မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
(မိထ္ထီလာ အရေးအခင်းအပေါ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အင်တာဗျူး)
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
အုပ်စုဖွဲ့၍ အားနည်းသူကို အနိုင်ကျင့်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများဖြင့် အမှောင်လွှမ်းသော မိထ္ထီလာ နေ့ရက်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ရရုံနှင့် မပြီးဘဲ အရေးပေါ်အခြေအနေအဖြစ် အကြေညာလိုက်သည်အထိ အခြေအနေ ဆိုးရွားခဲ့ရ သည်။
အခင်းဖြစ်ပွားရာ မိထ္ထီလာသို့ အခြေအနေ ဝိုင်းဝန်းထိန်းသိမ်းရန် သွားရောက်ခဲ့ကြသူများထဲတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များလည်း ပါဝင်သည်။
ကိုယ်တိုင် သွားရောက်ခဲ့သည့် ကိုမင်းကိုနိုင်အား ၎င်းမြင်တွေ့ခဲ့ရသည့် အခြေအနေနှင့် အလားအလာကို သုံးသပ်ပေးရန် မဇ္စျိမက တွေ့ဆုံမေးမြန်းခဲ့သည်။
အကြမ်းဖက်မှု၊ မတရားမှုများ ကျယ်ပြန့်ကြီးမားလာရပုံနှင့် လုံခြံုရေး တာဝန်ရှိသူများ၏ အားနည်းချက်များကို ကိုမင်းကိုနိုင်က ထောက်ပြအကြံပြုထားပြီး ၎င်းတို့ အတွေ့အကြံုအရ ထိုသို့သော အဖြစ်အပျက်များ ဖြစ်လာနိုင်ချေ ရှိကြောင်း ကြိုတင်စိုးရိမ် တွေးထင်ခဲ့သည်ဟု ကိုမင်းကိုနိုင်က အစချီပြောပြထားသည်။
မိတ္ထီလာကို ရောက်ရောက်ချင်း ဘယ်လို အနေအထားတွေနဲ့ ကြံုတွေ့ခဲ့ရလဲ။
မင်း။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းကတည်းက စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်။ အဲဒါတွေက မိတ္ထီလာမှာ စဖြစ်တယ်။ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ မသိတာ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေကတော့ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေတော့ ဖြစ်လာတော့မယ်လို့တော့ ကျနော်တို့ရဲ့ အသက် ၅၀၊ နိုင်ငံရေး အသက် ၂၅၊ ထောင်သက် ၂၀၊ အဲဒီ အတွေ့အကြံုက တခုခု ဖြစ်လာတော့မယ်လို့ ထင်နေခဲ့တာ။ မိထ္ထီလာမှာ စဖြစ်တယ် ဆိုတော့ အတိုင်းအဆကို ကျနော်မေးလိုက်တယ်။ ပြောတာက လိုအပ်နေတယ်၊ အရေးကြီးတယ်ဆိုတော့ ကျနော်တို့ ညတွင်းချင်း လိုက်သွားတယ်။
ပြဿနာတွေကို ဘယ်လိုညှိနှိုင်းခဲ့ရလဲ။
မင်း။ ။ လူတွေ ပိတ်မိရင် အရေးကြီးတယ်။ ကယ်ဆယ်ရေးက အဓိကပဲ။ ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ အဆက်အသွယ် ရတယ်။ ကျနော်တို့တွေ တိုင်းဒေသကြီး ဝန်ကြီးလည်း ရှိနေတဲ့အတွက် သွားတွေ့တယ်။ ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ အဖွဲ့တွေနဲ့တွေ့ပြီးတော့ လူထုကို စည်းရုံးသိမ်းသွင်းပေးဖို့ ပြောတယ်။ သူတို့တွေက လည်း ဖြေရှင်းဖို့ကို တက်တက်ကြွကြွ ရှိပါတယ်။
လူတယောက်ကို အစစ်ဆေး မေးမြန်းမရှိ ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ကိစ္စ၊ ဥပဒေမဲ့ အိုးအိမ်တွေ ဖျက်ဆီးနေတာကို ဘာမှ အထွေအထူး အမေးအမြန်း လုပ်နေစရာမလိုဘူး။ ကျနော်တို့ လူသားဝါဒအရ ချက်ချင်းလက်ငင်း ကာကွယ်ပေးဖို့ ပါပဲ။
လုံခြံုရေးတွေက အထက်အမိန့် မရသေးတဲ့အတွက် ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေတယ် ဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။
မင်း။ ။ တခုတော့ ရှိတာပေါ့ဗျာ။ အမိန့်မရဘဲ လူတွေရဲ့ အသက်ကို ကယ်မိမယ်၊ ရာဇဝတ်သားကို ဖမ်းလိုက်မယ် ဆိုရင် ဘာဖြစ်သွားမလဲပေါ့။ သူတို့ကိုယ်တိုင်လည်း သိဟန် မတူပါဘူး။ ဘယ်ဥပဒေမှ လည်း ကျနော်တို့ တိတိကျကျ ပြဋ္ဌာန်းထားတာ မတွေ့ရဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပုံမျိူး သူတို့တွေရဲ့ အသက်ဟာ အမိန့်နာခံမှု ဖြစ်နေတယ်။ အဲတော့ တချို့ကိစ္စတွေဟာ ရှုတ်ထွေးနက်ရှိုင်းပေမယ့် မျက်စိရှေ့မှာတင် လက်နက်မျိုးစုံ ကိုင်ထားပြီးတော့ လူတယောက်ကို အစစ်ဆေးမေးမြန်းမရှိ ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ကိစ္စ၊ ဥပဒေမဲ့ အိုးအိမ်တွေ ဖျက်ဆီးနေတာကို ဘာမှအထွေအထူး အမေးအမြန်း လုပ်နေစရာမလိုဘူး။ ကျနော်တို့ လူသားဝါဒအရ ချက်ချင်းလက်ငင်း ကာကွယ်ပေးဖို့ ပါပဲ။ ပြီးတော့မှ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်မှုနဲ့ ကြိုးစင်ကို တက်ဆိုရင်လည်း တက်ဖို့ အဆင်သင့်ပါပဲ။
လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းအပေါ် ဘယ်လိုသုံးသပ်လဲ။
မင်း။ ။ သက်သက် ညှာညှာ စဉ်းစားမယ်ဆိုရင်တော့ တော်တော့်ကို အားမရစရာ ကောင်းပါတယ်။ ကျနော်တို့ အပြန်မှာ ဆိုရင် ဓါတ်ဆီဆိုင် တဆိုင်မှာ ကင်ဒိုဓါးကိုင်ပြီးတော့ ဆိုင်ကယ်တစီးနဲ့ တယောက်ထဲ ရမ်းနေတာကို တွေ့ရတယ်။ အုပ်ချူပ်ရေးပိုင်းက၊ လုံခြံုရေးပိုင်းက လူတွေက ဒီအတိုင်းကို မတ်တပ်ရပ် ကြည့်နေကြတာ။ ဒီပုံအတိုင်းဆို အမိန့်တစုံတရာ စောင့်စရာ မလိုတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ တရားဥပဒေ စိုးမိုးရေ ဆိုတာဟာ လက်နက်ကိုင်ပြီးတော့ ချိူးဖောက်နေပြီ ဆိုရင် အဲဒီဓါတ်ဆီဆိုင်ကို ကာကွယ်ပေးထားရမယ်။ အဲဒါကို ရဲတွေက ဘာလို့ ဝိုင်းပြီး ကြည့်နေတာလဲ။ ရဲတပ်ဖွဲ့ဝင်တွေက အမိန့်မရလို့ပြောတယ်။ ကျနော့် သဘောကတော့ အမိန့်မလိုပါဘူး။ အမိန့်မရဘဲနဲ့ ရာဇဝတ်ကောင် တကောင်ကို ဖမ်းလိုက်လို့ အပြစ်ပေး မယ်ဆိုရင် ကြိုးစင်တက်ဖို့ပဲ ရှိတော့တယ်။ ဒီလောက် လက်နက်တွေနဲ့ ရမ်းကားနေတာ တွေကို မသိလို့လည်း မဟုတ်ဘူး။
တသက်လုံးမှာ ကျနော်တို့က ဘာသာလူမျိူးပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင် တွဲပြီးတော့ နေခဲ့တာပါ။ အဲဒီအစဉ်အလာ ဆိုတဲ့ဟာတွေ ပျောက်သွားပြီးတော့ သံသယတွေနဲ့ တချိန်လုံး မအေးချမ်းမှုတွေ ဖြစ်လာနိုင်တာတွေကိုလည်း စိုးရိမ်ရတယ်။ စိုးရိမ်မှုတွေကတော့ ပြောလို့ ကုန်မှာ မဟုတ်တော့ဘူး။
အဲဒါတွေက သိပ်သံသယဖြစ်ဖို့ ကောင်းတယ်။ နောက်တခုက တားထားတဲ့ ဒိုင်းတွေ ကြားထဲကနေ တိုးဝှေ့ပြီး ဝင်သွားကြတာတွေ ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူတွေတုန်းကတော့ ဆက်ဆံ ပုံက တမျိုး၊ အခုလို ဖျက်ဆီးနေ ကြတာကျတော့ တမျိူးနဲ့ဗျာ။ စိတ်အပူရဆုံး လို့တော့ မဟုတ်ဘူးဗျ။
ကျနော် ခေါင်းစဉ်ခွဲ ပြောရမယ်ဆိုရင် ကျနော်တို့တွေဟာ ဘဝတွေကို ပေးဆပ်ပြီး သုညဘဝကနေ ပြီးတော့ အစက နေပြန်စရတာ။ အခုကတော့ ဖျက်ဆီးခံရတာတွေနဲ့ စိုးရိမ်စရာ ဖြစ်နေတယ်။ တယောက်နဲ့ တယောက် မျိုးတုံး သတ်ဖြတ်ပစ်ဖို့ ဆိုတာမျိုး တိုင်းရင်းသား လူမျိုးတွေရဲ့ စိတ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ မရှိခဲ့တဲ့ အပေါ်မှာ အဲလိုမျိုး လုပ်နေပါတယ်လို့ အစွပ်စွဲခံရပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျနော်တို့နဲ့ နားလည်မှု လွဲနေတယ်။ မဖြစ်သင့်တဲ့ အရာတွေ၊ ဒုက္ခတွေ နောက်ထပ် အကြပ်အတည်း ပေါင်းစုံတွေ ရင်ဆိုင်ရမှာ တွေးပူမိတယ်။ တသက်လုံးမှာ ကျနော်တို့က ဘာသာလူမျိူးပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင် တွဲပြီးတော့ နေခဲ့တာပါ။ အဲဒီအစဉ်အလာ ဆိုတဲ့ဟာတွေ ပျောက်သွားပြီးတော့ သံသယတွေနဲ့ တချိန်လုံး မအေးချမ်းမှုတွေ ဖြစ်လာနိုင်တာတွေကိုလည်း စိုးရိမ်ရတယ်။ စိုးရိမ်မှုတွေကတော့ ပြောလို့ ကုန်မှာ မဟုတ်တော့ဘူး။
ဝါဒဖြန့်မှုတွေက ဘယ်လောက်အထိ အကျိူး သက်ရောက်မှု ရှိသွားမလဲ။
မင်း။ ။ အထူးသဖြင့် အွန်လိုင်း စာမျက်နှာတွေမှာ ပျံ့နှ့ံနေတဲ့ အရာတွေက ရေးတဲ့သူ၊ တင်ထားတဲ့ လူတွေက ကိုယ်လုပ်တဲ့ဟာကို ကိုယ်တာဝန်ယူတယ်။ အဲဒီလိုမှ မဟုတ်ရင် သူ့ရဲ့ နာမည်နဲ့ မတင်ထားတဲ့ လူတွေအကြောင်း ထိုင်ပြီး မကောင်းပြောမယ်။ ညစ်ညမ်းတာတွေ ရေးမယ်။ အကောင်းဘယ်လောက်ပဲ လုပ်လုပ် မဟုတ်တမ်းတရား စွပ်စွဲမှာပေါ့။ အဲတော့ အွန်လိုင်းမှာ တက်လာတဲ့ သတင်း (သို့) ဝါဒဖြန့်ချီမှုတွေကို မျက်စိမှိတ်ပြီးတော့ မယုံပါနဲ့၊ ဓါတ်ပုံတွေက အစ လုပ်ကြံလို့ ရနေတာကိုဗျာ။
ကမ္ဘာ့ တနေရာမှာဗျာ သတ်ဖြတ်ခဲ့တဲ့ ဟာကိုမြန်မာပြည်တနေရာလို့ပြောမယ်ဆိုရင် လည်း ယုတ္ထိရှိအောင် လုပ်လို့ ရနေတယ်။ တတ်နိုင် သမျှကတော့ ဆန်းစစ်ဖို့ လိုပါတယ်။
ဘယ်လောက်အထိ သက်ရောက်နိုင်လဲ ဆိုတော့ တိုင်းပြည်ပျက်သွား တဲ့အထိ ဖြစ်နိုင် ပါတယ်။ ကျနော်တို့ အားလုံးရဲ့ ဉာဏ်အမြော်အမြင် ရှိမှုနဲ့ တဦးကို တဦးအပြန်အလှန် ထိန်းကြောင်းနိုင်မှုတွေနဲ့ပဲ ဒီကိစ္စကို ကာကွယ်နိုင်ပါလိမ့်မယ်။
အထူးသဖြင့် အွန်လိုင်း စာမျက်နှာတွေမှာ ပျံ့နှ့ံနေတဲ့ အရာတွေက ရေးတဲ့သူ၊ တင်ထားတဲ့ လူတွေက ကိုယ်လုပ်တဲ့ဟာကို ကိုယ်တာဝန်ယူတယ်။ အွန်လိုင်းမှာ တက်လာတဲ့ သတင်း (သို့) ဝါဒဖြန့်ချီမှုတွေကို မျက်စိမှိတ်ပြီးတော့ မယုံပါနဲ့၊ ဓါတ်ပုံတွေက အစ လုပ်ကြံလို့ ရနေတာကိုဗျာ။
အစိုးရကို ဘယ်လိုအကြံပေးချင်လဲ၊ ဘာတွေလုပ်ဖို့ လိုနေတယ်လို့ ပြောချင်လဲ။
မင်း။ ။ ရဲတွေ၊ လုံထိန်းတွေက အထက်က အမိန့်မပေးရင် ရပ်ကြည့်ဆိုရင်လည်း ကြည့်နေတာပဲ မနာခံလို့ မရဘူး ။ သူတို့ရှေ့မှာ လက်နက်တွေ ကိုင်ပြီးတော့ သွားလာနေကြတာကို ဘုရားသွားဖို့ ပန်းကလေးတွေ လက်မှာ ကိုင်သွားသလိုပဲ ရပ်ကြည့်နေတာ။ အကုန်လုံး တု့ံနှေးတု့ံနှေးပဲ။ ပွဲဖျက်ပြီးတော့မှ ကယ်တင်ရှင် ဝင်လုပ်မှာလားလို့ တွေးမိတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။
မင်း။ ။ အရေးတကြီး လိုအပ်ချက်က ကိုယ့်အိမ် လုံခြံုရေးကို ဂရုစိုက်ကြဖို့။ ဂရုစိုက်တယ် ဆိုတဲ့နေရာမှာ သံသယ အခြေခံပြီးတော့ ရန်သူရှာတာမျိူး မဖြစ်စေရဘူး။ ကျနော်တို့ စျေးထဲမှာ တယောက်နဲ့တယောက် ပုခုံးချင်း တိုက်မိမှာပဲ။ အဲဒီအခါမျိုး ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကို တိုက်မိတယ် ဆိုတာမျိူး မဖြစ်ပါစေနဲ့။ ရိုးသားလား ရည်ရွယ်သလား ဆိုတာတော့ သေသေချာချာ ပိုင်းခြားရလိမ့်မယ်။ သူတို့ ကိုယ်တိုင်မှပဲ သိလိမ့်မယ်။ အဲဒီကနေပြီးတော့ ပျံ့ပြီးတော့ နည်းဗျူဟာက ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။
နောက်တချက်ကတော့ ဝါဒဖြန့်မှုတွေပါ။ ဒီနေရာမှာ ဘယ်သူက ဘယ်သူကို ဘာတွေ လုပ်သွားလဲ ဆိုတာမျိုး အဲဒါတွေကို သေချာ ဆန်းစစ်ပါ။ တကယ်အကြံအစည် တခုခု ရှိနေတဲ့ လူတွေဟာ အဲဒီနည်းတွေကို သုံးပါတယ်။ အဲဒီတော့ ကျနော်တို့ဟာ ဘာမဆို ဆန်းစစ်မှ ရပါမယ်။ ကာကွယ်တာနဲ့ အတူသွားပြီးတော့ ကျူးကျော်တိုက်ခိုက်တာကို ခွဲခြားနိုင်ရပါမယ်။