲ ဆိုတာကော် သိပြီးပြီလားခင်ဗျ။

ခွန်သူရိန်။    ။ မရှိသေးဘူးခင်ဗျ။

သျှမ်းသံတော်ဆင့်။    ။တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ကနေ ပအိုဝ်း လူထုကိုသျှမ်းပြည်လူထုက ပိုမိုသိရှိလာ အောင် ဘယ်လိုအမှာစကားပြောချင်ပါသလဲခင်ဗျ။

ခွန်သူရိန်။    ။ သျှမ်းပြည်ကြီးဟာ ကျနော်တို့သျှမ်းပြည်သားအားလုံးတဲ့ပိုင်တဲ့သျှမ်းပြည်ဖြစ်ပါတယ်။ သျှမ်းပြည်ကြီး ကြာရှည်တည်တံ့ဖို့ ခိုင်မာဖို့ လွတ်လပ်ဖို့ အားလုံးညီညွတ်မှရတော့မယ်လို့ပြောချင်ပါတယ်။ ကျနော်တို့ စည်းလုံးညီညွတ်မှု ရှိလာအောင် တဖွဲ့နဲ့တဖွဲ့ လူမျိုးတမျိုးနဲ့တမျိုး အပြန်အလှန်နား လည်မှုရှိရ မယ်။တန်းတူမှုပေးရမယ်။ ရိုင်းပင်းမှုရှိရ မယ်။သဘောထားကြီးရမယ်။ မေတ္တာတွေ စေတနာတွေ ဒီစိတ်ဓါတ်တွေကိုမွေးရမယ်။ ရိုးသားရမယ် ကြိုးစားရမယ်လို့ ပြောချင်ပါတယ်။ စည်းလုံးညီညွတ်မှုစိတ်ဓါတ် ကိုလဲ ဘယ်လိုထားရမလဲဆိုတော့ သျှမ်းပြည်မှာရှိတဲ့ သျှမ်းတောင်တန်း ကြီးလိုဘဲစည်းလုံးညီညွတ်မှု စွမ်းအားနဲ့ စိတ်ဓါတ်ထားရှိရမယ်။ ကျနော်တို့ လွယ်မော၊ လွယ်ရေး၊ လွယ်မိုင်အစရှိတဲ့ ဒီအရှေ့ဖက်မှာရှိတဲ့ တောင်တန်းကြီးတွေလိုပေါ့ဗျာ မီးဘယ်လောက်ဘဲလောင်လောင် ဒီတောင်တန်းကြီးတွေက လျော့ မသွားသလို လေဘယ်လောက်ဘဲတိုက်တိုက်ယိုင်မသွားသလို၊ မိုးဘယ်လောက်ဘဲရွာရွာ ပျောက်မသွားသလို စည်းလုံး ညီညွတ်မှုကိုတောင်တန်းကြီးနဲ့ တူညီတဲ့စိတ်ဓါတ်ကိုထားရှိပြီးတော့မှ  ရှေ့တလျှောက်မှာလဲ တိုင်းရင်းသားအား လုံး ညီအကို အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အောင်ပွဲကို အရယူနိုင်လိမ့်မယ်လို့ ကျနော် ဒီလိုဘဲမျှော်လင့် ပါတယ်ခင်ဗျ။