တိုင်းရင်းသားများအရေးကိစ္စ UNFC နှင့် ဆွေးနွေးမည်ဟု KIO ပြော

တိုင်းရင်းသားများအရေးကိစ္စ UNFC နှင့် ဆွေးနွေးမည်ဟု KIO ပြော
by -
သျှမ်းသံတော်ဆင့်

နှစ်ဘက်အပစ်အခတ်ရပ်ဆဲရေး အတွက် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIOနှင့် မြန်မာစစ်တပ် ကိုယ်စား လှယ်များ လဂျား ယန်ရွာ၌ ယနေ့နေ့လည်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးနေရာ KIO ၏ သဘောထားနှင့် နှစ်ဘက် ဆွေးနွေးမှု နောက်ဆုံး အခြေ အနေကို KIO အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အတွင်းရေးမှူး  (၂) ဦးလနန် နှင့် သျှမ်းသံတော်ဆင့် 1/7/2011 နေ့လည် ၁၂ နာရီ ခန့်က တွေ့ဆုံမေးမြန်းချက်ဖြစ်သည် ။

မေး - ဒီကနေ့ ကေအိုင်အိုနဲ့ မြန်မာအစိုးရကိုယ်စားလှယ် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ကြားသိရ တယ်ဗျ အခြေ အနေလေးပြောပြပါအုံး ။

ဖြေ - တွေ့နေကြတယ် အခုမှစတာဖြစ်ပါလိမ့်မယ် ဘာအကြောင်းတွေလာပြောတယ် ဆိုတာတော့ လော လောဆယ် မသိရသေးဘူး သူတို့လာမယ်ဆိုလို့ ကျနှော်တို့လက်ခံတွေ့တာပါဆွေးနွေးပွဲရယ်လို့ မဟုတ်ပါဘူး တွေ့ကြတဲ့သဘောပါပဲ ခါတိုင်းသူတို့ဖွဲ့ထားတဲ့ ကိုယ်စားလှယ် အဖွဲ့ပေါ့နော် အဲဒါနဲ့တွေ့တာပါဆွေးနွေးတဲ့ အဆင့်တော့ ဟုတ်မယ် မထင်ဘူး ။

မေး - အခုတွေ့ဆုံ ဆွေးနွေးပွဲက အပစ်အခတ်ရပ်ဆဲရေးသက်သက်လား ၊ နိုင်ငံရေးအရဆွေးနွေးဖို့ အထိရှိလား ခင်ဗျ ။

ဖြေ - ဒီမှာလာတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေ မပါဘူးလေ ၊ ညှိနိုင်းရေးအဖွဲ့နဲ့ သူတို့ဘာတွေ လာပြောကြမလဲ ဆိုတာကို တင်ပြတဲ့အပိုင်းပဲ ဖြစ်ပါလိမ့်မယ် ။ ဘာအကြောင်းတွေယူလာပြီး တော့ ဘာအကြောင်းတွေ ပြောပြမယ်ဆိုတာကို မသိရသေးဘူး ။

မေး - KIOက အခုဆွေးနွေးခဲ့တဲ့ ကာလတစ်လျှောက်မှာ ပင်လုံညီလာခံကိစ္စ ထည့်ပြောတာရော ရှိလားဗျ ။

ဖြေ - ကျနှော်တို့က ပြည်ထောင်စုအကြောင်းမေးထားတာပေါ့ ၁၉၄၇ ခုနှစ်ကစပြီး ပြည်ထောင်စုပေါ်ပေါက် လာတယ် တိုင်း ရင်းသားတွေအားလုံး သိပြီးသားပေါ့နော် ၊ ဒါကြောင့် ဒီပင်လုံကနေ ပေါက်ဖွားလာတဲ့ ပြည်ထောင်စုဖြစ်တဲ့ အတွက်ကြောင့် ပြည်ထောင်စု ပေါက်ဖွားလာတဲ့ ပင်လုံစာချုပ်ရယ် ၊ တောင်တန်းဒေသ က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ အ ချင်းချင်း ကတိကဝတ်ပြုထားတာတွေရှိတယ်ဒီပင်လုံစာချုပ် နဲ့ ပင်လုံသဘောထားပေါ်မှာ ဘယ်လိုသဘောထားတာ ရှိသ လဲလို့ကျနှော်တို့မေးထားတာရှိ တယ် ။

ဒါနဲ့ပတ်သက်ပြီး တရားဝင်ဖြေကြားတာမျိုးတော့ မရှိသေးဘူး ဒီနေ့လည်း ဒီအကြောင်းတွေပြောဖြစ်မယ် မထင်သေးဘူး သူတို့ရဲ့ Policy maker တွေကနေပြောရမဲ့ စကားတွေပဲ ၊ ဒီကနေ့လာတာတော့ကချင်ပြည် နယ်အစိုးရ ကိုယ်စားလှယ် ပဲဆိုတော့ ဒီအတိုင်းလာတွေ့တာပဲ ဖြစ်ပါလိမ့်မယ် ။

မေး - အခုတွေ့ဆုံဆွေးနွေးပွဲကနေ နှစ်ဦးနှစ်ဘက် လက်မှတ်ထိုးနိုင်မဲ့ အနေအထားကရောဘယ်လောက် နီးစပ်ပြီလဲဗျ ။

ဖြေ - နီးစပ်တယ် မနီးစပ်ဘူးဆိုတာ ကျနှော်တို့ရဲ့တောင်းဆိုချက်ကို အစိုးရက ဘယ်လောက်အထိလိုက်လျော နိုင်မယ် ဆိုတဲ့အခြေအနေပေါ် မူတည်ပါတယ် ။ သူတို့ဘက်ကသာ သဘောရိုးနဲ့ မှန်မှန်ကန်ကန်နဲ့လုပ်မယ် ဆိုရင် ဘာမှ အခက် အခဲ မရှိပါဘူး ။ အဓိကအချက်တွေကို လိုက်လျောပေးမယ်ဆိုရင် အနှေးနဲ့အမြန်လုပ်နိုင် မဲ့ ကိစ္စတွေပါ ။ ဒါပေမဲ့ သူတို့ လုပ်ဆောင်ချက်တွေကိုကြည့်တဲ့အခါမှာအပြုသဘောလုပ်ဆောင်တာမျိုးမတွေ့ ရ သေးဘူး ဒါမျိုးရှိနေသ၍ ကာလပတ် လုံးတော့ ကြာရှည်နေအုံးမှာပဲ ။

မေး - KIO ဘက်က တိုင်းရင်းသားနိုင်ငံရေးကိစ္စတွေကို ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီ UNFC အနေနဲ့ တွေ့မယ် ဆိုတဲ့ အခါကျတော့ အခုမြန်မာအစိုးရဘက်က တစ်ဖွဲ့ချင်းစီတွေ့နေတဲ့ အနေအထားမှာ တကယ်ရော UNFC နဲ့ တွေ့ဖို့ အလားအလာရော ဖြစ်နိုင်သလားဗျ

ဖြေ - ဒါကတော့ အကျိုးရလဒ်ကိုမျှော်ကိုးရမှာပါ တစ်ဖွဲ့ချင်းစီတွေ့လို့ရလာတဲ့ အကျိုးရလဒ်ကိုကြည့်ရမှာပါ ။ ဒါပေမဲ့လို့ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ အရေးကတော့ တစ်ခုတည်းပါ ၊တိုင်းရင်းသားတွေ အားလုံး ကိုယ်စားပြုပြီး တော့ရလာမဲ့ အကျိုးအမြတ်နဲ့ချိန်ထိုးရမှာပါ ။

တစ်ဖွဲ့ချင်းစီကို ဖဲ့စည်းရုံးပြီးလုပ်တာကတော့ အစိုးရအဆက်ဆက် ကျင့်သုံးလာတဲ့ ကိစ္စပဲဖြစ်ပါတယ် ။ အဲဒီအတွေ့ အကြုံအရ တစ်ဖွဲ့ချင်းစီတွေ့လို့ ဘယ်တိုင်းရင်းသားကမှ အခွင့်ထူးရလာတာမျိုး မရှိခဲ့ဘူး ၊ အခွင့်အရေးတွေတောင်မှ ဆုံးရူံး မှုပိုများလာတယ် ။ နိုင်ငံကိစ္စမှာ တစ်ဖွဲ့ချင်းလုပ်မယ်ဆိုရင် ကျနှော်တို့ရဲ့ တိုင်းရင်းသားမျှော်မှန်းချက်တွေ ပျောက်ကွယ် သွားမဲ့ အနေအထားရှိပါတယ် ။

ဒါကြောင့်မို့ ပြည်ထောင်စုကိစ္စဆွေးနွေးမယ် ဆိုရင် တိုင်းရင်းသားတွေကိုယ်စားပြုတဲ့ အဖွဲ့အစည်းဟာ တစ်ခုတည်း ရှိသင့်တယ် ။ လောလောဆယ်မှာ ကျနှော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ ပါဝင် ဖွဲ့စည်းထားတဲ့ UNFC အနေနဲ့ ပဲဖြစ်စေချင်တယ် ။ ကျနှော်တို့လည်း UNFC ကိုအဲလိုပဲတင်ပြ ထားတယ် ။ ကျနှော်တို့ဒေသမှာ အပစ်အခတ်ရပ်ဆဲ ရေးလုပ်မယ်ဆိုရင်လည်း နောက်နောင်မှာ နိုင်ငံရေးအရ ဆွေးနွေးမှု ဖြစ် လာမယ်ဆိုရင် UNFC အနေနဲ့ပဲ ဆွေးနွေးဖို့ ဆွေး နွေးတဲ့အခါမှာလည်း တိုင်းရင်းသားအားလုံးကို ကိုယ်စား ပြုပြီး ဆွေးနွေးတာမျိုး ဖြစ်စေချင်တယ် ။

မေး - ၁၉၉၄ ခုနှစ်တုန်းက KIOနဲ့နဝတစစ်အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးတာနဲ့ အခုတွေ့ဆုံဆွေးနွေးမှုက ဘာကွာခြား သလဲ ဗျ ။

ဖြေ - ၁၉၉၄ ခုနှစ်တုန်းက ကျနှော်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မရှိခဲ့ပါဘူး ၊အပစ်အခတ်ရပ်ဆဲရေးသက်သက် ပါ ၊ အပစ် ရပ်ဆိုင်းရေး မလုပ်ခင်သူတို့ ပြောတဲ့အပိုင်းရှိတယ် အပစ်အခတ် ရပ်ဆိုင်းရေးလုပ်ရအောင် ဒါပြီးမှ ဆွေးနွေးစရာရှိတာ ဆွေး နွေးကြတာပေါ့လို့ ပြောတယ် ၊ ဒီလိုအကြိမ်ကြိမ်တွေ့ရင်းနဲ့ပဲ ၉၄ ခုနှစ်မှာ အပစ် အခတ်ရပ်ဆိုင်းရေးလုပ်ဖြစ်တယ် ၊ အပစ် ရပ်ပြီးတော့ ဆွေးနွေးမယ်ဆိုတော့ အဲဒီတုန်းက နဝတအစိုးရပေါ့ သူတို့ပြောတာက ကျနှော်တို့က အာဏာသိမ်းပြီး တက် လာတဲ့ အစိုးရဖြစ်တယ် နောင်အစိုးရနဲ့မှစကားပြော ကြတာပေါ့ဆိုပြီး ပြောတယ် အခုချိန်အထိ ငြိမ်းချမ်းရေးစကားပြောခွင့် မရခဲ့ဘူး ။

 ၁၉၉၄ ခုနှစ်က ရယူခဲ့တဲ့ အပစ်အခတ်ရပ်ဆဲရေးကို ငြိမ်းချမ်းရေးကာလလို့ မသတ်မှတ်ဘူး ၊ သူတို့ကတော့ သတ်မှတ်ချင် သတ်မှတ်လိမ့်မယ် ကျနှော်တို့ကတော့ အပစ်အခတ်ရပ်ဆိုင်းရေးကာလလို့ပဲ သတ်မှတ်တယ် ၊ အခုဆွေးနွေးပွဲမှာလဲပဲ ၁၉၉၄ ခုနှစ်တုန်းက အတွေ့အကြံုကို အများကြီးယူပါတယ် ။

နစ်နာမှုအပိုင်းလဲ တော်တော်လေးရှိခဲ့ပါတယ် ဒါကြောင့်မို့ ဒီတစ်ခေါက်မှာလဲ အဲလိုဖြစ်တာမျိုး မလိုချင်ဘူး အပစ်အခတ် ရပ်ဆိုင်းရေးလုပ်ပြီး ဘာတွေပြောမယ်ဆိုတာ စာချုပ်ထဲမှာပဲ အခိုင်အမာဖြစ်စေချင်တယ် ၊ ဒီလိုရှိမှပဲ အပစ်ရပ်ပြီး ဘာလုပ် မယ်ဆိုတာ ဇယားချပြီးသားဖြစ်မှာပေါ့နော် ။

Most read this week