ဗြိတိန် သံအမတ်ကြီး အန်ဒရူးပက်ထရစ် နှင့် အင်တာဗျူ း

ဗြိတိန် သံအမတ်ကြီး အန်ဒရူးပက်ထရစ် နှင့် အင်တာဗျူ း
by -
မဇ္စျိမ

ဗြိတိန် သံအမတ်ကြီး အန်ဒရူးပက်ထရစ် (Andrew Patrick)သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး တာဝန်ကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် စတင်ထမ်းဆောင်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားပေးကူညီလျက် ရှိသည်။

ဗြိတိန် သံအမတ်ကြီး အန်ဒရူးပက်ထရစ် (Andrew Patrick)သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး တာဝန်ကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် စတင်ထမ်းဆောင်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားပေးကူညီလျက် ရှိသည်။ ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လျက် ရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မကြာသေးမီက စွပ်စွဲပြောဆိုခဲ့ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေး၌ အဖုအထစ်များ ဖြစ်ပေါ်လာခဲ့ရသည်။ မဇ္စျိမ အပတ်စဉ်ထုတ် စီးပွားရေး အင်္ဂလိပ်မဂ္ဂဇင်းမှ သတင်းထောက် Hans Hulst က ဗြိတိန်သံအမတ်ကြီးနှင့် အင်တာဗျူးထဲတွင်  မစ္စတာ ပက်ထရစ်သည် ရခိုင်ပြည်နယ်အတွင်းရှိ အုပ်စုလိုက်ပဋိပက္ခများအကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ခံမှု ကိစ္စအကြောင်း အပါအဝင် အကြောင်းအရာမျိုးစုံကို ဆွေးနွေး ပြောဆိုထားပါသည်။

Andrew

လူကြီးမင်း မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အချိန်တုန်းက၊ လူကြီးမင်းရဲ့ စိတ်ထဲမှာ ရှိတဲ့ ရည်ရွယ်ချက်က ဘာပါလဲ?

ကျွန်တော်က ဗြိတိန်အစိုးရရဲ့ မူဝါဒတွေကို ဆောင်ရွက်ဖို့ ဒီကိုရောက်လာတာပါ။ ကျွန်တော်တို့ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားပေးကူညီချင်ပါတယ်။ အဲဒါဟာ ဗြိတိန် ပြည်သူလူထုက စိတ်ဝင်စားတဲ့ အချက်လည်း ဖြစ်ပါတယ်။ လန်ဒန်မှာ၊ လွှတ်တော်အမတ်တွေ၊ အန်ဂျီအိုတွေဟာ မြန်မာနိုင်ငံကို အတော်လေး စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ကျွန်တော်တို့က ကူညီတာကို သူတို့ မြင်ချင်ကြပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ စိုးရိမ်စရာအခြေအနေထဲမှာ ကျရောက်နေတယ်ဆိုတာကို ညွှန်ပြနေတဲ့ အချက်တွေ ရှိပါတယ်။ စာနယ်ဇင်းသမားတွေဟာ သူတို့အလုပ်သူတို့လုပ်တဲ့အတွက် ထောင်ချခံရတာမျိုးတွေ၊ ရခိုင်မှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ အခက်ကြံုရတာတွေဟာ လူအများအပြားကို စိုးရိမ်စေခဲ့ပြီးတော့၊ မကြာသေးခင်က၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာတွေကလည်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို အလျင်အမြန် လက်မှတ်ရေးထိုးနိုင်မယ့် အလားအလာမျိုး မရှိဘူးဆိုတာကို ညွှန်ပြနေပါတယ်။

အခုအခါမှာ ကျွန်တော်တို့ဟာ အလှည့်အပြောင်း တစ်ရပ်ကို ရောက်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စတဲ့ အချိန်ကတည်းက အလွန် အထင်ကြီးစရာကောင်းတဲ့ အရာတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ရော၊ တခြားသူတွေရောဟာ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုထားကြပါတယ်။ အဓိကကျလှတဲ့ အရာတစ်ခုကတော့ လာမယ့်နှစ်မှာ၊ မဲဆန္ဒရှင်တွေရဲ့ အမြင်တွေကို ထင်ဟပ်မယ့် ရွေးကောက်ပွဲတစ်ခု လုပ်ရမှာပါ။ အဲဒီလို ဖြစ်လာမှာလား၊ ဖြစ်မလာဘူးလား ဆိုတာကို ပြောဖို့တော့ စောလွန်းပါသေးတယ်။ အစိုးရအဖွဲ့ထဲမှာ အဲဒါကို သေချာပိုင်းဖြတ် ဆောင်ရွက်ချင်တဲ့သူတွေ တကယ်ကို ရှိနေပါတယ်။ အဲဒီအလားလာနဲ့ ပတ်သတ်ပြီး စိတ်အားထက်သန်မှု မရှိတဲ့ တခြားသူတွေလည်း ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံရေးပါတီအားလုံးဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးကို ကြိုးပမ်း အားထုတ်နေကြပါတယ်။ အဲလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ကူညီနိုင်သလောက် ကူညီရပါမယ်။  အခြေအနေတွေဟာ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားပြီလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ သတင်းသမားတွေ အဖမ်းခံရတဲ့အခါတိုင်းမှာ ကျွန်တော်တို့ အလွန်စိုးရိမ်ပူပန်ကြပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင် တက်ကြွမှုရှိတဲ့ သတင်းလောက အနေအထား ရှိနေတုန်းပါပဲ။ လွန်ခဲ့တဲ့ သုံးလေးနှစ်နဲ့ နှိှုင်းယှဉ်ကြည့်မယ်ဆိုရင်၊ အခုက တော်တော်လေး ပိုပြီး ကောင်းမွန်တဲ့ အခြေအနေပါ။

အသွင်ကူးပြောင်းရေး ကာလအတွင်း ဖြစ်ထွန်းလာတဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ ရင်းနှီးမြှပ်နှံမှုတွေဆီကနေ၊ အကျိုးကျေးဇူးတွေ ရရှိတာဟာ အခွင့်ထူးခံလူတန်းစားတွေလောက်ပဲ ရှိလိမ့်မယ်လို့ တစ်ချို့က ခံစားကြပါတယ်။ အကျိုးကျေးဇူးတွေ ရရှိလာတယ်လို့ လူတော်တော်များများက မခံစားကြရပါဘူး။ ဒီက ကျွန်တော်တို့ရဲ့ ကူညီရေး အစီအစဉ်ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုကတော့၊ အထူးသဖြင့် ကျေးလက်ဒေသက လူတွေအနေနဲ့ စီးပွားရေး အကျိုးကျေးဇူးတစ်ချို့ ရရှိတယ်လို့ စပြီးခံစားလာရစေဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ စီးပွားရေး ကြီးထွားဖွံ့ဖြိုးမှု မရှိရင် ဒီမိုကရေစီဟာ ပြိုပျက်သွားနိုင်ပါတယ်။ နှစ်ခုလုံး လိုအပ်ပါတယ်။

သန်းခေါင်စာရင်းကောက်ခံရေးအတွက် အဓိက ထောက်ပံ့သူတွေထဲမှာ ဗြိတိန်လည်း ပါပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ မှားယွင်းမှုတွေ တကယ်စပြီး မဖြစ်ခင်မှာ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့ကြပါတယ်။ အဲဒီလုပ်ငန်းစဉ်အပေါ် အခု လူကြီးမင်း ဘယ်လိုထင်မြင်ယူဆပါသလဲ?

သန်းခေါင်စာရင်း ကောက်ယူသင့်ကြောင်း မြန်မာအစိုးရက ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကို ဗြိတိန်က ထောက်ခံတာ မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်တဲ့အခါမှာ ပြဿနာ တစ်ခုက အချက်အလက် စာရင်းဇယားတွေက အလွန် မတိမကျ မပြည့်မစုံ ဖြစ်နေတဲ့ကိစ္စပါ။ သန်းခေါင်စာရင်းကောက်ခံမှုက အဲဒီလိုအပ်ချက်ကို အထောက်အကူပြုသင့်ပါတယ်။ မြန်မာနိုင်ငံဟာ သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စ အကောင်အထည်ဖော်ဖို့ အထူးခက်ခဲတဲ့ နိုင်ငံပါ။ ဘာကြောင့်လဲဆိုတော့ လူမျိုးရေး ပြဿနာတွေနဲ့ သမိုင်းကြောင်းကြောင့်ပါ။ ရခိုင်မှာ ဖြစ်ခဲ့တာတွေဟာ အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ တခြားနေရာ အများစုမှာတော့ ကျွန်တော်သတိထား မိသလောက်ဆိုရင်၊ ဆူပူ ထိခိုက်မှုတွေ မရှိဘဲ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါတယ်။ အချက်အလက် တွေဟာ တော်တော်လေး အသုံးဝင်ပါလိမ့်မယ်။

သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အတွက် မြန်မာအစိုးရကို နည်းပညာ အကူအညီတွေပေးခဲ့တဲ့ ကုလသမဂ္ဂ လူဦးရေ  ရန်ပုံငွေအဖွဲ့ရဲ့ တာဝန်ပေးမှုအရ အမေရိကန် ပညာရှင် Mary Callahan က ပြုစုရေးသားခဲ့တဲ့ သန်းခေါင်စာရင်းကောက်ယူမှု ဆိုင်ရာ နိုင်ငံရေး အန္တရာယ် အကဲဖြတ်ချက် စာတမ်းထဲမှာ သန်းခေါင်စာရင်းကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေကို သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဘရပ်ဆဲလ်စ် အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ကလည်း ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်ထဲမှာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးတော့ လုပ်ငန်းစဉ်ဆိုင်းငံ့ထားဖို့ တိုက်တွန်းခဲ့ပါတယ်။

ဟုတ်ပါတယ်။ နိုင်ငံရေး အန္တရာယ်တွေ ရှိပါတယ်။ အန္တရာယ်တွေကတော့ ဒီနိုင်ငံမှာ ပြုလုပ်တဲ့သန်းခေါင် စာရင်း ကောက်ယူမှုတိုင်းမှာ ရှိနေမှာပါ။ လူမျိုးရေးပြဿနာဟာ ရှုပ်ထွေးလှတဲ့ ကိစ္စဖြစ်ကြောင်း ထင်ရှားပါတယ်။ ဒီတော့ လူမျိုးစုဆိုင်ရာ အချက်အလက်တွေကို အဓိပ္ပါယ်ကောက်ယူခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်နေမှာပါ။ အန္တရာယ်တွေဟာ အခုလည်း ပျောက်မသွားသေးပါဘူး။ အခုဆိုရင် အချက်အလက်တွေကိုတော့ စုဆောင်းကောက်ယူပြီးပါပြီ။ အချက်အလက်တွေ ထုတ်ပြန်မယ့် အချိန်ကို ကျွန်တော်တို့ စောင့်နေကြတုန်းပါပဲ။

UNFPA ဟာ သတိပေးချက်တွေကို အလေးထားတယ်လို့ လူကြီးမင်း ခံစားရပါသလား?

UNFPA နဲ့ ကျွန်တော်တို့ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ပါတယ်။ ရလဒ်ကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ထိန်းချုပ်ထားတဲ့ ဒေသကလွဲရင်၊ တိုင်းရင်းသားဒေသတွေ အားလုံးမှာ၊ တိုင်းရင်းသားအဖွဲ့တွေရဲ့ သဘောတူခွင့်ပြုမှုနဲ့ အချက်အလက်တွေ ကောက်ယူစုဆောင်းနိုင်ခဲ့ပါတယ်။ အန္တရာယ်အလားအလာတွေ ထဲက တစ်ခုက အခုထိ ဖြစ်မလာဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခြေအနေတွေ မတည်ငြိမ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီလောက်အထိ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတဲ့ အယူအဆကို ပြောတာပါ။ သွားရဦးမယ့် ခရီးကတော့ အရှည်ကြီး ကျန်ပါသေးတယ်။ အချက်အလက်တွေကိုလည်း ထုတ်ပြန်ရဦးမှာပါ။ ဒါပေမဲ့ ဒီကိစ္စကို အမြင်ကျယ်ကျယ်နဲ့ လေ့လာသုံးသပ်ခဲ့တဲ့သူတိုင်းဟာ၊ ဒီနေရာဟာ သန်းခေါင်စာရင်း ကောက်ယူဖို့ အလွန် ခက်ခဲတဲ့ နေရာတစ်ခု ဖြစ်လိမ့်မယ်ဆိုတာကို သိခဲ့ကြပါတယ်။ ဘေးအန္တရာယ် ဖြစ်နိုင်ခြေတချို့ကို ကျွန်တော်တို့ ကူညီပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

သန်းခေါင်စာရင်းလုပ်ငန်းစဉ် မတိုင်ခင်က၊ သံအမတ်ကြီးတွေပါဝင်တဲ့ အုပ်စုတစ်စုဟာ မြန်မာအစိုးရဆီ စာရေးခဲ့ပြီး၊ စာထဲမှာ လုပ်ငန်းစဉ်နဲ့ ပတ်သတ်တဲ့ စိုးရိမ်စရာတွေကို သူတို့မြင်တဲ့အတိုင်း ဖော်ပြခဲ့တယ်လို့ ကြားရပါတယ်။ တကယ်လို့ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ် ဆိုးဆိုးဝါးဝါး လွဲချော်သွားရင် အရန်အစီအစဉ်တစ်ခု ရှိတာ သေချာစေဖို့ ရည်ရွယ်ပုံရတဲ့ စာက ရည်ရွယ်ပုံရတယ်လို့ ကြားရပါတယ်။

မြန်မာအစိုးရနဲ့ ဖလှယ်ခဲ့တာတွေနဲ့ ပတ်သတ်တဲ့ အသေးစိတ်တွေကို ကျွန်တော် မပြောချင်ပါဘူး။ အဲဒါတွေဟာ အတွင်းရေး (private) တွေပါ။ ဒါကြောင့်မို့ အဲဒါတွေကို မပြောဘဲ ထားကြရအောင်ပါ။

သန်းခေါင်စာရင်း ရလဒ်တွေဟာ တကယ့် အခြေအနေမှန်ကို ကိုယ်စားပြုနိုင်လိမ့်မယ်လို့ လူကြီးမင်း ယူဆပါသလား?

ဒီကိစ္စမှာ နိုင်ငံတကာ လေ့လာသူတွေ ပါဝင်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ သူတို့အနေနဲ့ ကျွန်တော်တို့ကို ပြန်ပြောပြနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေကို မေလလယ်မှာ သိရပါလိမ့်မယ်။ ကျွန်တော့်အထင်ပြောရရင်တော့ နိုင်ငံရဲ့ နေရာအများစုအတွက် အဖြေဟာ yes ဖြစ်ပုံရပါတယ်။ (တကယ့်အခြေအနေမှန်ကို ကိုယ်စားပြုပုံရပါတယ်)

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သုံးနှုန်းခေါ်ဆိုကြတဲ့ သူတွေကို မြန်မာအစိုးရက သန်းခေါင်စာရင်းထဲမှာ သူတို့ရဲ့ လူမျိုးနေရာမှာ သူတို့စိတ်ကြိုက်သတ်မှတ် ဖြည့်သွင်းခွင့် မပြုပါဘူး။ မကြာသေးခင်က မြန်မာကွန်ယက် (Network Myanmar) အဖွဲ့ဟာ ဗြိတိန် ကိုလိုနီ မှတ်တမ်းတွေထဲမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်း တစ်ခါမျှ မတွေ့ခဲ့ရဘူးလို့ သူတို့ရဲ့ သုတေသနက ညွှန်ပြနေကြောင်း ဆောင်းပါးတစ်ပုဒ်ကို ရေးသားထုတ်ပြန်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ခင်ဗျားတို့ အခု ဘာကြောင့် သုံးကြတာလဲ?

အဲဒါအတွက် တော်တော်လေး ရိုးရှင်းလှတဲ့ အဖြေတစ်ခုရှိပါတယ်။ ယေဘုယျအားဖြင့် ယူကေ နဲ့ ဥရောပမှာ၊ အသုံးအနှုန်းတစ်ခုဟာ သမိုင်းကြောင်းအရ ခိုင်လုံမှု ရှိရှိ မရှိရှိ၊ လူမျိုးစု အုပ်စုတွေကို သူတို့ကြိုက်တဲ့ အသုံးအနှုန်းနဲ့ သူတို့ကိုသူတို့ ခေါ်ဝေါ်ခွင့်ပြုထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ သုံးနှုန်းလိုက်ခြင်းဟာ ရိုဟင်ဂျာတွေကို တိုင်းရင်းသား အုပ်စုတစ်ခု အဖြစ် အထူးအခြေအနေတစ်ရပ် ဒါမှမဟုတ် အသိအမှတ်ပြုမှု တစ်ခုခုကို ကျွန်တော်တို့ မျှော်လင့်နေတယ်လို့ ပြောလို့မရပါဘူး။ အဲဒါကို မြန်မာလွှတ်တော်က ဆုံးဖြတ်ရမှာပါ။ ကျွန်တော်ပြောမှာကတော့၊ အဲဒီ လူစုဟာ သူတို့ ခံစားပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေကို ရရှိဖို့ အင်မတန် အရေးကြီးတာတော့ သိသာထင်ရှားတယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်းဟာ အဲဒီအခွင့်အရေး ရစေရမယ်လို့ မြန်မာအစိုးရက ကတိတစ်ခု ပေးထားပါတယ်။

ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး တော်တော်များများဟာ၊ အစိုးရရဲ့ မူဝါဒအရ ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့ Fortify Rights အဖွဲ့က ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရဲ့ နေရာ အနည်းငယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေပါတယ်။ ရခိုင် အသိုင်းအဝိုင်းအနေနဲ့ ဒေါသထွက်ဖို့ နဲ့ စိတ်ပျက်ဖို့၊ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတယ်ဆိုတဲ့ အချက်ကို မျက်ခြေမပြတ်ဖို့ ကျွန်တော်တို့နဲ့ မီဒီယာတွေ အတွက် အလွန်အရေးကြီးပါတယ်။ ရခိုင်ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဒုတိယအနည်းဆုံး ဒေသပါ။ အဲဒီအသိုင်းအဝိုင်းရဲ့ လူနည်းစု တစ်စုကသာ အကြမ်းဖက်မှုတွေကို ထောက်ခံတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခု ဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ အလယ်အလတ် ရခိုင်တွေနဲ့၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အကြောင်းတွေကို အချိန်ပိုပေးပြီး ပြောရပါမယ်။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ ငြိမ်းချမ်းရေး ဖြစ်ထွန်းမယ်ဆိုရင် အဲဒီမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး ဒုတိယသမ္မတ စိုင်းမောက်ခမ်းက အရေးကြီးတဲ့ ကြေညာချက်ကို မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ပြောင်းပြန်တွေပဲ ဖြစ်နေပါတယ်။ ရခိုင်မှာ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းတွေ အခက်ကြံုနေရပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီပေးရေး ကြိုးပမ်းအားထုတ်မှုတွေ ကန့်သတ်ခြင်း ခံနေရပါတယ်။

အဲဒါမှန်ပါတယ်။ စစ်တွေဖြစ်ရပ်အပြီး နောက်ပိုင်းမှာ၊ အဲဒီအကြောင်းကို ဝန်ကြီးတွေကို ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့၊ အစိုးရက အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့အစည်းတွေ ပြန်လာနိုင်စေမယ့် စနစ်သစ်တစ်ရပ်ကို ချမှတ်ခဲ့ကြပါတယ်။ အခုက အစပိုင်းနေ့ရက်တွေပဲ ရှိပါသေးတယ်။ အဲဒီစနစ်နဲ့ အလုပ်လုပ်မယ့် အခွင့်အလမ်းတစ်ရပ် ကျွန်တော်တို့ ပေးသင့်ပါတယ်။

နယ်စပ်ရေးရာ ဒုတိယဝန်ကြီးဟာ ကိုယ်တိုင် သေချာ ဆောင်ရွက်နေပြီး၊ အလုပ်ဖြစ်လိမ့်မယ်လို့ အလှူရှင် တွေကို အာမခံခဲ့ပါတယ်။ အစိုးရရဲ့ ချဉ်းကပ်ဆောင်ရွက်ပုံနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်အကောင်းမြင်မိ တာက၊ လိုအပ်နေတဲ့ လူစုတွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိရေးဟာ သူတို့ရဲ့ တာဝန်ဖြစ်တယ်လို့ အစိုးရက ရှင်းရှင်းလင်းလင်း ခံယူထားတဲ့ အချက်ပါပဲ။

အနာဂတ်မှာ ရခိုင်မှာ ဗြိတိန်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိလိမ့်မလဲ?

လူသားချင်းစာနာမှု အကူအညီပေးရေး အားထုတ်မှုတွေကို ကျွန်တော်တို့ ဆက်ပြီး အားပေးကူညီသွားမှာပါ။ အခြေအနေတွေအောက်မှာ လူသားချင်းစာနာမှု အကူအညီပေးရေး ရည်မှန်းချက်တွေအတိုင်း လုပ်ဆောင်ခွင့်နဲ့ ဖွံ့ဖြိုးရေးကို ပိုပြီး လုပ်ဆောင်ခွင့် ရလာလိမ့်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ တခြား အလှူရှင်တချို့လည်း အဲဒီလို အနေအထားမျိုးမှာ ရှိလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်ထင်မြင်ချက်ကတော့ ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတာကို တွေ့ရဖို့ အစိုးရဟာ အလွန် စိတ်အားထက်သန်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှု မရှိရင်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ တည်ငြိမ်မှုမရှိရင် စီးပွါးရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ထိတ်လန့်ပြီး ရှောင်ခွာသွားပါလိမ့်မယ်။

လတ်တလောကာလတွေမှာ ရခိုင်ကိုပဲ အာရုံအများကြီး စိုက်နေကြရပါတယ်။ အဲဒါကြောင့် တခြားအရေးကြီးကိစ္စတွေ အပေါ်မှာ အာရုံစိုက်မှု လျော့ကျသွားတယ်လို့ တစ်ချို့က ခံစားနေကြရပါတယ်။

အလွန် မှန်ကန်ပါတယ်။ ကျွန်တော်တို့အတွက်တော့၊ အဲဒီ ပဓာနကျလွန်းတဲ့ ကိစ္စဟာလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားပေးကူညီရေးဟာ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပါ။ ခေါင်းဆောင်ပိုင်းနဲ့ ချိတ်ဆက်ညှိနှိှုင်းပြီး လက်တွေ့ကျတဲ့ အကူအညီအထောက်အပံ့တွေ ပေးပြီး ကျွန်တော်တို့ အဲဒါကို  လုပ်နေပါတယ်။ ဥပမာပေးရမယ်ဆိုရင် လွှတ်တော်ဆိုင်ရာ ဝန်ထမ်းတွေရဲ့စွမ်းရည်မြှင့်တင် တည်ဆောက်ရေးမှာ အကူအညီပေးခြင်းအားဖြင့် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။

လူကြီးမင်း အနေနဲ့ စစ်ဘက် ခေါင်းဆောင်ပိုင်း နဲ့ရော အဆက်အသွယ် ရှိပါသလား။

 မြန်မာစစ်ဘက်နဲ့လည်း ကျွန်တော်တို့ ညှိနှိှုင်းဆောင်ရွက်မှုတွေလုပ်နေပါတယ်။ ကျွန်တော် ရောက်လာခဲ့တဲ့ အချိန်ကစပြီး အခုအထိ၊ ကာကွယ်ရေး ဦးစီးချုပ်ကို အကြိမ်များစွာ တွေ့ခဲ့ပြီးပါပြီ။

ကျွန်တော်တို့ ဒီမှာ လုပ်နိုင်တာက၊ ယူကေမှာ ဘယ်လိုတွေ အလုပ်လုပ်ကြတယ်ဆိုတာကို လူတွေ သိမြင်လာအောင် ကူညီဖို့နဲ့၊ အဲဒီအကူအညီတွေဟာ နိုင်ငံရဲ့ အနာဂတ်အတွက် စိတ်ကူးစိတ်သန်း တွေကို ဖြစ်ပေါ်စေနိုင်မလားဆိုတာကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေကို ပြောရမယ်ဆိုရင် နှစ်ဦးနှစ်ဘက်လုံး အကျိုးရှိမယ့် win-win အခြေအနေဟာ ဖြစ်နိုင်ကြောင်း ပြသဖို့ ကျွန်တော်တို့ ဥပမာတွေ ပေးနိုင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ စစ်တပ်ဟာ ဂုဏ်သိက္ခာရှိတဲ့ အခန်းကဏ္ဍတစ်ရပ်ကို ရရှိမှာဖြစ်ပြီးတော့၊ ခိုင်မာတောင့်တင်းတဲ့ institution တစ်ခုလည်း ဖြစ်လာမှာပါ။

စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း၊ တခြား အခြေအနေမျိုးမှာထက်၊ အခွင့်အလမ်းတွေ ပိုရလာမှာ ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးဟာလည်း ပြည်သူကို ကိုယ်စားပြုမယ့် အစိုးရနဲ့ စီးပွားရေး ကြီးထွားဖွံ့ဖြိုးမှုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်ရမှာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆုံးဖြတ်ပြဋ္ဌာန်းရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကဏ္ဍက အားပေးကူညီဖို့ပါ။

အတိုက်အခံတွေနဲ့ လူကြီးမင်းတို့ရဲ့ ညှိနှိှုင်းဆောင်ရွက်မှုတွေကရော ဘယ်လိုရှိပါသလဲ?

နိုင်ငံရေးပါတီတွေ အားလုံးနဲ့ ကျွန်တော်တို့ စကားပြောခဲ့ပါတယ်။ ဒါပေမဲ့ ပါတီနိုင်ငံရေးအမြင်တစ်ရပ်ကို ကျွန်တော်တို့ စွဲကိုင်ထားတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ ယူကေကလူတွေ အလွန်လေးစားကြတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ သူ့အပေါ်အခြေခံပြီး မူဝါဒချမှတ်နေတာလို့ လူတချို့က ယူဆကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ မူဝါဒတွေဟာ ဒီမိုကရေစီကို အထောက်အကူပြုရေးကို အခြေခံထားတာပါ။

NLD အနေနဲ့ အစိုးရအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ဖို့ဆိုရင် NLD ဟာ စွမ်းရည်တွေ ပိုပြည့်ဝလာဖို့ လိုတယ်လို့ တချို့သူတွေက ယူဆကြပါတယ်။

ကျွန်တော် အရင်တုန်းက တောင်အာဖရိကမှာလည်း အခြေစိုက်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ANC (အာဖရိက အမျိုးသား ကွန်ဂရက်) အနေနဲ့ အတွေ့အကြံုမရှိလို့ အုပ်ချုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ ၁၉၉၄ ရွေးကောက်ပွဲ မတိုင်မီမှာ လူအများအပြားက ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒါမဟုတ်ဘူးဆိုတာကို ၁၉၉၄ နောက်ပိုင်းမှာ တွေ့ရမှာပါ။ ဒါကြောင့်မို့၊ ပထမဆုံးအကြိမ် အစိုးရဖြစ်လာနိုင်ခြေရှိတဲ့ နိုင်ငံရေးပါတီ တစ်ခုခုဟာ အုပ်ချုပ်နိုင်စွမ်းရှိမှာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်တွေကို ကျွန်တော် နည်းနည်း သံသယရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အတိတ်ကာလတုန်းကလိုပဲ တူညီတဲ့ ဂုဏ်သတင်းကျော်ဇောမှု ရှိနေသေးတယ်လို့ လူကြီးမင်း ယူဆပါသလား?

လူတွေဟာ သူ့ကို နိုင်ငံရေးသမားတစ်ယောက်အသွင် မျှော်လင့်လာကြပြီး၊ အဲလိုဖြစ်လာဖို့အရေးမှာ သူက ရုန်းကန်နေရတဲ့အတွက် အခုအခါမှာ သူ့ရဲ့ ပုံရိပ်ဟာ ထိခိုက်လာပုံရပါတယ်။

ကျွန်တော့်ရဲ့ အမြင်မှာတော့ သူ့ရဲ့ ဂုဏ်သတင်းကျော်ဇောမှုတွေ ဘာမှ မဆုံးရှုံးသွားသေးပါဘူး။ သူဟာ သာမန်ထက် ထူးခြားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ထင်မြင်ချက် စစ်တမ်း ကောက်ယူမှုတွေ နည်းနည်းပဲ ရှိတဲ့အတွက် ခေါင်းဆောင်တွေ ရရှိထားတဲ့ အားပေးထောက်ခံမှု ပမာဏတွေကို ခန့်မှန်းရ ခက်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုတွေဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ဖို့ကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။

တိုင်းရင်းသားလူမျိုးစု ပြဿနာ အကြောင်း ပြောကြရအောင်ပါ။ အဲဒီကိစ္စဟာ မြန်မာ အရေးအကြီးဆုံး ကိစ္စရပ် ဖြစ်နေတုန်းပဲလို့ ပြောမယ်ဆိုရင် ငြင်းချင်လည်း ငြင်းနိုင်ပါတယ်။ နိုင်ငံရေး အဖြေတစ်ရပ် မရှိဘဲနဲ့ အောင်မြင်တဲ့ အသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်မလာနိုင်ပါဘူး။

ဆန့်ကျင်ဘက်အချက်ကို ခင်ဗျား ထောက်ပြနိုင်ပါတယ်။ ကချင်ပြည်နယ်က အခြေအနေအတွက် ကျွန်တော်တို့ စိုးရိမ်ပူပန်မိပါတယ်။ ယုံကြည်မှုတွေ အကြီးအကျယ် လျော့ပါးနေတဲ့ အခြေအနေတွေမှာ၊ ရုတ်တရက် ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေဟာ အတော်လေးထိခိုက်စေနိုင်ပါတယ်။ အစိုးရနဲ့ ညှိနှိှုင်းနေမှုတွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ စစ်မှန်တဲ့ ညှိနှိှုင်းမှုတစ်ရပ် ဆက်လုပ်နေပုံရပါတယ်။ စစ်တပ်လည်း ပါဝင်ပါတယ်။ ဆွေးနွေးညှိနှိှုင်းရေးစားပွဲပေါ်မှာ အတော်လေး အရေးကြီးတဲ့ ကိစ္စရပ်တချို့ ကျန်နေတုန်းပါပဲ။ အပစ်အခတ်ရပ်စဲရေးက အရေးကြီးတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ တကယ်ကို အရေးအကြီးဆုံးကတော့ နိုင်ငံရေးဒိုင်ယာလော့ခ် (နိုင်ငံရေး အပြန်အလှန် ဆွေးနွေးညှိနှိှုင်းမှု) ပဲ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးညှိနှိှုင်းမှု ဖြစ်စဉ်ထဲမှာ နိုင်ငံရဲ့ အနာဂတ် နဲ့ တိုင်းရင်းသားအုပ်စုတွေရဲ့ ရည်မှန်းချက်တွေကို ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်မရေးထိုးနိုင်သေးတာဟာ ၂ဝ၁၅ ရွေးကောက်ပွဲကို မထိခိုက်စေနိုင်ဘူးလား?

အဲဒီနှစ်ခုအကြား တိုက်ရိုက်ဆက်စပ်နေမှုကို ကျွန်တော် မမြင်ပါဘူး။ တကယ်လို့ လုံးဝပြိုကွဲသွားပြီး၊ တိုက်ခိုက်မှုတွေ ပြန်စကြမယ်ဆိုရင်တော့ ထိခိုက်စေမှာပါ။ ဒါပေမဲ့ အဲဒါဟာ ဖြစ်နိုင်ခြေများတဲ့ အခြေအနေ မဟုတ်ပါဘူး။ NCA (တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်) ကို လက်မှတ်မရေးထိုးနိုင်သေးဘဲနဲ့လည်း၊ ရွေးကောက်ပွဲလုပ်နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ NCA ရအောင် လုပ်ဖို့လည်း အင်မတန် အရေးကြီးလှပါတယ်။ ဒါမှသာ လုပ်ငန်းစဉ်ဟာ နောက်တစ်ဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။ ခြွင်းချက်သဘောဆောင်တဲ့အရာမျိုး ကျွန်တော် မမြင်မိပါဘူး။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီရဲ့ Agenda ထဲကနေ မြန်မာနိုင်ငံကို ဖယ်ဖို့ စီစဉ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ထပ်ကာလတစ်ခုအထိ မြန်မာကို ထပ်ပြီး ပါဝင်စေဖို့ ဗြိတိန်က တောင်းဆိုခဲ့ပါတယ်။ ဘာကြောင့်ပါလဲ?

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ တိုးတက်မှုတွေကို ကျွန်တော်တို့ အသိအမှတ်ပြုတယ်ဆိုပေမဲ့၊ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့ ကိစ္စအပါအဝင် စိုးရိမ်စရာကိစ္စတချို့ ရှိနေတုန်းပါပဲ။ အဲဒီကိစ္စတွေကို နှစ်ဦးနှစ်ဘက် တင်ပြပြောဆိုမှုတွေ ကျွန်တော်တို့ လုပ်ခဲ့သလို၊ ဥရောပသမဂ္ဂ နဲ့ ကုလသမဂ္ဂတို့ အပါအဝင် ဘက်ပေါင်းစုံပါဝင်တဲ့ တင်ပြပြောဆိုမှုတွေလည်း လုပ်ခဲ့ပါတယ်။ အဲဒီ နှစ်ဖွဲ့လုံးဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို အာရုံစိုက်ကိုင်တွယ်နေသလို၊ ကျွန်တော်တို့လိုပဲ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သတ်ပြီး UNHRC (ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ) ရဲ့ ဆုံးဖြတ်ချက်ကို မတ်လထဲမှာ၊ အများဆန္ဒအလျောက် နောက်တစ်ကြိမ်ထပ်ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။ နောက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ Vijay Nambiar ကလည်း ဧပြီလတုန်းက လုံခြံုရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့ပါတယ်။

နိုင်ငံခြားရေးရုံး ဒုတိယဝန်ကြီး Hugo Swire မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့စဉ်မှာ ပြဿနာတချို့ ကြံုတွေ့ခဲ့ရပြီးတော့၊ မကြာသေးခင်ကလည်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က၊ ဗြိတိန်ဟာ ရခိုင်မှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲခဲ့တော့၊ သဘောထားကွဲလွဲမှု တချို့ ရှိနေပုံရပါတယ်။

ရခိုင်မှာ သန်းခေါင်စာရင်းကောက်ယူမှုကို ဘယ်လိုပြုလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ပြောနေတုန်းမှာ ဦးရဲထွဋ်ရဲ့ အဲဒီမှတ်ချက် ထွက်လာခဲ့တာပါ။ ဘာလူမျိုးလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ဖြည့်သွင်းပြသဖို့ အတွက် ဒီနိုင်ငံထဲမှာရှိတဲ့ တခြား လူမျိုးစု အုပ်စုတွေ အားလုံး အခွင့်အလမ်းတွေ ဘယ်လို ပေးအပ်ခံရပြီး၊ တစ်ချိန်တည်းမှာ ရိုဟင်ဂျာတွေဟာ အဲဒီအခွင့်အရေးကို ငြင်းပယ်ခံခဲ့ရတာအပေါ် ကျွန်တော်တို့ စိတ်ပျက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သဘောထားကွဲလွဲမှုဆိုတာ ကောင်းမွန်ပါတယ်။ သဘောထားကွဲလွဲမှုတွေ လုံးဝမရှိဘူးဆိုရင် ကျွန်တော်ဟာ ကျွန်တော့်အလုပ်ကို တကယ်လုပ်နေရဲ့လားဆိုပြီး အံ့သြမိနိုင်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ လုပ်နေတာတွေအပေါ် လူတိုင်းလူတိုင်းက ကျေနပ်နေတယ်ဆိုရင် အံ့သြစရာကောင်းမှာပါ။ ကျွန်တော်တို့အနေနဲ့ တချို့အချက်တွေ အပေါ်မှာ အစိုးရနဲ့ သဘောထားချင်းတိုက်ဆိုင်သလို၊ တစ်ချို့အချက်တွေမှာတော့ သဘောထားကွဲလွဲပါတယ်။ ဒါကြောင့်မို့လို့ ဒီသဘောထားကွဲလွဲမှုဟာ နောက်ဆုံးအကြိမ် မဟုတ်နိုင်ဘူးဆိုတာ လုံးဝ သေချာပါတယ်။ ဒါပေမဲ့ လုပ်ငန်းသဘောဆက်ဆံရေးက ခိုင်ခိုင်မာမာရှိနေတုန်းပါပဲ။