တရုတ်နိုင်ငံအတွင်း မြန်မာထောက်လှမ်းရေး၏ အဖမ်းခံခဲ့ရသူ

တရုတ်နိုင်ငံအတွင်း မြန်မာထောက်လှမ်းရေး၏ အဖမ်းခံခဲ့ရသူ
by -
ကိုဝိုင်း

(အင်တာဗျူး) ကိုစိန်အေးသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ် တပ်ဦး ABSDF တွင် တာဝန်ထမ်းဆောင် နေရင်း တရုတ်- မြန်မာနယ်စပ် တရုတ်နိုင်ငံ အတွင်း ရွှေလီနှင့် ကြယ်ခေါင် မြို့ အကြားတွင် ၁၉၉၉ ခုနှစ်က မြန်မာထောက်လှမ်းရေးများ၏ဖမ်းဆီးခြင်းခံခဲ့ရ သည်။

seinaye

အင်းစိန်ထောင်၊ သရက်ထောင်တို့တွင် ထောင်ဒဏ် ၁၂ နှစ်ကျော် ကျခံခဲ့ပြီး အောက်တိုဘာ ၁၂ ရက် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည်။ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးညင်းမြို့တွင်မိဘနှစ် ပါးနှင့် အတူ နေထိုင် လျက် ရှိသည်။

ကိုစိန်အေးတို့ ဖမ်းခံရတုန်းက ဘယ်နှစ်ယောက်လဲဗျ။

“ကျနော်တို့ အဖမ်းခံရတုန်းက နှစ်ယောက် အဖမ်းခံရတယ်။ ကျနော်နဲ့ ကိုသန်းဇော်။ ကိုသန်းဇော်က ၂၀၀၉ မှာ သာယာဝတီက လွတ်သွားတယ်လို့ သိရတယ်လေ။ ဖမ်းတဲ့အချိန်ကစပြီး အင်းစိန်ထောင်နဲ့ သရက်ထောင် တို့ အပါအဝင် စုစုပေါင်း ၁၂ နှစ် လေးလ နေခဲ့ရတယ်။ လျှော့ရက်မရဘူး။ ပထမအကြိမ် သာမန်လျှော့ရက်မှာ တနှစ် ရလိုက်တယ်။”

တရုတ်နိုင်ငံထဲမှာ ဖမ်းခံရတယ်လို့ သိရပါတယ်။ နည်းနည်းရှင်းပြပါလား။

“၁၉၈၈ ကနေ စပြောရမယ်ထင်တယ်ဗျ။ ၈၈ ဖြစ်လာတဲ့ အခြေအနေမှာ အာဏာသိမ်းတဲ့အခါ လက်နက်ကိုင် တော်လှန်ရေးထဲ သွားမယ်ဆိုပြီးမှ တောထဲရောက်သွားတာပေါ့။ KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) နယ်မြေ မှာ ကျနော်တို့ ရောက်သွားတယ်ဗျ။ KIO မှာ ABSDF- Northern Burma (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ  ဒီမိုကရက်တစ်တပ်ဦး-မြောက်ပိုင်း) အနေနဲ့ ရပ်တည်ကြတယ်။”

“၁၉၉၄ ခုနှစ်မှာ KIO က နဝတနဲ့ အပစ်ခတ်ရပ်ရေး အတွက် သူတို့ စကားတွေ ဘာတွေ ပြောတယ်။ စာချုပ်တွေ ဘာတွေ ချုပ်လာပြီလေ။ အဲဒီလိုဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ ဟိုမှာ (KIO နယ်မြေ) ရှိတဲ့ အတိုင်းအတာမှာ သူတို့အနေနဲ့လည်း ပြောရဆိုရတာ နည်းနည်း အခက်အခဲတွေလည်း ရှိမယ် ထင်တယ်။ စကားပြောဖို့ အတွက်ကို သူတို့ (နဝတ-နအဖ) ကမ်းလှမ်းတယ်ပေါ့။ ၁၉၉၆ ခုနှစ်မှာ မြစ်ကြီးနားကိုတော့ တခေါက်ရောက်သွားတယ်။ အပစ်ရပ်ရေးအတွက် စကားပြောဖို့ အတွက်ပေါ့။”

ကိုစိန်အေးကိုယ်တိုင် ရောက်သွားတာလား။ KIA နဲ့ရော ဆက်စပ်လား။

“ဟုတ်ကဲ့ဗျ။ အဲဒါလည်း KIA က ကျနော်တို့ကို ကူညီ ပေးတာပေါ့။ ABSDF မြောက်ပိုင်း အနေနဲ့ပေါ့။ ABSDF ဗဟိုအနေနဲ့တော့ မူမရှိဘူးဗျ။ ဒါပေမယ့် မြောက်ပိုင်း အနေနဲ့ကျတော့ ထူးခြားတဲ့ အခြေအနေအရ ဗဟိုက လည်း ခွင့်ပြုလိုက်တယ်။ မြစ်ကြီးနား ထောက်လှမ်းရေး (၈) ထဲမှာပေါ့ဗျာ။ အဲဒီမှာသုံးရက်လောက်စကား ပြော ပြီးတော့ ဘာမှမဖြစ်ဘဲနဲ့ ပြန်လာခဲ့တယ်။ ကျနော်တို့ ပြောတာက အခြေခံအဆင့်အပစ်ခတ်ရပ် ရေး။ ထောက်လှမ်းရေး ဘက်ကတော့ ဘယ်မှာနေမလဲ။ ဘာလုပ်ကိုင်စားသောက်မလဲ။ ဘယ်နေ့လာကြိုရ မလဲ ပြောတယ်။ ကျနော် အထက်ကို တင်ပြပါဦးမယ် ဆိုပြီးတော့ ပြန်လာတယ်။ KIO နယ်မြေမှာ ဆက်နေတယ်”

 “KIO အဖွဲ့ကလည်း သူ့ရပ်တည်မှုနဲ့သူ ရှိတာပေါ့ဗျာ။ သူ့ရှင်သန်မှုနဲ့သူ ရှိမှာပေါ့။ ကျနော်တို့ အတွက်ကို သူတို့ အတွက် အခက်အခဲ ဖြစ်လာတယ် ထင်တယ်။ အဲဒီမှာတင် ကျနော်တို့က KIO နယ်မြေထဲကနေ ထွက်လာကြ တယ်။ ၁၉၉၉ မှာပေါ့နော်။ တချို့က ရွှေလီမြို့မှာ။ တချို့က ရှမ်းပြည်ထဲ ရောက်သွားတယ်။ တချို့က ABSDF တောင်ပိုင်းကို ဆင်းသွားတယ်။ တချို့က အိန္ဒိယနယ်စပ်ဘက် ရောက်သွားတယ်။ ဒီလိုအခြေအနေမှာဆက်မ နေနိုင်တော့ဘူးဆိုပြီးမှ အိမ်ထောင်စု တော်တော်များများကလည်း ပြန်သွားကြတယ်။”

“ကျနော်က ၁၉၉၉ ခုမှာ ရွှေလီမှာနေတယ်။ ခြောက်လပိုင်း ၁၀ ရက်နေ့ပေါ့ဗျာ။ အလင်းဝင်သွားတဲ့ လူတ ယောက်က လာခေါ်တယ်။ ကျနော်လိုက်သွားတယ်။ ကြယ်ခေါင် ရောက်ခါနီးမှာ မြန်မာထောက်လှမ်းရေး အယောက် ၂၀ လောက်က ကျနော်တို့ နှစ်ယောက်ကို ဝိုင်းချုပ်တယ်။ ကျနော့် မျက်မှန်ကို ချွတ်တယ်။ လက်ထိပ်ခတ်တယ်။ ကျနော် ခြောက်လနေထိုင်ခွင့် လက်မှတ်နဲ့နေတယ်။ တရုတ်ရဲကို ခေါ်ပေးပါဆိုတော့ သူတို့ ထောက်လှမ်းရေး အချင်းချင်းညှိပြီးမှ တရုတ်ရဲကို ခေါ်လိုက်တယ်။ အဲဒီမှာရှိတဲ့ လူက ကျနော့်ကို ထောက်လှမ်းရေးနဲ့ ထည့်လိုက်တယ်။ ကျနော် မူဆယ်မှာနေတယ်။ မူဆယ်ကနေ ကွတ်ခိုင် ထောက်လှမ်းရေး ဖြတ်ရတယ်။ သုံး- လေး ရက်လောက် ဖြတ်ရ တာပေါ့။ ပြီးတော့ မန္တလေး ထောက်လှမ်းရေးကို ရောက်တယ်”

ရွှေလီ၊ ကြယ်ခေါင် ဆိုတာတွေကို နည်းနည်းရှင်းပြပါလား။ ဘယ်အချိန်လောက်လဲ။

“ကျနော်က ရွှေလီမြို့ကနေ ထွက်လာခဲ့တာ။ တရုတ်ပြည်ထဲမှာပဲလေ။ ညနေ ၃ နာရီ ပတ်ဝန်းကျင်လောက်။ ကြယ်ခေါင်ဆိုတာက မူဆယ်နဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း။ ခြံစည်းရိုးပဲ ခြားထားတာပေါ့ဗျာ။”

ထောက်လှမ်းရေးတွေက အရပ်ဝတ်တွေနဲ့ပဲလား။ ဘယ်လို လာဖမ်းကြတာလဲ။

“ဟုတ်တယ်။ အရပ်ဝတ်တွေနဲ့ပဲ။ တချို့ကလည်း ကြယ်ခေါင်ကို ဝင်လာတဲ့နေရာကို စောင့်နေတာပေါ့ဗျာ။ ကားနဲ့ရော။ ဆိုင်ကယ်နဲ့ရော။ တချို့က လမ်းလျှောက်ပြီး လာကြတာပေါ့ဗျာ။”

အဲဒီအချိန်မှာ ကိုစိန်အေး တယောက်တည်းလား။ ဘာနဲ့လာကြတာလဲ။

“ကျနော်နဲ့ ကိုသန်းဇော်နဲ့ဗျ။ ကျနော်တို့က တက္ကဆီငှားပြီးလာတာ။ တည်းခိုခန်းတခုပေါ့လေ။ တည်းခိုခန်း တခုကို ဝင်မယ်လို့ လုပ်လိုက်တဲ့အခါမှာ သူတို့က ဖမ်းလိုက်တာပဲ။ တည်းခိုခန်း နာမည်တော့ မမှတ်မိတော့ ဘူး။”

“ကျနော်တို့ ကားပေါ်က ဆင်းတယ်။ သူတို့ လူအုပ်နဲ့ ရောက်လာတယ်။ ကျနော်က မျက်မှန်တပ် တယ်ဆိုတော့ မျက်မှန် အရင်ချွတ်လိုက်တယ်။ ပြီးတော့ လူကိုလှဲတယ်။ နောက်ပြန်ပြီးမှ လက်ထိပ်ခတ်တယ်။ လူ လေး- ငါး-ခြောက် ယောက်လောက် ဖိထားတယ်။ ပြီးတော့ ကျနော်တို့ နှစ်ယောက်လုံးကို ကားပေါ်တင် တယ်။ အဲဒီမှာကျနော် ခြောက်လ နေထိုင်ခွင့် လက်မှတ်နဲ့ နေတယ်ဆိုတော့ တရုတ်ရဲနဲ့ တွေ့ချင်တယ် ခေါ်ပေးပါ။ ကြယ်ခေါင် တနေရာကို ခေါ်သွားတယ်။ သူတို့ တရုတ်ရဲနဲ့ သွားစကားပြောတယ်။ တရုတ်အရာရှိ တယောက် ပါလာတယ်။သူတို့နဲ့ ဘာစကား ပြောလိုက်မှန်း မသိဘူး။ ကျနော်တို့ နှစ်ယောက်ကို မူဆယ် ဘက်ကို လွှဲပေးလိုက်တယ်။”

မြန်မာထောက်လှမ်းရေးတွေက တရုတ်ရဲနဲ့ ညှိထားလို့လား။ ဘယ်လိုထင်လဲ။

“နယ်စပ်ဒေသ ပြဿနာတွေ ရှိမယ် ထင်တယ်ဗျ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ဟာတွေ ရှိမယ် ထင်တယ်။ တချို့ လူကုန်ကူးတဲ့ ကိစ္စ။ မူးယစ်ဆေးဝါး ကိစ္စတို့။ အဲဒီတော့ ဆက်သွယ်မှုကတော့ သူတို့ရှိနေတာပေါ့ဗျာ။ ဟိုဘက် ဒီဘက်က။”

တရုတ်ရဲနဲ့ စကားပြောတာ စုစုပေါင်း အချိန် ဘယ်လောက်ကြာလဲ။

“စုစုပေါင်း ၂၅ မိနစ်လောက်ပဲ ကြာမှာပေါ့။ မူဆယ်ကို ဝက်တုတ်, တုတ်ပြီး သယ်သွားတာပေါ့ဗျာ။ ရောက် တယ်။ အချုပ်တခုမှာပဲ ခြောက်ပေါက်ထဲ ထည့်တယ်ပေါ့။ မူဆယ်ကနေ ကွတ်ခိုင် ပို့တဲ့ အခါကျတော့ မျက်နှာ အုပ်ထားတယ်။ မူဆယ်မှာ ခဏလေးပဲ နေလိုက်ရတာပေါ့။”

ကွတ်ခိုင်ရောက်တော့ စစ်ဆေးသေးလား။

“ကျနော်တို့ကို ခွဲပြီးစစ်တယ်ဗျ။ အဲဒီတုန်းက ဖြစ်တဲ့ကိစ္စက ၉၊ ၉၊ ၁၉၉၉ (ကိုးလေးလုံး) ကိစ္စ၊ နောက် လက်နက်နဲ့ ဝင်ပြီး လှုပ်ရှားမယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အတင်းအကျပ် စစ်တယ်ပေါ့ဗျာ။ စစ်ပြီးတော့ မန္တလေးကို ပို့လိုက် တယ်ဗျ။ ကွတ်ခိုင်မှာ လေးရက်လောက် ကြာမယ် ထင်တယ်။ ထောက်လှမ်းရေးရုံးထဲမှာပဲ စစ်တာ။”

ဘယ်လိုစစ်ဆေးလဲ။ နှိပ်စက်သေးလား။

“ဆော်တယ်၊ ဆော်တယ်။ အဲဒီနေရာမှာတော့ ကျနော့်ကို ဆော်ပါတယ်။ ထောက်လှမ်းရေးဖြတ်တဲ့ ကိစ္စ ကတော့လေ။ ဆော်တယ်ပဲ ပြောချင်တော့တယ်။ ကျန်တာ လူတွေကလည်း သိပြီးသားကိစ္စ ဆိုတော့လေ။ ကွတ်ခိုင်မှာ ထောက်လှမ်းရေး အရာရှိက ကျနော့် ကို မေးတယ်ဗျ။ မင်း ငါ့ကို သိလားတဲ့။ ကျနော်လည်း မသိဘူး ပြောလိုက် တယ်ဗျ။ မင်းညံ့လှချည်လားတဲ့။ ကျနော်ညံ့လို့ ခံရတာလို့။ အဲဒီလူက မြစ်ကြီးနား သွား တုန်းက ကျနော်နဲ့ စကားပြောခဲ့တဲ့ လူဗျ။ ကျနော်ကသိပါတယ်။ ဒါပေမယ့် မသိဘူး ပြောလိုက်တာ။”

ကွတ်ခိုင်ကနေ ဘယ်ကို ဆက်ရောက်သွားလဲခင်ဗျ။

“မန္တလေး ထောက်လှမ်းရေး (၁၆)၊ ထောက်လှမ်းရေး (၁) ရောက်တယ်။ ပြီးတော့ ရန်ကုန်ရောက်တယ်။ ရေကြည်အိုင်လား၊ ထောက်လှမ်းရေး (၇) လား မသိဘူးဗျ။ အဲဒီ ကနေမှ အင်းစိန်ထောင်ကို ရောက်တယ်။ အင်းစိန်ထောင်မှာ ရှစ်လပိုင်း ၁၇ ရက်နေ့လား မသိဘူး။ အင်းစိန်ထောင်ရှေ့မှရှိတဲ့ တရားရုံးကနေ အမိန့်ချ တယ်။ ကိုးလေးလုံး လှုပ်ရှားမှုကိစ္စ ၅ (ည) နဲ့က ခုနှစ်နှစ်။ ကျနော် ABSDF အဖွဲ့ဝင်ဖြစ်တဲ့အတွက် ၁၇ (၂) နဲ့က ငါးနှစ်။ နယ်စပ်မှာ ရှိသမျှ စာအုပ်တွေ ထုတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖတ်သလား၊ သိသလား ဆိုပြီး ပုံနှိပ် ၁၇ နဲ့က ခုနှစ်နှစ် ချတယ်ဗျ။ ၁၉ နှစ် ကျတယ်။”

မန္တလေး ထောက်လှမ်းရေး စခန်းတွေမှာ ဘယ်လောက်ကြာလဲ။ အဲဒီမှာတွေရောကြမ်းလား။

“နှစ်ခုပေါင်း ၅ ရက်လောက်ကြာမယ်။ အရင်ကြမ်းပြီးသား ဆိုတော့ လိုချင်တဲ့ အချက်လောက်တော့ ညှိယူတာပေါ့ဗျာ။ ကြမ်းတာတော့ ကြမ်းပါတယ် အဲဒီမှာလည်း။ အဲဒီမှာ အဓိက မေးတာကတော့ ကိုးလေးလုံး ကိစ္စ၊ မြို့တွင်းဖောက်ခွဲရေး ကိစ္စပဲဗျ။”

သူတို့က ဘာတွေ သိထားလို့လဲ။ ကိုစိန်အေးတို့နဲ့ ဘယ်လို ဆက်စပ်တယ်လို့ သူတို့က ယူဆတာလဲ။

“သူတို့သိထားတာက ကိုးလေးလုံးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အုံးအုံးကြွက်ကြွက် ဖြစ်နေတာကိုး။ အဲဒါကိုပဲ သူတို့ အဓိကထားပြီး လိုချင်တာဖြစ်မယ်ထင်တယ်။ ကျနော်တို့က အဝင် အထွက်ရှိတယ်။ အဆက် အစပ်ရှိတယ်လို့ သူတို့က ထင်ထားတာကိုး။ ကျနော်တို့က ရွှေလီ ရောက်နေတာကိုး။ အဆက်ရှိနေတဲ့ လူက ရှိနေတော့ သူတို့ အဲဒီအပိုင်းကို မယုံဘူးလေ။”

အင်းစိန်ထောင်မှာ ဘယ်လောက်ကြာသွားလဲ။

“အင်းစိန်ထောင်မှာ ၂၀၀၁ ခု၊ တလပိုင်းလောက်မှာ သရက်ကို ပြောင်းရတယ်ဗျ။ ခြောက်လလောက်ပဲ ကြာမယ်ထင်တယ်။ အခုလွတ်တဲ့အထိလည်း သရက်မှာပဲ နေခဲ့တာလေ။”

ကိုစိန်အေးတို့က ထောက်လှမ်းရေးရဲ့ အဓိက သတိမူစရာ ဘယ်လိုကြောင့် ဖြစ်သွားတယ်လို့ ထင်လဲ။

“ဟိုမှာ (KIO ဒေသ) နေမရလို့ ရှမ်းပြည်နယ်ထဲ တချို့ ထွက်သွားတယ်ဗျာ။ သူတို့ ဘာမှ မသိလိုက်ဘူးဗျာ။ အဲဒီ အပေါ်မှာလည်း ဒေါသထွက်ချင်လည်း ထွက်မှာပေါ့ဗျာ။ ကိုသံချောင်း၊ စဝ်ခွန်ကျော် တို့က ရှမ်းပြည်ဘက် ကို ထွက်သွားတာကိုး။ အဲဒီဒေသမှာ လှုပ်ရှားတာ သူတို့ မသိလိုက်ဘူးဗျာ။ ကျနော့်ကို မိတဲ့အခါကျတော့ အဲဒါတွေလည်း အတိုးချပြီး တွယ်တာပေါ့ဗျာ။”

ကြယ်ခေါင်-မူဆယ် တရုတ်နယ်စပ်မှာ ကိုစိန်အေးကို မတိုင်ခင် အရင်အဖမ်းအဆီး ရှိဖူးလား။

“မရှိဘူးဗျ။ ကျနော် ပထမဦးဆုံး ဖြစ်သွားတာပေါ့။”

သရက်ထောင်ထဲမှာ နေရထိုင်ရတာ အခြေအနေ ဘယ်လိုရှိလဲ။

“ထောင်ပိုင်အပေါ် မူတည်တယ်ဗျ။ ထောင်ပိုင်ရဲ့ စိတ်ဆန္ဒပေါ် မူတည်ပြီးတော့ နေရထိုင်ရတာပေါ့ဗျာ။ လောလော ဆယ် အနေအထားကတော့ ဆေးဝါး ကုသခွင့်ကလည်း ထောင်ပိုင်ကြီး ကိုယ်တိုင်ပေးတာ ကုတာတွေ ရှိတယ်။ စာအုပ်နဲ့ ပတ်သက်လို့ကတော့ ဂျာနယ်တွေဘာတွေ ဝယ်ဖတ်မယ်ဆိုရင် ရပါတယ်။ TV လည်း ကျနော်တို့ အခန်း ထဲကို သွင်းတယ်။ ဒီနှစ် နှစ်စပိုင်းကစပြီး ကြည့်ခွင့်ရတယ်။ စနေ၊ တနင်္ဂနွေ ဆိုရင်တော့ အောက်စက်နဲ့ပေါ့ ဗီဒိယို ကြည့်လို့ ရပါတယ်။ မနက် ၆ နာရီကနေ ၁၂ နာရီအထိ ဖွင့်တယ်။ ၁၂ နာရီ ကနေ ၂ နာရီထိ ပိတ်တယ်။ ၂ နာရီကနေ ညနေ ၅ နာရီအထိဖွင့်တယ်။ ၅ နာရီကစပြီး ပြန်ပိတ် တာပေါ့။”

ဒီနှစ် နှစ်ဆန်းမှ ပြန်ကောင်းလာတာဆိုတော့ သရက်ကို စဝင်ကာစကရော ဘယ်လိုလဲ။

“စဝင်ကာစ အဲဒီ ထောင်ပိုင်ကတော့ ကြမ်းတယ်ဗျ။ တော်တော် ကျပ်ကျပ် တည်းတည်းကို နေရတဲ့ အခြေအနေ။ နာမည်က ခေါင်းထဲမှာ မပေါ်ဘူး ဖြစ်နေတယ်။ သူလည်း အခု ထောင်ကျသွားပြီလို့ ကြားပါတယ်။ စားသောက်တာ များလို့ ကျသွားတယ်ကြားတယ်။ အခန်းတွေဘာတွေ မဆေးရ မပြုရတာ ရှိတာပေါ့။ ICRC လာပြီးတဲ့ နောက်ပိုင်းမှာ တော့ ထောင်အခြေအနေက ကောင်းသွားပါတယ်။လမ်းလျှောက် ခွင့်တွေ ကောင်းကောင်း ရလာတယ်။ စာအုပ် သွင်းခွင့် ဖတ်ခွင့်ရလာတာပေါ့။”

အခုကောင်းတယ်ဆိုတဲ့ ထောင်ပိုင် နာမည်မှတ်မိလား။

“ဦးဝင်းနိုင်လင်းဗျ။”

မိဘဆွေမျိုးတွေရော အခုပြန်ဆုံပြီလား။

“အခု မိဘနဲ့ ကျနော် အတူတူရှိနေပါတယ်။ အဖေရယ် အမေရယ် ရှိသေးတယ်။ အဖေက အသက် ရ၄ နှစ်ရှိပြီဗျ။ ကျန်းမာရေးက လေဖြတ်ထားတယ်။ ညီအကို မောင်နှမ လေးယောက်။ သူတို့တွေကတော့ ကျနော် တောထဲမှာ ရှိတဲ့ကာလဆိုရင် အိမ်မှာ လာမေးတယ်။ စစ်တပ်က ည ၁၂ နာရီ ဝင်လာတယ်။ တန်းစီပြီးမေး တယ်။ ရောက်လား၊ မရောက်ဘူးလား။ ဟိုသွားရင် ဟိုလူက မပြောရဲ၊ ဒီလူက မဆိုရဲ။ အဲဒီလိုဘဝတွေတော့ ဖြတ်သန်းခဲ့ရတာပေါ့။ အရင်တုန်းကပေါ့နော်။ ကျနော်လည်း ခုမှသိတော့ သူတို့အတွက် စိတ်မကောင်း ဘူးပေါ့။ အခုကတော့ အေးအေး ဆေးဆေးပါ။”

ရှေ့ ဘာတွေဆက်လုပ်မလဲခင်ဗျ။

“အခုကတော့ အပြင်နိုင်ငံရေးအခြေအနေနဲ့ လှုပ်ရှားမှုတွေကို ကြည့်နေတုန်းပါပဲ။ ဖြစ်နိုင်မယ်ဆိုရင် လူထုလှုပ်ရှားမှုတွေဆို ပိုပြီးကောင်းမလားပေါ့ စဉ်းစားကြည့်မိတယ်။”

ထောင်ကထွက်ပြီး လူထုအခြေအနေ ဘယ်လို သုံးသပ်မိလဲ။

“ပြည်သူအောက်ခြေအများစုက စားဝတ်နေရေးဘဝတွေနဲ့ပဲ လုံးပမ်းနေရတယ်။ မနက်တနပ်၊ ညတနပ်မှန်ဖို့။ ကလေးတွေကို ကျောင်းထားနိုင်ဖို့။ ဘာကြေးညာကြေးလေးတွေ ပေးနိုင်ဖို့။ နိုင်ငံရေးနဲ့ ပတ်သက်လို့လည်းကောလဟာလလိုပဲ သိတယ်ဗျ။ သတင်းအချက်အလက် တိတိကျကျနဲ့ ဘာကြောင့်ဘယ်လိုဆိုတာ သိသူ နည်းတယ်။ လက်ရှိ အခြေအနေတို့၊ သမ္မတ အခြေအနေတို့၊ ဒီမိုကရေစီလမ်းကြောင်းတို့ လူ့အခွင့်အရေးတို့ ထက် ဝမ်းရေးအတွက် သွားနေရတာများတယ်။ အဲဒီဘက်ကို ပညာပေးမှုလုပ်ရမယ် ထင်တာပေါ့ဗျာ။”

ထောင်ထဲမှာနေရတော့ ဘာတွေ ပေးဆပ်လိုက်ရတယ်လို့ ထင်လဲ။

“ကိုယ့်ရဲ့ အမြင်နဲ့ ကိုယ်လုပ်ခဲ့ကြတာကိုး။ မတရားဘူးထင်ရင် ချမယ်ဆိုတဲ့ဟာနဲ့ လုပ်ခဲ့ကြတာကိုး။ တခြား
ကြီးကြီးကျယ်ကျယ်လည်း တွေးခဲ့ကြတာ မဟုတ်ဘူးလေ။ ကိုယ်လုပ်ခဲ့တာတော့ ကောင်းမွေဆိုးမွေ ကိုယ်တာဝန်ယူရမှာပေါ့။ ကိုယ့်ဘဝကိုယ် ပြဋ္ဌာန်းထားတာပဲဗျာ။”

ထောင်ထဲမှာ အတောင့်တဆုံးက ဘာလဲ။

“နေ့စဉ် ဘဝဖြတ်သန်းမှုပဲ သွားနေရတာပေါ့ဗျာ။ တနေ့တရက် ဘယ်လို အချိန်ကုန်သွားမလဲ။ ဘယ်လို
ဖြတ်သန်းသွားမလဲ။ ဒါနဲ့ပဲသွားနေရတာပေါ့။ ကြီးကြီးကျယ်ကျယ်ကြီးလည်း မတွေးမိပါဘူး။”

အီးမေး၊ အင်တာနက် ကိုရော ဘယ်လောက်အထိ သဘောပေါက်ထားလဲ။

“အီးမေး၊ အင်တာနက်ကတော့ မရှိမဖြစ် သုံးရမယ့်ဟာလို့ပဲမြင်တယ်ဗျ။ လိုအပ်တယ်။ သုံးတော့မသုံးတတ် သေးဘူး။ အင်္ဂလိပ်စာကလည်း မသိရင် မဖြစ်ဘူး ထင်ပါတယ်။”

Most read this week