“အမျိုးသားတန်းတူရေး”နှင့် လွှတ်တောနိုင်ငံရေး ဘယ်လမ်းလိုက်မလဲ ( KIO တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးလနန်နှင့် အင်တာဗျူး)

“အမျိုးသားတန်းတူရေး”နှင့် လွှတ်တောနိုင်ငံရေး ဘယ်လမ်းလိုက်မလဲ ( KIO တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးလနန်နှင့် အင်တာဗျူး)
by -
သျှမ်းသံတော်ဆင့်

KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဇန်နဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် တရုတ်နိုင်ငံ ရွှေလီမြို့ ၌  နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံဆွေးနွေးခဲ့ရာ ၄င်းအစည်းအဝေးပြီးဆုံးသွားပြီ ဖြစ်ပြီး နှစ်ဘက်ဆွေးနွေးမှု အခြေ အနေကို သျှမ်းသံ တော်ဆင့်မှ ဂျန္နဝါရီ ၁၉ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က KIO ပြောခွင့်ရ တွဲဘက်အတွင်းရေးမှူး ဦးလနန် ကို ဆက်သွယ်မေး မြန်းထားချက် ဖြစ်သည်။

KIO and Burma

မေး- KIOနဲ့ အစိုးရကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပြီးပြီလား။
ဖြေ - ဒီနေ့မနက် ၉ နာရီလောက်မှာစတယ် ၁ နာရီလောက်မှာ အစည်းအဝေးပြီးသွားပါပြီ။

မေး - KIO ကဘာတွေတင်ပြဆွေးနွေးခဲ့ပါသလဲခင်ဗျ။
ဖြေ - ကျနော်တို့ ဘက်က အပစ်အခတ်ရပ်ဆိုင်းရေးဆိုတာကို အဓိကမထားပဲနဲ့ နိုင်ငံရေးတွေ့ဆုံဆွေး နွေးဖို့ပဲ ပြောဆိုတာပေါ့နော် ပင်လုံကို အခြေခံတဲ့ တိုင်းရင်းသားတွေရဲ့အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ကိစ္စ အဓိကထားပြီး ဆွေးနွေး တာ မျိုးရှိတယ်။ ကျနော်တို့ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကနေ စာနဲ့တင်ပြထားတဲ့ အချက်တွေရှိတယ် ဒီနေ့အစည်းအဝေး မှာလည်း အဲဒီကိစ္စတွေ တော်တော်ပြောဆိုဖြစ်တယ်လို့ သိရတယ်။

မေး - KIOရဲ့တင်ပြဆွေးနွေးချက်တွေအပေါ်မှာ အစိုးရကိုယ်စားလှယ်ဘက်က ဘယ်လိုတုန့်ပြန်သလဲခင်ဗျ။
ဖြေ - သူတို့ဘက်ကတော့ အပစ်အခတ်ရပ်ဆိုင်းရေး လုပ်ရအောင်လို့ ပြောဆိုတာမျိုးရှိတယ်ခင်ဗျ။ အစိုးရ အဖွဲ့တွေ ကတော့ ပင်လုံဆိုတဲ့ဝေါဟာရကို လိုလိုလားလားမရှိဘူးခင်ဗျ။ ကျနော်တို့ဘက်ကတော့ ပင်လုံမှာရယူခဲ့တဲ့ တိုင်းရင်း သားတွေရဲ့အခွင့် အရေးကို ဆုပ်ကိုင်ထားပြီးမှပဲ တိုင်းရင်းသားအခွင့်အရေးကို လုပ်ဆောင်မှရမယ် ဆိုတော့ ပင်လုံဆို တဲ့ ဝေါဟာရကို ပယ်ဖျက်ဖို့ မရှိဘူး ကျနော်တို့ဘက်က တင်ပြထားတဲ့ စာတမ်းတစ်ခုရှိတယ် အဲဒီ စာတမ်းကို သူတို့ ဘက်က လက်ခံယူသွားတယ် ဒီနေ့ကတော့ ပဏာမအနေနဲ့တွေ့ဆုံပြီးဖြစ်ကြောင်းပေါ့နော် ကြေညာချက်  ထုတ်ပြန်ပြီး မှပဲ အစည်းအဝေးကို နိဂုံးချုပ်တယ်။

မေး - အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စတွေမှာ အစိုးရကို်ယ်စားလှယ်အဖွဲ့က ဘယ်လိုသဘောထားလဲ ခင်ဗျ ။
ဖြေ -  ပြည်ထောင်စုအစိုးရကိုယ်စားလှယ်တွေကလည်း လက်ခံတဲ့အပိုင်းတွေ အများကြီး ရှိပါတယ် နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးဖို့ဆိုတာကိုလည်း လက်ခံတယ် ။ တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်း တူရေးနဲ့ ကိုယ်ကြမ္မာကိုယ် ဖန်တီးရေးကိစ္စတွေမှာ လည်း နောက်ဆုံးကျတော့ ဟုတ်ပါတယ်ဝိုင်းပြီးလုပ် ကြတာပေါ့ ဆိုတာမျိုးပြောဆိုလာတာ ရှိတယ်။

မေး - ဒီဆွေးနွေးပွဲကနေ ဘာမျှော်လင့်နိုင်လဲ ခင်ဗျ။
ဖြေ - ဒီတစ်ရက် နှစ်ရက်နဲ့တော့ နိုင်ငံရေးလမ်းကြောင်းပေါ် တက်လာနိုင်အုံးမှာ မဟုတ်ဘူး ဒါပေမဲ့ နှစ်ဦးနှစ်ဘက် နိုင်ငံရေးနည်း လမ်းနဲ့ ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတဲ့ကိစ္စကိုတော့ သူတို့ဘက်က အများကြီးလက်ခံသွားတာ ရှိတယ်ခင်ဗျ။ နောက်နောင် လည်း မနေ့ကနဲ့ ဒီနေ့တွေ့တဲ့ကိစ္စအပေါ်မှာ မူတည်ပြီးမှ အခုစထားတဲ့လမ်းကြောင်းကို ဆက်ပြီးဆွေးနွေးနိုင်မယ်လို့ မျှော်လင့် တယ်ခင်ဗျ။ ရှေ့ဆက်ပြီး နိုင်ငံရေးဆွေးနွေးဖို့ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ စာနဲ့ဖြစ်ဖြစ်ဆက်သွယ်ပြီး လုပ်ရမဲ့လမ်းကြောင်းကတော့ ပေါ်ပေါက်လာပြီလို့ပြောလို့ရတယ်ခင်ဗျ။

မေး - အခုဆွေးနွေးပွဲအပြီး စစ်ရေးအခြေအနေရော ဘယ်လိုဖြစ်လာနိုင်သလဲခင်ဗျ။
ဖြေ - ဒီကနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အချက် ၄ ချက်ရှိတယ်ခင်ဗျ။ နံပတ် ၄ အချက်မှာ စစ်ရေးအရှိန်များကို ထိန်းသိမ်း သွားနိုင်ရန်နှင့် ယုံကြည်မှုတည်ဆောင်နိုင်ရန်အတွက်ပြဿနာဖြစ် ပွားနိုင်သည့် ဒေသများရှိ နှစ်ဘက်တပ်များအား ညှိနှိုင်းဆောင် ရွက်သွားမယ်ဆိုတဲ့ကိစ္စတစ်ခုပါတယ်။ အဲဒီကိစ္စကတော့ အရေးကြီးတာပေါ့ခင်ဗျာ။ ဆွေးနွေးမှုအရှိန်အဟုန်မြှင့် သွားဖို့ နှစ်ဘက် တပ်တွေရဲ့ နေရာချထားမှုအပေါ်မှာ ညှိနှိုင်းဆောင်ရွက်သွားမယ် ဆိုတဲ့ကိစ္စပါထား တယ်ခင်ဗျ။ ဒါပေမဲ့ဒီလိုပါထား တယ်ဆိုပေမဲ့ ကာကွယ်ရေးဦးစီးဋ္ဌာနမှာ ဆုံးဖြတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကပါမလာဘူး။ အမြင့်ဆုံးက ဒုတိယ ဗိုလ်မှူးကြီးတစ်ယောက်ပဲပါခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့ KIO အဖွဲ့အစည်းကတော့ အစိုးရ စစ်တပ်ရဲ့ လှုပ်ရှားမှု သဘောထားကို စောင့်ကြည့်ရမဲ့ အခြေအနေဖြစ် တယ် ။

မေး - တိုင်းရင်းသားတွေနဲ့ တောင်းဆိုမှုကို အစိုးရအဆက်ဆက်က ပြည်ပသွေးထိုးမှုတွေကြောင့်လို့ ပြောလာတာရှိပါတယ်။ အခုရော အဲလိုပြောဆိုတာရှိသေးလား ။
ဖြေ - လက်နက်ကိုင်တိုင်းရင်းသားတွေကို ပြည်ပပရောဂကြောင့်ဖြစ်ရတယ် ဆိုတဲ့ဟာက အရင်မဆလ ခေတ်က အတွေး အခေါ် ပေါ့နော် အခုပြောမယ်ဆိုရင်လည်း ဘယ်သူမှအယုံအကြည်မရှိတဲ့ ကိစ္စပေါ့နော် လက်နက်ကိုင်အင်အားစုတွေ ဘာကြောင့် ပေါ် ပေါက် လာရတယ်ဆိုတာ လူကြီးတွေအားလုံးသိပါတယ်။ မသိချင်ယောင်ဆောင်ပြီးနေကြတဲ့အတွက်ကြောင့် အဲလိုပြောတဲ့ ကိစ္စတွေပါ။

မေး - ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ လွတ်တော်နိုင်ငံရေးလမ်းကြောင်းကသာ ဥပဒေတွေကို ပြင်နိုင်ပြီး ပြုပြင် ပြောင်းလဲနိုင်မယ်လို့ပြောနေတာရှိတော့ KIOကို လွှတ်တော်ထဲဝင်ဖို့ ပြောသွားသေးလား။
ဖြေ - မနေ့က ဦးအောင်သောင်းကနေပြီး အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ အဲလိုပြောပါတယ် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လို့ရပါတယ် ဥပဒေထဲမှာလည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ် ဆိုတဲ့ဟာမျိုး တော်တော် လေး ကျယ်ကျယ် ပြန့်ပြန့် ပြောဆိုသွားတာမျိုးရှိတယ်။

မေး - လွှတ်တော်ဝင်ရေးကိစ္စ KIO ကစဉ်းစားထားတာများရှိလားဗျ။
ဖြေ - ၂၀၀၈ ဖွဲ့စည်းပုံလမ်းကြောင်းကနေ လက်နက်ကိုင်တိုင်းရင်းသားတွေ ၀င်ဖို့ဆိုတာ မဖြစ်နိူင်သေးဘူး ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ၂၅ ရာခိုင်နှုန်းက စစ်တပ်ကဖြစ်နေတယ် နောက်ပြီးအမျိုးသားနိုင်ငံရေးမှာ စစ်တပ်ကနေ ဦး ဆောင် ဦးရွက်ပြုရမယ် ဆိုတဲ့အခန်းကဏ္ဍအများကြီးပါတယ် ဒါကြောင့်မို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော် တို့ KIO အဖွဲ့အစည်းအနေနဲ့ ပြောဆိုဖို့လည်း မရှိတော့ပါဘူး ဒီထက်ဝေဘန်စရာအကြောင်းလည်း မရှိတော့ပါဘူး။ ပြည်ထောင်စုစပေါ်လာကတည်းက တိုင်းရင်းသား တွေရဲ့ရပိုင်ခွင့်ပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုကို အမြဲတမ်း ပြောလာပါတယ်။ ဒါပေမဲ့အစိုးရကတော့ အဲဒီအချက်ကို ပယ်ဖျက်ချင်နေတာပါပဲ ဆိုလိုတာကတော့ ပင်လုံဆိုတာကို သူတို့မသုံးချင်ဘူးခင်ဗျ။ ပင်လုံဆိုတာ လွန်ခဲ့တဲ့နှစ် ကာလတွေကြာရှည်ခဲ့ပါပြီ အခုကဒီခေတ်မဟုတ်တော့ပါဘူး - ဆိုတဲ့ဟာမျိုး။ အဲဒါဘာလဲဆိုတော့ စစ်မှန်တဲ့ပြည်ထောင်စုကို အသိအမှတ်မပြုချင်တဲ့ သဘောပါပဲလေ ။

မေး - နောက်ထပ် ဘယ်တော့လောက် ထပ်တွေ့ဖြစ်မလဲ။
ဖြေ - အဲဒါလည်း အခုချက်ခြင်း ရက်သတ်မှတ်တာမျိုးမရှိသေးဘူး သူတို့ကလည်း အခုပေးလိုက်တဲ့စာအ ပေါ်မှာ သက်ဆိုင်ရာကို ပြန်ပြီးတင်ပြရအုံးမယ်လို့ ယူဆတယ်ခင်ဗျ။ သူတို့ဟိုမှာပြန်ရောက်ပြီးမှတင်ပြသင့် တာတင်ပြပြီးမှ ဘယ်မှာတွေ့မယ်။ ဘယ်အချိန်မှာတွေ့မယ်ဆိုတာ ပြန်ပြီးညှိနှိုင်းရမဲ့ သဘောရှိတယ်။

Most read this week