ချင်းမိုင် (မဇ္စျိမ) ။ ။ လူငယ်များအနေဖြင့် “ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ’’ ဆောင်ပုဒ်နှင့်အညီ လူမှုရေးလုပ်ငန်းများ၌ ပါဝင် လုပ်ကိုင်စေလိုကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက တိုက်တွန်းလိုက်သည်။
(နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္စျိမ) ။ ။ လူငယ်များအနေဖြင့် “ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ’’ ဆောင်ပုဒ်နှင့်အညီ လူမှုရေးလုပ်ငန်းများ၌ ပါဝင် လုပ်ကိုင်စေလိုကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက တိုက်တွန်းလိုက်သည်။
ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၁ဝ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အသင်းရုံးစိုက်ရာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်၊ စနေနေ့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။
အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ကာ လူမှုကူညီရေး လုပ်ငန်းများအတွက် သူက အမေရိကန်ဒေါ်လာ တသောင်း ငါးထောင် လှူဒါန်းခဲ့သေးသည်။
၁ဝ နှစ်ပြည့် အခမ်းအနားတွင် နာရေးကူညီမှုအသင်း တည်ထောင်ရန် လမ်းညွှန်မှုပေးခဲ့သည့် ကွယ်လွန်သူ စာရေးဆရာနှင့် ဒါရိုက်တာကြီးဖြစ်သူ ဦးသုခ၏ ရုပ်တုဖွင့်ပွဲကိုပါ ကျင်းပခဲ့သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လွန်ခဲ့သည့် ၁ဝ ကျော်ကာလတွင် နာရေးကူညီမှုအသင်းအဖြစ်သာ စတင်ခဲ့ပြီး ယခုအခါတွင် သုခ ကုသိုလ်ဖြစ်ဆေးခန်း၊ ကျောင်းသူကျောင်းသားများအတွက် နွေရာသီ အင်္ဂလိပ်စာ သင်တန်း၊ လူကြီးများအတွက် လုပ်ငန်းခွင် အထောက်အကူပြု အင်္ဂလိပ်စာ သင်တန်း စသည့် လုပ်ငန်းများကို စေတနာ့ဝန်ထမ်း ၅ဝဝ ကျော်ဖြင့် လုပ်ကိုင်လျက်ရှိသည်။ သက်တမ်း ၁ဝ နှစ်အတွင်း နာရေးကူညီမှုပေါင်းမှာ ၁ဝ၁ဝ၂၃ ခု ရှိခဲ့သည်။
အသင်းတည်ထောင်ရသည့် ရည်ရွယ်ချက်၊ အောင်မြင်မှု အနေအထား၊ ကြံုတွေ့ရသည့် အခက်အခဲ၊ လူငယ်များအပေါ် အမှာစကား၊ လူမှုရေး လုပ်ငန်းပေါ် ထားရှိရမည့် စိတ်နေစိတ်ထားများ စသည်တို့ကို သိရှိရန် ဦးကျော်သူကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားပါသည်။
၁ဝ နှစ်ပြည့်ပွဲမှာ ဘဘ ဦးသုခရဲ့ ရုပ်တုကိုလည်း ရုံးချုပ်မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဘဘ ဦးသုခရဲ့ ရုပ်တု ထုလုပ်ဖြစ်ပုံကို ပြောပြပေးပါ။ |
“ကျနော်တို့နိုင်ငံမှာ ဖြစ်နေတာက တကယ်အထင်ကရ ပုဂ္ဂိုလ်ကြီးတွေဆိုရင် အကုန်သမိုင်းတွေက ပျောက်နေတာ။ အာဇာနည် ဘယ်သူလဲလို့မေးရင် ကလေးတွေက အဆိုတော် အာဇာနည်လို့ ပြောတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ကို မမြင်ဖူးတဲ့ သူတွေကလည်း အများကြီး။ ဒါက ကျနော်တို့ သမိုင်းကို ဖော်ထုတ်ရမယ်။ အခု ကျနော်တို့လုပ်နေတဲ့ အလုပ်ရဲ့ ခေါင်းဆောင်က ဘဘ ဦးသုခပဲ၊ အမေနေ့ကို ဖော်ထုတ်ခဲ့တာလည်း ဘဘဦးသုခပဲ’’
’’ဘဘ ဦးသုခ ပုံနဲ့ အရင်တုန်းက ကျနော်တို့ တီရှပ်ရိုက်တယ်။ အဲဒီ တီရှပ်ကို တချို့လူကြီးတွေက ဒါ ကျော်သူရဲ့ အဖေထင်တယ်ဆိုပြီး ပြောတဲ့ဟာတွေ တချို့ရှိတယ်။ အဲဒါကို လူကြီးတွေက အစ မသိဘူး၊ ဘဘဆိုတာ ဒါ နာရေးအသင်းကို စပြီး မျိုးစေ့ချပေးတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဘဘ ရုပ်တုအောက်မှာ ဘဘရဲ့ သမိုင်းအကျဉ်းချုပ် အဲဒါကို ရေးထားပါတယ်”
ဘဘ ဦးသုခက ဒီအသင်းကို ထူထောင်ဖို့ ဘယ်လိုကြောင့် ဆန္ဒရှိခဲ့တာလဲဗျ။ |
“ဘဘဦးသုခ ဆေးရုံတက်တယ် (၁၉၉၉ ခုနှစ် - ရန်ကုန်ဆေးရုံကြီး) တက်တဲ့အချိန်မှာ ဘေးက အမေအိုကြီးက ဆေးဝါးလာကုတယ်။ သူတို့က တော်တော် ဆင်းရဲနွမ်းပါးတဲ့ မိသားစု။ တနေ့ကျတော့ ဆရာဝန်ကနေပြီးတော့ ခင်ဗျားတို့ အမေအိုကြီးကို အိမ်ခေါ်ချင်ခေါ်သွားတော့ ဆေးလည်း အစွမ်းကုန် ကုပြီးပြီ။ လက်လျှော့လိုက်တဲ့သဘော ဖြစ်သွားပြီ။ အဲဒီတော့ အဲဒီလိုပြောတဲ့နေ့က စပြီးတော့ အဲဒီမိသားစုက လုံးဝ မလာတော့ဘူး။ မလာတော့ ဘဘက နည်းနည်း စုံစမ်းတော့ သူ အိမ်ပြန်သွားတယ်ဆို သူ့ကို ကျွေးဖို့မွေးဖို့ စရိတ်၊ ဆုံးသွားရင် အသုဘချဖို့ စရိတ်တွေ၊ မတတ်နိုင်ကြဘူး။ မတတ်နိုင်တဲ့အတွက် ဒီအတိုင်း ထားခဲ့တယ်။ ထားခဲ့ပြီးတော့ ဆေးရုံမှာပဲ ဆုံးသွားတော့ ပိုင်ရှင်မဲ့အနေနဲ့ သဂြိုင်္ဟ်လိုက်ရတယ်။
’’အဲဒီအချိန်မှာ ဘဘ စဉ်းစားတယ်။ တခြားဘာသာတွေဆိုရင် ကူညီမှုအသင်းတွေ ရှိတယ်။ ဗုဒ္ဓဘာသာမှာ မရှိဘူး။ ဒီအသင်းကို ထူထောင်မှ ဖြစ်မယ်ဆိုပြီးတော့ စဉ်းစားတယ်။ ကျနော်တို့လည်း သတင်းကြားပြီးတော့ ဘဘဆီ သွားပြီးတော့ ငွေစတည်ပြီးတော့မှ လုပ်ဖြစ်တာပါ”
စတင် တည်ထောင်တဲ့အခါ ဘယ်သူတွေ ပါဝင်ခဲ့လဲခင်ဗျာ့။ မတည်ငွေအတွက်ရော ဘယ်လိုလုပ်ခဲ့လဲ။ |
“စပြီး ထူထောင်တဲ့အချိန်မှာ ဆရာဦးအောင်သင်း ပါတယ်၊ ကျနော်တို့လင်မယား ပါတယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ပါတယ်၊ တချို့လူတွေ ကျနော် နာမည်မေ့နေလို့ဗျ။ စတည်တုန်းက ဘဘ ဦးသုခက ၅ သိန်း၊ ကျနော်တို့က ၅ သိန်းနဲ့ စတည်တာ။ စတည်တုန်းကတော့ ကျနော်တို့ ကားအဟောင်းပေါ့လေ၊ တော်တော်လေး ကျနေတဲ့ ကားပေါ့လေ အဲဒီကားနဲ့ ကျနော်တို့ စပြီးကူညီပေးခဲ့ရတယ်။ နောက်မှ ကျနော်တို့ လုပ်ဆောင်ချက်ကို သဘောကျပြီးတော့ အများပြည်သူက လှူဒါန်းတဲ့ ငွေတွေကို သေချာ စနစ်တကျနဲ့ သုံးစွဲပြီးတော့ ကျနော်တို့ တိုးတက်လာအောင် လုပ်ခဲ့ရတယ်”
အသင်းက ၁ဝ နှစ် ပြည့်ခဲ့ပြီဆိုတော့ ဒီကာလအတွင်း ဘာအခက်အခဲတွေ ကြံုခဲ့ရလဲ။ |
“အခက်အခဲကတော့ အများကြီးပါ။ တော်တော်များများ အခက်အခဲက ကျနော်တို့က နိုင်ငံရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ ပါတီထူထောင်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ အများပြည်သူကို ကျနော်တို့က အကူအညီပေးတာ။ အကူအညီပေးတာကို အမြင်မရှင်းဘဲနဲ့ ကျနော်တို့ကို အမျိုးမျိုး အနှောင့်အယှက် ပေးခံရတာပေါ့လေ။ ဒါတွေကတော့ အရင်တုန်းကပါ၊ အခုတော့ ဒါတွေ မရှိတော့ပါဘူး”
အနှောင့်အယှက်က ဘယ်လို အနှောင့် အယှက်မျိုးလဲခင်ဗျ။ ရှင်းပြပေးပါလား။ |
“ကျနော်တို့ မြောက်ဒဂုံမှာ အဆောက်အဦ ဆောက်ပြီးတော့၊ အသုံးချနေတဲ့အခါမှာ ကျနော်တို့ဆီကို စာလာတယ်။ ဒီမှာ လူနေထိုင်ခွင့် မပေးဘူးဆိုပြီးတော့၊ နောက်ပြီးတော့ ဒီ အဆောက်အဦ ရှေ့မှာ ၅ ပေအကျယ်၊ ၅ ပေအနက် မြောင်းဖောက်ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဘေးနှစ်ဖက်က ကျတော့ ဘုန်းကြီးကျောင်းတွေ ဘာတွေကျတော့ ဖောက်စရာမလိုဘူး။ အဲဒါကြောင့် ကျနော်တို့က မဖောက်ဘူး။ မဖောက်တော့ ကျနော်တို့ကို တရားရုံးက ခေါ်တယ်။ အဲဒီလိုဆိုရင် ဖမ်းဝရမ်း ထုတ်မယ်။ ဖမ်းဝရမ်း ထုတ်မယ်ဆိုတော့ ထောင်ချခံရမယ်၊ ဒဏ်ငွေဆောင်ရမယ်ဆိုတော့ ဒါတွေ ဖြစ်ချင်တာဖြစ် ကျနော်တို့ မဖောက်ဘူးလို့ အလှူငွေတွေကို ကျနော်တို့ အလဟဿ မြောင်းထဲ အထည့်မခံဘူး။ အဲဒီ ပြဿနာတွေ ဖြစ်ခဲ့တယ်”
အောင်မြင်မှု အတိုင်းအတာအနေနဲ့ကော ဒီ ၁ဝ နှစ်အတွင်းမှာ ဘယ်လိုရှိပါသလဲ။ |
“အောင်မြင်မှုအတိုင်းအတာ တော်တော်ရပါတယ်။ နာရေးရှင်တွေဆိုလည်း ကျနော်တို့ကိုပဲ အားကိုးတယ်၊ ကျနော်တို့ကိုပဲ အကူအညီတောင်းတယ်။ ကလေးတွေဆိုလည်း ကျနော်တို့ဆီမှာပဲ တော်တော်များများပဲ။ မနှစ်ကဆိုရင် နွေရာသီသင်တန်းဆို အယောက် ၈ဝ၊ အခုဆိုရင် ၅ဝဝ ကျော်ဆိုတော့ တော်တော်ကို အဆပေါင်းများစွာ တက်သွားတယ်။ ကျနော်တို့က ဆင်းရဲနွမ်းပါတဲ့ ကလေးတွေကို အဓိက ပထမ ဦးတည်ချက်။ အခုကျတော့ ကျနော်တို့က ကိုယ်ပိုင်ကားနဲ့လာတဲ့ ကလေးငယ်တွေလည်း ရှိတယ်။ ဒါတွေဟာ ကျနော်တို့အတွက် ကောင်းတယ်ဆိုပြီးတော့ ကျနော်ကတော့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေကိုလည်း ကျနော်တို့ကို ယုံကြည်တယ် ယုံကြည်တဲ့အတွက်ကြောင့် ကိုယ့်ရင်သွေးတွေကို ကျနော်တို့ အသင်းဆီကို လွှတ်တယ်။ နောက် လူနာတွေဆိုလည်း ကျနော်တို့ တနေ့တနေ့ အယောက် ၂ဝဝ ကျော်ကို အခမဲ့ ကုသပေးခဲ့ရတာ”
အသင်းဝင်အင်အားကော ဘယ်လောက်ရှိပါလဲခင်ဗျာ့။ |
“အသင်းဝင်အင်အားကတော့ ၅ဝဝ ကျော်၊ ၆ဝဝ လောက်ရှိမယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်နေရတာကတော့ ၃ဝဝ လောက် လုပ်နေရပါတယ်”
ဒီအသင်းဝင်တွေကကော သူတို့က အသင်းဝင်ပြီးသွားရင် လူမှုရေးလုပ်ငန်းတွေမှာ ဘယ်လိုကူနိုင်လဲ။ |
“ကျနော်တို့ဆီ အသင်းဝင်ချင်တယ်ဆိုရင် ကျနော်တို့မှာ ဖေါင်လာဖြည့် ဓာတ်ပုံ ၂ ပုံပေး။ အဲဒါပြီးရင် ကျနော်တို့က သင်တန်းပေးတယ်။ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပေးတယ်။ သင်တန်း ၆ ပတ် ပေးတယ်။ သင်တန်းပြီးရင် ကျနော်တို့က တာဝန်တွေပေးတယ်။ ဆေးခန်း တာဝန်၊ ဈာပန တာဝန်၊ ဧည့်ကြိုတာဝန် အဲဒါမျိုးတွေ တာဝန်ချပြီးတော့မှ ကျနော်တို့က ဈာပန လမ်းကြောင်းပေါ် တင်ပေးတာ။ ဝင်ကြေးလည်း မရှိပါဘူး”
တချို့လူငယ်တွေက ဦးကျော်သူတို့လို လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ချင်တယ်၊ သူတို့ကိုကော ဘာပြောချင်လဲ။ |
“ကျနော်တို့က လူမှုရေးလုပ်တာ။ တချို့လူငယ်တွေရဲ့ မိဘတွေက ကျော်သူတို့ အသင်းဆိုရင် မသွားနဲ့ နိုင်ငံရေး ငြိစွန်းမယ်၊ အဖမ်းခံရမယ်၊ ဒါမျိုးတွေ ဖြစ်တယ်။ အမှန်မှာ ဘာမှ မဖြစ်ပါဘူး။ ကျနော်တို့က လူမှုရေးပဲ လုပ်တာ။ အများကို ကူညီတာ။ အများကို ကူညီချင်တဲ့ စိတ်ဓာတ်မျိုး ရှိတယ်ဆိုရင် ကျနော်တို့အသင်းက အမြဲတမ်း ကြိုဆိုပါတယ်။ ဒါပေမဲ့ အသင်းကိုရောက်ရင်တော့ အသင်းစည်းကမ်းအတိုင်း လုပ်ရပါတယ်။ တချို့ကျတော့ စည်းကမ်းဖောက်တာတွေ ရှိတယ်။ သီလမလုံဘဲ စည်းကမ်းချိုးဖောက်တာတွေ ရှိတယ်။ တချို့ကလည်း နည်းနည်း နေရာရပြီဆိုရင် အောက်ခြေလွတ်တဲ့ အပိုင်းတွေ ရှိတယ်။ ဒါတွေဟာ ကိုယ့်စိတ်ကိုယ်ထိန်းဖို့ အရေးကြီးပါတယ်။ အရေးကြီးတာ စိတ်ဓာတ်နဲ့ ခံယူချက် အရေးကြီးပါတယ်”
အရင် အစိုးရဟောင်းတုန်းကကော ဦးကျော်သူတို့ လုပ်ငန်းကို ဘာအကူအညီတွေ ပေးခဲ့ပါသလဲ။ |
“ပြီးခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်တုန်းကတော့ ကြံ့ခိုင်ရေးအသင်းက ဗိုလ်ချုပ်ဋ္ဌေးဦးတို့ ကျနော်တို့အသင်းကို လာလေ့လာတယ်။ ငွေဘာညာ လာလှူတယ်။ သင်္ကန်းကျွန်းမှာတုန်းက မီးအခက်အခဲဖြစ်တဲ့အတွက် မီးသွယ်ပေးတယ်။ အဲဒီလိုမျိုး ပံ့ပိုးမှုတွေတော့ ကျနော်တို့ ရခဲ့ပါတယ်။ အဲဒီတုန်းက ပထမအကြိမ်တုန်းက သိန်း ၄ဝ လောက် ရှိမယ်”
အခု အစိုးရသစ်ပေါ်မှာကော ဒီလိုမျိုး လူမှုရေး လုပ်ငန်းတွေမှာ ဘယ်အတိုင်းအတာအထိ ကူညီလာနိုင်တယ် လို့ မျှော်မှန်းလို့ ရနိုင်လဲ။ |
“အစိုးရသစ်လည်း အစိုးရသစ်၊ လူလည်း လူသစ်ဖြစ်သွားပြီဆိုတော့ ပြောတော့ မပြောနိုင်သေးဘူး။ အရင် ဦးအောင်သိန်းလင်းတုန်းကလည်း ကျနော်တို့ကိုခေါ်တယ်။ မြို့တော်ခန်းမကို ခေါ်ပြီးတော့ ကိုကျော်သူတို့ လိုအပ်တာကို ကျနော်တို့ကိုပြော၊ ကျနော်တို့ လုပ်ဆောင်တာကို ခင်ဗျားတို့က တဖက်တလမ်းကနေပြီးတော့ ပံ့ပိုးပေးနေတာ ဆိုပြီးတော့ ပြောတယ်။ နောက်ပိုင်းကျတော့ ပုံစံက တမျိုးဖြစ်သွားတယ်။ ဗိုလ်ချုပ်ကျော်ဆန်းဆိုလည်း ရုပ်ရှင်အစည်းအရုံးမှာ ကျနော်နဲ့ တွေ့တယ်ဆိုရင် ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပြီးတော့ ဝမ်းသာတယ်ဗျာ ကိုကျော်သူတဲ့၊ ခင်ဗျား ဒီဟာတွေလုပ်တာ၊ ခင်ဗျား ဆောင်းပါးတွေဘာတွေ ရေးပါတဲ့ သတင်းစာတွေထဲမှာ ထည့်ခွင့်ပေးမယ်လို့ ပြောတယ်။ နောက်ပိုင်းကျတော့ ကျော်သူ့ဓာတ်ပုံ ကျော်သူ့ရဲ့ နာမည်တောင် ပါခွင့်မရတော့ဘူး။ ဘယ်လိုတွေ ဖြစ်တာလဲတော့ ကျနော်လည်း မပြောတတ်ဘူး”
အရင်တုန်းကတော့ ရုပ်ရှင်မင်းသား၊ အခုတော့ သာမန်အရပ်သား လူမှုရေးလုပ်သူပေါ့၊ ဒီအပေါ်မှာ ကွာခြားမှု ဘာရှိလဲ။ |
“အခု ကျနော်က ပြင်ပမှာ အများပြည်သူနဲ့ ကျနော် ထိတွေ့ခွင့်ရတယ် ပိတ်ကားပေါ်မှာကတော့ ကျနော်တို့က ဟန်ဆောင်ပြီးတော့ ပရိသတ်ဆီက ကျနော်တို့က ပိုက်ဆံယူနေရတဲ့ဟာမျိုး အဲဒီလိုမျိုးမြင်တယ်”
ဦးကျော်သူတို့ အခုလုပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ပြည်တွင်းပြည်ပက မြန်မာတွေ အကူအညီပေးတယ်လို့ သိရပါတယ်။ ဒီအလှူရှင်တွေကိုကော ဘာပြောချင်လဲ။ |
“ကျနော်တို့ အလုပ်တွေကို အခုလို အောင်မြင်အောင် လုပ်နိုင်တာ အလှူရှင်တွေရဲ့ ကျေးဇူးကြောင့်ပါ။ အလှူရှင်တွေ ရှိလို့လည်း ကျနော်တို့က ဒီဟာတွေကို ပေးဆပ်နိုင်တာပါ။ ကျနော်တို့ရဲ့ ပေးဆပ်မှုက၊ အလှူရှင်တွေရဲ့ ပေးဆပ်မှုက အတူတူပါပဲ။ ကျနော်တို့က အများပြည်သူကောင်းမှုနဲ့ အများပြည်သူကို ကျနော်တို့ ကူညီနေတာပါ”
လူမှုရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ချင်တဲ့၊ အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ချင်တဲ့ လူငယ်တွေကိုကော ဘာများ ပြောချင်ပါလဲ။ |
“လူငယ်တွေကို ကျနော်ပေးချင်တဲ့ မက်ဆေ့ကတော့ ကျနော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ ဆိုတာကို လက်စွဲပြုပြီးတော့ လူမှုရေး လုပ်ငန်းတွေ လုပ်နိုင်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။ အဓိကကတော့ စိတ်ဓာတ်နဲ့ ခံယူချက်ပါပဲ။ စိတ်ဓာတ်က ကိုယ် အများအကျိုးကို ထမ်းဆောင်တယ်ဆိုရင် စိတ်ဓာတ်ရှိရမယ်၊ နောက်ပြီးတော့ ကိုယ့်သီလကို ကိုယ်လုံတယ်၊ အဲဒါကြောင့် ကျနော်တို့က သစ္စာဆိုရဲတယ်။ ကျနော်တို့က ဘယ်အရာမဆို စိတ်ရှင်းပါတယ်”