ကချင်ပြဿနာ ငြိမ်းချမ်းစွာ ဖြေရှင်းပါ

ကချင်ပြဿနာ ငြိမ်းချမ်းစွာ ဖြေရှင်းပါ
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။       ။ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်များအကြား ပြဿနာများကို အင်အားသုံး မဖြေရှင်းဘဲ တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးများကို အသိအမှတ်ပြုပြီးစိတ်ရင်း စေတနာ အမှန်ဖြင့် တွေ့ဆုံဖြေရှင်းမှသာ ငြိမ်းချမ်းနိုင်မည်ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုလိုက်သည်။

(NLD ပြောခွင့်ရ ဦးအုန်းကြိုင်နှင့် အင်တာဗျူး)
 
ချင်းမိုင် (မဇ္စျိမ) ။       ။ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်များအကြား ပြဿနာများကို အင်အားသုံး မဖြေရှင်းဘဲ တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးများကို အသိအမှတ်ပြုပြီးစိတ်ရင်း စေတနာ အမှန်ဖြင့် တွေ့ဆုံဖြေရှင်းမှသာ ငြိမ်းချမ်းနိုင်မည်ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုလိုက်သည်။
 
ဆယ်စုုနှစ်ပေါင်းများစွာ မဖြေရှင်းနိုင်သေးသည့် တိုင်းရင်းသားအရေးအပေါ် အမြင်သဘောထားအချို့ကို သိနိုင်ရန် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်ကို မဇ္စျိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။
 
ကချင်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်တာ ၁၀ ရက်ကျော်သွားမှ NLD က ကြေညာချက် ထုတ်နိုင်တာ ဘာကြောင့်လဲ ခင်ဗျ။
 
‘‘အဲဒါကတော့ဗျာ ကျနော်တို့ အခြေအနေတွေကို လေ့လာ သုံးသပ်နေရတာပေါ့ဗျာ။ တိကျတဲ့အကြောင်း အချက်တွေ၊ သတင်း အချက်အလက်တွေ ရဖို့အတွက် ကြိုးစားနေရတာရှိတယ်။ ပြီးတော့လည်း ကျနော်တို့ရဲ့ မူလ ရပ်တည်ချက်နဲ့ အညီ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာလည်း စဉ်းစားပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်’’
 
‘‘ကျနော်တို့မှာလည်း လုပ်ငန်းတွေက ဆက်နေတယ်ဗျာ။ ဂီတပွဲတော်၊ အထွေထွေ အတွင်းရေးမှူးရဲ့ မွေးနေ့၊ အဲဒီမတိုင်ခင်ကလည်း သတင်းစာ သင်တန်း၊ လယ်သမား သင်တန်း၊ လူငယ်ဆွေးနွေးပွဲ တောက်လျှောက် လုပ်နေပြီးတော့၊ အခုလည်း စနေ တနင်္ဂနွေ ၂ ရက်ဆက်တိုက် ဆောင်ရွက်ထားပြီးဖြစ်တော့ ဒီနေ့တော့ Section တချို့ကို ရုံးပိတ်ရက် သတ်မှတ်ပြီး နားလိုက်တယ်။ ဒါပေမယ့် ဒီကြေညာချက်ကို မနေ့ကဆုံးဖြတ် ချက်အတိုင်း ထုတ်ဖြစ်အောင် ထုတ်တာပါပဲ’’
 
ကချင် အပါအဝင် တိုင်းရင်းသားတွေ အားလုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်မှာ NLD ရဲ့ ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။
 
‘‘တိုင်းရင်းသားအားလုံးရဲ့ တန်းတူရည်တူ အခွင့်အရေးကို ကျနော်တို့က အသိအမှတ်ပြုတယ်။ ပြဿနာတွေ ရှိနေတယ် ဆိုရင်လည်းပဲ စိတ်စေတနာ ဖြူဖြူစင်စင်နဲ့ ရှင်းရမယ်။ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးနိုင်ရမယ်။ တဦးရဲ့ အယူအဆကို တဦးက လေးစားရမယ်။ အခြေခံ လူ့အခွင့်အရေးတွေ အပြည့်အဝ လေးစားယုံကြည်မှု ရှိရမယ်။ ပြဿနာအားလုံးကို အင်အားသုံး မဖြေရှင်းဘဲနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းတွေသုံးပြီး ဖြေရှင်းရမယ်လို့ ကျနော်တို့က နဂိုကတည်းက ယုံကြည်ပါတယ်။ အဲဒီအတိုင်းပဲ သွားနေတာပဲ’’
 
NLD ရဲ့ တိုင်းရင်းသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရည်တူ ဆိုတာကို နည်းနည်း ထပ်ရှင်းပြပါလား။
 
‘‘ပြည်ထောင်စုဘွား တိုင်းရင်းသားအချင်းချင်းဟာ မွေးရာပါ အခွင့်အရေး တန်းတူရည်တူ ရှိတယ်။ ကိုယ့်ရိုးရာ အစဉ်အလာ၊ ဓလေ့ထုံးစံတွေ၊ စာပေ ယဉ်ကျေးမှုတွေကို ဆက်လက်ရှင်သန်အောင်ဆောင်ရွက်ပိုင်ခွင့်ရှိ တယ်။ ဒါ မွေးရာပါ အခွင့်အရေး။ ဘယ်ဒေသမှာပဲ နေနေပေါ့ဗျာ။ သူပျော်ရွှင်လို့ နေတဲ့ဒေသမှာ အဲဒီ ဒေသအကျိုးကို ဆောင်ရွက်ရင်း တခြား တိုင်းရင်းသားတွေ အားလုံးလိုပဲ သူ့မှာ နိုင်ငံရေး အခွင့်အရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေပါ တန်းတူ အခွင့်အရေး ရှိတယ်၊ ရှိရမယ်လို့ ကျနော်တို့က သတ်မှတ်တာပါ။ အဲဒါကို တန်းတူ အခွင့်အရေးလို့ ပြောတာပါ’’
 
သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်တွေထဲမှာ ရှိတဲ့ သယံဇာတ၊ စီးပွားရေး၊ အခွန်၊ နယ်မြေ အုပ်ချုပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို ယူဆပါသလဲ။

‘‘ဖက်ဒရယ် Federal ဆိုကတည်းက ကျနော်တို့က ပြည်ထောင်စုစိတ်ဓာတ်ကို အသိအမှတ်ပြုတာ။ ပြည်ထောင်စု ဆိုတာကိုက ကိုယ့် သီးခြား သီးခြားပေါ့ဗျာ။ ပြည်ထောင်တွေ စုပေါင်းထားတာလို့ယုံကြည် ပါတယ်။ တိုင်းရင်းသားတွေဟာ Self-determination ပေါ့။ မိမိဘာသာ မိမိကြမ္မာကို လွတ်လပ်စွာ ဖန်တီးခွင့် ရှိတယ်ဆိုတာကို ကျနော်တို့က အခြေခံ အသိအမှတ်ပြုပါတယ်’’
 
ဒီအခွင့်အရေးအတွက် ရွေးကောက်ပွဲဝင်တဲ့ တိုင်းရင်းသားရှိသလို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့လည်း ရှိတယ်။ အဲဒီလို နည်းလမ်းတွေ ကွဲနေတဲ့အပေါ်မှာရော NLD ကဘယ်လိုမြင်လဲ။
 
‘‘အဲဒါက ခုနပြောတဲ့ အခြေခံမူဆိုတဲ့အပေါ်မှာ တယောက်နဲ့တယောက် မတူတဲ့ အမြင်တွေပဲဗျ။ ကိုယ့်အမြင် တွေ၊ အယူအဆတွေကို ပွင့်ပွင့်လင်းလင်း တင်ပြပြီးတော့ ဆွေးနွေးခွင့်ရှိရမှာပေါ့ဗျာ။ အဲဒါ တန်းတူအခွင့် အရေးပဲ။ ဒီမိုကရေစီမှာ မတူကွဲပြားတဲ့ အယူအဆတွေ သဘာဝအားဖြင့် ရှိနေတယ် ဆိုတာကို အသိအမှတ် ပြုတယ်။ အဲဒီ မတူကွဲပြားတဲ့ အယူအဆတွေဟာ ဆွေးနွေးပြီးတော့ အများပြည်သူရဲ့ ဆုံးဖြတ်ချက်၊ စစ်မှန်တဲ့ ပြည်သူရဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်တာကို လက်ခံရမယ်။ အဲဒီအမြင်နဲ့ ဖြေရှင်းကြရမှာပဲလို့ မြင်တယ်’’
 
လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ အပေါ်မှာ NLD က ဘယ်လိုသဘောထားပါလဲ။
 
‘‘ကျနော်တို့ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့မူကို ကျင့်သုံးတယ်။ သို့သော်လည်းပဲ အခြေအနေအရပေါ့ဗျာ မိမိလွတ်လပ်ခွင့်အတွက် မိမိကြိုးပမ်းနေတဲ့ အဖွဲ့တွေမှာလည်း သူတို့ သီးခြား ကြိုးပမ်းနေကြတယ်။ အဲဒါကလည်း တန်းတူညီတူ အခွင့်အရေးတွေ ရဖို့ပဲ ဖြစ်တယ်လို့လည်း ကျနော်တို့ အသိအမှတ်ပြုတယ်’’
 
တာပိန်ရေအားလျှပ်စစ် စီမံကိန်းကို ကာကွယ်တဲ့အနေနဲ့ KIA ကို စစ်ဆင်ရတာ ဖြစ်တယ်လို့ သတင်းစာတွေ ကနေ တဆင့် အစိုးရက ပြောပါတယ်။ ဒီအပေါ်မှာ တရုတ်အစိုးရနဲ့ ဦးသိန်းစိန် အစိုးရကိုဘာပြောချင်ပါ သလဲ။
 
‘‘အဲဒါတွေက အချက်အလက်တွေ ဘယ်လောက်တိကျ မှန်ကန်သလဲဆိုတာကို အသေးစိတ် လေ့လာဖို့ လိုဦးမယ်။ အဲဒီလိုလေ့လာဖို့ အချိန်ယူရဦးမယ်လို့ ပြောချင်တယ်။ တခြားအစိုးရတွေက သူတို့အစိုးရမူဝါဒ တွေပဲ ဖြစ်တယ်လို့ လောလောဆယ်တော့ ပြောချင်ပါတယ်။ အခုထိပေါ့ဗျာ NLD ရဲ့ရပ်တည် ချက်ကကျနော် တဦးချင်းရဲ့ ရပ်တည်ချက် အတိုင်းပါပဲ။ ဒီကိစ္စမှာ အကျိုးစီးပွားနဲ့ ပတ်သက် သက်ဆိုင်နေတဲ့သူ အားလုံးက ကူညီဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံထားပါတယ်’’

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို KIO ဌာနချုပ် လိုင်ဇာမှာ စစ်ဦးစီးချုပ်တွေ ကိုယ်တိုင် တက်ရောက် ကျင်းပသွားပါတယ်။ ထူးခြားမှုရှိတယ်လို့ ယူဆပါလား။
 
‘‘အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးလည်း ဖြစ်တယ်။ တိုင်းရင်းသား အားလုံးရဲ့ ငြိမ်းချမ်းမှုကို မြင်ချင်ပါတယ်။ အမျိုးသားသင့်မြတ်ရေးကို မြင်ချင်ပါတယ်လို့ မနေ့ကလည်း ထပ်ပြောတယ်။ ကချင်မှမဟုတ်ဘူး တခြားတိုင်းရင်းသားတွေက အထွေထွေအတွင်းရေးမှူးကို ချစ်ခင်ကြတယ်။ အထွေထွေအတွင်းရေးမှူးရဲ့ စိတ်ဆန္ဒအတိုင်း ငြိမ်းချမ်းစွာ ပြဿနာတွေကိုဖြေရှင်းဖို့ဆန္ဒရှိ တယ်ဆိုတာ ကျနော်တို့က ယုံကြည်ပြီးသားပါ’’
 
NLD အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ကော်မတီဖွဲ့ဖို့တို့၊ ငြိမ်းချမ်းရေး လှုပ်ရှားဖို့တို့ အစီအစဉ်ရှိပါသလား။
 
‘‘ကော်မတီဖွဲ့ဖို့ကတော့ အခုထိတော့ မရှိသေးပါဘူး။ အခုဟာကလည်း မနေ့က ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြောတဲ့ မိန့်ခွန်းတို့ အထွေထွေအတွင်းရေးမှူးပြောတဲ့ ဆုတောင်းစကားတို့၊ အခု NLD က ထုတ်ပြန်တဲ့ကြေညာ ချက်ဆိုတာတွေဟာ အဲဒီ ငြိမ်းချမ်းရေးဆိုတဲ့ ဆန္ဒတွေကနေ ပေါက်ဖွားလာတာပါပဲ။ လိုအပ်ရင် နောက်ထပ် ကြိုးပမ်းမှုတွေလည်း ရှိလာမှာပေါ့ ခင်ဗျာ’’

Most read this week