ရှမ်းပြည်တိုးတက်ရေးပါတီ နုတ်ထွက်ခြင်း မဟုတ်

ရှမ်းပြည်တိုးတက်ရေးပါတီ နုတ်ထွက်ခြင်း မဟုတ်
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။      ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့နှင့် ဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲမှ ရှမ်းပြည် တိုးတက်ရေးပါတီ နုတ်ထွက်စာတင်သည်ဟူ သည်မှာ မဟုတ်မှန်ကြောင်း ကောင်စီဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ငြင်းဆိုသည်။

(ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္စျိမ) ။      ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့နှင့် ဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲမှ ရှမ်းပြည် တိုးတက်ရေးပါတီ နုတ်ထွက်စာတင်သည်ဟူ သည်မှာ မဟုတ်မှန်ကြောင်း ကောင်စီဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ငြင်းဆိုသည်။
 
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် ၆ ဖွဲ့က ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ CEFU ကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နယ်စပ်တနေရာ၌ ဖွဲ့စည်းခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် အဖွဲ့ဝင် ၁၂ ဖွဲ့အထိ ဖြစ်လာခဲ့သည်။ ထို့အပြင် CEFU ကို ဖျက်သိမ်းကာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ကြသည်။
 
ယင်းနောက် ၂ လ ကျော်အကြာတွင် အဖွဲ့ဝင်အသစ် ရှမ်းပြည်တိုးတက်ရေးပါတီ နုတ်ထွက်စာတင်သည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အရာရှိတဦးကလည်း UNFC ၏ ဖွဲ့စည်းပုံသည် ပြည်နယ်ကို အခြေခံမှသာလျှင် အဖွဲ့ဝင်မည်ဖြစ်ပြီး၊ လက်ရှိတွင် လေ့လာသူသာဖြစ်သည်ဟု ပြောဆိုကြောင်း ထိုင်းအခြေစိုက် "သျှမ်းသံတော်ဆင့်" သတင်းဌာနက ဧပြီလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သေးသည်။

Khun-Okkar
UNFC အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၏ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက၎င်းသတင်း မဟုတ်မှန်သော်လည်း ဖွဲ့စည်းပုံမှ ဦးဆောင်မှုပုံစံကို ပြင်ဆင်လိုက်သဖြင့် UNFC သည် ကြားကာလတွင်ရောက်ရှိ နေသည်ဟု ဆိုသည်။

အကြောင်းစုံကို သိရှိနိုင်ရန် ဗိုလ်မှူးကြီးခွန်ဥက္ကာကို မဇ္စျိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဖွဲ့စည်းပုံ ပြင်နေတယ် ကြားလို့ပါ။

“CEFU ကတော့ ကျနော်တို့ ဖျက်သိမ်းလိုက်ပြီးပြီ။ UNFC ကို ဖွဲ့လိုက်ပြီ။ ဒါပေမဲ့ UNFC ရဲ့ ဖွဲ့စည်းပုံကိုတော့ ဖွဲ့ပြီးချင်းမှာပဲ နည်းနည်းပါးပါး ပြင်ဖို့ဆိုပြီးတော့ အချိန်ဆွဲလိုက်တော့၊ ဖွဲ့စည်းပုံကို ပြင်တာ ပြီးသွားတယ်လို့ သိရပါတယ်။ နောက်လလောက်မှာပဲ အတည်ပြုဖို့ လုပ်မယ်ထင်တယ်’’

ပြင်ဆင်တဲ့လူထဲမှာ ဗိုလ်မှူး မပါဘူးလား။

“ကျနော် မပါဘူး။ ပထမရေးတာက ကျနော်နဲ့ နိုင်ဟံသာ။ ကျနော်တို့ ပထမရေးတဲ့မူကို သိပ်မကြိုက်ကြဘူးတဲ့။ ဒါကြောင့် ကျနော်နဲ့ နိုင်ဟံသာကို မထည့်ဘဲနဲ့ တခြားလူသစ်တွေနဲ့ သူတို့ ပြင်ခိုင်းတဲ့ သဘောမျိုး။ ဒါပေမဲ့ ပြန်ပြီးတော့ သုံးသပ်တဲ့နေရာ၊ အတည်ပြုတဲ့ နေရာမှာကျတော့ ကျနော်တို့ရဲ့ အကြံဉာဏ်လည်းယူချင်တယ် ပေါ့ဗျာ’’

ဘယ်ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းပုံပြင်တာလဲဗျ။

“ညီလာခံပြီးတော့ ထိပ်သီးအစည်းအဝေးဆိုပြီးတော့ အဖွဲ့ပေါင်းစုံက လူကြီးတွေ ခေါ်တယ်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေပေါ့။ အရေးကြီးတဲ့ အဖွဲ့က လူတွေပေါ့ဗျာ။ ထိပ်သီးစည်းဝေးပွဲဆိုပြီးတော့ လုပ်ပိုင်ခွင့်နဲ့ ပြင်ခိုင်းတာပေါ့ဗျာ။ ပြင်ခိုင်းပေမယ့် အသုံးပြုလို့ မရသေးပါဘူး။ ဒါကို အာဏာသက်ရောက်ဖို့ကျတော့ အဖွဲ့ပေါင်းစုံပါတဲ့ အစည်းအဝေးတော့ ခေါ်ဖို့ လိုတယ်လေ။ အဖွဲ့ဝင်အားလုံးက သဘောတူမှ သက်ရောက်မှာကိုး။ လာမယ့် လလောက်မှာ ဖြစ်မယ်ထင်တယ်’’

ဖွဲ့စည်းပုံက ဘယ်အပိုင်းတွေကို ပြင်ဆင်တာလဲဗျ။

 “ဦးဆောင်မှုပုံစံပါပဲ။ အဟောင်းမှာက အဆင့် ၃ ဆင့် ရှိတယ်ဗျာ။ အဖွဲ့အစည်းတိုင်း ပြည်နယ်တိုင်းရဲ့ အကြီးအကဲကို ကျနော်တို့က နိုင်ငံရေးဦးဆောင်အဖွဲ့ဆိုပြီး ခေါ်တယ်။ အဲဒါက ဖက်ဒရယ်ဥသျှောင်လို့ ဖြစ်သွားတာပေါ့။ အဲဒါ အဆင့်တခု။ ဖက်ဒရယ်ကောင်စီဝင်တွေအားလုံး ပါတယ်ဆိုတော့ ဗဟိုကော်မတီလို သဘောမျိုး တဆင့်။ အဲဒီဖက်ဒရယ် ကောင်စီဝင်တွေထဲကမှ အလုပ်အမှုဆောင် ဆိုပြီးတော့ ရွေးတဲ့ဟာက အလုပ်လုပ်ဖို့ တဆင့်ပေါ့။ အဲဒီ ၃ ဆင့်ကို တဆင့်ဖြုတ်လိုက်တဲ့ဟာပါ။ နိုင်ငံရေးဦးဆောင်အဖွဲ့က မလိုအပ်ဘူး။ အဲဒီအဖွဲ့က အလုပ်ရှိမှာလည်း မဟုတ်ဘူးပေါ့လေ။ တခါထဲ အလုပ်ဝိုင်းလုပ်ကြတာ ကောင်းတယ်ဆိုပြီးတော့ တဆင့်ဖြုတ်လိုက်တာပါ။ ကျန်တာ ဘာမှ မရှိပါဘူး’’

ဖွဲ့စည်းပုံကို ဘယ်လို အခြေခံ ဖွဲ့စည်းထားတာလဲခင်ဗျ။

“အမျိုးသားကို အခြေခံတယ်။ နောက် အဖွဲ့အစည်းလည်း ပေးတယ်လေ။ အမျိုးသားမှာမှ အဖွဲ့အစည်း ၂ ခုရှိရင် ၂ ခုလုံး ဝင်လို့ရတယ်။ ကျယ်ပြန့်မှုကို ဦးစားပေးထားတဲ့ သဘောမျိုး ပါတယ်။ ဦးဆောင်မှုအပိုင်းမှာကျတော့ ကျစ်လစ်မှုဖြစ်အောင်ဆိုပြီး အဖွဲ့ကြီးတွေ ဦးဆောင်မှုကို တင်ထားတယ်။ အဖွဲ့ကြီးဆိုတာက အင်အားကြီးတယ်။ နယ်မြေ ကျယ်တယ်၊ လူဦးရေ များတယ်၊ ပိုက်ဆံရှိတာလည်း ပါတာပေါ့’’

ရှမ်းပြည်တိုးတက်ရေးပါတီက နုတ်ထွက်စာတင်တယ်လို့ ပြောတယ်။ ဟုတ်ပါသလား။

“အခု မဟုတ်ပြန်ဘူးလို့ ပြန်ပြောတယ်။ အဲဒီ ထိပ်သီးအစည်းအဝေးပေါ့။ UNFC ရဲ့ အလုပ်အမှုဆောင်ကို Overwrite လုပ်ဖို့က ထိပ်သီးအစည်းအဝေးဆိုပြီး ခေါ်ပြီးတော့ အဲဒီက ဆုံးဖြတ်ချက်တွေနဲ့ လုပ်မှာကိုး။ အပေးအယူ၊ အလျှော့အတင်း လုပ်တဲ့ သဘောပေါ့ဗျာ။ ကျနော်တို့ ထွက်ရမလား၊ ပြည်နယ်ကိုယ်စားပြုတဲ့ စနစ်ကို သုံးမလားပေါ့။ သူတို့ နုတ်ထွက်ချင်တယ် ဘာညာ လေသံပစ်တာတော့ ရှိတယ်။ ဒါပေမဲ့ တရားဝင်တော့ စာပို့ဘာပို့ ထွက်တာတော့ မရှိပါဘူး’’

ရှမ်းပြည်တိုးတက်ရေးပါတီက UNFC ရဲ့ ဖွဲ့စည်းပုံကို ပြည်နယ်ကိုယ်စားပြုစေချင်တဲ့ သဘောရှိလား။

“ဟုတ်တယ်။ ဥပမာ ကချင်၊ ချင်း၊ ကရင်နီတို့ ကရင်တို့က ပြဿနာ မရှိဘူး။ ရှမ်းမှာက ပအိုဝ်း၊ ပလောင်၊ ဝ’၊ လားဟူ ၄ ဖွဲ့ကလည်း သီးသန့်သွားပါတာကိုး။ အဲဒီအပေါ်မှာ မူလရှမ်းအဖွဲ့က အပေးအယူညှိဖို့ပေါ့ဗျာ။ ရှမ်းပြည် တစုတစည်းထဲ တဖွဲ့ထဲပါရင် ကောင်းမယ်ဆိုတဲ့ အယူအဆ။ အဲဒီလိုပါဖို့ လက်ခံသင့်တယ်ပေါ့’’

ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ကိုယ်စားလှယ်က ဗဟိုက တိုက်ရိုက်မဟုတ်ဘူးလို့ ပြောနေတာ ကျတော့ရော ဘယ်လိုပါလဲ။

“အဲဒီလိုတော့ ရှိတာပေါ့။ သို့သော်လည်းပဲ အဖွဲ့ဝင်ဖြစ်ခြင်းကတော့ ကိုယ်စားလှယ်နဲ့ မဆိုင်ပါဘူး။ မိခင်အဖွဲ့အစည်းရဲ့ ထောက်ခံချက်တော့ လိုတာပေါ့။ မိခင်အဖွဲ့အစည်းကလည်း တိုက်ပွဲတွေနဲ့ အလုပ်ရှုတ် နေတော့ တချို့ကိစ္စတွေမှာ ချက်ချင်း မတု့ံပြန်နိုင်တာ ဖြစ်မယ်ထင်တယ်။ မိခင်အဖွဲ့အစည်းကတော့ အဖွဲ့ဝင်အဖြစ် တရားဝင် ဆက်ရှိနေမယ်။ အဲဒါတော့ အတည်ပြုလို့ ရတာပေါ့။ ဒါပေမဲ့ ကောင်စီဝင်တို့၊ အလုပ်အမှုဆောင်ဝင်တို့ လူစာရင်းပေးဖို့ကတော့ သူတို့ အခက်အခဲ ရှိရင်ရှိမယ်လေ’’

ဖွဲ့စည်းပုံပြင်ဆင်လိုက်ရတော့ မူလ ဖက်ဒရယ်ရည်ရွယ်ချက်ကို ထိခိုက်နိုင်လား။

“မရှိပါဘူး။ လောလောဆယ်တော့ အလုပ်ပိုချင်တဲ့ သဘောပါ။ မူလအဆင့် ၃ ဆင့်နဲ့ ဖွဲ့ထားတဲ့ လူတွေကို ပြန်ရောမွှေလိုက်ဖို့ လိုတာပေါ့။ ရာထူးတွေတာဝန်တွေ ပြောင်းလဲပြင်ဆင်ရမှာပေါ့’’

ဖက်ဒရယ်ကောင်စီဝင်ဆိုတာက ဘယ်လို ရွေးချယ်ကြတာလဲ။

“ကောင်စီဝင်ဆိုတာက UNFC မှာ အဖွဲ့ဝင်လျှောက်ထားတဲ့ အဖွဲ့တွေက တခါထဲ နာမည်ပေးရတယ်ဗျ။စစ်ရေး တာဝန်ခံတယောက်၊ နိုင်ငံရေးတာဝန်ခံတယောက် အဲဒီလို ၂ ယောက် ပေးရတယ်။ အနည်းဆုံးပေါ့လေ။ တယောက်၊ ၂ ယောက်၊ တချို့ကျတော့လည်း ၄ ယောက်လောက် ပေးတာရှိတယ်။ အဲဒီထဲကမှပြန်ရွေး တာပေါ့။ အမှုဆောင်က’’

Most read this week