စည်ပင်ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နှင့် ဖြေရှင်းရမည့် ရန်ကုန်ပြဿနာ

စည်ပင်ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နှင့် ဖြေရှင်းရမည့် ရန်ကုန်ပြဿနာ
by -
မဇ္စျိမ

 လာမည့် ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ် များ ရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ ထိုရွေးကောက်ပွဲကို နှစ်ပေါင်း ၆၀ ကြာမှ ပြန်လည်ကျင်းပ နိုင်ခဲ့ခြင်းဖြစ်သည်။ အရပ်သားအစိုးရ အပြောင်းအလဲဖြစ်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပမည့် မြို့တော်စည်ပင် ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ ဝေဖန်မှုများနှင့် ကြံုနေရသည်။

မည်သို့ပင်ဆိုစေကာမူ အရေးအပါ ဆုံးအချက်မှာ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်များ၏ ပါဝင်ခွင့် ရရှိရေးသာဖြစ် ပါသည်။ ပြည်သူ့ မဲဆန္ဒဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်ဖြစ် လာမည့် ကိုယ်စားလှယ်များအပေါ် မျှော်လင့်ချက်၊ ကိုယ်စားလှယ်များ အဓိကလုပ် ဆောင်ရမည့် ရန်ကုန်မြို့ပြဿနာများကို ကဏ္ဍ အသီးသီးမှ လေ့လာသူများကို မဇ္ဈိမက မေးမြန်းထားပါသည်။

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ

ဘယ်သူပဲလုပ်လုပ် ဗြဟ္မစိုရ်တရားလေး ပါးလက်ကိုင်ထားပြီးလုပ်ရမှာပေါ့ဗျာ။ ဘယ်သူလုပ်လုပ် အဲဒါအရေး အကြီးဆုံးပဲ။

National Engineering and Planning Services ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးချိုချို

အသုံးကျတဲ့သူတွေ တက်လာတာကို မျှော်လင့်ပါတယ်။ တကယ်လုပ်တဲ့သူတွေ ဖြစ်ပါစေလို့ ဆုတောင်းပါ တယ်။ လုပ်ပိုင်ခွင့်တကယ်ရမရ ဆိုတာကတော့ မပြောတတ်ဘူး။ ရန်ကုန်မြို့မှာ ပြောစရာတွေလိုအပ်ချက် တွေ လုပ်စရာတွေ အများကြီးရှိတယ်။ မော်တော်ကား ကျပ်တာတွေကလည်း စည်ပင်နဲ့ဆိုင်တာကိုး။ အဆောက်အအုံတွေဆိုလည်း မြို့ထဲမှာပြိုကျမယ့် အနေအထားတွေရှိတယ်။ အကုန်လုံးကို စနစ်တကျ လုပ်ကြပါလို့ အကြံပေးချင်တယ်။

အောင်ပင်လယ် သဘာဝပတ်ဝန်းကျင် မဂ္ဂဇင်းအယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်

အမှိုက်သိမ်းစနစ်တွေက လက်တွေ့ အခြေအနေနဲ့ အံမဝင်ဘူးဖြစ်နေတယ်။ ပုဂ္ဂလိက ၀င်လာမယ့်သူတွေ က စည်ပင်မနိုင်တဲ့ အလုပ်တွေကို ကိုယ်ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားထားဖို့ကောင်းတယ်။ အမှိုက် ပုံးကနေ ရောဂါသယ်ယူရေးဌာန မဖြစ်ဖို့ အရေးကြီးတယ်။ လူတွေအတွက် ရောဂါဖြစ်မယ်။ စည်ပင်မလုပ် ခဲ့ နိုင်တာကို သူတို့လုပ်နိုင်မလား။ ကွင်းဆင်းလေ့လာဖို့ တော့လိုတယ်။ စည်ပင်ရဲ့ ဟာကွက်တွေဟာ ဘာတွေလဲ။ လိုအပ်ချက်တွေဟာ ဘာတွေလဲသိဖို့ ရုံးခန်းထဲမှာ ထိုင်နေလို့တော့ မရဘူး။

ဧည့်လမ်းညွှန် ကိုညီညီ

ယာဉ်ကြောပိတ်ဆို့မှု ကိုရှင်းရမယ်။ ပါကင်တွေ အများကြီး ဆောက်ရမယ်။ ရေစီးရေလာ ကောင်းအောင် လုပ်ရမယ်။ အမှိုက်တွေ မှန်မှန်သိမ်းရမယ်။ လုပ်ပိုင်ခွင့်ရ လိမ့်မယ်လို့ အများကြီးတော့လည်း မမျှော်မှန်းပါဘူး။

မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရန်ဝင်း

အများပြည်သူရွေးချယ် တင်မြှောက်ပြီး တက်ရတာဖြစ်တဲ့အတွက် ဘယ်ဟာပဲဖြစ်ဖြစ် သူတို့ဖြောင့်ဖြောင့် မတ်မတ်နဲ့ သတ္တိရှိရှိ လုပ်လိမ့်မယ်လို့ ယူဆပါတယ်။ ရန်ကုန်မှာ လိုအပ်တာက အခြေခံ အဆောက်အအုံတွေကို အမြန်ဆုံး မြှင့်တင်ပေးရမှာပေါ့။ လမ်း၊ ရေ၊ မီး အထူးသဖြင့် ကားပါကင်ပေါ့။

ရန်ကုန်တိုင်း မထသ ဒုဥက္ကဋ္ဌ ဦးမင်းဇော်

ပြည်သူ့ကိုယ်စားလှယ်တွေရွေးချယ် တင်မြှောက်လိုက်ပြီဆိုရင် အောက်ခြေပြည်သူတွေ မြေပြင်မှာဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေး ပြဿနာတွေ အားလုံးကို ထဲထဲဝင်ဝင် တွေ့မြင်နိုင်မယ်လို့ ယူဆပါတယ်။ အပေါ်ကတိုက် ရိုက်ခန့်တာတွေ့ကြတော့ အပေါ်စီးက ကြည့်တာတွေ ရှိတယ်။ အဲဒါကြောင့် ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိ လာနိုင်တယ်။

ပိုပြီးဆွေးနွေးနိုင်မယ့် အခြေအနေတွေ ဖြစ်လာမယ် လို့မြင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်ဥပဒေမှာ ပြည်သူ့ ကိုယ်စားလှယ်က အဖွဲ့ဝင်အဖြစ်ပဲ ပါမှာဖြစ်ပြီး ဥက္ကဋ္ဌ နေရာက တိုင်းဒေသကြီးက ခန့်တာပဲဖြစ်တဲ့အတွက် ဒါက တရားမျှတမှု မရှိဘူး။ အခု ဥက္ကဋ္ဌကို တိုင်းဒေသကြီးက ခန့်တယ်ဆိုရင် ဒု-ဥက္ကဋ္ဌကိုတော့ ပြည်သူ့ကိုယ်စားလှယ် ပေးသင့်တယ်။ အတွင်းရေးမှူးကို တိုင်းဒေသကြီးက ခန့်တယ်ဆိုရင် တွဲဖက်အတွင်းရေးမှူးတော့ ပြည်သူ့ကိုယ်စားလှယ်ကို ပေးသင့်ပါတယ်။

Most read this week