နယူးဒေလီ (မဇ္စျိမ) ။ ။ ရေနံနှင့်သဘာဝဓာတ် ငွေ့ကို ဗဟိုအစိုးရ ချုပ်ကိုင်နေသရွေ့ တို်င်းရင်းသား ပြည်သူများ၏ မျှော်လင့်ချက် လွဲချော်နေမည်ဖြစ်ကာ စိန်ခေါ်မှုတရပ်အဖြစ် ထိုင်းနိုင်ငံအခြေစိုက် ရွှေသဘောဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ရှုမြင်သည်။
(ကိုဝင်းအောင်နှင့် အင်တာဗျူး)
နယူးဒေလီ (မဇ္စျိမ) ။ ။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ဗဟိုအစိုးရ ချုပ်ကိုင်နေသရွေ့ တို်င်းရင်းသား ပြည်သူများ၏ မျှော်လင့်ချက် လွဲချော်နေမည်ဖြစ်ကာ စိန်ခေါ်မှုတရပ်အဖြစ် ထိုင်းနိုင်ငံအခြေစိုက် ရွှေသဘောဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ရှုမြင်သည်။
အစိုးရကောင်းတရပ် ပေါ်ထွန်းလာမှသာ ဒေသခံများအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် သယံဇာတများအား ရေရှည်အတွက် ထိန်းသိမ်းကာ သုံးစွဲသွားနိုင်မည်ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရပင် လူထုပိုင်အဖြစ် ပြဋ္ဌာန်းသွားရန် လိုအပ်သည်ဟု သူက ဆိုသည်။
ဧပြီလ ၂၃ ရက်၊ စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အစိုးရသစ်အနေဖြင့် စွမ်းအင်ကဏ္ဍတွင် တရုတ်၊ စင်္ကာပူနှင့် ကိုရီးယား ကုမ္ပဏီများနှင့် ပူးတွဲ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်၊ ထုတ်လုပ်ရေးများ လုပ်ကိုင်သွားမည်ဟု ပါရှိလာခဲ့သည်။
တရုတ်နိုင်ငံမှ North Petro-Chem Corporation Ltd (NPCC) ၊ စင်္ကာပူမှ SNOG Pte.,Ltd နှင့် UPR Pte.,Ltd ၊ ကိုရီးယားမှ Korea Myanmar Development Co.,Ltd (KMDC) Brilliant Oil Corporation Pte.,Ltd (BOC) တို့နှင့် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ ကမ်းလွန်ဒေသများ၌ ပူးတွဲ လုပ်ကိုင်မည်ဟု စွမ်းအင်ဝန်ကြီး ဦးသန်းဋ္ဌေးက အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂ဝ၁၁) ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရသစ်အနေဖြင့် စွမ်းအင်ကဏ္ဍတွင် တိုးချဲ့လုပ်ကိုင်မှုများ ရှိသော်လည်း ဒေသခံပြည်သူများအတွက်မူ အကျိုးခံစားခွင့်မရှိဘဲ စစ်တပ်တည်ဆောက်ရေးအတွက်သာ သုံးစွဲနေသည်ဟုပါ ကိုဝင်းအောင်က ပြောသည်။
ရွှေသဘောဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းများ၌ ဒေသခံပြည်သူများအပေါ် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်ဖော်ထုတ်နေသည့် အဖွဲ့ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု အခြေအနေနဲ့ ဘယ်နိုင်ငံက ကုမ္ပဏီတွေ အများဆုံး ရင်းနှီးမြှုပ်နှံနေကြလဲဗျ။
“လောလောဆယ် ကျနော်တို့နိုင်ငံမှာ အထူးသဖြင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို လုပ်ကွက်တွေပေါ့နော်၊ ကုန်းတွင်းကော၊ ကမ်းလွန်ကောဆိုပြီး လုပ်ကွက်နှစ်မျိုး ရှိတာပေါ့။ လောလောဆယ် လုပ်ကိုင်နေတဲ့ လုပ်ကွက်တွေအထဲမှာ ကုန်းတွင်းနဲ့ ကမ်းလွန် လုပ်ကွက်ပေါင်း ရဝ ကျော်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီဟာကို ကုမ္ပဏီပေါင်း ၄၂ ခုကျော်လောက်က လုပ်ကိုင်နေတာ တွေ့ရတယ်။ အထူးသဖြင့် အဲဒီလုပ်ကွက်တွေမှာ လုပ်နေတဲ့ နိုင်ငံတွေကကျတော့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အပါအဝင် တရုတ်ရယ်၊ အိန္ဒိယရယ်၊ တခြား Multi-national Cooperation ပေါ့။ နိုင်ငံပေါင်းစုံ ရေနံကုမ္ဗဏီတွေက လာပြီးတော့ လုပ်ကိုင်နေတာကို တွေ့ရတာပေါ့”
“အထူးသဖြင့် ကမ်းလွန်တူးဖော်တဲ့အခန်းကဏ္ဍမှာဆိုရင် အမေရိကားက Chevron ချာဗရွန်ပေါ့နော်။ နောက် TOTAL ဆိုတဲ့ ပြင်သစ်က ကုမ္ပဏီ လုပ်ကိုင်နေတာ ရှိတယ်။ ရခိုင်ဘက်မှာဆိုရင်တော့ ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးမှာဆိုရင် တောင်ကိုရီးယားက ဒေဝူးအင်တာနေရှင်နယ်ပေါ့။ အခုဆိုရင် ဘော်စကိုက သူတို့ကို ဝယ်လိုက်တယ်ပေါ့။ နောက် အိန္ဒိယက ကုမ္ပဏီနှစ်ခုရယ် အဲဒီကမ်းလွန်အပိုင်းမှာ လုပ်ကိုင်နေတာ တွေ့ရတယ်။ အဲဒီကုမ္ပဏီတွေရဲ့ အနေအထားကလည်း တော်တော်လေးကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီးတော့ လုပ်ကိုင်နေတာကို တွေ့ရတယ်”
“ကုန်းတွင်းပိုင်းမှာကျတော့ ကုမ္ပဏီအစုံပေါ့နော်။ တပြိုင်နက်တည်းမှာပဲ တရုတ် SNOG Pte. Ltd. နဲ့ CNOOC ဆိုတဲ့ ကုမ္ပဏီတွေက တခြားနိုင်ငံတွေထက်စာရင် ကုန်းတွင်းတူးဖော်ရေးမှာ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတာကို တွေ့ရတယ်ဗျ”
မြန်မာ့စွမ်းအင်ကကော ဘယ်အတိုင်းအတာနဲ့ ပါဝင်လုပ်ကိုင်နေသလဲ။
“မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ MOGE ပေါ့နော်။ MOGE က လုပ်ကိုင်တာဆိုလို့ ရတနာ ရဲတံခွန်ဘက်မှာက ၁၅ ရာခိုင်နှုန်းလောက်ပဲ တွေ့ရတယ်။ ပြီးတော့ ရွှေသဘာဝဓာတ်ငွေ့နဲ့ တချို့နေရာတွေမှာလည်း သူတို့အနေနဲ့ ၁၅ ရာခိုင်နှုန်းနဲ့ ၂ဝ ရာခိုင်နှုန်းလောက်ပဲ တွေ့ရတယ်ဗျ”
မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု ပုံစံတွေကိုကော ဘယ်လိုတွေ့ရလဲ။
“၁၉၉၈ နောက်ပိုင်းကနေ ထိုင်းနိုင်ငံကို တင်သွင်းရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းပေါ့နော်။ ဆိုရင် တော်တော်များများက ပိုက်လိုင်းတည်ဆောက်ပြီးတော့ တင်သွင်းတာ တွေ့ရတယ်။ အခု ရခိုင်ပြည်က ထွက်မယ့် သဘာဝဓာတ်ငွေ့ကိုလည်း တရုတ်ပြည်ကို အဲဒီလိုမျိုး ပိုက်လိုင်း အကြီးကြီးနဲ့ တည်ဆောက်ပြီးတော့ တင်သွင်းသွားမှာ ဖြစ်တယ်။ တရုတ်အနေနဲ့လည်း ရခိုင်ပြည်မှာ ပင်လယ်ရေနက် ဆိပ်ကမ်းတည်ဆောက်ပြီးတော့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းလာမယ့် ရေနံတွေကို ပိုက်လိုင်းကြီးနဲ့ အပြိုင်ပေါ့နော်။ သူတို့တင်သွင်းဖို့ တည်ဆောက်သွားမှာ ဖြစ်တယ်။ သင်္ဘောနဲ့ တင်သွင်းရောင်းချတာမျိုးတော့ မတွေ့ရသေးဘူးပေါ့”
မြန်မာပြည်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်ရှိမှုအခြေအနေက ဘယ်လိုရှိနေလဲ။
“လောလောဆယ် ၁၉၉၈ နောက်ပိုင်း ရတနာရဲတံခွန် စီမံကိန်းနောက်ပိုင်းပေါ့နော်။ အခု ရွှေသဘာဝ ဓာတ်ငွေ့တွေ ရှိလာတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပထုံးလုံဆိုတဲ့ အစမ်းတူးကွင်းတွေ ရှိလာတယ်။ ဒီ ရတနာ ရဲတံခွန်နဲ့ ဇောတိကလုပ်ကွက်တွေ ရှိလာတယ်ဆိုတော့ အကုန်လုံး ပေါင်းလိုက်ရင်တော့ မြန်မာနိုင်ငံရဲ့ လောလောဆယ် လုပ်ကိုင်နေတဲ့ သဘာဝဓာတ်ငွေ့ ပမာဏက ၂ဝ ကုဗပေ၊ ထရီလီယံ ကုဗပေပေါ့၊ တနှစ်ကို။ အဲဒီ့လောက်ထိ ခန့်မှန်းလို့ ရတာပေါ့။ အဲဒါ မြန်မာနိုင်ငံ လက်ရှိ ပိုင်နိုင်တဲ့ အနေအထားပေါ့”
“တရုတ်ကိုတော့ တနှစ်ကို ၅ဝဝ ကုဗပေ ရောင်းမယ်လို့ ပြောတယ်။ အခုလောလောဆယ် ထိုင်းကို ရောင်းနေတာတော့ ၁၅ဝ၊ ၂ဝဝ ကုဗပေ ရောင်းတာ တွေ့ရတယ်။ ဒီ့ထက်ပိုပြီးတော့ တိုးပြီးရောင်းနိုင်တဲ့ အနေအထားတွေလည်း ရှိပါတယ်”
မြန်မာပြည်မှာဆိုရင် ဖက်စပ်လုပ်တဲ့ ကုမ္ပဏီတွေ ရှိလာတာ တွေ့ရတယ်။ အဲဒီထဲမှာ ဘယ်ကုမ္ပဏီက ထိပ်ဆုံးက ရပ်တည်နေသလဲ။
“ဖက်စပ်လုပ်တဲ့ ကုမ္ပဏီတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ထူးကုမ္ဗဏီနဲ့ အိုက်ရီပေါ့။ အဲဒီ ကုမ္ပဏီတွေ ထဲထဲဝင်ဝင်ပါတာ ကျနော်တို့ တွေ့ရတယ်။ နောက် ဖက်စပ်ကုမ္ပဏီမှာ၊ နောက်ပိုင်း ဝင်လာတာမှာ ကိုရီးယား-မြန်မာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အဲဒီကုမ္ပဏီက နောက်ပိုင်းဆိုရင် ကြီးကြီးမားမား ဖြစ်မယ်လို့ ထင်တယ်ဗျ”
မြန်မာပြည် အလယ်ပိုင်းမှာလည်း ရေနံတွင်းသစ်တွေ တွေ့ရှိတာနဲ့ ပတ်သက်ပြီး ဘာတွေများ ထပ်ကြားသိရတာ ရှိလဲဗျ။
“SNOG Pte. ပေါ့နော်။ ဒီ SNOG Pte. နဲ့ တရုတ် CNOOC ကုမ္ဗဏီတွေက မြန်မာနိုင်ငံအလယ်ပိုင်းမှာ သဘာဝ ဓာတ်ငွေ့တွေကော၊ ရေနံတွင်းတွေကော လုပ်နေတာတွေ ရှိတာပေါ့။ ကျနော်သိသလောက်တော့ လောလောဆယ် တရုတ်ရဲ့ အခြေအနေကလည်း သူတို့ ဒီ တနှစ်၊ ၂ နှစ်အတွင်းမှာ အရမ်းကို စွမ်းအင် လိုအပ်နေတဲ့ အနေအထားတခုကို တွေ့ရတာပေါ့။ ဆိုတော့ လက်ရှိ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက လာမယ့် ရေနံတွေ အပါအဝင် မြန်မာနိုင်ငံမှာ တူးဖော်နေတဲ့ ရေနံတွင်းတွေကရမယ့် ရေနံတွေကလည်း သူတို့အနေနဲ့ ရှိသမျှ အကုန်ရသလောက်ပေါ့နော်၊ အကုန်လုံး တရုတ်ကို တင်သွင်းလာနိုင်တဲ့ အနေအထားတခုကို ပြောလို့ ရတာပေါ့’’
’’ဆိုတော့ အဲဒီလုပ်ကွက်တွေကလည်း တော်တော်လေးကို သီးသီးသန့်သန့် လုပ်တာကိုလည်း တွေ့ရတယ်။ အဓိကဖြစ်တဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ စိန်ခေါ်မှုတွေက အဲဒီစီမံကိန်းတွေက ကျနော်တို့အတွက် အလုပ်သမားတွေက အစပေါ့နော်၊ ဘာအခွင့်အရေးမှ မရှိဘူးပေါ့နော်။ အကုန်လုံးက သူတို့ဟာသူတို့ လာလုပ်တယ်။ သူတို့လူတွေကို နေရာချထားတယ်။ ပြီးတော့ ကျနော်တို့ဆီက သယံဇာတတွေ အကုန်လုံး ပြန်ယူသွားတယ်။ ကျနော်တို့အတွက် ဘာမှ အကျိုးအမြတ် မရှိပါဘူး”
မြန်မာနိုင်ငံမှာ ကုန်းတွင်းနဲ့ ကမ်းလွန်ရှိတဲ့ နေရာမှာ ဘယ်ဒေသက အထွက်ဆုံးလဲ။
“လောလောဆယ် ကမ်းလွန်တူးဖော်နေတဲ့ အနေအထားတခုမှာ ရခိုင် ရွှေသဘာဝဓာတ်ငွေ့က ထွက်တဲ့ ဓာတ်ငွေ့ကတော့ အများဆုံး ဖြစ်မှာပေါ့နော်။ ကုန်းတွင်းပိုင်းမှာကျတော့ ၁၇ဝဝ ၊ အဲဒီဝန်းကျင်ကတည်းက တူးနေတဲ့ ရေနံမြေဒေသပဲ ရှိတယ်။ အဲဒီအပြင် ထပ်ပြီးတော့ တူးနေတဲ့တွင်းတွေ ရှိတယ်ဆိုတော့ တချို့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ ဘက်ပေါ့နော်။ နောက် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ တွင်းသစ်ကတော့ ရေနံအထွက်က ပိုပြီးတော့ များမယ်လို့ ပြောလို့ ရတာပေါ့”
ဒီလုပ်ငန်းကကော အစိုးရအတွက် ဘယ်လောက် အထောက်အကူ ဖြစ်စေလဲဗျ။
“နအဖစစ်အုပ်စုအနေနဲ့ ၁၉၉၄ စျေးကွက်စီးပွားရေးစနစ် စပြီးတော့လုပ်တဲ့အပိုင်းတွေမှာ ဒီ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွေမှာ အဲဒီနောက်ပိုင်း သူတို့အနေနဲ့ တိုးချဲ့ပြီး လုပ်ကိုင်လာတယ်။ နိုင်ငံတကာ အကူအညီတွေကို ဖိတ်ခေါ်ပြီးတော့ သူတို့အနေနဲ့ ဒီလိုမျိုး အခန်းကဏ္ဍတွေမှာ တိုးတက်လုပ်ကိုင်တာကို တွေ့ရတယ်ဗျ”
“၉၈ ကနေ ၂ဝ၁ဝ အကုန်လောက်အထိပေါ့။ သူတို့အနေနဲ့ ဒီလိုလုပ်ငန်းတွေထဲကနေ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၉ သန်းပေါ့နော်။ ၉ ဘီလီယံလောက်နဲ့ လည်ပတ်လုပ်ကိုင်နေတာကို တွေ့ရတယ်။ အနည်းဆုံးကတော့ သူတို့ (အစိုးရ) လက်ထဲကိုတော့ ၅ ဘီလီယံပေါ့နော်။ အမေရိကန်ဒေါ်လာ သန်း ၅ ထောင်လောက်ကတော့ သူတို့အိတ်ထဲကို အမြတ်အစွန်းထဲမှာ အကြီးမားဆုံး အမြတ်အစွန်းအနေနဲ့ လက်ခံရရှိမယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့”
“သိပ်မကြာခင်မှာ တရုတ်ကို ရောင်းမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကလည်း တနှစ်ကို အနည်းဆုံး ၁ ဘီလီယံပေါ့နော်။ အမေရိကန်ဒေါ်လာ သန်းတထောင်လောက်တော့ အနည်းဆုံးရမယ်လို့ ကျနော်တို့ ထင်တယ်”
အစိုးရက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ ဝင်ငွေတွေ ရရှိနေပေမယ့် ထုတ်ပြန်မှု မရှိတာ တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးကော ဘာများ ပြောချင်လဲဗျ။
“အထူးသဖြင့် သူတို့အနေနဲ့ တောက်လျှောက်ရလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ပိုက်ဆံတွေကို သူတို့ရဲ့ စစ်တပ်အင်အားနဲ့ ခေတ်မီတပ်မတော်ကြီး တည်ဆောက်မယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ သုံးတာမျိုးတွေ တွေ့ရတယ်။ ဥပမာအားဖြင့် ခေတ်မီလက်နက် တပ်ဆင်တာတို့၊ နျူကလီးယားဆိုင်ရာ လုပ်ငန်းတွေ၊ ဥမင်လိုဏ်ခေါင်းတူးတာတွေ၊ နောက် နေပြည်တော်ဆောက်တာတွေ။ အတော်များများက သူတို့အတွက်ပဲ သုံးတာမျိုးကိုတော့ တွေ့ရတာပေါ့နော်”
“တကယ့်တကယ် တိုင်းပြည်မှာ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး အပါအဝင် သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ ဆိုက်ကလုန်းနာဂစ်တို့၊ ဂီရိတို့ဆိုတဲ့ ဟာတွေမှာ သူတို့အနေနဲ့၊ အစိုးရတရပ် အနေနဲ့ပေါ့နော်။ ဘာမှ ထဲထဲဝင်ဝင် အကျိုးပေးပြီး ထောက်ပံ့တာမျိုးလည်း မတွေ့ရဘူးဗျ။ ဆိုတော့ အစိုးရသစ်အနေနဲ့ သူတို့အနေနဲ့ တစုံတခုအထိ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာ တွေကိုလည်း ဒေသခံတွေအနေနဲ့ အကျိုးအမြတ် တစုံတခုထိရအောင် လုပ်မယ်လို့ပြောတာပေါ့”
“ဒါပေမဲ့ ပြောတာကတော့ လွယ်ပါတယ်။ တကယ့်တကယ် လက်တွေ့ အကောင်အထည်ဖော်ဖို့ကတော့ တော်တော်လေးကို အရှိန်ယူရမယ်။ အပြောင်းအလဲတခု လုပ်ရမယ်လို့ ထင်တယ်”
“ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ပိုက်ဆံကလည်း သူတို့အတွက် အဓိက မဟာဗျူဟာကျတဲ့ လမ်းကြောင်းတခု ဖြစ်နေတာကိုး။ ဝင်ငွေအဓိကရတဲ့ လုပ်ငန်းတခုဖြစ်နေတော့ ဒီဟာကို သူတို့အနေနဲ့ ဖွင့်ဟလိုက်ရင် သူတို့အနေနဲ့ တစုံတခုသော စိန်ခေါ်မှုကြီး တရပ်အနေနဲ့ ကြံုလာရမယ်လို့ ထင်တယ်။ တကယ့်တကယ် သူတို့အနေနဲ့ ဒါကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်နေတဲ့ လုပ်ကွက်တွေရဲ့ စာချုပ်စာတမ်းတွေကအစ၊ အဲဒီကဏ္ဍတွေမှာ မြှုပ်နှံနေတဲ့ ပိုက်ဆံတွေရဲ့ အနေအထားပေါ့နော်။ အဲဒီ့ ပွင့်လင်းမြင်သာမှုအတွက် ငွေကြေး ပွင့်လင်းမြင်သာမှုနဲ့ ဒေသခံတွေအပေါ်မှာ ရလာတဲ့ငွေတွေက ဘယ်လောက်အထိ အထောက်အပံ့ ဖြစ်မယ်၊ ဘယ်လောက်ထိ ပံ့ပိုးနိုင်မယ်ဆိုတဲ့ ယန္တရားတခုကို သူတို့အနေနဲ့ အကောင်အထည် မဖော်သရွေ့ကတော့ ဒီပိုက်ဆံတွေက သူတို့စစ်တပ်ထဲကို သွားနေမယ်လို့ ထင်တယ်ဗျ”
မြန်မာပြည်မှာ ရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အရမ်းသုံးစွဲနေမယ်ဆိုရင် ဘယ်အချိန်လောက်ကျရင် ဒါတွေက ကုန်ခမ်းသွားနိုင်သလဲ။
“ဒီဟာကတော့ ကုန်မှာပေါ့နော်။ ဒီဟာက ပြန်လည်ရရှိနိုင်ဖို့ ပြန်ပြီး အစားထိုး အသုံးချလို့ရတဲ့ စွမ်းအင် အရင်းအမြစ်တွေ မဟုတ်ဘူးဆိုတော့ တကမ္ဘာလုံးမှာလည်း အဓိက ကြံုနေရတဲ့ဟာတွေက ဒီအရင်းအမြစ် ဆုံးရှုံးမှုပေါ့။ ဒီအရင်းအမြစ်တွေ ကုန်ဆုံးနေတဲ့ အနေအထားတခုမှာ ကျနော်တို့ ကြံုနေရတာပေါ့နော်။ ၁၉၉၈ ခုနှစ်က ထုတ်ယူသုံးစွဲခဲ့တဲ့ ရတနာရဲတံခွန်ဘက်က သဘာဝဓာတ်ငွေ့ဆိုရင်လည်း ထိုင်းကို နောက်ထပ် ၂ဝ၂၈ အထိ သက်တမ်းတိုးချတာမျိုး တွေ့ရတယ်။ ရခိုင်ပြည်ဘက်မှာ ထွက်မယ့် ဟာတွေလည်း နှစ်ပေါင်း ၃ဝ အတွင်း တရုတ်ကို ရောင်းမယ်လို့ ကတိကဝတ်ပြုထားတာလည်း ကျနော်တို့ တွေ့ရပါတယ်”
“အဲဒီပြီးသွားရင်တော့ ဒီဟာတွေက ကျနော်တို့ဆီမှာ ဘာမှ ကျန်မှာမဟုတ်ပါဘူး။ ဘိုးဘွားပိုင် သယံဇာတတွေ အားလုံးကတော့ တခြားတိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်။ ပြီးရင် ကျနော်တို့ဆီမှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်ကျန်ခဲ့မယ် ဆိုတာကတော့ တော်တော်လေးကို စိုးရိမ်စရာပေါ့နော်”
ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုနဲ့ ဆက်စပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုက ဘယ်လိုရှိလဲဗျ။
“သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ အဓိကပြဿနာက အထူးသဖြင့် ပိုက်လိုင်းတည်ဆောက်တဲ့ နေရာမှာ ဒေသခံတွေရဲ့ လယ်မြေတွေကို သိမ်းတာတွေရယ်၊ ပြီးရင် စစ်တပ်အင်အား တိုးချဲ့ပြီးတော့ မတရားသဖြင့် နှိပ်စက်တာတွေရယ်၊ ပြီးတော့ အတင်းအဓမ္မ စေခိုင်းမှုနဲ့ ဒေသခံတွေအပေါ် အနိုင်ကျင့်တာမျိုးတွေကတော့ ပြီးခဲ့တဲ့ ရတနာရဲတံခွန် စီမံကိန်းကတည်းက သိသာထင်ရှားပြီးသားပေါ့နော်”
“ရခိုင်ဘက်မှာ တည်ဆောက်နေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေမှာလည်း စီမံကိန်းအစပဲ ရှိသေးတာပေါ့နော်။ ဘာမှတောင် မဆောက်ရသေးဘူးဆိုပေမယ့် ဒေသခံတွေမှာလည်း အဲဒီလိုမျိုး ထပ်တူထပ်မျှ အတွေ့အကြံုတွေနဲ့ ရင်ဆိုင်နေရတာကို ကျနော်တို့ သိရတယ်။ ဒေသခံတွေအနေနဲ့ ဒီလိုမျိုး လယ်ယာမြေတွေကို အတင်းအဓမ္မ သိမ်းပိုက်တာမျိုးတွေ၊ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီးတော့ လျော်ကြေး မဖြစ်စလောက်လေးနဲ့ ထားခဲ့တာမျိုးတွေ၊ ပြီးရင် အလုပ်သမားတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်တာမျိုးတွေ၊ ပြီးရင် ညှဉ်းပန်းနှိပ်စက်တာနဲ့ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းတာမျိုးတွေကျတော့ တော်တော်လေးကို သိသာထင်ရှားလောက်တဲ့ အနေအထားမျိုးတွေ ပြောလို့ရတာပေါ့”
တိုင်းပြည်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်ပေမယ့် ပြည်သူတွေ ခံစားခွင့် ရမရနဲ့ ပတ်သက်ပြီးတော့ကော။
“သဘာဝဓာတ်ငွေ့တွေက ရခိုင်ပြည်က ထွက်တယ်။ ရခိုင်ပြည်က လူထုတွေအတွက် အကျိုးအမြတ် ရှိလား၊ မရှိလားဆိုတာကတော့ ဓာတ်ငွေ့တွေက အကုန်လုံး တရုတ်ကို ရောင်းမှာဖြစ်တယ်လေ။ ဆိုတော့ မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ပြောရရင် မြန်မာနိုင်ငံထဲမှာ ရခိုင်ပြည်နယ်က လူတဦးချင်းစီရဲ့ လျှပ်စစ် သုံးစွဲမှုက တိုင်းနဲ့ ပြည်နယ်ထဲမှာ အနည်းဆုံး ပါတာပေါ့နော်။ တော်တော်များများ တိုင်းနဲ့ ပြည်နယ်တွေထဲက ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့တွေတော်တော်များကလည်း ဆီမီးခွက်နဲ့ ဖယောင်းတိုင်ကို အဓိက သုံးပြီးတော့ ရပ်တည်လာခဲ့တဲ့ လူတန်းစားတွေ ဖြစ်တယ်လေ။ ကျနော်တို့ဆီက စွမ်းအင်အရင်းအမြစ်တွေကို တခြားနိုင်ငံကို ထုတ်ပြီးတော့ ရောင်းမယ်ဆိုတာ ဒါက ပိုပြီးတော့ သိသာထင်ရှားတဲ့ ဆိုးကျိုးပဲပေါ့နော်။ ဒီက ထွက်ရှိတဲ့ သယံဇာတနဲ့ စွမ်းအင်အရင်းအမြစ်တွေကို ကျနော်တို့ တိုက်ရိုက်ခံစားပိုင်ခွင့် မရှိတဲ့အပြင် ဥပဒေမဲ့ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ရိုက်ဆိုးကျိုးတွေကိုလည်း လောလောဆယ် ခံနေရတယ်လို့ ကျနော်တို့ မြင်လို့ရတာပေါ့”
အနောက်နိုင်ငံတွေဘက်က စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ထားတယ်ဆိုတော့ ဒီကဏ္ဍမှာ အစိုးရအနေနဲ့ အာရှနိုင်ငံတွေနဲ့အတူ ဘယ်လိုပူးပေါင်းတိုးချဲ့ လုပ်သွားနိုင်တဲ့ အခြေအနေ ရှိသလဲ။
“အာဆီယံနိုင်ငံတွေထဲမှာက အစိုးရတွေ၊ ခေါင်းဆောင်တွေကိုယ်တိုင်က တော်တော်လေးကို အခြေခံမကျတဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းကြီး ဖြစ်တယ်လေ။ ဆိုတော့ လူ့အခွင့်အရေးဆိုင်ရာတို့၊ သယံဇာတပိုင်းဆိုင်ရာတို့က သူတို့အနေနဲ့ အဲဒါတွေကို စနစ်တကျ ကာကွယ်ထိန်းသိမ်းရမယ်ဆိုတဲ့ ကတိကဝတ်ပေးရုံက လွဲပြီးတော့ ဘာမှ လက်တွေ့ကျကျ အကောင်အထည်ဖော်ခဲ့တဲ့ ခေါင်းဆောင်တွေ မဟုတ်ဘူး။ တနိုင်ငံနဲ့ တနိုင်ငံ ပေါင်းနေတဲ့ အနေအထားတခုမှာလည်း စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေကို သူတို့အနေနဲ့ ရဖို့အတွက် ပေါင်းနေတဲ့ အနေအထားတခုကို တွေ့ရတာပေါ့နော်”
“မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ တချို့အာဆီယံနိုင်ငံတွေရဲ့ သဘောထားနဲ့ နှစ်နိုင်ငံဆက်ဆံရေးကလည်း အဓိကအားဖြင့် အာဆီယံနိုင်ငံအတွင်းမှာရှိတဲ့ တချို့နိုင်ငံတွေရဲ့ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ လူသားအရင်းအမြစ်တွေပေါ့။ အဲဒီဟာတွေကို သူတို့အနေနဲ့ ဘယ်လို စျေးပေါပေါနဲ့ ရမလဲဆိုတဲ့ အနေအထားတခုမှာ နို်င်ငံရေးအရ အပေးအယူလုပ်ပြီးတော့၊ နအဖအစိုးရကို အကာအကွယ်ပေးပြီးတော့ ရှိသမျှ မြန်မာနိုင်ငံက အရင်းအမြစ်တွေ၊ သယံဇာတတွေကို လိုနေတဲ့ အနေအထားတခုမှာ သူတို့ ပေါင်းနေတာကို တွေ့ရတယ်”
“ဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရတွေအနေနဲ့ကတော့ ပိုပြီး သိသာထင်ရှားတာက သူတို့အနေနဲ့က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်သွားမယ်ဆိုတာပါပဲ၊ အဓိကကတော့။ သူတို့အနေနဲ့ လူ့အခွင့်အရေးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို မျက်လုံးမှိတ်ပြီးတော့ ဟန်ဆောင်နေမှာပဲလေ။ သူတို့ အကျိုးအမြတ် ရစရာရှိတာကတော့ အကုန်လုံး ယူသွားမှာပဲ”
ဒီစွမ်းအင်ကဏ္ဍက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ မြန်မာအစိုးရအတွက် ဘယ်လောက်ထိ အထောက်အကူဖြစ်စေသလဲ။
“မြန်မာနိုင်ငံအတွက် နအဖစစ်အုပ်စုအနေနဲ့ ပြီးခဲ့တဲ့ ကာလတွေက၊ အထူးသဖြင့် နိုင်ငံရေးအရရော ငွေရေး ကြေးရေးဆိုင်ရာရော၊ စစ်ရေးပိုင်းဆိုင်ရာကော သူတို့အနေနဲ့ အပေးအယူလုပ်ပြီးတော့ ကျနော်တို့ဆီက သယံဇာတတွေနဲ့ အလဲအလှယ် လုပ်ခဲ့တာတွေက ပိုပြီးတော့ သိသာထင်ရှားတဲ့ သာဓကတွေပေါ့လေ။ ဥပမာ အိန္ဒိယဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ အာဆီယံ တချို့နိုင်ငံတွေပဲဖြစ်ဖြစ် နအဖစစ်အုပ်စုအနေနဲ့ သူတို့ဆီက သယံဇာတပစ္စည်းတွေနဲ့ သူတို့ဆီက ရလာမယ့် နိုင်ငံရေးအကာအကွယ်ပေးမှုတွေ၊ ငွေရေးကြေးရေး အထောက်အပံ့တွေကို အပေးအယူ လုပ်လာခဲ့တာ တောက်လျှောက်လို့ ပြောလို့ရတာပေါ့နော်”
“ထိုင်းဆိုရင်လည်း အဲဒီလိုပါပဲ။ မြန်မာနိုင်ငံက ရရှိတဲ့ နယ်စပ်ကူးသန်းရောင်းဝယ်ရေးတို့၊ သဘာဝဓာတ်ငွေ့ ဝယ်ယူတာတို့၊ ပြီးရင် စျေးပေါပေါနဲ့ရတဲ့ အလုပ်သမားတွေ အသုံးပြုနေရတယ်ဆိုတာကလည်း ဒါ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာမှာ ပိုပြီးတော့ အကျိုးအမြတ် ဖြစ်ထွန်းရေးအတွက် မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေလို့ ပြောလို့ရတာပေါ့နော်။ နောက် စင်္ကာပူလည်း အဲဒီလိုပါပဲ။ နအဖစစ်အုပ်စုနဲ့ အဓိက ငွေရေး ကြေးရေးပိုင်းဆိုင်ရာမှာ ဆက်ဆံနေတဲ့ နိုင်ငံတွေလေ။ တော်တော်များများ ဒီလိုပါပဲ။ အာဆီယံနိ်ုင်ငံတွေနဲ့ ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အကျိုးစီးပွားကို အဓိကထားပြီးတော့ နအဖအုပ်စုနဲ့ ဆက်ဆံခဲ့တာကို တွေ့ရတယ်။ နအဖစစ်အုပ်စုအနေနဲ့လည်း ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှုနဲ့ သယံဇာတတွေကို အပေးအယူလုပ်ခြင်းအားဖြင့် အာဆီယံတချို့နိုင်ငံတွေရဲ့ အကာအကွယ်ပေးမှုတွေနဲ့ ထောက်ပံ့မှုတွေ အများကြီး ရခဲ့တယ်လေ”
“ဥရောပပဲဖြစ်ဖြစ်၊ အမေရိကပဲဖြစ်ဖြစ် စီးပွားရေးပိတ်ဆို့မှုတို့၊ အပြစ်ပေး အရေးယူတာတွေ ရှိခဲ့ပေမယ့်လည်း တချို့ အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယတို့ရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ စီးပွားရေး မျှော်လင့်ချက်တွေ၊ ရင်းနှီးမြှုပ်နှံမှုက ရလာတဲ့ အကျိုးအမြတ်တွေကို အခြေခံပြီးတော့ ငွေရေးကြေးရေးပိုင်း ဆိုင်ရာပဲဖြစ်ဖြစ်၊ နိုင်ငံရေးဆိုင်ရာပဲဖြစ်ဖြစ် အကာအကွယ်ပေးခဲ့တာတွေ အများကြီး ရှိခဲ့တာပေါ့နော်။ အဲဒါက ပိုပြီးတော့ သိသာထင်ရှားတဲ့ သာဓကပါပဲ”
အိန္ဒိယနဲ့ တရုတ်မှာလည်း ရေနံထွက်တာ ရှိပါတယ်။ မသုံးဘဲ ထိန်းသိမ်းပြီး မြန်မာနိုင်ငံကနေ အလုံးအရင်းနဲ့ ဝယ်ယူနေတဲ့အပေါ် သုံးသပ်ပေးပါလား။
“တရုတ်တို့၊ အိန္ဒိယတို့မှာ သယံဇာတတွေ ရှိကောင်း ရှိနိုတာပေါ့။ အိန္ဒိယနဲ့ တရုတ်ရဲ့ အဓိကပြဿနာက သူတို့ရဲ့ လူဦးရေဆိုတာကလည်း ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ တပုံကျော်လောက်ကို ဖြစ်နေတာပေါ့နော်။ အဲဒီ လူဦးရေရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ဟာက သူတို့ဆီမှာရှိတဲ့ သယံဇာတနဲ့ မလောက်ဘူး။ အိန္ဒိယမှာဆိုရင်လည်း အီရန် အပါအဝင် ဆော်ဒီနိုင်ငံတွေကနေ ပိုက်လိုင်းကြီး ၃ ခုနဲ့၊ တချို့ ပါကစ္စတန်ကို ဖြတ်ပြီးတော့ တင်သွင်းတာမျိုးတွေ ရှိတယ်။ သူတို့အနေနဲ့ စွမ်းအင်လုံခြံုရေးပိုင်းဆိုင်ရာနဲ့ တချို့ ပါကစ္စတန်ကို ဖြတ်သန်းလာရတဲ့ ပိုက်လိုင်းတွေကိစ္စကလည်း နှစ်နိုင်ငံ နိုင်ငံရေးဆက်ဆံမှုအပေါ်မှာ ပိုပြီးတော့ စိုးရိမ်ရတဲ့ အနေအထားတခုကို ဖြစ်လာတာကတခုပေါ့”
“တရုတ်ဆိုရင်လည်း အဲဒီလိုပါပဲ။ သူတို့ရဲ့ အနာဂတ်စွမ်းအင်လုံခြံုရေးက အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ စွမ်းအင်ထုတ်လုပ်နိုင်မှုနဲ့ တင်သွင်းနိုင်မှုအပေါ် မှီခိုထားရတာရှိတော့ အဲဒီဟာတွေက နောက်လာမယ့် စွမ်းအင်လုံခြံုရေးအတွက် အဓိကစိုးရိမ်စရာတွေ ဖြစ်နေတာပေါ့နော်”
“ဆိုတော့ ကျနော်တို့နိုင်ငံမှာ ရှိတဲ့ စွမ်းအင်နဲ့တောင် မလောက်ဘူးဗျ။ မြန်မာနိုင်ငံ အပါအဝင်ပေါ့နော်။ တချို့ သူတို့ မဟာဗျူဟာကျတဲ့ လမ်းကြောင်းတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဒီ စွမ်းအင်ကဏ္ဍတွေကို တိုးချဲ့ပြီးတော့ လုပ်ကိုင်နေကြတယ်လို့ ကျနော်ထင်တာပေါ့”
တဆက်ထဲ ထပ်မေးရရင်တော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုတာ ရေရှည်မှာ ကုန်သွားမှာဖြစ်တဲ့အတွက် ဘယ်လိုမျိုး ထိန်းသိမ်းသင့်တယ်လို့ ပြောချင်ပါသလဲ။
“မရှိမဖြစ်ထုတ်သုံးရတဲ့ အနေအထားတခုမှပဲ ထုတ်သုံးသင့်တယ်လို့ မြင်တယ်ဗျ။ အခုလောလောဆယ် ကျနော်တို့ဆီမှာရှိတဲ့ သယံဇာတတွေကို ရေရှည်မှာ သုံးစွဲနိုင်လောက်အောင် ပိုပြီးတော့ ထိန်းသိမ်းပြီးတော့ သုံးစွဲနိုင်လောက်တဲ့ ယန္တရားပုံစံမျိုးနဲ့ မူဝါဒမျိုးကို ချပေးသင့်တာပေါ့နော်၊ အစိုးရတရပ်အနေနဲ့။ အဲဒီလိုမျိုး မူဝါဒတွေ ချတဲ့နေရာမှာလည်း ဒေသခံပူးပေါင်းဆောင်ရွက်မှုနဲ့ တိုင်ပင်ဆွေးနွေးမှုတွေလည်း အများကြီး လိုအပ်ပါတယ်။ ပြီးမှပဲ ကျနော်တို့နိုင်ငံမှာရှိတဲ့ သယံဇာတပစ္စည်းတွေ၊ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းတွေနဲ့ အစိုးရကောင်းတရပ် ပေါ်ထွန်းမှပဲ ဒေသခံတွေအနေနဲ့ ဒီသယံဇာတပစ္စည်းတွေကို ရေရှည်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ သိုသိုသိပ်သိပ် သုံးစွဲသွားနိုင်မယ့် အနေအထားတခုကို တွေ့ရမှာပေါ့။ မဟုတ်ရင်တော့ ဒီအတိုင်းပဲ ကျနော်တို့ဆီမှာရှိတဲ့ သယံဇာတတွေ ဆုံးရှုံးသွားမယ်”
ဒီစွမ်းအင်ကဏ္ဍတွေမှာ လူထုအနေနဲ့ ဘယ်လိုနေရာကနေ ပါဝင်သင့်တယ်လို့ ထင်ပါသလဲ။
“အထူးသဖြင့် သယံဇာတကို စီမံကွပ်ကဲတဲ့ မြေပေါ်မြေအောက်ပေါ့နော်။ တိုင်းပြည်မှာ ထွက်ရှိတဲ့ သယံဇာတတွေကို ဗဟိုအစိုးရက ချုပ်ကိုင်ထားမယ်ဆိုတဲ့ အနေအထားတခုကတော့ တော်တော်လေး၊ ဒီဒေသခံတွေနဲ့ တိုင်းနှင့် ပြည်နယ်အသီးသီးမှာရှိတဲ့ တို်င်းရင်းသားပြည်သူလူထုတွေရဲ့ မျှော်လင့်ချက်တွေ၊ သယံဇာတနဲ့ ပတ်သက်ပြီး မျှော်လင့်ထားခဲ့တဲ့ဟာနဲ့ ပတ်သက်ပြီးတော့ တလွဲတချော်ကြီး ဖြစ်နေတာပေါ့။ ဒါ ဗဟိုအစိုးရက ချုပ်ကိုင်တဲ့ကာလတခုမှာ တော်တော်လေး စိန်ခေါ်မှုတရပ်လို့ ပြောလို့ရတာပေါ့”
“ဒါတွေကို စနစ်တကျ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကြားမှာ ပိုပြီးတော့ သိသိသာသာ၊ ပြတ်ပြတ်သားသား ပြဋ္ဌာန်းထားတဲ့ စနစ်တခုလိုတယ်ဗျ။ နောက် အခြေခံဥပဒေကိုယ်တိုင်ကလည်း ဒီသယံဇာတပစ္စည်းတွေကို တိုင်းပြည်မှာ နေထိုင်တဲ့ လူထုတွေ ပိုင်ပါတယ်ဆိုတဲ့ ဟာမျိုးပေါ့နော်။ အခြေခံဥပဒေမှာကိုက အဲဒါမျိုး ပွင့်ပွင့်လင်းလင်း ပြဋ္ဌာန်းသင့်တယ်လို့ မြင်တယ်။ အဲဒီလိုမျိုး စနစ်တကျပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ မရှိသရွေ့ကတော့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ လူထုတွေအနေနဲ့ကတော့ ကိုယ်ပိုင်တဲ့ သယံဇာတတွေကို အကုန်လုံး ဗဟိုအစိုးရကတဆင့် စီမံကွပ်ကဲတာကိုပဲ ခံနေရမယ်လို့ ပြောလို့ရတာပေါ့”