KIO နှင့် အစိုးရကိုယ်စားလှယ်တို့ နှစ်ဘက်အပစ်အခတ်ရပ်ဆဲရေးအတွက် တရုတ်နိုင်ငံ ရွှေလီမြို့၌ မတ်လ ၈ ရက်နေ့ တွင် နောက်ထပ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ရာ အဆိုပါဆွေးနွေးပွဲအပေါ် သုံးသပ်နိုင်ရန် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် နိုင်ငံရေးစစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်း တင်ပြချက်ဖြစ်သည်။
ဇန်နဝါရီလ ၁၉ ရက်နေ့က အဆိုပါ နှစ်ဘက်ကိုယ်စားလှယ်များ ရွေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့အပြီး အချက် ၄ ချက်ပါ သည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
၄င်းကြေညာချက်၌ လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့် နှစ်ဘက်တပ်များ စစ်ရေးအရှိန်လျှော့ချသွားမည် ဆိုသည့် တစ် ချက် ပါ၀င်သော်လည်း လက်တွေ့တွင် ကချင်ပြည်နယ်နှင့် သျှမ်းပြည်(မြောက်ပိုင်း) အတွင်း၌ KIOနှင့် အစိုးရတပ် များ နေ့စဉ် တိုက်ပွဲများ ဆက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
မေး - KIOနဲ့အစိုးရအကြား ဇန်နဝါရီလ ၁၉ ရက်နေ့ ဆွေးနွေးပွဲတုန်းက နှစ်ဘက်စစ်ရေးအရှိန်လျှော့မယ်လို့ ပြောပေမဲ့ ဒီ နေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာက ဘာကြောင့်လို့ ပြောနိုင်မလဲ။
ဖြေ - ဇန်နဝါရီလ ၁၉ ရက်နေ့ ဆွေးနွေးပွဲတုန်းက စစ်ရေးအရှိန်လျှော့မယ် ဆိုပေမဲ့ ဆွေးနွေးပွဲပြီးတဲ့အခါ KIA ရဲ့ တပ် မဟာ ၃ ခွင်မှာထိုင်ထားတဲ့ တပ်မ ၉၉ လက်အောက်ခံ ၉၉၃ ဗျူဟာနဲ့တပ်ရင်း ၃ ရင်းကို အများမြင်သာအောင် ထုတ် သွားတယ်။ ပြီးတော့ ၃ ၊ ၄ ရက်အတွင်းမှာပဲ ၉၉၁ ဗျူဟာကို မိုးမိတ်ဘက်ကနေ ပတ်သွင်းလာပြီး နဂို ၉၉၃ နေရာ ဖြစ်တဲ့ ဗန်းမော်ခွင်ထဲမှာ ပြန်ထိုင်တယ်။
နောက်တစ်ခုက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်း ဆင်ဘိုခွင်ပေါ့ စောစောပိုင်းက ဆိုရင် နမခစစ်တိုင်း လက်အောက်ခံ ဗျူဟာတစ်ခုပဲထိုင်တယ် အခု တပ်ရင်း ၂ ရင်းထပ်တိုးတယ် အလားတူ နမ့်ခမ်းဘက်မှာလည်း ၁၉ ရက်နေ့ မတိုင်ခင် ကာလက တပ်ရင်း ၄ ရင်းပဲရှိတယ် အခုတပ်ရင်း ၂ ရင်းထပ်တိုးလာတယ် ပြောရမယ်ဆိုရင် စစ်ရှိန်မလျှော့ပဲ အင်အား တွေ ထပ်တိုးလာတဲ့အတွက် ဖြစ်တယ်။
မေး - တပ်အင်အားတွေ တိုးလာနေတယ်ဆိုတော့ ဇန်နဝါရီ ၁၉ ရက်နေ့မတိုင်ခင်ကနေ ဒီကနေ့အထိပေါ့ နှစ်ဘက်တပ် အင်အားတွေ အခြေအနေကရော။
ဖြေ - ပြောရမယ်ဆိုရင် ဇန်နဝါရီလ ၁၉ ရက်နေ့ ဆွေးနွေးပွဲမတိုင်ခင်ကထက် အခုရှိတဲ့ တပ်အင်အားက နည်းနည်း တောင် တိုးလာသေးတယ်။ KIO ကလည်း မိုးမိတ်ဘက်မှာ တပ်ရင်းတစ်ရင်းထပ်တိုးတယ် ။ လက်ရှိ ကေအိုင်အေကို ဆိုင်ထားတဲ့ အစိုးရတပ်ရင်းပေါင်း ၉၀ ကျော်လောက်ရှိတယ်။ အစိုးရရဲ့ခြေလျှင်တပ်ရင်းအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း လောက်ကို ကေအိုင်အေနဲ့ဖြစ်တဲ့ စစ်ပွဲတွေမှာ အသုံးပြုနေတာ ဖြစ်တယ်။
မေး - ဘယ်လိုရည်ရွယ်ချက်တွေနဲ့ တပ်အင်အားတွေ တိုးချနေတာလဲဗျ ။
ဖြေ - အကြောင်းပြချက်ကတော့ လုံခြုံရေးပေါ့ ရည်ရွယ်ချက်ကတော့ နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ဖို့ ဖြစ်တယ်။ နမ့်တူနဲ့ နမ့်ခမ်းကြားထဲမှာ တရုတ်နိုင်ငံတော်က အကောင်အထည်ဖေါ်နေတဲ့ လုပ်ငန်းတွေ လုံခြုံရေးကို အကြောင်း ပြပြီးတော့ တပ်ရင်းတွေတိုးချတယ် ။ တကယ့်ရည်ရွယ်ချက်က ကေအိုင်အေ တပ်မဟာ ၄ နဲ့ ၃ ကိုဖြတ်တောက်ဖို့ အလားတူပဲ ကေ အိုင်အေ တပ်မဟာ ၂ နဲ့ ဗဟိုကိုဖြတ်တောက်ဖို့အတွက် ဆင်ဘိုဘက်မှာလည်း တပ်တွေတိုးချ တာဖြစ်တယ်။
မေး - လက်နက်ကိုင်တွေနဲ့ပတ်သက်လို့ အစိုးရဘက်က အပစ်အခတ်ရပ်ဆဲရေးကိစ္စကို အဆင့် ၃ ဆင့်နဲ့သွားမယ် ဆိုတဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ - လက်ရှိအပစ်အခတ်ရပ်ဆဲရေးက အစိုးရဘက်က နိုင်ငံတကာမျက်နှာစာမှာ ငြိမ်းချမ်းနေတယ်ဆိုတာကို ပြချင်တယ် အမျိုးသားလက်နက်ကိုင်တွေအချင်းချင်းကြားမှာ ပြဿနာတွေအများကြီးဖြစ်အောင် ဖန်တီးထားတယ်။ ဥပမာ ပြော မယ်ဆိုရင် နမ့်ခမ်းဧရိယာ တစ်ဝိုက်မှာပဲ နေရာအတိအကျ မသတ်မှတ်နိုင်ပဲနဲ့ တပ်တွေအများကြီးရောနေတာ ရှိတယ်။
အဲဒီခွင်ထဲမှာ အက်အက်အေ (မြောက်ပိုင်း) တပ်တွေရော တောင်ပိုင်းတပ်တွေရော ရောက်နေတယ် ကေအိုင်အေ တပ် လည်းရှိတယ် အလားတူမိုးမိတ်ဘက်မှာလည်းရှိတယ်။ နောက် ပလောင်တပ်ဖွဲ့တစ်ဖွဲ့ရှိတယ် ဗမာတပ်တွေလည်းရှိတယ် သကဆဖအဖွဲ့တွေလည်းရှိတယ်။
ဒီလောက်များတဲ့တပ်တွေကြားထဲမှာ ပြည်သူလူထုရဲ့ အခြေအနေဘယ်လိုရှိမလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ် ။ ဒုတိ ယ အဆင့်ဖြစ်တဲ့ ဒေသဖွံ့ဖြိုးရေးဆိုတာလည်း လက်နက်ကိုင်တွေအတွက် ထောင်ချောက်တစ်ခုပဲ ကေအိုင်အေက ၁၇ နှစ်လုပ်ခဲ့ပြီးပြီ ၀သပကနှစ် ၂၀ လုပ်ခဲ့ပြီးပြီ ဘာမှဖြစ်မလာဘူး ဗိုလ်ခင်ညွန့်တုန်းကလည်း လုပ်ခဲ့ပြီးပြီတိုက်ချင်တဲ့ အချိန် ပြန်တိုက်တာပဲ။
မေး - ဒီအခြေအနေအရ ဆိုရင် KIOနဲ့အစိုးရတို့ လာမဲ့ဆွေးနွေးပွဲ အလားအလာကရော။
ဖြေ - လာမဲ့ဆွေးနွေးပွဲမှာ အဓိက ပြောရမှာက တပ်တွေလျှော့မယ်ပြောထားပေမဲ့ တကယ်တမ်းမလျှော့ပဲနဲ့ နည်း သဏ္ဍန် မျိုးစုံနဲ့တပ်တွေတိုးလာတယ် ကေအိုင်အေကို နည်းသဏ္ဍန်မျိုးစုံနဲ့စစ်ရေးအရချုပ်နေတဲ့ ဥစ္စာတွေကို ထောက်ပြဖို့လိုမယ် ဒါတွေကို ဖြေရှင်းနိုင်မှ အပစ်အခတ်ရပ်ဆဲရေးဆိုတာ ဖြစ်လာမယ် အပစ်အခတ်ရပ်ဆဲရေးနဲ့တွဲပြီး နိုင်ငံရေးပြဿနာကို အခိုင်အမာ ဖြေရှင်းပါမယ်ဆိုတဲ့ ကတိကဝတ်ကို ရအောင်လုပ်ရမယ်။
မေး - နောက်ဆုံးတစ်ခုပေါ့နော် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နဲ့ ပတ်သက်လို့ ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ - စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် အပစ်အခတ်ရပ်ဆဲရေးနဲ့ နိုင်ငံရေးဆွေးနွေးမှု တစ်ပြိုင်တည်းလုပ်ရမယ် တဆင့်စီ သွားလို့မရဘူး တဆင့်စီသွားတာနဲ့ ပြဿနာပေါ်ပြီ အပစ်အခတ် ရပ်ဆဲရေးလုပ်တဲ့ တစ်ပြိုင်နက်တည်းမှာ နိုင်ငံ ရေး အရ အာမခံချက်ပေးရမယ်။
နိုင်ငံရေးအရဖြေရှင်းပြီးတဲ့အချိန်မှာ သက်ဆိုင်ရာဒေသတွေကို လူမျိုးအရသတ်မှတ်ပါ သတ်မှတ်ပြီးတဲ့အချိန်မှာ တည်ငြိမ် မှုဟာ အစပျိုးလာပြီလို့ပြောလို့ရပြီ ဒေသဖွံ့ဖြိုးရေးဆိုတာ သက်ဆိုင်ရာအစိုးရက လုပ်လို့ရတယ်။ သျှမ်းပြည် နယ်ဆို သျှမ်းပြည်နယ်အစိုးရက သူ့ဟာသူလုပ်လိမ့်မယ်။ အဲလိုလုပ်နိုင်ဖို့အခွင့်အရေးမေပးဘူးဆိုရင် ဒေသဖွံ့ဖြိုးရေး လုပ်တာဟာ အမှန်ပြောရရင် လက်နက်ကိုင် အဖွဲ့တွေ အတွက် ထောင်ချောက်ပဲလို့ ပြောတာပေါ့။