လက်တွေ့မြင်ရအောင် တေ့တေ့ဆိုင်ဆိုင် ရှင်းပြချင်

လက်တွေ့မြင်ရအောင် တေ့တေ့ဆိုင်ဆိုင် ရှင်းပြချင်
by -
သျှမ်းသံတော်ဆင့်

လာမယ့် ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျားဖြူပါတီအနေနဲ့ လွှတ်တော်ကိုယ် စားလှယ် ၄ နေရာဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါ တယ်။ ဒီအထဲမှာ သျှမ်းပြည် တောင်ပိုင်းကလောမြို့ နယ်က လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် အမတ်ဦးတင်နိုင်သိန်းရဲ့နေရာ မှာ ဦးခွန်ထွန်းဦးတို့အမှုတွဲ ကနေထောင်ဒဏ် ကအစောဆုံးလွတ်မြောက် လာတဲ့ စဝ်သာဦး ကဝင်ရောက်ယှဉ်ပြိုင်မယ်လို့သိ ရပါတယ်။

အမျိုးသားရေးအတွက်
လုပ်ရင်း ထောင်ကျခံရဖူးပေမယ့် စိတ်မပျက်သေးဘဲ ကျားဖြူပါတီကနေ ထပ်ပြီးဝင်ပြိုင်မယ်ဆိုတာ ဘာရည် ရွယ်ချက်ကြောင့်လဲ။ အမှုရဲ့ဖော်ကောင်လို့ အပြောခံနေရတဲ့ အပေါ်မှာကော ဘယ်လိုခံစား နေရပါသလဲ ကလောမြို့ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စဝ်သာဦးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
စဝ်သာဦး
မေး။    ။ ကျားဖြူပါတီကနေ ဝင်ပြိုင်ရတဲ့ရည်ရွယ်ချက်။

ဖြေ။    ။ ကိုယ့်ပြည်နယ်မှာရှိတဲ့ ပြည်နယ်သူ ၊ သားတွေ ရဲ့ အားနည်းချက်၊ ကိုယ်ရဲ့လိုအပ်ချက်ကို
အများသိ အောင် ပြောပေးနိုင် တဲ့သူတယောက်အနေနဲ့ ရပ်တည်ပေးချင်လို့ပါ။

မေး။    ။ ပြည်သူ့ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့ ဆရာ့ကို ရွှေလီဖက်က ကျားဖြူပါတီဝင်တွေရော လူထု တချို့ရော  ကန့်ကွက်နေကြတယ်ကြားတယ်။ ဆရာ့ဖက်ကကော ဒီသတင်းကြားမိပါရဲ့လားခင်ဗျ။

ဖြေ။    ။ ကြားမိပါတယ်ခင်ဗျ။ ဒီကိစ္စဘယ်လိုပြောမလဲဆိုတော့ ကျနော်တို့လူမျိုးတချို့ အမြင်မှန်ကို သိပ်မမြင်တတ် သေးဘူးလို့ပြောရမှာပေါ့။ အဖြစ်အပျက်အမှန် အကုန်လုံးကို ကျနော့်အနေနဲ့ရှင်းပြပိုင်ခွင့် မရှိသေးဘူး။ ဒီတော့အပြင်မှာ ကြားနေရတဲ့အတိုင်း တယောက်ပြီးတယောက် ကြားရတဲ့ဟာတွေကို တည်ပြီးတော့ အထင်လွဲတာလဲဖြစ်နိုင်တယ်လေ။ ကျနော်နဲ့အတူတူ အထဲရောက်သွားတဲ့ ပုဂ္ဂိုလ်တွေထဲ ကခုဆိုရင် ဦးဆေထဲန်တော့ ပြန်ထွက်လာပြီပေါ့။  ဦးဆေထဲန်ကိုမေးကြည့်ရင် အားလုံးသိမှာဘဲ။ ဘာလို့လဲဆိုတော့ အထဲမှာဖြစ်ခဲ့တဲ့ အနေအထားပေါ်တည်ပြီးတော့ အပြင်ကတဆင့်တဆင့် တယောက်ပြီးတယောက်ကနေ ဝါဒဖြန့်ပြီးတော့မှကျနော့်ကိုပုဂ္ဂိုလ်ရေးအရ ကြည့်မရတဲ့တယောက် ယောက် ကနေပြီးတော့ပေးလိုက်တဲ့သတင်းလဲ ဖြစ်နိုင်တာဘဲလေ။ ကျနော်တို့ အထဲရောက်သွားတဲ့ ကိစ္စမှာလဲဘဲ အများအတွက် လုပ်ရင်းနဲ့ရောက်သွားကြတာဘဲ။ ပြီးတော့ ကိုယ့်လွတ်မြောက်ရေးအတွက် တခြားတယောက်ကိုတက်နင်းပြီး တော့လွတ်လာတာမရှိခဲ့ဘူး။ အဲဒါတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေပိုပြီး သိမှာပါ။ ဝင်သွားတဲ့ပုဂ္ဂိုလ်တွေမှာ အထဲမှာဘယ်လိုဖြစ်ကြတာလဲ။ ဘယ်လို မျိုးရင်ဆိုင်ကြရသလဲဆိုတော့ တကယ့်ကာယကံရှင်တွေဘဲ သိကြမှာလေ။ ကာယကံရှင်တွေမှာလဲ ဆန္ဒစွဲပါ တဲ့ပုဂ္ဂိုလ်တွေနဲ့ ဆန္ဒစွဲမပါတဲ့ပုဂ္ဂိုလ်အဲဒီအပေါ်မှာတည်ပြီးတော့မှ အဖြစ်မှန်တွေပေါ်မှာဘဲ။ ကျနော့် အပေါ် အမြင်ပေါ့လေ။ ကျနော့ကိုဒီလိုမျိုးမြင်တဲ့ပုဂ္ဂိုလ်တွေကို ကျနော်စိတ်လဲ မဆိုးပါဘူး။ ဘာလို့လဲဆိုတော့ ကြား သိရတဲ့ သတင်းတခုပေါ်မူတည်ပြီးတော့မှ အဲလိုသုံးသပ်ပြီးဆုံးဖြတ်ချင်ဆုံးဖြတ်မှာ ပေါ့လေ။ ကျနော့်ရဲ့ စေတနာမှန် ကိုတချိန်ချိန်ပြနိုင်လို့ ပြနိုင်ခဲ့တဲ့အချိန်ရောက်ခဲ့လို့ ပြနိုင်ခဲ့ရင်သူတို့သဘော ပေါက်လာမှာပါ။

မေး။    ။ ဆရာအဲဒီတုန်းက ထောင်ထဲဝင်သွားရတဲ့အကြောင်းရင်းကို စစ်အစိုးရက ဘယ်လိုပြောပြီးခေါ်သွား သလဲခင်ဗျ။

ဖြေ။    ။ ကျနော်တို့ကိုအဲဒီတုန်းက နိုင်ငံတော်ပုန်ကန်မှု ဆိုပြီး စွဲတယ်။ အမျိုးသားညီလာခံကိုကဖျက်ယဖျက်လုပ်တဲ့အမှုလို့သတ်မှတ်ပြီးတော့ အရေးယူခံရတယ်ပေါ့လေ။  ဒါမယ့်ကျနော်တို့တကယ်တမ်းလုပ်ခဲ့ကြတဲ့ကိစ္စ အဲဒီကိစ္စမှမဟုတ်တာ။ အသိအမြင်လွဲနေကြတဲ့ပုဂ္ဂိုလ်တွေကို အကြံဉာဏ်ပေးနိုင်အောင်၊ ကိုယ့်ထက်ပိုပြီးတော့ ဦးနှောက်ကြီးတဲ့လူတွေဆီက အကြံဉာဏ်တွေယူနိုင်အောင် လမ်းဖွင့်တဲ့သဘောဘဲလုပ်ခဲ့တာဘဲ။

မေး။    ။ အဲဒီတုန်းက ဆရာ့ကို ပြစ်ဒဏ်ဘယ်နှစ်နှစ်ချခဲ့တာလဲခင်ဗျ။

ဖြေ။    ။ ကျနော့ကို ၁၉ နှစ်ပါ။

မေး။    ။ အဲဒီတုန်းက ဘယ်သူတွေပါပြီး ဘာဖြစ်လို့ ပြစ်ဒဏ်ချင်းကကွာသွားတာလဲခင်ဗျ။

ဖြေ။    ။ အဲဒီတုန်းက အဖမ်းခံရတဲ့ ၉ ယောက်မှာအသွင်အရပြောရင် ၃မျိုးဖြစ်နေတယ်။  SNLD  ပါမယ်။ SSA ပါမယ်။ အပြင်ကပုဂ္ဂိုလ်တွေဖြစ်တဲ့ ဆရာဦးမြင့်သန်း တို့အဖွဲ့ပါမယ်။ ဒီ ၃ ဖွဲ့ထဲမှာ ဥပဒေအရကြည့်ရင် တယောက်ယောက်ကလွတ်မှာဗျ။ မလွတ်လို့ရှိရင် ဒီအမှုမဖြစ်ဘူး။ ဒါပေမယ့် ဒါကျနော်နောက်မှသိတဲ့ကိစ္စပါ။
အဲဒီအချိန်မှာ  SNLD ဟာ သူတို့ပြောသလိုမျိုး ကမကထ လုပ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်တမ်းလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေက အထဲမှာကျန်နေပြီး ဘာမှမဟုတ်တဲ့လူကထွက်လာရတယ်ဆိုတာကြီးက လုံးဝမဖြစ်သင့်တဲ့ကိစ္စလေ။ သေချာတာကတော့ ကျနော်ဘယ်သူ့ကိုမှ မနင်းခဲ့ဘူး။ဘယ်သူ့ကိုမှ အပုပ်မချခဲ့ဘူး။ တတ်နိုင်သမျှ အဆင်ပြေအောင် အားလုံးအတွက်ပေါ့နော်။ ဒါပေမယ့် ကျနော် ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကို ကျနော်ဒီလိုနေရာမျိုးရလာတဲ့တနေ့ အများကိုပြန်လည် ပြောပြနိုင်တဲ့ အနေအထားတခုရှိပါလိမ့်မယ်။

မေး။    ။ အော်- အဲဒီလိုဆိုရင် လွတ်တုန်းက ဘယ်လိုမျိုးအကြောင်းပြပြီးလွှတ်ပေးတာလဲခင်ဗျ။

ဖြေ။    ။ ဘာအကြောင်းမှ မပြောဘူးခင်ဗျ။ လွှတ်ပေးလိုက်ပြီးအပြင်ရောက်တော့ - နောက်ဒီလိုမျိုးအလားတူပုံစံကိစ္စမျိုး  မဖြစ်အောင်နေပေးဖို့ အဲတာကိုကတိပေးနိုင်ရင်လွှတ်ပေးမယ်ဆိုပြီးပြောတော့ ကျနော်တို့ကနဂိုကတည်းက ဒီလိုမျိုးလုပ်ဖို့ ရည်ရွယ်ချက်မှမရှိဘဲ။ နောက်ပြီး ပုန်ကန်မယ့်ဟာ။ နိုင်ငံတော်ကနေခွဲထွက်မယ့်ကိစ္စ တွေးတောင်မတွေးဖူးဘူး။ အဲ့ကြောင့်သူတို့တောင်းတဲ့ကတိ မပေးနိုင်စရာအကြောင်းကိုမရှိဘူး။

မေး။    ။ အခုအခြေအနေမှာ ဆရာက ကိုယ့်ဟာကို အေးဆေးဆေးနေနေလို့ရပြီ။ ဘာဖြစ်လို့ နိုင်ငံရေးပါတီ ထဲပြန်ဝင်လာရတာလဲ။

ဖြေ။    ။ ဘယ်သူနဲ့ဘဲတွဲလုပ်ရလုပ်ရအဓိကက ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘဲလေ။ မတူတဲ့ဟာကို တပိုင်းထား ကိုယ့်လူမျိုး ကောင်းစားဖို့ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်တော့ လက်တွဲဖို့ဝန်မလေး ပါဘူး။ ဒီရည်ရွယ်ချက်နဲ့လုပ် ခဲ့ဖူးတယ်။ လုပ်ခဲ့တဲ့နေရာမှာ အထင်လွဲခံရဖူးတယ်။ ဒီလို အထင်လွဲခံရတာတွေ အပုပ်ချခံရတာတွေ ကတော့ ဒီနိုင်ငံ ရေးလောကထဲဝင်လာတဲ့လူတိုင်းခံရမှာမလွဲပါဘူး။ ဒါပေမယ့်ကျနော် အလေးမထားပါဘူး။ ကျနော်လုပ်ပေးနိုင်တဲ့အခါကောင်း ကျိုးမြင်လာရင်လူတွေက ကျနော့်စေတနာကို နားလည် ကြမယ်လို့ထင်တာဘဲ။ နဝတခေတ်တုန်းက ကျနော်ရေအေးကွင်း ရပ်ကွက်မှာ ဥက္ကဌလုပ်ခဲ့ဖူးတာ ဘဲ။အဲဒီချိန် တုန်းကလဲ အထက်က ညွှန်ကြားလာသမျှကျနော်လုပ်ပေးတာမဟုတ်ဘူး။ ကျနော့်ရပ်ကွက် သားတွေနစ်နာ စေမယ့် ကျနော့်ရပ်ကွက်သားတွေ အကျိုးယုတ်စေမယ့်အလုပ်ဆိုရင် အထက်ကို ကျနော် အမြဲတမ်းပြန်ပြီး ပြောပြ တယ်။

အထက်လူကြီးတွေ လက်ခံအောင်လဲ ရှင်းပြ ပြောပြဖို့ လိုတယ်ပေါ့။ ဒီလိုအတွေ့အကြုံ လဲရှိလာဖူးတော့ ခုလဲ နိုင်ငံတော်အဆင့်မှာလဲ လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ပြည်သူလူထုကြားမှာအဆင်ပြေစေချင်တယ်။ အဲတာမှလဲဘဲ တိုးတက် မှာလေ။အပေါ်နဲ့အောက်နဲ့ တယောက်နဲ့တယောက်အထင်လွဲနေတဲ့ကိစ္စမျိုးနားလည် လာအောင် ကျနော်လုပ်ပေးချင်တယ်။

ကျနော့်သဘောကတော့ ခုလိုပြောပြမယ်ဆိုရင်ကိုယ်မလုပ်နိုင်တဲ့အချိန်မှာ လုပ်နေတဲ့ပုဂ္ဂိုလ် တွေ  သူတို့ဆီကနေ ရသမျှ ယူချင်တယ်။ ရသမျှကိုကိုယ့်အောက်ကလူတွေကိုပြန်ပေးချင်တယ်။ မရနိုင်တဲ့ကိစ္စဆိုရင်လဲ အောက်ကို ကျနော်ဘယ်တော့မှဖိအားမပေးဘူး။ ဒီလိုမျိုး ကြားထဲကနေ ဝါရှာလုပ်ပေးတဲ့ဆန္ဒ ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တယ်။

ကျောင်းသားဘဝတုန်းကလဲ ထို့အတူဘဲ ဆရာမကြီးတွေကောင်းကျိုးအတွက်ဆိုရင်တော့ ကျောင်းသားတွေဖက်ကနေပြီး ကျနော်ကရန်ဖြစ်ပေးတယ်။ ကျောင်းကောင်းကျိုးအတွက်ဆိုရင်တော့ ကျောင်းသားတွေကိုကျနော် နားလည်အောင်ရှင်းပြပေးတယ်။ ခုလဲ ဒီကလောဒေသဟာ ကျနော့်အဖိုးရဲ့ဒေသဖြစ်တယ်။ကလောလူထုရဲ့ နိမ့်ကျနေတဲ့အတွေးမြင်တွေကိုဆွဲတင်ချင်တယ်။ တဖက်ကလဲ ကျနော့်ကိုအထင်လွဲနေတဲ့လူတွေကို လုပ်ပြချင်တယ်။ အထဲမှာရှိနေတဲ့လူတွေ ပြန်ထွက်လာရင်လဲ ကျနော်လုပ်နေတာတွေ လက်တွေ့မြင်ရအောင်ပြချင်သလို တေ့တေ့ဆိုင်ဆိုင်ရှင်းပြချင်လို့ ခုလိုလုပ်နေရတာဖြစ်ပါတယ်။

မေး။    ။ ကလောက လူထုကိုယ်စားလှယ်တွေကကော ဆရာ့အပေါ် ဘယ်လိုမြင်ကြပါသလဲခင်ဗျ။

ဖြေ။    ။ အခုကျနော်ကြုံတွေ့လာရတဲ့သူတွေထဲမှာတော့ ခုလိုအထင်အမြင်မျိုး ရာခိုင်နှုန်းတခုမှမရှိခဲ့ပါ
ဘူး။

မေး။    ။ ဆရာ့ကို အဲလိုမြင်တဲ့မြောက်ပိုင်းကအဖွဲ့ကိုကော ဆရာဘယ်လိုပြောချင်ပါသလဲခင်ဗျ။

ဖြေ။     ။  တချိန်ချိန် အမှန်ကိုသိလာတဲ့အချိန်ကိုဘဲစောင့်မှာပါ။ သူတို့ဒီလိုမြင်တယ်ဆိုတာလဲ ကျနော်စိတ်မဆိုးပါဘူး။ ဒီလိုမြင်တဲ့လူတွေကိုလဲ ကျနော်မသိသလို ကျနော့ပုဂ္ဂိုလ်ရေးကိုလဲ သူတို့သိချင်မှသိမှာမို့လို့ပါ။ ပြီးတော့ ဒီ SNDP  ရဲ့  CEC ပုဂ္ဂိုလ်တွေကလဲ အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေမှမဟုတ်တာ။ ကျနော့်မှာ ဒီလိုပြစ်ဒဏ်ရှိတဲ့လူတယောက်ဆိုရင် သူတို့လဲ ကျနော့်ကိုဘယ်လက်ခံမှာလဲ။

မေး။    ။ ဟုတ်ကဲ့။ လက်ရှိနိုင်ငံရေးအခြေအနေမှာ ဘယ်လောက်အထိ မျှော်လင့်ချက်ရှိနေလို့ ဆရာကကျားဖြူပါတီကနေ ပြန်ပြီး လူထုကိုအကျိုးပြုချင်တာလဲ။

ဖြေ။    ။ ပါတီဆိုတာ လူတွေက အများကြီးလေ။ ပေါက်ဖွားရာဇာတိအဖုံဖုံကနေပြီး ရည်ရွယ်ချက်တခုထဲနဲ့လာဆုံကြတဲ့ ဆုံရပ်ပေါ့ နော်။ ဒီဒေသရဲ့ကောင်းကျိုး ဒီဒေသကလူထုတွေရဲ့ကောင်းကျိုးကိုရှေ့ရှုပြီး လာစုကြတာလို့ကျနော်မြင်တယ်။ ပေါက်ဖွား ခဲ့တဲ့ ဇာတိ ဖြတ်သန်းလာရတဲ့ဘဝပေါ်တည်ပြီးတော့မှ တယောက်နဲ့တယောက် အတွေးအခေါ်အမျှော်အမြင်ချင်းတော့ ကွာကြမှာဘဲ။ ညီအကိုမောင်နှမအချင်းချင်းတောင်မှ အတွေးအခေါ်မတူကြတာဘဲ။အဓိကကတော့ ကျနော် မျှတမှုဖြစ်စေ ချင်တာ။ရောက်တဲ့နေရာမှာကျနော်ဒီလိုပြောမှာဘဲ။ မျှတမှုရှိမှ စည်းလုံးမှုရနိုင်မှာဖြစ်သလို စည်းလုံးမှုရှိမှဘဲ ငြိမ်းချမ်းမှု ရှိနိုင်မယ်မဟုတ်လား။အဲလောက်အထိ ကျနော်ရည်ရွယ်ထားတာ။

မေး။    ။ အခုလက်ရှိအစိုးရက တိုင်းရင်းသားတွေအတွက် ဘာမှမလုပ်ပေးသေးဘူး လို့လူတွေက ပြောနေ
တဲ့အပေါ် ဆရာ့ပုဂ္ဂိုလ်ရေး အနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဖြေ။    ။ ကျနော်လဲ အဲသလိုတွေးပါတယ်။ ကြားကောင်းအောင်ပြောရင် နိုင်ငံတော်အစိုးရက မိဘဆိုရင်ကျနော်တို့ပြည်သူလူထုဟာ သားသမီးဖြစ်ပါတယ်။ အခုလိုမျိုးခံယူထားရင် မိဘ က သားသမီးကိုရှာကျွေးရတယ်လေ။ ဒါပေမယ့် မိဘက သူက အိမ် အပြင်မှာသွားရှာတယ်လေ။ အိမ်ပြန်မရောက်ခင် သားသမီးတွေကိုပြန်မကျွေးရခင် သူတို့ဆာရင် အပြင်မှာ အရင်ဝယ်စားမှာဗျ။ သူဗိုက်ပြည့်မှ နိုင်သလောက် ဆန်လေးဆီလေး ဝယ်လာပြီးအိမ်မှာရှိတဲ့ ကလေးတွေကိုချက်ကျွေးမှာလေ။ ကျနော် အဲသလိုမြင်တယ်ဗျ။ ဒီအနေအထားကို ခပ်မြန်မြန်ရောက်ဖို့ ကျနော်ကြိုးစားရမှာပေါ့လေ။  ကျနော်ခုနပြောတဲ့ ဒီထဲပြန်ဝင်ပြီး ပြောချင်တယ်။ နိုင်ငံရေးဆိုတာစကားပြောတဲ့နေရာဘဲလေဗျာ။ မတူတာကို တူအောင်ညှိ အဖြေရှာဖို့ ကျနော်ခုနပြောတဲ့ ညီမျှမှုဖြစ်လာအောင်လုပ်ဖို့။ ညီမျှမှုဆိုတာက တယောက် ၁ ပန်းကန်စားမှ ညီမျှတယ်လို့ မမြင်ဘူးဗျ။

ဥပမာ- အလှူပေးတဲ့အိမ်ကိုသွားပြီးထမင်းစားရင် တချို့လဲ ၁ ပန်းကန်နဲ့ဗိုက်ပြည့်ပြီ။ တချို့လဲ ၂ ပန်းကန်မှ ဗိုက်ပြည့် တယ်။တချို့လဲ ပန်းကန် ဝက်နဲ့စားရင်ဗိုက်ပြည့်နေပြီ။ သူတို့လိုချင်သလောက်ပေးမှ ညီမျှတယ်ပြော ရမှာလေ။ သို့မဟုတ်ဘဲ တယောက်တပန်းကန်ပေးမှညီမျှတယ်ဆိုရင် ဗိုက်ကားတဲ့လူက ကားပြီး မဝတဲ့လူက လဲမဝဘူးဆိုတာဖြစ်လာမှာပေါ့မဟုတ်ဘူးလား။ ခုလို မျိုး ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပြီးတိုင်းရင်းသားခေါင်းဆောင်တွေကျတော့ မပေးတာဟာ ဘယ် လိုလို့ ညီမျှတယ်ပြောရမလဲ။ ညီမျှမှုမရှိဘဲငြိမ်းချမ်းရေးဘယ်လိုလုပ်ဖြစ်လာမှာလဲ။ တချို့ငြိမ်းချမ်းရေးအဖွဲ့ အစည်း တွေနယ်စပ်မှာ နေပြီးတောင်းဆိုနေကြတာ တချို့တွေဆိုတောင်းဆိုချက်တွေနည်းနေသေးတယ်။ တချို့ကလဲ မတောင်း ဆိုသင့်တဲ့ဟာတွေ ပါနေတယ်။

ဆိုတော့ ကျနော့အမြင်မှာ သရက်သီးစားချင်ရင်သရက်သီးမတောင်းနဲ့ဗျ။ သရက်ပင် စိုက်ဖို့နေရာနဲ့မျိုးစေ့ ကို တောင်းရမှာ။ အပေါ်ကနေပေးတဲ့အခါမှာလဲ အသီးချွေမပေးနဲ့ စိုက်ဖို့နေရာနဲ့ မျိုးစေ့ချပေးပေါ့။ ဒါမှသူ့ရဲ့ကြိုး စား အားထုတ်မှုအပေါ်မူတည်ပြီး ကြိုးစားတဲ့ကောင်တက်လာမှာဘဲ။ အပင်အစေ့ စိုက်တာချင်းအတူတူရေမ လောင်းပေါင်းမသင်တဲ့အကောင်နဲ့ ရေလောင်းပေါင်းသင်တဲ့အကောင်နဲ့ကွာသွားမှာဘဲ။ ဒါကြောင့်ကျနော် တောင်းရင်လဲ သရက်သီးပေးပါလို့ တောင်းမှာမဟုတ်ဘူး။ သရက်သီးစိုက်ပိုင်ခွင့် ဒီသရက်ပင်ကိုလုံးဝ ပိုင် ဆိုင်ခွင့်ပေးပါလို့တောင်းမှာ။  ဒါကြောင့် ဘယ်လောက်ထိ မျှော်မှန်းချက်ရှိလဲဆိုတဲ့အမေးကိုဖြေရင်အဖေက သူရှာလာတဲ့ ပိုက်ဆံ အမေ့ကိုအရင်ကျွေး မှာထင်တယ်။ အမေကစားလို့ဝမှ အကြွင်းအကျန်တွေသားသမီးကို ပေးမှာဘဲလို့ ထင်တယ်။ ဒါပေမယ့်ဘာဘဲဖြစ်ဖြစ် သားသမီးကိုတော့ ၀၀လင်လင် ကျွေးစေချင်တယ်။ အဲလိုတောင်းဆိုချင်တယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဆရာက မိမိကိုယ်မိမိဘယ်လောက်ယုံကြပါသလဲ။

ဖြေ။    ။ ဟုတ်ကဲ့ အခု တကမ္ဘာလုံးကပြောနေတဲ့စကား - ဒီမိုကရေစီ- ပေါ့။ ဒီမိုကရေစီရရင်တော့ အားလုံးကြွယ်ဝချမ်းသာသွားကြမယ်လို့ထင်တယ်။ ဒါမယ့်ဒီမိုကရေစီဆိုတဲ့ သဘောသဘာဝ ။ ဒီမိုကရေစီကို ဘယ်လိုရှာရမလဲသိလာနိုင်မယ့်ပညာအတွက် မျက်စိကျယ်ကျယ်ဖွင့်ပြီးတော့မှ လေ့လာသင့်ပါတယ်။ ကိုယ့်အိမ်ထဲမှာနေပြီး ဘေးကိုလဲမကြည့်ဘဲ ဝါးလုံးခေါင်းထဲ လသာ နေရုံနဲ့မရဘူး။ အသိပညာ အတတ်ပညာတွေကိုရရင်ရသလို ယူသွားဖို့ တိုက်တွန်းလိုတယ်။ သျှမ်းလူငယ်တော်တော် များများဟာ အလုပ်ထဲမှာစိတ်ဝင်စားတယ်ပညာရေးမှာစိတ်မဝင်စားဘူး။ တကယ်တမ်းနင်လား ငါလားယှဉ်လာတဲ့အချိန်မှာ ကျနော်တို့ ဒီပြည်နယ်မှာရှိ တဲ့လူငယ်တွေဟာ အပေါ်ကိုရောက်သွားတဲ့လူတွေ ဘယ်နှစ်ယောက်ရှိလဲ။ အပေါ် ကိုတက်လှမ်းနိုင်တဲ့ ပညာရေးလှေကားထစ်ပေါ့နော်။ ဘွဲ့ရပညာကိုတော့မဆိုလိုပါဘူး။ ဒါပိုက်ဆံရှိမှတက်နိုင်တဲ့ဟာတွေ။ ပိုက်ဆံမရှိတဲ့ကလေးတွေ စာသင်ပေးဖို့ ထောက်ပံ့ပေးရဦးမှာအများကြီးရှိသေးတယ်။ အတွေးအခေါ် ပညာ ပိုင်းမှာကိုပြောတာ။ ဥပမာ အစာတောင်းစားရင်တောင်မှ အာဟာရဖြစ်စေမယ့်အစာကိုတောင်းတတ်ဖို့လို တယ်။ ကိုယ့်က ငရုတ်သီးနဲ့ မတည့်။ ပေးလာတာက ငရုပ်သီးအစပ်ကြီး။ စားရင်ကိုယ်ဘဲဒုက္ခရောက်မယ်။ ကျွေးသမျှစားပေးသမျှယူနေမယ့်အဆင့် ကိုကျော်ပြီး ကျနော်က ငရုပ်သီးနဲ့မတည့်ဘူးခင်ဗျ။ ဒါလေးတော့ပေးပေးပါဆိုပြီးအနိမ့်ဆုံး အဆင့်ကနေ တဖြည်းဖြည်းချင်း တက် လာစေချင်တယ်။

နိုင်ငံတကာနဲ့ယှဉ်လာမယ့်အနေ အထားရှိတဲ့ ကျနော်တို့ဒီလူမျိုးတွေ အများကြီးရှိပါတယ်။ ပုဂ္ဂိုလ်စွဲ အာဃာ တစွဲ မရှိဘဲနဲ့ တကယ့်ကိုယ့် ဒေသ ကိုယ့်ရဲ့နိုင်ငံ ကို ဖြူဖြူစင်စင်နဲ့ချစ်ပြီး ဝိုင်းကြီး ကြိုးစားပေးစေ ချင်ပါ တယ်။ ကိုယ့်သားသမီးမို့လို့  စုံလုံးမှိတ်ပြီးမယုံမိစေဖို့၊ ကိုယ့်ကိုယ်တကယ်ကောင်းကျိုးပေးနိုင်မယ့် ပုဂ္ဂိုလ် ကိုရွေးတတ်ဖို့လိုတယ်။ဘယ်လိုနေရာမှာဘယ်လိုလူကိုလိုအပ်သလဲ။ အဲလို အသိပညာလေးတွေပေါ့။ ဒါမှ စစ်မှန်တဲ့ ဒီမိုကရေစီကိုရှာတွေ့မယ်။ ကျနော်တို့တိုင်းပြည်မှာ- ဒီကောင့်ကိုဥက္ကဌ ရွေးတင်လိုက်ရအောင်ကွာ ငါတို့မလုပ်ရရင်ပြီးပြီ- ဆိုတာမျိုးက အရမ်းများနေတယ်။ ဒါကြောင့် အဲဒီနေရာနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ် တကယ့် ကိုလူထုအကျိုးပြုမယ့်ပုဂ္ဂိုလ်ကို ရွေး တတ်မယ့်ပညာလေးတွေ ဝိုင်းဝန်းကြိုးစားကြဖို့လိုပါတယ်။

၁၉၉၀ ရွေးကောက်ပအရွေးချယ်ခံပင်လောင်းစော်ဘွားညီတော် စဝ်သာတင့်နဲ့အောင်ပန်းမှ စဝ်မြစ်ဦးတို့ရဲ့သား  စဝ်သာဦးဟာ ၂၀၀၅ ခုနှစ် သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးနဲ့အဖွဲ့ အဖမ်းခံရစဉ်  SNLD ဗဟိုအလုပ်မှုဆောင် စိုင်းလှအောင်နဲ့အတူ (၂၀၀၅ ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်၌ SNLD အမှုဆောင်များအစည်း အဝေးတက် ရောက်ရန်အသွား) တောင်ငူမှာအဖမ်း ခံခဲ့ရပါတယ်။ ၂၀၀၅  နိုဝင်ဘာလက ထောင်ဒဏ် ၁၉ နှစ် နဲ့  အမှုစီရင် ချက်ချပြီးနောက် (စဝ်ခွန်ထွန်းဦး အားအပြစ် ဖို့ဖော်ကောင်လုပ်သည်  လို့နာမည်ထွက်ပြီး) ၁ လကျော် အကြာ ၂၀၀၅ ဒီဇင်ဘာလမှာဘဲ  ထောင်ကနေလွတ် မြောက် လာခဲ့သူတယောက်ဖြစ်ပါတယ်။

Most read this week