ဗိုလ်ချုပ်မောင်မောင်အုန်းကို လွှတ်တော်က အတည်မပြုမီ ရခိုင်တိုင်းရင်းသား အမတ်များက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား ဖြစ်ရမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ဇွန် ၃၀ က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်မှုမရှိဘဲ ၀န်ကြီးချုပ်သစ်အဖြစ် အတည်ပြုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် တပ်မတော်သားဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းအား မဇ္ဈိမ၏ မေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။
ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး သမ္မတရဲ့ သီးသန့် လမ်းညွှန်ချက်တွေရှိလား။
သမ္မတကြီးကတော့ ကျန်တဲ့ တစ်နှစ်ခွဲမှာ ရခိုင်ပြည်နယ်ကြီးကို တည်ငြိမ်ပြီး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေလည်း လျော့ပါးပြီးတော့မှ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အသေးစိတ်မှာပါတယ်။ အဓိက အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ် ဆောင်ရွက်ဖို့မှာပါတယ်။
၀န်ကြီးချုပ်အဖြစ် မကြည့်ဘဲ အပြင်က ကြည့်ရင် ရခိုင်ပြဿနာကို ဘယ်လိုမြင်လဲ။
ရခိုင်ပြည်နယ်ဟာ ပဋိပက္ခတွေဖြစ်ပြီးတော့ တိုးတက်မှုတွေ နှောင့်နှေးခဲ့တယ်။ မြန်မာနိုင်ငံမှာဆိုလည်း ဒုတိယအဆင်းရဲဆုံး ပြည်နယ်အထိ ရောက်ခဲ့ရတယ်ပေါ့နော်။ ဒီတော့ အဓိကဖြစ်တဲ့ ပြဿနာက ဒီအမွေဆိုးကြီးပေါ့၊ ဖြစ်ပေါ်နေတဲ့ဟာတွေကတော့ အရင်အစိုးရ လက်ထက်က ဖြစ်ပေါ်ခဲ့တာပဲ။ ဒီအစိုးရလက်ထက်မှာဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရဆိုတာ တာဝန်ရှိတယ်။ တာဝန်ရှိတော့ လုပ်ရမယ်၊ ကျွန်တော်တို့ ပြည်နယ်အစိုးရလည်း ဒီကိစ္စကြီးကို ဖြေရှင်းရမယ်၊ လျော့ပါးအောင်လုပ်ရမယ်။ နောင်တက်လာမယ့် အစိုးရတွေလည်း ရှိတာပေါ့နော်။ ၂၀၁၅ ဆိုလည်း ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး ဦးဆောင်တဲ့ ၀န်ကြီးချုပ်တွေ၊ အစိုးရတွေ ဖြစ်ပြီးတော့မှ အစိုးရတက်လာရင်လည်း ဒီပြဿနာကြီးကို ဒီအတိုင်း ထိုးမပေးချင်ဘူး။ ရခိုင်တိုင်းရင်းသားတွေရဲ့ အဓိက လိုလားချက်ကလည်း မျှတမှုနဲ့ ပွင့်လင်းမြင်သာမှုကို လိုလားတာပဲ။ ဆိုတော့ ဒီနေ့ကိုယ်တို့ ပြည်နယ်အစိုးရက ထဲထဲဝင်ဝင်နဲ့ ဘာပဲလုပ်လုပ်၊ ဘာပဲကိုင်ကိုင် ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒကို အလေးထားပြီးတော့မှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ရခိုင်ဒေသက တည်ငြိမ်တိုးတက်လာမယ်လို့ မြင်ပါတယ်။
သမ္မတက ဟယ်ရီကော်ပတာတစ်စင်းကိုလည်း ပေးအပ်ထားတယ်ဆို။
(ရယ်လျက်) ကျွန်တော့်ကို ဘယ်သူမှလည်း ရဟတ်ယာဉ် မပေးပါဘူး။ အဲဒီလောက်ထိလည်း ရခိုင်ဒေသမှာ အရေးတကြီးကိစ္စတွေ လတ်တလော မရှိပါဘူး။ သို့သော်လည်း လုံခြံုရေးကိစ္စလိုမျိုး အရေးကြီးတဲ့ ကိစ္စတွေ ရှိတာပေါ့နော်။ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ရောက်ရောက်ချင်းမှာ ရခိုင်ပြည်နယ်မှာလည်း သွားရေးလာရေးတွေ ခက်ခဲတဲ့အခါကျတော့ နေရာအားလုံးကို တိုတိုနဲ့ အချိန်တိုအတွင်းမှာ ရောက်နိုင်အောင်ဆိုပြီး လိုအပ်လို့ရှိရင် တိုင်းမှူးနဲ့ ပူးတွဲပြီးတော့မှ ရာသီဥတုအပေါ်မူတည်ပြီး လိုအပ်ရင် သုံးဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်။ ပေးလည်း ပေးမထားပါဘူး။
၀န်ကြီးချုပ်အနေနဲ့ တပ်မတော်က နုတ်ထွက်ခဲ့ပြီးပြီလား။ ဒါမှမဟုတ် တပ်မတော်သား တစ်ဦးအနေနဲ့ပဲ ရခိုင်ပြည်နယ်ကို ဆက်လက်အုပ်ချုပ်သွားမလား။
အဲဒါကတော့ ပွင့်ပွင့်လင်းလင်းနဲ့ လိုရင်းပြောရရင်တော့ ကရင်ပြည်နယ် ဦးဇော်မင်းပုံစံအတိုင်း လက်ရှိ ကျွန်တော် ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်က ယနေ့တပ်မတော်သားအဖြစ်နဲ့ပဲ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ပြီးတော့ နိုင်ငံတော်က လိုအပ်လာတဲ့အချိန် ကျရင် လိုအပ်သလို ညွှန်ကြားတဲ့အတိုင်း ကျွန်တော် ဆောင်ရွက်သွားရမှာပါ။
ဘယ်ပြဿနာကို အရင်ဆုံးဖြေရှင်းဖို့ရှိလဲ။
ကျွန်တော် တစ်ချက် ပြောချင်တာက ကျွန်တော် ၀န်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်တဲ့အနေနဲ့ စီမံထားတာတစ်ခု ရှိတယ်။ အဲဒါက ရခိုင်မှာ ၁၀ ယူနစ် အခြေခံပဲ မီးရတာ အခု ယူနစ် ၂၀ ထိပေါ့နော်။ နိုင်ငံတော်ကတော့ ယူနစ် ၂၀ ကို ပေးပြီးသား။ သို့သော်လည်း ယနေ့ ရခိုင်ပြည်နယ်မှာက မီးလင်းရေးအဖွဲ့နဲ့ ၀န်ကြီးဌာန ညှိနှိုင်းတဲ့အခါကျတော့ ၁၀ ယူနစ်ကနေ နောက် ၁၀ ယူနစ်တိုးတဲ့အခါမှာ မတိုးဘဲနဲ့ လျှော့ချခဲ့တယ်။ အရင်တုန်းက မီတာခတွေက ၄၆၀ ချပစ်လိုက်တယ်။ နောက်ဝန်ဆောင်ခ ၁,၅၀၀ မကောက်တော့ဘူး။ အဲဒီမှာ လိုက်တဲ့အခါကျတော့ ယူနစ် ၂၀ ပေးပေမယ့် ၁၀ ယူနစ်ပဲရသလို သွားဖြစ်နေတာပေါ့နော်။ ဆိုတော့ ယနေ့ ကျွန်တော် ၀န်ကြီးချုပ်စတင်ဖြစ်တဲ့ ဒီချိန်မှာပဲ ပြည်နယ်အစိုးရနဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီးတော့မှ ယူနစ် ၂၀ လုံးလုံး တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ ပေးမယ်ဆိုရင် တစ်လကို ယူနစ် ၂၀ သုံးမယ်ဆိုရင် ငွေ ရ၀၀ ပဲကုန်မှာပေါ့။ ဒါဖြစ်အောင်လို့ ကျွန်တော် လျှပ်စစ်ဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်။
၀န်ကြီးချုပ် စတင်ဖြစ်တဲ့နေ့မှာ ရခိုင်ပြည်သူလူထုကို ပြောချင်တဲ့စကားများ ရှိလား။
ရခိုင်မိဘပြည်သူများကို ကျွန်တော် သတင်းစကားပါးချင်တာက ကျွန်တော်သည် ရခိုင်တိုင်းရင်းသား တစ်ယောက်တော့ မဟုတ်ပါဘူး။ သို့သော်လည်း ကျွန်တော် ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ နေလာတာဖြစ်တဲ့အတွက် ရခိုင်တိုင်းရင်းသား တစ်ယောက်လိုပဲ အားလုံးကို သိပါတယ်။ ရခိုင်တိုင်းရင်းသားများ ခံစားနေရတဲ့ခံစားမှုအတိုင်း ကျွန်တော် ခံစားရပါတယ်။
ပြောရရင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲမှာလည်း ရခိုင်သွေးတွေ စီးဆင်းနေတယ်လို့ ပြောရင်လည်း မမှားပါဘူး။ ဒီတော့ ကျွန်တော် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ကာလမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အဓိကထားပြီးတော့မှ ရခိုင်တိုင်းရင်းသားများရဲ့အမျိုးသား အကျိုးစီးပွားကို အတတ်နိုင်ဆုံး နိုင်ငံတော်အဆင့် ထဲထဲဝင်ဝင် ဆောင်ရွက်သွားပါမယ်။