၂ဝဝ၇ ရွှေဝါရောင် ဆန္ဒပြမှု ကာလအတွင်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လပြစ်ဒဏ်ကျခဲ့သော သက်တော် ၅၂ နှစ်၊ ဝါတော် ၃၂ ဝါရှိ မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးဣန္ဒက လားရှိုး အကျဉ်းထောင်မှ သောကြာနေ့ လွှတ်မြောက်လာခဲ့ဖြင့် မဇ္ဖျိမသတင်းထောက် ဖနိဒါ က ဆက်သွယ် မေးမြန်းထားသည်။
အရှင်ဘုရားတို့ လွတ်မြောက်လာမယ်ဆိုတာကို ဘယ်လို ကြိုသိထားလဲဘုရာ့။
ညက တီဗီက ကြေညာတာ့ ထောင်ဝန်ထမ်းတွေ လာပြီးတော့ အကြောင်းကြားလို့ သိရတယ်လေ။ ဘာလက်မှတ်မှ မထိုးဘဲ လွတ်လွတ်လပ်လပ် လွတ်မြောက်လာတယ်။
ဘယ်လို ပုဒ်မတွေနဲ့ ထောင်ဒဏ်အားလုံး ဘယ်နှနှစ် ချမှတ်ခံခဲ့ရတာလဲဘုရာ့။
ပုဒ်မ၂၉၅၊ ၅ဝ၅ တပုဒ်စီဆိုတော့ ၄ မှု၊ နောက်တခါ ၃၆(က)၊ ပုဒ်မ ၆၊ ပုဒ်မ ရ အမှုတွေကတော့ ဘာအမှုတွေလဲ မပြောတတ်ဘူးပေါ့လေ။ အဲဒီတုနး်က စိတ်လည်း မဝင်စားခဲ့ပါဘူး။
ထောင်ဘယ်နှစ်ခုပြောင်းခဲ့ရလဲဘုရာ့။
ထောင်က အင်းစိန်ထောင်ကနေ လားရှိုးထောင်ကို ပြောင်းခဲ့တာဘဲ။
ဆရာတော် ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်တွေ ပြန်ပြောပြပါလားဘုရား။
ဦးဇင်းကို ၂ဝဝ၇ ခု စက်တင်ဘာလ ၂၆ ရက်နေ့ ၁၂ နာရီခွဲ ၁ နာရီလောက်ကို ကျောင်းကို ဝင်စီးတာ။ ကျောင်းမှာ ရှိတဲ့ လူတွေကို အကုန်ဖမ်းသွားပြီးတော့ ကားပေါ် တင်ခေါ်သွားတာဘဲ။ ဦးဇင်းက သူတို့လာဖမ်းတာကို ကြိုသိလို့
ကျောင်းတိုက်မှာ လမ်းလျှောက်ပြီးတော့ စောင့်နေတာ။ ခင်ဗျားတို့ ဖမ်းအောင်လာတာလားလို့ ဖမ်းဖို့လာတယ် ဆိုရင် ကျုပ်တို့ အေးဆေးအဖမ်းခံမယ်လို့ ပြောတာတောင်၊ သင်္ကန်းတွေနဲ့ ခေါင်းစီး၊ ကျိုးနဲ့တုပ်တယ်။ ကျုပ်ကို
တော့ ကျောင်းပေါ်ကနေ အောက်ဆွဲချတာပဲဗျာ။ အဲဒီလိုနဲ့ ပါသွားတာ။
ခုလို လွှတ်ပေးလိုက်တဲ့အပေါ် ဘယ်လိုမြင်လဲဘုရာ့။
လွတ်လာခြင်းအပေါ်မှာတော့ ဝမ်းသာတာပေါ့လေ။ သို့သော် ခုအနေအထားမှာ ကျောင်းက ချိပ်ပိတ်ထားတယ်ဗျ။ ခုတော့ လမ်းပေါ်မှာပဲ ရှိသေးတယ်ပြောရမှာပေါ့။
ထောင်ထဲမှာ ဘယ်လိုအခက်အခဲတွေ ကြံုခဲ့ရလဲ။
ထောင်မှာတော့ အခက်အခဲ မျိုးစုံရှိတယ်။ ဒါပေမယ့် အခက်အခဲလို့ မမြင်ဘူး။ ခုနောက်ပိုင်း ဦးသိန်းစိန် အစိုးရ တက်လာတဲ့ အချိန်က စပြီးတော့ နည်းနည်းထောင်က ကျွေးတာမွေးတာ၊ ဆက်ဆံလာတာတွေက အစစ အဆင်ပြေပြေ ကျွေးမွေး ဆက်ဆံလာကြတာတွေ့ရပါတယ်။ ခုနောက်ပိုင်း တော်တော်ပြောင်းလဲလာပါတယ်။
ဦးသိန်းစိန် အစိုးအပေါ်မှာ ဘယ်လိုမြင်ပါသလဲဘုရာ့။
အခုအနေအထားကတော့ ကျုပ်အနေနဲ့ဆိုရင် ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့ ဆန္ဒ ရှိနေတာကိုး၊ အဲဒီလိုသွားနေချိန်မှာ ဒီမိုကရေစီ အင်အားစုတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွန်းအားပေးပြီးတော့ တွန်းတင်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားစုနဲ့ ဦးသိန်းစိန်အစိုးရရဲ့
ပြောင်းလဲလိုတဲ့ ဆန္ဒတွေ ပေါင်းစပ်ပြီးတော့ အကောင်းဘက်ကို သွားမယ်လို့ ယူဆတာပဲလေ။ နိုင်ငံတကာ ကလည်း ဒီဟာကို အကောင်းဘက်ကို မြင်လာ ကြတာကိုး။
ဦးဇင်းက လောလောဆယ် လူဝတ်လဲလိုက်ပြီလားဘုရာ့။
ခု ခင်ဗျားဖုန်းဆက်တဲ့ အချိန်မှာ ကျုပ်လားရှိုးမြို့က ဘုန်းကြီးကျောင်း ပန်အုပ်ကျောင်းမှာ သိက္ခာထပ်ပွဲ လုပ်နေပါ တယ်။ မြင်းခြံက ဆွမ်းလောင်းဆရာတော်တပါးက ဆရာတော် ၉ ပါးနဲ့ သိက္ခာထပ်ပွဲ လုပ်နေပါတယ်။
တခြားဘာများ ထပ်မိန့်ချင်ပါသလဲအရှင်ဘုရား။
ကျုပ်တို့ အခုမြန်မာနိုင်ငံကတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ တိုးတက်အောင်၊ ကြီးပွားအောင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေပြီ။ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်နဲ့ အားနဲ့ သွားနေတယ်။ ဒါကြောင့်မို့လို့ ကျုပ်တို့ တိုင်းပြည်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေ ပေါင်းစပ်ပြီးတော့ တွန်းတွန်းတိုက်တိုက် ကြိုးစားသွားကြမယ်ဆိုရင် ကျုပ်တို့ တိုင်းပြည် ဟာ တော်တော်လေး တိုးတက်ဖွံ့ဖြိုးလာမယ်လို့ ယူဆပါတယ်။ ဒီမိုကရေစီအင်အားစုတွေ အားလုံးက ကြိုးစား အားထုတ်ဖို့ တိုက်တွန်းလိုပါတယ်။