မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့နယ်၊ နန့်ဖာလုံစျေးတွင် ၂ဝဝ၆ ခုနှစ်၊ ဇန်နဝါရီလက ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်နေ သည်ဟူသော စွပ်စွဲချက်ဖြင့် မန္တလေး-အိုးဘိုထောင်တွင် ကြိုးမိန့် ကျခံထားရသည့် ကျောင်းသား တပ်မတော် ABSDF မှ ကိုမောင်မောင်ဦး သည် ရ နှစ်အကြာ နိုဝင်ဘာလ ၁၈ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
(ABSDF ရဲဘော် ကိုမောင်မောင်ဦး နှင့် အင်တာဗျူး)
မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့နယ်၊ နန့်ဖာလုံစျေးတွင် ၂ဝဝ၆ ခုနှစ်၊ ဇန်နဝါရီလက ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်နေ သည်ဟူသော စွပ်စွဲချက်ဖြင့် မန္တလေး-အိုးဘိုထောင်တွင် ကြိုးမိန့် ကျခံထားရသည့် ကျောင်းသား တပ်မတော် ABSDF မှ ကိုမောင်မောင်ဦး သည် ရ နှစ်အကြာ နိုဝင်ဘာလ ၁၈ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ထိုစဉ်က ဗုံးပေါက်ကွဲမှု တရားခံ အစစ်အမှန်ကို ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ကိုမောင်မောင်ဦး အပါအဝင် ABSDF မှ ရဲဘော် သုံးဦးအား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
မဏိပူရ လက်နက်ကိုင် အဖွဲ့အစည်း၏ အကူအညီဖြင့် မြန်မာစစ်တပ်က အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ သန်းခေါင်အချိန် တွင် လက်နက်ကိုယ်စီဖြင့် ဝင်ရောက်ကာ ၎င်းတို့အား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ တမူးမြို့ဒေသခံ အချို့မှာလည်း သံသယဖြင့် ခေတ္တ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသေးသည်။
ထိုဗုံးပေါက်ကွဲမှု စွပ်စွဲချက်ဖြင့် သေဒဏ် နှစ်ထပ်ကွမ်း ပြစ်ဒဏ်ပေးခံရသူ ယခု အသက် ၄၇ နှစ်အရွယ်ရှိ ကိုမောင်မောင်ဦး အား မဇ္စျိမ က ဆက်သွယ်မေးမြန်း ထားသည်။
ကျန်းမာရေး အခြေအနေ ပြောပြဦးဗျ။
ထောင်ထဲမှာတော့ ထူးထူးခြားခြား ကျန်းမာရေး ဆိုးရွားတာ မရှိပါဘူးဗျာ။ တောထဲက ပါလာခဲ့တဲ့ ငှက်ဖျားလောက်ပဲ
ပြန်ပြန်ဖြစ်တယ်။ အခုတော့ ကောင်းပါတယ်။
ဘာအမှုနဲ့ ဖမ်းတာလဲဗျ။
သူတို့က လူသတ်မှုလို့ ပြောတယ်။ ဖောက်ခွဲမှုကို ဖောက်ခွဲမှုလို့ မပြောဘူး။ နောက်ဆုံးတော့ လူသတ်မှု
ဆိုပြီး စွဲတယ်။ ပထမတော့ သေဒဏ်။ နောက်တော့ သေဒဏ်ကနေ ပြောင်းသွားတယ်။ သူတို့က အဲဒီဖြစ်စဉ်မှာ လူနှစ်ယောက် သေတဲ့ အတွက် သေဒဏ် နှစ်ကြိမ် ချလိုက်တာပေါ့။
တကယ်ရော ပါဝင်ပါတ်သက်ပါသလားခင်ဗျ။ အဲဒီအမှုကို ကျူးလွန်တာလားဗျ။
အဲဒီကိစ္စ ကျနော် သိတောင်မသိလိုက်ပါဘူး။
ထောင်တွင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ ကြံုတွေ့ရပါသလား။
ထောင်ထဲ စရောက်စက ရှိတာပေါ့၊ နောက်ပိုင်းတော့ မရှိတော့ဘူး။ အကုန် တွန်းလှန်နိုင်ပါတယ်။ နယ်စပ်မှာ စအဖမ်းခံရတော့ ကျနော်က ABSDF ရဲ့ မိုးရေးရုံး တာဝန်ခံ လုပ်နေတဲ့ အချိန်မှာ နန့်ဖာလုံစျေးမှာ ပေါက်ကွဲမှု
ဖြစ်တော့ သူတို့ တရားခံ ရှာမရဘူး။ ရှာမရတော့ သူတို့မွေးမြူထားတဲ့ ကသဲ (မဏိပူရ) သူပုန်တွေနဲ့ ဖမ်းခိုင်းတာ။ ဖမ်းပြီးတော့ မြန်မာပြည်ထဲ လွှဲခိုင်းတာ။ လွှဲခါနီး ကျနော်တို့ကို ဘောလုံးကွင်းထဲမှာ မြေကြီးပေါ် မှောက်ပြီး သေနတ်
တွေနဲ့ ထုတာ၊ ရိုက်တာတွေ လုပ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရပါတယ်။ နဖူးမှာ ဒဏ်ရာရတယ်။ မျက်နှာမှာ ဒဏ်ရာရတယ်။ ဘယ်ဘက်လက်မှာ ဒဏ်ရာရတယ်။
စစ်ကြောရေးမှာ ဘယ်လောက်ကြာသွားသလဲခင်ဗျ။
စစ်ကြောရေးမှာ တပါတ်ကျော်ကျော်လောက် ကြာတယ်။ သူတို့က ဖိအားပေးပြီး ဇွတ် ဝန်ခံခိုင်းတယ်။ နောက်ဆုံး အခြေအနေအရ မဖြစ်နိုင်တော့လို့ ဝန်ခံလိုက်ရတဲ့ အခြေအနေမှာ တပါတ်လောက် ဖြစ်သွားတယ်။ ဖိအားပေးတာက ဝန်မခံရင် သတ်ပစ်မယ် ဆိုတာက တချက်။ နောက်တချက်က မိသားစု ဒုက္ခပေးမယ်ဆိုတာက တချက်။ မန္တလေးက မိသားစုကို ရည်ရွယ်ပြီး ပြောဟန်မတူဘူး။ မိုးရေးမှာ ကျန်ခဲ့တဲ့ မိသားစုကို ရည်ရွယ်ပြီး ပြောတာဖြစ်ဖို့ များပါတယ်။ ကျနော့် အဖေကတော့ ၁၉၆၂ ခုနှစ်တုန်းက ကျောင်းသားဆိုတော့ အဲဒီတုန်းက ဗမာပြည်ကွန်မြူနစ် ပါတီက ပေါ့။ ၈၈ ခုနှစ်မှာ ကျနော် အိန္ဒိယဘက် တောခိုတော့ ကျနော့်အဖေကို ‘သား တောခိုတာကို အားပေးကူညီမှု’ ဆိုပြီးတော့ ဖမ်းပြီး ထောင် ၁ဝ နှစ် ချပါတယ်။
ထောင်တွင်းမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ။ ဘာအကူအညီတွေ ရခဲ့သလဲဗျ။
အရင် အစပိုင်းကတော့ မရခဲ့ဘူး။ အခုနောက်ပိုင်းမှာ အထူးသဖြင့် NLD နဲ့ နိုင်/ကျဉ်း အဖွဲ့က ငွေကြေးနဲ့ စားစရာ၊
သောက်စရာလေးတွေ ထောက်ပံ့ပါတယ်။ ကျနော်တို့က နိုင်ငံရေးနဲ့ နွှယ်တဲ့သူတွေ၊ သီးသန့်အကျဉ်းသား ဆိုတော့ အပြင် ထွက်ခွင့် မပေးပါဘူး။
ဘာဆက်လုပ်သွားမလဲဗျ။
အခု ကျနော် မြေပေါ်မှာပဲ ဖြစ်သွားတဲ့ အခါကျတော့ NLD ကို ဝိုင်းရံဖို့ပဲ စဉ်းစားတော့တာပေါ့။ တတ်နိုင်တဲ့ဘက်က အုတ်တချပ်၊ သဲ တပွင့်ပေါ့ဗျာ။
သားသမီး၊ ဇနီးတွေနဲ့ ပြန်တွေ့ရပြီလားဗျ။
မတွေ့ရသေးဘူးဗျ။
ဘာကြောင့် ပြန်လွှတ်တယ် ထင်သလဲဗျ။
အမေရိကန် အစိုးရဲ့၊ အိုဘားမားလာတဲ့ ကိစ္စမှာ နားလည်မှု တစုံတရာနဲ့ လွှတ်ပေးတယ်လို့ပဲ ယူဆပါတယ်။ လက်မှတ်ထိုးရပါတယ်။ ပုဒ်မ ၄ဝ၁၊ ၁က အရ လွတ်တယ်။ နောက်ထပ်ပြစ်မှု တစုံတရာ ဖြစ်ရင် ဖြစ်တဲ့ပြစ်ဒဏ်ရော၊ ကျန်တဲ့ ပြစ်ဒဏ်ရော ပေါင်းပြီးခံရမယ်ဆိုပြီးတော့ သိရှိကြောင်း ဆိုပြီးတော့ လက်မှတ်ထိုးရပါတယ်။
လွတ်မြောက်လာတော့ မိဘတွေနဲ့တွေ့တယ်။ အကို့စိတ်ထဲ ဘယ်လိုခံစားရပါသလဲ။
ကျနော် တယောက်တည်း အတွက်တော့ ဝမ်းသာသလိုရှိတယ်။ တကယ်တမ်း ပြောရရင်တော့ ဝမ်းမသာနိုင်တော့ ဘဲ ထောင်ထဲမှာ ဘဝတူတွေ ရှိတယ်။ ကျနော်တို့ ရဲဘော် ရဲဘက်တွေ ကျန်ခဲ့သေးတာကိုး။ အခုဆို ABSDF တဖြစ် လဲ SSA ခြောက်ယောက်၊ KNU က တယောက်၊ မုံးကိုး ကာကွယ်ရေးတပ်က အတွင်းရေးမှူး တယောက်၊ KDA က တယောက်။ သူတို့တွေ ကျန်းမာရေးကတော့ ကောင်းတယ်။ စားရေးသောက်ရေးကတော့ အခက်အခဲ ရှိတာပေါ့ဗျာ။
ဘယ်သူတွေနဲ့ အတူတူ လွတ်လာလဲဗျ။
ကျနော်နဲ့အတူ အောင်သီဟ၊ ကျနော်တို့ ABSDF တောင်ပိုင်းမှာ အရင်တုန်းက ကိုမိုးသီးဇွန် ရဲ့ PD 21 (Political Defence) နိုင်ငံရေး အံတုမှု ကပေါ့ဗျာ။ ဗကသ၊ NLD (LA) က ကိုကျော်ထွေး ခေါ် ဂျပန်ကြီး၊ စိုင်းလှကျော်၊ နောက် ကျနော် စုစုပေါင်း လေးယောက်။
ဘာဖြည့်စွက် ပြောကြားချင်ပါသေးသလဲ။
ကျနော်တို့ဗျာ ကိုယ့်နိုင်ငံသား အချင်းချင်း၊ ဒီလူတွေကို ပြစ်ဒဏ်နဲ့ ပြစ်မှု ကိုက်ညီသလား၊ တကယ်စေတနာ ရှိသလား။ ပြစ်မှု၊ ပြစ်ဒဏ် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။ သူတို့ကိုလည်း လွှတ်သင့်ပါတယ်လို့ ကျနော် အနေနဲ့ ဖြည့်စွက်ပြောချင်ပါတယ်။ ဒီအချိန်မှာ ဒါမျိုးတွေ မရှိသင့်တော့ပါဘူးဗျာ။