ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံအတွင်းလူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ပတ်သက်သောကလေး စစ်သားအရေး၊ အဓမ္မ လုပ်အားပေးမှုများ၊ဒီပဲယင်း အရေးအခင်းကို ဖေါ်ထုတ်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ စာရေးဆရာ ဦလှစိုး ဗုဒ္ဓဟူးနေ့ကလွတ်ငြိမ်းချမ်း သာခွင့်နှင့် လွတ်မြောက်လာခဲ့သည်။
ထို့ပြင် ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသည် သတင်းအချက်အလက်များကို ဖော်ထုတ် ရန်ပြည်ပ အဖွဲ့များထံသို့ သတင်းအချက်အလက်များကို ပေးပို့ရန် ကြိုးပမ်းခဲ့စဉ် စစ်ဘက်ထောက်လှမ်း ရေးများက သူနှင့်အတူ ၁၁ ဦးကို ထိုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်မှ အများဆုံး ၂၇နှစ်ထိ ချမှတ်ခဲ့သည်။
ခန္ဓာကိုယ် ညာဘက်ခြမ်း လေဖြတ်နေသော်လည်း မြန်မာပြည် လူ့အခွင့်အရေး ထွန်းကားရေး ဆောင်ရွက် ခဲ့သူ ဦးလှစိုး ကို စစ်အစိုးရမှ အရေးပေါ်စီမံချက်ဥပဒေ ၅(ည)၊ ကြိုးမဲ့ကြေးနန်း ဥပဒေ ၆/၁နှင့် သွင်းကုန် ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅/၁ တို့ဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျခံစေခဲပြီး ရှစ် နှစ်ခန့် အကျဉ်းကျခံခဲ့ရာမှ ပြန်လည် လွှတ်မြောက်လာခဲ့သည်။
သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မန္တလေးတိုင်း အရှေ့တောင်မြို့နယ် စည်းရုံးရေးကော်မတီဝင် တဦးလည်းဖြစ်သည်။ အမရပူရ ကျန်တန်းရပ် နေအိမ်မှ အသက် ၅၈ နှစ် ဦးလှစိုးကို မဇ္စျိမကဆက်သွယ် မေးမြန်း ထားသည်။
ပထမဆုံး အန်ကယ် အကြောင်းလေး သိချင်ပါတယ်ရှင့်။
အဲဒါကြောင့် အစိုးရကို တိုက်တွန်းချင်တယ်။ သတ္တိရှိရှိ ယုံကြည်ချက် အကျဉ်းသားတွေကို တယောက်မကျန် လွှတ်ပေးလိုက်ပါ။ ချွတ်ခြံု ကျနေတဲ့ တိုင်းပြည်ကို ကျနော်တို့တတွေ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ် ဆိုတာကို အကျဉ်းသားတွေအပေါ်မှာ ယုံယုံကြည် ကြည် နဲ့ လွှတ်ပေးဖို့ လိုအပ်ပါတယ် |
“ကျနော်က ပဲခူးဇာတိပါ။ ၁၉၇၂ ခုနှစ်မှာ မန္တလေးရောက် သွားတော့မန္တလေးသားဖြစ်သွားတာပေါ့ဗျ။ ဟိုတုန်းက စာရေးတယ်။ ကဗျာတွေ ရေးတယ်။ မှုခင်းဝတ္ထုတွေ ရေး တယ်။ မောင်ဥဿာ(ပဲခူး)၊ လှစိုး (မန္တလေး) ဆိုပြီးတော့ လည်း ကလောင်နာမည် ရှိတယ်။ ထောင်ထဲမှာက လှစိုး ခေါ် ဥဿာ(ပဲခူး) လို့ ခေါ်ကြတယ်။ အခုတော့ ကျနော် စာအုပ်ထုတ်ဖို့ အများကြီးရေးထားပါတယ်။ နောင်ကျရင် ကျနော် ထုတ်ဖို့ ရှိတယ်။ အဓိကတော့ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေး တွေနဲ့ ပတ်သက်ပြီးတော့ရေးချင်တယ်။”
လွှတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့သတင်းကို ဘယ်လို ကြားခဲ့ရလဲ။
“၁၁ ရက်နေ့ နေ့လည် တနာရီမှာ တဆောင်လုံးသူတို့က ဟေးဟေးဆိုပြီးတော့ အသံတွေ ထအော်ကြ တယ်။ အားလုံး အော်ကြတော့ လွတ်ငြိမ်းချမ်းသာခွင့် ဝင်ပြီဆိုပြီးတော့ အားလုံးက ဝမ်းသာကြတာပေါ့နော်။ ပထမတော့ လွတ်ငြိမ်း သက်သာခွင့်၊ အခုဟာက လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့အခါကြတော့ လူတွေ အားလုံး ပျော်ကြ တယ်ပေါ့ဗျာ။ ပထမ သမ္မတ ဦးသိန်းစိန်ပေးတဲ့ တနှစ်က ကျနော်တို့က မလွှတ်နိုင်ဘူး လေနော်။ နောက်တခါ တကမ္ဘာလုံးကလည်းတောင်း ပြည်သူတွေကလည်း တောင်းဆိုနေတတော့ အားလုံး လွတ်လိမ့်မယ်လို့ မျှော်လင့် ကြတာဗျ။ ပြောဦးမယ် တချို့နိုင်ငံရေး အကျဉ်းသားတွေက ကိုယ့်မှာရှိတဲ့ မုန့်တွေ၊ ဟင်းတွေ အကုန်စားပစ်တာ ဗျ၊ ပစ္စည်းတွေ အကုန်ပေးပစ်တာ။ ညကျတော့ ကျနော်ဆီ စစ်ဘက်ထောက်လှမ်းရေးက လာပြောတယ်။ ကျနော် အပါအဝင် လေးယောက်ပဲ ပါတယ်ဆိုတော့ ကျန်တဲ့ လူတွေက တော်တော်စိတ်ထိခိုက်သွားကြတယ်။”
ထောင်ဒဏ် ငါးကြိမ်ကျခဲ့တယ်လို့လဲ သိရတယ် ဘယ်လို အကြောင်းကြောင့်ပါလဲ။
“ပထမအကြိမ်- ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်က ဘာသိမှာလဲဗျာ။ ကျနော်အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ ကျနော့်အထက်က လူကြီးတွေက လုပ်တဲ့အလုပ်ကို ကျနော်က လိုက်လုပ်တော့ ကျနော်ပါသွားတာပေါ့။ စဖြစ်တာက ဘောလုံးပွဲမှာ ရှုပ်ပြီးတော့ ကြီးတဲ့ ကျောင်းသားတွေ က စိတ်မထိန်းနိုင်တော့ တံခါးတွေ ဆွဲဖျက်၊ ကျနော်တို့ကိုပါ ဖမ်းသွားပြီးတော့ တောင်ငူထောင်မှာ ငါးလ ထိန်းသိမ်းခံခဲ့ရတယ်။”
“ဒုတိယအကြိမ်- ၁၉၈၈ ခုနှစ် မန္တလေး ကိုလိုနီသပိတ်မှာ ကျနော်တို့မှာ တာဝန်ရှိတယ်ဆိုပြီးတော့ ကျနော့်ကိုထောင်ချလိုက်တယ်။ နောက်ဆုံး အယူခံဝင်တဲ့အခါ ပုဒ်မ ၅ဝ၅/၅ဝ၆ နဲ့ ထောင်ဒဏ် သုံးလ ထောင်ချလိုက်တယ်။ထောင်ဒဏ် သုံးလဆိုပေမယ့် နေရတာက တနှစ်ခွဲလောက်ကြာသွားတယ်။”
“တတိယအကြိမ်- ၁၉၉ဝ-၉၁ မှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ကနေ စာစောင်ထုတ်တာပါ။ ခွပ်ဒေါင်း (၁)အတွဲ (၁) အမှတ် (၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နေ့မှာ စာစောင်ထုတ်လို့ ပုံနှိပ်ဥပဒေနဲ့ သွားငြိတဲ့အတွက် ခြောက်လလောက် နေခဲ့ရတယ်။”
“စတုတ္တအကြိမ်- ၁၉၉၆ ခုနှစ် ဂျင်းရှပ် (Dr. Gene Sharp) ရဲ့ နိုင်ငံရေးအံတုမှု စာအုပ်ကို ပြည်တွင်းမှာ ဖြန့်ဝေလို့ ဝါဒဖြန့်မှုဆိုပြီးတော့ ဖမ်းခံရတယ်။ အဲဒီတုန်းက ၁၉ ယောက် ဖမ်းဆီးခံရတယ်။ ခုနှစ် နှစ်ချခံရတယ်။”
အခုနောက်ဆုံး ထောင်ကျခဲ့တာက ဘယ်လိုအကြာင်းတွေနဲ့ ပတ်သက်လို့ ထောင်ချခံခဲ့ရတာလဲ။
“၂ဝဝ၁ ခုနှစ်မှာ လေဖြတ်ပြီးတော့ မြစ်ကြီးနားထောင်ကနေ လွတ်လာခဲ့တယ်။ အိမ်ရောက်ပြီး နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တခုလုပ်ဖို့ ပေါ်ပေါက်လာတယ်ပေါ့နော်။ အထူးသဖြင့် ပြည်ပမှာရှိ နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ NCGUB ဝန်ကြီးချုပ် ဒေါက်တာ ဦးစိန်ဝင်းတို့၊ NCGUB ၏ ကုလသမဂ္ဂရုံး ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း၊့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကရင်အမျိုး သား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာတို့ အဲဒီပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မိပြီး တော့ ကျနော်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတဲ့အတွက် သူတို့နဲ့ပူးပေါင်းပြီး တော့ နိုင်ငံကို ဆက်ပြီးဆောင်ရွက်ခဲ့တယ်ပေါ့ဗျာ။”
“အဓိကတော ့အမျိုးသားပြန်လည် သင့်မြတ် ရေး အတွက် ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှု တွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ တွေ့ ဆုံဆွေးနွေး ပွဲကြီးတခုကို မဖြစ်မနေ ကျနော်တို့ လုပ်ရမယ်။ ဒါက အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်း အကြောင်းရဲ့ မဖြစ်မနေ လုပ်ရမယ့် လမ်း ကြောင်းပဲ။ အဲဒါ မလုပ်မချင်း ကတော့ ကျနော်တို့ တိုင်းပြည်က ကျနော်တို့ လိုချင်တဲ့ ဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ စိုးမိုးရေးဟာ ကြာနေဦးမှာပဲ။” |
“အဲဒီအချိန်မှာ ကျနော်က လေဖြတ်ထားတဲ့ အခါကျတော့ ကုတင်ပေါ်မှာ ပက်လက်နေရတယ်ဗျ။ ဒီလိုကြီး လေဖြတ် ထားတာ ဘာမှ မလုပ်နိုင်ဘူး ဆိုပြီးတော့ ထောက်လှမ်းရေး တပ်မှူးတွေက ကျနော့်ကို စိတ်မဝင် စားကြဘူး။ အထူး သဖြင့် ဒီမိုကရေစီ အခွင့်အရေးပေါ့ဗျာ။ အဲဒါကြောင့် ပြည်ပ မှာရှိနေတဲ့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ နိုင်ငံရေး အံတုမှုတွေ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ စီမံချက်တရပ်အနေနဲ့ ကျနော်ပို့ခဲ့ တယ်။ အဲဒီ စီမံချက်အတိုင်းပဲ တဘက်ကလည်း ပြည်တွင်းကနေ အကောင် အထည်ဖော်ဖို့ သဘောတူခဲ့ပါ တယ်။ အဲဒီ သဘောတူညီချက်နဲ့ ပြည်ပကပြီးတော့ ကျနော့် ဆီ ကို မီဒီယာနဲ့ ပတ်သက်ပြီး တော့ မိုဘိုင်းဖုန်း တို့၊ ကင်မရာတို့ ပို့ပေးခဲ့ပါတယ်။”
“ဒီလုပ်ငန်းတွေကို ၂ဝဝ၂ ခုနှစ်ကနေစတာ လုပ်တာ ၂ဝဝ၃ ခုနှစ်ကြတော့ တော်တော်လေးကို အရှိန်မြင့်လာပြီ ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာ အရိုက်ခံရတဲ့ကိစ္စ တွေ၊ လူတွေ အများကြီး အသတ်ခံရတဲ့ ကိစ္စတွေကို ကျနော်တို့ ဖော်ထုတ်နိုင်ခဲ့တယ်ပေါ့နော်။ ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလထဲ ၂ဝ ရက်နေ့မှာ ထောက်လှမ်းရေးက ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ထဲကလူ တဦးက ဖမ်းဆီးခံရပြီးတဲ့နောက် ကျနော်တို့ ၁၁ ဦးလုံး ဖမ်းခံရတယ်။”
အန်ကယ်လုပ်ဆောင်မယ်ဆိုတဲ့ နိုင်ငံရေးစီမံချက်ထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါပါသလဲ။
“ကျနော်ကလည်း ကျနော့်ရဲ့ စီမံချက်ထဲမှာပါတဲ့။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကလေးစစ်သားကိစ္စတွေ၊ အဓမ္မလုပ်အားပေးမှုတွေ၊ နောက်တခါ ပြည်သူတွေအပေါ်မှာ အာဏာရှင်အစိုးရရဲ့တရားမဲ့ ပြုကျင့်မှုတွေကို ကျနော်အများကြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီလို ဖော်ထုတ် ရင်းနဲ့ ဒီပဲယင်း အရေးအခင်းပေါ့နော်။ ကျောက်ဆည် အဓိကရုဏ်းကိစ္စတွေ၊ နောက်တခါ တနိုင်ငံလုံး အတိုင်းအတာအရ ဘာသာရေး အဓိက ရုဏ်တွေကို အဲဒီအချိန်မှာ ကျနော်တို့ သုံးသပ်ချက်က ဘာသာရေး အဓိကရုဏ် ဖြစ်ဖို့အတွက် လှုံ့ဆော်နေတယ် လို့ ကျနော်တို့ ယူဆခဲ့တယ်။ အဲဒါကြောင့် အဲဒီကိစ္စတွေ မဖြစ်အောင် ကျနော်တို့ အတတ်နိုင်ဆုံး သူတို့ရဲ့ လုပ်ဆောင် ချက်တွေကို ဖော်ထုတ်မယ်ဆိုပြီးတော့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။”
အန်ကယ်နဲ့အတူ အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်လာပြီလား။
“ဒီနေ့ကျနော်တို့ ဝမ်းနည်းစရာတော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ အမှုတွဲထဲက ၁၁ ယောက်ထဲက ကျောင်းဆရာ ဦးချစ်လွင်ဦး ပေါ့နော်။ သူက မန္တလေးထောင်ထဲမှာ လေဖြတ်တဲ့ရောဂါနဲ့ ၂ဝဝ၆ ခုနှစ်မှာ ကွယ်လွန် သွားရှာတယ်။ ၂ဝဝ၆ ခုနှစ်မှာပဲ မန္တလေးက ဒေါ်နှင်းပပနဲ့ သား ကိုအောင်နိုင်သူက လွတ်သွားကြ ပြီ။ ကျနော်တို့ ထောင်ထဲမှာ ခုနှစ် ယောက် ရှစ်ယောက် ကျန်တာပေါ့နော်။ ကျနော် ၁၇ နှစ် အပါအဝင် နှစ်နည်းတဲ့ ခုနှစ် ယောက်က ၁၂ နှစ်ကျ သူတွေလည်း မနေ့က လွတ်လာပြီ။ ဦးဝင်းကြည်ကကျန်နေခဲ့ တယ်။ သူက ၂၂ နှစ် ကျတာ။ အခု မန္တလေးထောင်မှာ ကျန်နေသေးတယ်။”
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် ဘယ်လို မြင်လဲရှင့်။
“ကျနော်ကတော ့ ဒီလို လွှတ်ပေးတဲ့အပေါ် အကောင်းဘက်က သိပ်မကြည့်ချင်သေးဘူး။ မကောင်းသေး လို့၊ ကောင်းအောင် လုပ်နေတယ်လို့တော့ အဲဒီလို ပြောချင်တယ်။ လွတ်ပေးသင့်တာတော့ အကုန်လုံးကို လွတ်ပေးသင့်တယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာက ပါးစပ်ကနေ ပြုပြင်ပြောင်းလဲနေလို့ မရဘူး။ လက်တွေ့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာလည်း ဒီပြုပြင်ပြောင်းလဲရေးလုပ်မှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ရောက်မယ်။ နောက်တခုက အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံတကာ စီးပွားရေး ပိတ်ထား တယ်။ ပြည်သူလူထု စီးပွားရေး ချွတ်ခြံုကျနေတယ်။ ဥပဒေစိုးမိုးရေးတွေ အားနည်းနေတယ်။ အဲဒါတွေ အားလုံးကတော့ ယုံကြည်ချက်ကြောင့် ကျနေတဲ့ အကျဉ်းသားတွေ၊ ယုံကြည်ချက်ဆိုတဲ့ နေရာမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ယုံကြည်ချက်တွေ ရှိတယ်။ ကိုယ့်အတွက် မပါဘဲ အများအတွက် မိမိယုံကြည်တဲ့အလုပ်ကို လုပ်တဲ့လူတွေပေါ့။ အဲဒါကို ယုံကြည်ချက် အကျဉ်းသားလို့ ပြောတယ်။ ဒီလိုတွေကို မြန်မြန်လွှတ်ပေးပါလို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကို အလေးအနက်ထားပြီးတော့ တိုက်တွန်းချင်ပါတယ်။”
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘာကြောင့် မလွှတ်ပေးသေးဘူးလို့ ထင်လဲ။
“အစိုးရသက်တမ်းကလည်း တနှစ်မပြည့်သေးဘူး။ နောက်တခုက အရေးအကြီးဆုံးအချက်က အစိုးရ အသစ်ထဲမှာ အားလုံးက တန်းတူစိတ်ထား မရှိကြဘူး။ အဆိုးအမြင်ကို ပြောတာမဟုတ်ဘူး။ တချို့က ဒီမိုကရက်တစ် အင်အားစု တွေ အပေါ်မှာ ယုံကြည်မှု အားနည်းနေတဲ့ အနေအထားရှိလိမ့်မယ်။ တချို့က လည်း ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေတဲ့လူ ရှိလိမ့်မယ်။ ဒါကြောင့် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် အစိုးရကို တိုက်တွန်းချင်တယ်။ သတ္တိရှိရှိ ယုံကြည်ချက် အကျဉ်းသားတွေကို တယောက်မကျန် လွှတ်ပေးလိုက်ပါ။ ချွတ်ခြံုကျနေတဲ့ တိုင်းပြည်ကို ကျနော်တို့တတွေ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ် ဆိုတာကို အကျဉ်းသားတွေအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လွှတ်ပေးဖို့ လိုအပ်ပါတယ်။”
လက်ရှိ အစိုးရအပေါ်မှာရော ဘယ်လို မြင်ပါသလဲ။
“တကယ်တမ်းထောင်ထဲကနေ လွတ်ပေးရ မယ့် လူတွေကျတော့ ထောင်ထဲမှာရှိနေ တယ်။ သက်ကြီးတဲ့လူတွေ၊ ကျန်းမာရေး မကောင်းတဲ့ လူတွေက ထောင်ထဲမှာ ရှိနေ တယ်"။ |
“ဒီအစိုးရသစ်ကို အကောင်းမြင်တာကတော့ နည်းနည်းလေးပြောချင်တယ်။ ဥပမာ ဆိုကြပါစို့။ ကျနော်တို့ ထောင်ထဲမှာ နေရာတာလည်း သတင်းစာတို့၊ မီဒီယာဂျာနယ်တို့ အကုန်လုံးဖတ်ရတဲ့ အခါကျတော့ အပြင်ကကိစ္စတွေ၊ဖြစ်နေတာ အားလုံးကို သိနေတယ်။ သိနေတဲ့အခါကြတော့ အပြင်မှာ ဖြစ်နေတဲ့ ကောင်းတာလေးတွေ ရှိပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့ ကိစ္စမှာ ကျနော်က ထောင်ထဲမှာ ဘယ်လောက်ထိ ပျော်သလဲ ဆိုတော့ ကျနော်ထောင်က လွတ်လာသလို ပျော်တယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို မထင်မှတ်တဲ့ အချိန်မှာ သူတို့ထပြီးတော့ တွေ့ဆုံတဲ့အတွက် လက်ရှိတက်လာတဲ့ အစိုးရအပေါ်မှာပီတိဖြစ် မိပါတယ်။ ဒါက ပထမကိစ္စပါ။”
“ဒုတိယအချက်က မြစ်ဆုံကိစ္စ၊ ကျနော်တို့က မြစ်ဆုံကိစ္စကို ထောင်ထဲမှာ တတိတ်ထိတ် ခံစားနေရတာ၊ ဂျာနယ်တွေထဲမှာ မြစ်ဆုံက စီးလာတဲ့ရေကိုကြည့်၊ ဧရာဝတီမြစ်မှာ ဖြစ်ထွန်းနေတဲ့ တောင်တွေကို ကြည့်ပြီး တော့ ဒီမှာ ကိုယ့် အမေအရင်း ခေါက်ခေါက်ကို ခုတ်ထစ်နေတယ်၊ သွေးတွေ ဖျာကျနေသလို ကျနော်တို့မှာ ခံစားနေခဲ့ရတယ်။ အဲဒီလို ခံစားနေရတဲ့ အချိန်မှာပဲ သမ္မတ သိန်းစိန်ကနေ ပြည်သူတွေရဲ့ အသံ၊ လွတ်တော် ရဲ့ အသံ၊ ဆန္ဒကို လိုက်လျော လိုက်တဲ့ မြစ်ဆုံကိစ္စကို ရပ်ဆိုင်းလိုက်တဲ ့သတင်းပေါ့၊ ဒါကတော ့ဒုတိယ ဝမ်းသာတဲ့ သတင်းပေါ့ဗျာ။ ဒါပေမဲ့ အပြည့်အဝ ဝမ်းမသာနိုင်သေးဘူး။ ဘာပဲပြောပြော ကျနော်တို့ အခုအရေးနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်းနိုင်ငံနဲ့ စကားပြောရမယ့် အနေအထားတွေ ဖြစ်လာတယ်။ အဲဒီလို ပြောတဲ့အခါမှာ လက်ရှိ အစိုးရကို ကျနော်တို့ ပြည်သူ တွေက မြစ်ဆုံစီမံကိန်း အားလုံးနဲ့ပတ်သက် ပြီး သမ္မတ ဦးသိန်းစိန်ကြီးနဲ့ အစိုးရအဖွဲ့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့်ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ပြည်သူလူထုက အပြည်အဝ အစိုးရရဲ့ အနောက်မှာ ရှိနေရမယ်လို့ ကျနော်ဒီနေရာကနေ တတိုင်းတပြည် လုံး ကို တိုက်တွန်းချင်ပါတယ်။”
အန်ကယ်က ထောင်ထဲမှာ ရှစ် နှစ်ကျော်ကြာနေခဲ့ပြီးမှ လွတ်လာတယ်ဆိုတော့ အပြင်ကို လွတ်မြောက်သွားတဲ့အခါ ဘယ်လို ခံစားရလဲရှင်။
“အခု ခင်ဗျားတို့နဲ့ ကျနော်က စကားပြောနေတာကို ကျနော်ရင်ထဲကနေ လှိုက်လှိုက်တက်လာတယ်။ တခါ တလေ မျက်ရည်တောင်ဝေ့လာတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေက ထောင်ထဲမှာရှိနေတော့ စိတ်မချမ်းသာဘူးပေါ့။ မန္တလေးထောင်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသား ၆ဝ လောက် ရှိဦးမယ်။ ကျနော်က ၁၄ နှစ်သားကနေပြီးတော့ စပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ငါး ကြိမ် ထိန်းသိမ်းခံခဲ့ရတာပါ။ လွတ်လာတဲ့ အခါတိုင်း တခါမှ မပျော်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့ အတူလုပ်နေတဲ့ လူတွေက ထောင်ထဲမှာ ကျန်နေခဲ့တယ်။”
ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကျန်းမာရေးအခြေအနေလေး ပြောပြပါဦး။
“တကယ်တမ်းထောင်ထဲကနေ လွတ်ပေးရမယ့် လူတွေကျတော့ ထောင်ထဲမှာရှိနေတယ်။ သက်ကြီးတဲ့ လူတွေ၊ ကျန်းမာရေးမကောင်းတဲ့ လူတွေက ထောင်ထဲမှာ ရှိနေတယ်။ အခု ကျနော်တို့ မန္တလေးထောင်မှာ ဆိုရင်ကျောက်ဆည် မင်းကုန်းကျောင်း ဆရာတော်ကြီး ဦးဇဏိတ က ၂ဝဝ၃ ခုနှစ်ကနေ ဘာသာရေး အဓိကရုဏ်းနဲ့ ပတ်သက်ပြီးတော့ ၂၇ နှစ် ထောင်ချခံနေရတာ။ ဒီဆရာတော်က အဲဒီအမှုနဲ့ ဘာမှ မပတ် သက်တဲ့ ဆရာတော်ကြီးပါ။ အမှုအခင်းကို ပြေငြိမ်းအောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းကတောင်း ပန်ခိုင်းလို့ ထိန်းသိမ်းခဲ့တဲ့ ဆရာတော်ကြီးပါ။ သက်တော်က ၆၆ နှစ်ရှိပြီ၊ သူက နှလုံးရောဂါကို ပြင်းထန်စွာ ခံစားနေ ရတယ်။ တလတကြိမ် ဆေးရုံထွက်ပြီးတော့ ကုနေရတယ်။ အဲတော့ ဒီလို ပုဂ္ဂိုလ်တွေ ကို တကယ်တမ်း လွှတ်ပေးသင့် တာပေါ့ဗျာ။ နောက်တယောက်က ၈၈ ကျောင်းသား ကိုလှမျိုးနောင်ဆိုရင် လည်း သိတဲ့အတိုင်းဘဲ အကြိမ်ကြိမ်ထောင်ကျခဲ့တော့ မျက်စိလည်းကိုက်၊ ခါးကလည်းကိုက် တကယ်ကို ရှုနာရှိုက်ကုန်း ဖြစ်နေတာပါ။ သူတို့လိုလူကို လွှတ်ပေးသင့်ပါတယ်။”
ရှေ့ဆက်သွားမယ့် နိုင်ငံရေး ရပ်တည်ချက်တွေ ပြောပြပါဦးရှင့်။
“ကျနော်ရဲ့ နိုင်ငံရေးရပ်တည်ချက်က ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေ မစိုးမိုးခဲ့တာက ကျနော်တို့ တသက်ရှိပြီ။ ကျနော်တို့ တိုင်းပြည်မှာ ဥပဒေ မစိုးမိုးမချင်း စိုးမိုးတဲ့အထိ၊ ဒီဘဝမှာ မစိုးမိုးသေးရင် နောက်ဘဝထိ ဆက်လုပ်သွားမယ်။ ဒါက ကျနော်ရဲ့ ဆန္ဒပါ။ အခုလည်း ကျနော် ကျန်းမာရေးမကောင်းပါ ဘူး၊ ကျနော်အခု ထိုင်ပြီးတော့ စကားပြောနေရတာပါ။ ဒါပေမယ့် အခု သန္နိဋ္ဌာန်အတိုင်းပဲ ကျနော်ဆက်ပြီး လုပ်သွားမှာပါ။”
အဓိက ဦးစားပေး လုပ်ဆောင်မယ့် လုပ်ငန်းက ဘယ်လို လုပ်ငန်းလဲရှင့်။
“အဓိကတော ့အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ အထူးသဖြင့်
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေး ပွဲကြီးတခုကို မဖြစ်မနေ ကျနော်တို့ လုပ်ရမယ်။ ဒါက အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းအကြောင်းရဲ့ မဖြစ်မနေလုပ်ရမယ့် လမ်းကြောင်းပဲ။ အဲဒါ မလုပ်မချင်းကတော့ကျနော် တို့ တိုင်းပြည်ကကျနော်တို့ လိုချင်တဲ့ ဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ စိုးမိုးရေးဟာ ကြာနေဦးမှာပဲ။”
ထောင်ထဲမှာရှိနေတဲ့အချိန် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေရော ကြားရလား။
“သတင်းစာတွေကနေ ကြားရပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက ဂျာနယ်တွေကနေ ဖတ်ရပါတယ်။”
ကျန်းမာရေးအခြေအနေ သိပါရစေရှင့်။
“ကျနော်က ၂ဝဝ၁ ခုနှစ်မှာ လေဖြတ်တဲ့ ရောဂါက ညာဘက် တခြမ်းက မကောင်းဘူး။ ခုတော့ ချိုင်းထောက် နဲ့ သွားလာ လှုပ်ရှားလို့တော့ ရပါတယ်။ အပေါ်လက်ကတော့ ပျောက် သွားပြီ။ ခြေထောက်မှာက နည်းနည်းကျန် သေးတယ်။ တခါ တလေ သွေးတိုးတဲ့အခါ နည်းနည်းခံရတာပါဗျာ။”
ပြည်ပမှာရောက်နေတဲ့ အဖွဲ့အစည်းတွေကိုရော ဘာများ အကြံပေးချင်တာရှိလဲ။
ပြည်ပအဖွဲ့ အစည်းတွေ အားလုံးကို ဆယ်စုနှစ် နှစ်ခု၊ အနှစ် ၂ဝ ကျော်ကြာ လုပ်နေကြတယ်။ ဘာဘဲပြောပြော ကိုယ့်မိခင် ရင်ခွင်ကိုတော့ ပြန်ချင်ကြတာပါ။ ဒါပေမယ့် ခက်တာက သက်ဆိုင်ရာအစိုးရ သမ္မတကြီး အစိုးရ ကြေငြာ ချက်က သိပ်မလုံလောက် ဘူးဗျ၊ ပြည်ပမှာ ရောက်နေတဲ့ လူတွေက လည်း သူတို့ ယုံကြည်ချက်နဲ့ သူတို့ သွားနေ ကြတဲ့ ပုဂ္ဂိုလ် တွေပဲ။ ဂုဏ်သိက္ခာတွေ ရှိ တယ်။ ဒီဂုဏ်သိက္ခာ နဲ့ အညီ တန်းတူရှိတဲ့ ဆိုလိုတာက ဥပဒေ လို ဟာမျိုး စနစ်တကျ ပြဋ္ဌာန်းပြီးတော့ ကြေငြာ ချက်ထုတ် ပြီးတော့ အားလုံးကို ပြန်ခေါ်စေချင် တယ်။ |
“ဟုတ်ကဲ့၊ ပြည်ပအဖွဲ့အစည်းတွေ အားလုံးကို ဆယ်စုနှစ် နှစ်ခု၊ အနှစ် ၂ဝ ကျော်ကြာ လုပ်နေကြတယ်။ ဘာဘဲပြောပြောကိုယ့်မိခင် ရင်ခွင်ကိုတော့ ပြန်ချ င်ကြတာပါ။ဒါပေမယ့် ခက်တာက သက်ဆိုင်ရာအစိုးရ သမ္မတကြီးအစိုးရ ကြေငြာချက်က သိပ်မလုံလောက် ဘူးဗျ၊ ပြည်ပမှာရောက်နေတဲ့ လူတွေကလည်း သူတို့ ယုံကြည်ချက်နဲ့ သူတို့ သွားနေကြတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဂုဏ်သိက္ခာတွေ ရှိတယ်။ ဒီဂုဏ်သိက္ခာနဲ့အညီ တန်းတူ ရှိတဲ့ ဆိုလိုတာက ဥပဒေလိုဟာမျိုး စနစ်တကျ ပြဋ္ဌာန်းပြီးတော့ ကြေငြာချက် ထုတ်ပြီးတော့ အားလုံးကို ပြန်ခေါ် စေချင်တယ်။ ဒါက ကျနော်ဆန္ဒပေါ့လေ။ အဲဒီလို ဖြစ်လာ မယ် ဆိုရင်တော့ ကျနော်ပြန်စေချင်တာ ထက် သူတို့လိုချင်တဲ့ အနေအထား မရောက်သေးတဲ့အတွက် သူတို့ မပြန်ဖြစ် သေးတာ ဖြစ်ပါတယ်။သူတို့ ကို အာမခံချက်ပေးရမယ်။ နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးရမယ်။ အပြင်မှာ သူတို့ ဆောင်ရွက် ခဲ့ တာတွေ ရှိတယ်။ ဂုဏ်သိက္ခာပိုင်းအရ အသိအမှတ်ပြုတဲ့ သဘောပေါ့နော်။အဲဒီလိုဟာမျိုး တွေ လိုလိမ့်မယ်လို့ ကျနော်ယုံတယ်။”
တခြားဘာတွေများ ထပ်ဖြည့်ပြောပြချင်သေးလဲ။
“ဆယ်စုနှစ် နှစ်ခုမှာ တရားမမျှတတဲ့ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံဆောက်ရွက်ခဲ့တာတွေ ရှိတယ်။ အထူးသဖြင့် စီမံကိန်းတွေပေါ့ဗျာ။ အဲဒီစီမံကိန်းတွေပေါ့ဗျာ။ တဘက်နိုင်ငံရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ ကျနော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့ အကျိုးစီးပွား နှစ်ခု တရားမျှတတဲ ့ဆောက်ရွက်ချက်တွေ ဖြစ်စေချင်တယ်။ အထူးသဖြင့် ကျနော်တို့နိုင်ငံမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာတရားမမျှ တမှုတွေရှိတယ်။ ပြောရရင်တော့ ကျနော်တို့က ဘာဖြစ်နေလဲဆိုတော့ မန္တလေးမြို့ထဲမှာ မနေနိုင်ကြတော့ ဘူး။ ကျနော်တို့က မြို့ပြင်တွေကိုရောက်ကုန် တယ်။ အဲတော့ ကျနော်တို့ မြို့လယ်ခေါင်မှာဘယ်သူ တွေ ဝင်လာသလဲဆိုတော့ တရားနည်းလမ်း ကျကျနဲ့ ဝင်လာ တာရှိတယ်။ တရားမမျှတဘဲ ဝင်လာတာတွေ ရှိတယ်။ ကျနော်တို့အနေနဲ့ ကတော့ တချို့ လုပ်ထားတဲ့ အလုပ်က ခြေလွန် လက်လွန်တွေ ရှိနေတယ်လေ။ နောင်ကို ဒီလိုမဖြစ်အောင် ဒီလို အလားတူဖြစ်ရပ်မျိုးတွေ မဖြစ်အောင် တားဆီးရမယ်။ အထူးသဖြင့်ဥပဒေ စိုးမိုးအောင် ကျနော်တို့ လုပ်ရမယ်။”