၂၀၀၁ တောင်ငူ အဓိကရုုဏ်းမှုဖြင့် ထောင် ၂၂ နှစ်ကျ ကိုယ်တော်

၂၀၀၁ တောင်ငူ အဓိကရုုဏ်းမှုဖြင့် ထောင် ၂၂ နှစ်ကျ ကိုယ်တော်
by -
မဇ္ဈိမ

(ရမည်းသင်းထောင်မှ လွတ်မြောက်လာသည့် ဦးဝေပုလ္လ နှင့် အင်တာဗျူး)

တောင်ငူမြို့တွင် စတင်ဖြစ်ပွားသည့် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာရေး အဓိကရုဏ်းတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၂ နှစ်ကျခဲ့ကာ တောင်ငူ၊ မန္တလေးနှင့် ရမည်းသင်းထောင်တို့တွင် ၁၀ နှစ်ခွဲကျော် နေခဲ့ရသည့် မန္တလေးမြို့မှ ရွှေဘုံသာကျောင်းထိုင်ဆရာတော် အရှင် ဦးဝေပုလ္လ (ခေါ်) ဦးဝင်းတင် လည်း ရမည်းသင်းထောင်မှ လွတ်မြောက်လာသည်။

ဖမ်းခံရပုံ၊ ထောင်တွင်း အတွေ့ကြံုနှင့် ရှေ့ဘာဆက်လုပ်မည်ကို သိနိုင်ရန် မဇ္စျိမ သတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။

အရှင်ဘုရားတို့ လွတ်တာ သံဃာဘယ်နှပါး၊ လူဘယ်နှယောက်လဲ ဘုရား။

“ခြောက်ယောက်၊ ဦးသောဘိတ ခေါ် သိန်းထိုက်စိုး၊ ရှင်သုဝဏ္ဏ ခေါ် ဟန်စိုး၊ ဦးဃောသိတ ခေါ် ဟန်မြင့်၊ ကောင်းကောင်း ခေါ် ဇော်ဝင်းမြင့်၊ ကိုဖိုးထောင် ခေါ် လှမြင့်”

အရှင်ဘုရား မိခင်ကျောင်းတိုက်၊ ဝါတော်၊ သက်တော် မိန့်ပါဘုရား။

“ဦးဇင်းက ကျောင်းထိုင်ပါ။ မိခင်ကျောင်းတိုက်က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အသောကာ ရာမတိုက်၊ ရွှေဘုံသာ ကျောင်း။ ဘုရားကြီး တောင်ဘက်မုခ်။ ဝါတော်က ၁၇ ဝါ ဝတ်ခဲ့တယ်။ အခု တွက်မယ်ဆိုရင်တော့ ၁၇ ဝါ ကျတာဗျာ။ ၁၀ ဝါ ၁၁ ဝါ ထောင်ထဲမယ်။ သက်တော်က အခု ၄၈”

ထောင်စကျတာ ရမည်းသင်းမှာပဲလား။ ဘယ်နှနှစ်ရှိသွားပြီလဲဘုရာ့။

“ဦးဇင်း လွတ်တဲ့နေ့အထိ ၁၀ နှစ်၊ ရ လ၊ ၁၆ ရက်ကြာတယ်။ ပထမ တောင်ငူမယ် ၅ လလောက် နေရတယ်။ မန္တလေးကို ရွှေ့တယ်။ မန္တလေးမယ် နှစ်ရက်နေရတယ်။ နောက် ရမည်းသင်း ရွှေ့လိုက်တာ။ ရမည်းသင်းကို ၂၅ ရက် ၁၀ လ ၂၀၀၁ ရောက်တယ်။ စုစုပေါင်း ထောင်ချတာ ၂၂ နှစ်”

တောင်ငူ ဘာသာရေးအဓိကရုဏ်းမှာ ဖမ်းတယ်လို့ သိရပါတယ်။ မိန့်ကြားပါဘုရား။

“တောင်ငူအရေးအခင်းမယ် ဦးဇင်းက အဲဒီအချိန်က တောင်ငူမြောက်ဖက်က မြို့လှကို ရောက်နေ တာဗျ။ အရေးအခင်းနဲ့ သွားကြံုတော့ ဦးဇင်းတို့ ဝင်ပြီးတော့ မြို့လှမှာ ပါသွားကုန်ကြတာပေါ့။ ဘာသာရေးအရေးအခင်းပဲ။ ကုလားတွေနဲ့ ဘုန်းကြီးတွေနဲ့ဖြစ်ကြတဲ့ ပြဿနာပေါ့။ ဖြစ်တာက ၂၀၀၁ ခုနှစ် ၅ လပိုင်းမှာ ဖြစ်တာ။ တောင်ငူမယ် ကိုရင်လေးတွေနဲ့ မွတ်ဆလင်ရပ်ကွက်နဲ့ ပြဿနာ တက်တာစတာပဲဗျ။ တဖြေးဖြေးနဲ့ ကျယ်သွားတော့ မြို့တွေ ပြန့်သွားတာပေါ့။ မြို့လှမှာ ဦးဇင်း ရဟန်းဒါယကာရှိတယ်လေ။ ရဟန်းဒါယကာက ဘုရားပူဇော်ဖို့ ကိစ္စနဲ့ ဦးဇင်းက မြို့လှကို ရောက်နေတာ”

အရေးအခင်း အဖြစ်အပျက်ကို မိန့်ပါဘုရား။ ဦးဇင်းက ဘယ်လိုမျိုး ပါဝင် ပတ်သက်ခဲ့တာလဲ ဘုရာ့။

“အဲဒီမှာ ဆန္ဒပြတာမရှိဘူးဗျ။ အိမ်တွေဘာတွေ အဆောက်အဦးတွေဘာတွေ ခဲနဲ့ ထုကြပြုကြနဲ့ ဖျက်ကြဆီးကြပေါ့။ ရုန်းရင်းဆန်ခတ်ဖြစ်တာပေါ့။ အဲဒီရုတ်ရုတ်ထဲမယ် သွားပြီး အစည်းအဝေးတွေ ဘာတွေလုပ်တော့ သွားတက်တာပေါ့ဗျာ”

အဖမ်းခံရပုံ မိန့်ပါဘုရား။

“အဲဒီတုန်းက ပထမ အဖမ်းမခံရဘူးဗျ။ နောက်တော့မှ ဦးဇင်းလည်း ပါတယ်ဆိုပြီးတော့ မြို့လှက ရဟန်းဒါယကာကို ထောက်လှမ်းရေးက ဖမ်းလိုက်တာ။ တကယ်ပါတာ ကျုပ်ပါတာလို့ သူတို့ မပါဘူး ဆိုပြီးတော့ သွားပြီးတော့ အဖမ်းခံလိုက်တာပေါ့နော်။ အဲဒီတုန်းက ထောက်လှမ်းရေး (၃) ပေါ့။ တောင်ငူပေါ့။ ၂၀၀၁ ခု မေလ ၂၅ ရက်နေ့”

အဲဒီတော့ နောက်ဘာဆက်ဖြစ်လဲ။

“အဲဒီမှာပဲ စစ်ကြောရေးတော့ လုပ်တာပေါ့။ ထွေထွေထူးထူးတော့ မလုပ်ပါဘူး။ မေးတာမြန်းတာပဲ လုပ်ပါတယ်”

သင်္ကန်းချွတ်တာကျတော့ရော။

“သင်္ကန်းချွတ်တာလည်း အဲဒီ တောင်ငူမှာ တိုင်းဟောင်းလို့ ခေါ်တာပေါ့။ သူတို့ တပ်ထဲမှာပဲပေါ့။ ထောက်လှမ်းရေး (၃) မဟုတ်ဘူး။ အဲဒီတုန်းက စစ်ကြောရေးဖွင့်တဲ့ တပ်တတပ်ရှိတယ်။ ဒေသခံမဟုတ်တော့ ကျုပ်လည်း မသိဘူး။ သူတို့ကတော့ တိုင်းဟောင်းလို့ခေါ်တာပဲ။ မေလ ၂၇ ရက်နေ့ မှာ ချွတ်တာ။ စစ်ကြောရေးမှာပေါ့။ သူတို့ကတော့ သိက္ခါချခိုင်းတာပေါ့။ ဒါပေမယ့်လည်း သိက္ခါချတယ်/မချဘူးဆိုတာက အမိန့်ပေးလို့မှ မရဘဲနဲ့ကိုး။ ဆရာတော်တပါး ကြွလာတယ်လေ။ ဘာပြောလဲဆိုတော့ အရှင်ဘုရားတို့ သိပြီးသားပဲတဲ့ ဝိနည်း သိက္ခါကို သိပြီးသားပဲပေါ့။ ချတယ် မချဘူးဆိုတာ ဒါပါပဲ သူက”

စစ်ကြောရေးကနေ ဘယ်ကို ဆက်ပြီး ပို့တာလဲဘုရာ့။ ရုံးထုတ်တာတို့ ဘာတို့။

“စစ်ကြောရေးမှာ ၂ ရက်ပဲကြာပြီးတော့ တောင်ငူထောင် ပို့လိုက်တယ်။ တရားရုံးကတော့ တောင်ငူထောင်ထဲတင် ဖွင့်တာ။ အဲဒီတုန်းက အဖွဲ့တွေများတော့ အဆောင်ကြီး တခုမှာ စုပြီးထားတယ်ပေါ့။ ရုံးမထုတ်ဘူး ထောင်ထဲတင် စစ်တာ။ ထောင်ထဲမှာ တရားရုံးဖွင့်တယ် ဆိုပြီးတော့ တရားသူကြီး ပထမတရက် မြင်ရတယ်၊ ဒုတိယ တရက်မြင်ရတယ်။ ပထမတရက် စွဲချက်တင်တယ်။ နောက် ဒုတိယရက် အမိန့်ဖတ်ပြတယ်။ အထူးခုံရုံးကိုး”

အမိန့်ချတော့ အဲဒီအချိန်မှာ အရှင်ဘုရား တပါးထဲလား။

“အများကြီးပဲ။ မြို့လှ အမှုတွဲက ၂၀ ကျော်။ စာရင်းတော့ အတိအကျ မမှတ်မိတော့ဘူးပေါ့။ ဆွာအမှုတွဲက ၁၀ ကျော်။ ကျွဲဘွဲအမှုတွဲက ၂၀ ကျော်။ တောင်ငူအမှုတွဲက ၁၀ ကျော်။ ဒါလောက်ပဲ မှတ်မိတော့တယ်”

ခုခံထွက်ဆိုဖို့ ရှေ့နေတွေ ဘာတွေ ရလား။ ဘာပုဒ်မတွေနဲ့ ထောင်ချလဲဘုရာ့။

“ရှေ့နေမရဘူး။ စွဲချက်တင်တယ်ပေါ့။ ရှေ့နေငှားမလားပေါ့။ ငှားလို့ရတယ်ပေါ့။ ဒါပေမယ့်လည်း ထောင်ထဲကနေ အပြင်မှ ထွက်လို့မရပဲနဲ့ကိုး။ ငှားလို့ရတယ်လည်းပြောတယ် ငှားပေးပါဆိုတော့လည်း အစိုးရက မငှားပေးနိုင်ဘူးပေါ့ သေဒဏ်ကျတဲ့ အမှုမဟုတ်လို့တဲ့။ အဲဒီလို ပြောတာပဲပေါ့နော်။ ပုဒ်မက ၅-ည က ရ နှစ်၊ ၄၃၆ က ၁၀ နှစ်၊ ၄၄၀ က ၅ နှစ်။ သီးခြား ၂၂ နှစ်။ အကျိုးဖျက်ဆီးမှု ပြောတာပဲ”

တောင်ငူထောင်မှာ ဘယ်လောက်ကြာသွားလဲဘုရာ့။ ထောင် အဆင့်ဆင့် ပြောင်းရတာလေး။

“တောင်ငူထောင်မယ် ၅ လပိုင်းကနေပြီးတော့ ၁၀ လပိုင်း ၂၂ ရက်အထိနေရတယ်။ အဲဒီကနေ မန္တလေးထောင်။ ရမည်းသင်းထောင်။”

ထောင်ထဲမှာ သူတို့က ဘုန်းကြီးတပါးအနေနဲ့ ဆက်ဆံလား။ လူပုဂ္ဂိုလ်တယောက်လို ဆက်ဆံလားဘုရာ့။

“ဘုန်းကြီးတပါး အနေနဲ့ပဲ ဆက်ဆံပါတယ်။ သူတို့ကိုလည်း ဘုန်းကြီးလို့ပဲ ပြောထားတာလေ။ ကိုယ်ကလည်း ဘုန်းကြီးလိုပဲဖြစ်အောင် နေပြရတာပေါ့။ ထောင်ဝတ်စုံနဲ့ပဲပေါ့”

ဆွမ်းကပ်တာ၊ ပြောဆိုဆက်ဆံတာ ဘုန်းကြီးလိုပဲလား ဘုရာ့။

“အဲဒီလောက်ကြီးတော့ မကပ်ဘူးပေါ့လေ။ တအားကြီးတော့ မရိုင်းဘူးပေါ့ဗျာ။ ရိုင်းရိုင်း စိုင်းစိုင်း ကြီးတော့ မပြောဘူးပေါ့နော်”

ရမည်းသင်းထောင်ပိုင် ဘယ်သူလဲဆိုတာ မှတ်မိလား။ ထောင်ပိုင်တွေ ပြောင်းသွားရင် ဆက်ဆံပုံ ပြောင်းသွားလား။

“နံပတ်တစ်က ဦးကံမြင့်။ ပြီးတော့ ဦးမြင့်ရွှေ၊ ဦးတင်မောင်ချို၊ စတုတ္တက ဦးခင်ရွှေ၊ အခုလွတ်လာတာ။ ပုံစံက တပုံစံစီပေါ့။ ဒါပေမယ့်လည်း ဘယ်လိုတွေ့ရလဲဆိုတော့ အစကနေစာရင်တော့ တဖြေးဖြေးနဲ့ ဒီဘက်ရောက်တော့ စည်းကမ်းလေးတွေ လျော့လာတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ ဟိုးစတုန်းကတော့ တော်တော် တင်းတင်းကျပ်ကျပ်ပေါ့”

ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိပါလဲဘုရာ့။

“ကျန်းမာရေးကောင်းပါတယ်။ ဘုန်းကြီးဝတ်လာတော့ တရားထိုင်တယ်။ တရားမှတ်တယ်။ ပုံမှန် ကျန်းမာရေးလှုပ်ရှားမှုအနေနဲ့တော့ လမ်းလျှောက်တာလောက်ပဲ ရှိတာပေါ့နော်။ အစားအသောက်လေးဘာလေး မှန်အောင်စားပေးရတာပေါ့”

ရမည်းသင်းထောင်ရောက်တော့ နေရတာ သီးသန့်တပါးထဲလား ဘုရာ့။

“သီးသန့်နေရတယ်။ တိုက်ထဲမှာနေရတယ်။ ပထမ သုံးယောက် တခန်းနေရတယ်။ နောက် လူနည်းသွားတော့ နှစ်ယောက်တခန်း။ နောက် တယောက်တခန်း နေရတယ်”

အထဲမှာ ဆေးဝါးကုသမှု ဘယ်လို ကြံုရ မြင်ရကြားရလဲ။ စာဖတ်ခွင့်ရော ဘယ်လိုရှိပါလဲ။

“အသင့်တင့်ရှိပါတယ်။ ဆေးဝါးက လုံလောက်မှုတော့ နည်းတာပေါ့။ စာဖတ်ခွင့်ရပါတယ်”

အရှင်ဘုရားနဲ့အတူ မြို့လှအမှုတွဲ ၂၀ ကျော်မှာ ဘယ်သူတွေ လွတ်လာပြီလဲဘုရာ့။

“ဦးဇင်းနောက်ဆုံးပဲ။ ဦးဇင်းတို့ သိသလောက် စုံစမ်းကြည့်တဲ့အခါကျတော့ ဥပမာ ၁၂ နှစ် သမား ပေါ့ ၂၀၀၅ က လွတ်သွားတယ်။ ၁၇ နှစ်သမားတွေက ၂၀ အထိပေါ့။ ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့် လွတ်သွားတယ်”

ပြီးခဲ့တဲ့နှစ် မေလတုန်းက ဦးသိန်းစိန်ပေးတဲ့ လျှော့ရက် ရလားဘုရာ့။

“လျှော့ရက် တနှစ်ခံစားဖို့ ပေးတယ်။ သမ္မတပေးတာ အဲဒီတခါရယ် ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က ၂၀ နှစ်အထက် ၂၀ တည်စေဆိုတော့ ၂ နှစ်ရတာပေါ့လေ။ စုစုပေါင်း ၃ နှစ် ရတာပေါ့”

ရမည်းသင်းထောင်ကလွတ်တဲ့ ကိုယ်တော်တွေက ဦးဇင်းနဲ့ အမှုတွဲတူလားဘုရာ့။

“မဟုတ်ဘူးဗျ။ ဦးသောဘိတနဲ့ ရှင်သုဝဏ္ဏက ကျွဲဘွဲအမှုတွဲ။ သူတို့ ကျွဲဘွဲကို ပြန်သွားတယ်။ ဦးဃောသိတ က ရန်ကုန်ငါးထပ်ကြီးက သူက မတရားအသင်းအဖွဲ့ ပါဝင်ပတ်သက်မှုတွေနဲ့။ သင်းဖွဲ့တွေနဲ့”

အရှင်ဘုရား လွတ်လာပြီးနောက် ဘာဆက်လုပ်မလဲဘုရာ့။

“ဦးဇင်း ကျောင်းပြန်မယ်လေ။ အသောကရာမကျောင်း အခုညပဲ ပြန်မှာ။ သင်္ကန်းပြန်ဝတ်မယ် ပေါ့နော်။ သာသနာရေးလုပ်ငန်း လုပ်မယ်။ တတ်နိုင်သရွေ့ လူမှုရေးလုပ်ငန်း လုပ်မယ်ပေါ့ဗျာ”

Most read this week