နယူးဒေလီ (မဇ္စျိမ)။ ။ ရုပ်ရှင်အနုပညာရပ်ဆိုင်ရာ မြန်မာလူငယ် ဖောင်ဒေးရှင်း ထူထောင်ချင်ကြောင်း အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်နယ်တွင် သရုပ်ဆောင်နှင့် ထုတ်လုပ်သူဖြစ်သည့် မြန်မာပြည်ဖွား Adrian Zaw က ဆိုသည်။
(Adrian Zaw နှင့် အင်တာဗျူး)
နယူးဒေလီ (မဇ္စျိမ)။ ။ ရုပ်ရှင်အနုပညာရပ်ဆိုင်ရာ မြန်မာလူငယ် ဖောင်ဒေးရှင်း ထူထောင်ချင်ကြောင်း အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်နယ်တွင် သရုပ်ဆောင်နှင့် ထုတ်လုပ်သူဖြစ်သည့် မြန်မာပြည်ဖွား Adrian Zaw က ဆိုသည်။
မြန်မာမိဘနှစ်ပါးက ရန်ကုန်တွင် မွေးဖွားခဲ့ပြီး မိဘနှင့်အတူ ၅ နှစ်သားအရွယ် ၁၉၈၉ ခုနှစ်ကတည်းက အမေရိကား၌ Adrian Zaw (ခေါ်) ကြည်မောင်ဇော် နေထိုင်လာခဲ့သည်။ ၁၄ နှစ်အရွယ် အလယ်တန်း ကျောင်းသားမှစ၍ သရုပ်ဆောင်ပညာကို စိတ်ဝင်တစား လေ့လာလိုက်စားခဲ့ရာ ယခုဆိုလျှင် ၂၀၀၇ ခုနှစ် Emmy ဆု အပါအဝင် ဆုပေါင်း ၆၀ ကျော် ရရှိထားသည်။
မကြာမီ ဖြန့်ချိတော့မည့် Burmese Refugee (မြန်မာဒုက္ခသည်) ရုပ်ရှင်ဇာတ်ကား၌လည်း အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားသည်။
Adrian Zaw သည် ကယ်လီဖိုးနီးယားတွင် နေထိုင်ကာ ရုပ်မြင်သံကြား အစီအစဉ်မှူးနှင့် အခမ်းအနားမှူးအဖြစ်ပါ လုပ်ကိုင်ပြီး စာသင်ကျောင်း ၂ ကျောင်း၌ စကားပြောနှင့် စကားရည်လုပညာကို ပို့ချနေသူလည်း ဖြစ်သည်။
ရယ်မောရွှင်ပြကာ စကားပြောတတ်သူ Adrian Zaw ကို ဟောလိဝုဒ်ထဲ ရောက်သွားပုံ၊ သရုပ်ဆောင်ဘဝ ဖြတ်သန်းမှု၊ အတွေ့အကြံု သင်္ခန်းစာအချို့၊ မျှော်မှန်းချက်ပန်းတိုင်၊ နိုင်ငံခြားရောက် မြန်မာတဦး၏ ခံစားချက်နှင့် အတွေးစုအချို့ကို သိရှိနိုင်ရန် မဇ္စျိမသတင်းထောက် ကိုပေါက်က ဆက်သွယ်မေးမြန်းထားသည်။
သရုပ်ဆောင်တယောက်လုပ်ဖို့ ဘယ်တုန်းက စပြီး စိတ်ဝင်စားလာတာလဲ။
’’အလယ်တန်းကျောင်းမှာတုန်းက Career Day ဆိုတာ ရှိတယ်။ အဲဒီနေ့မှာ ဆရာဝန်တို့၊ ပုလိပ်တို့လိုပေါ့၊ အလုပ်လုပ်နေတဲ့သူတွေက ကျောင်းကိုလာပြီး ကလေးတွေကို စကားပြောတယ်။ သူတို့အလုပ်က ဘယ်လိုလဲဆိုတာပေါ့။ သရုပ်ဆောင်တယောက်လည်း လာတယ်။ သူက ဘာပြောလဲဆိုတော့ သူ့အလုပ်က တနေ့လုံး ကစားနေသလိုမျိုးပဲ။ ပျော်စရာကောင်းတယ်။ ကျနော်စိတ်ဝင်စားသွားတာက သရုပ်ဆောင်လုပ်တော့ တနေ့လုံး အစာကျွေးတယ်၊ အလကားကျွေးတယ်၊ နေ့လည်စာ၊ သွားရည်စာ တနေ့လုံး အလကားကျွေးတယ်ဆိုတော့ ကျနော် တအားကို ကြိုက်သွားတာ။ ဗိုက်ဆာနေလို့။ (ရယ်မောလျက်) သူတို့က “သရုပ်ဆောင် ဖြစ်ချင်လား” လို့ မေးတော့ ကျနော်က “ဟာ .. ဖြစ်ချင်တယ်၊ ဖြစ်ချင်တယ်၊ ဖြစ်ချင်တယ်။ ဗိုက်ဆာလို့”
’’အထက်တန်းရောက်တော့ သရုပ်ဆောင်အတန်းတွေ၊ Drama တန်းတွေ တက်လိုက်တယ်။ အဲဒီမှာ ဘာသင်လဲဆိုတော့ စကားပြောတာ ပိုကောင်းလာအောင် သင်တယ်။ Speech and Debate တက်တယ်။ အဲဒါဟာ ကျနော့်ရဲ့ ဘဝတခုလုံးကို ပြောင်းလဲသွားစေခဲ့တယ်’’
ကျောင်းအပြင် အနုပညာလောကမှာ ဘယ်ကဏ္ဍတွေက စတင် ပါဝင်ခဲ့ရလဲ။
’’ရနိုင်တဲ့ role တွေ အကုန်လုပ်တယ်။ စကားမပြောတဲ့ role တွေ၊ အသေးအမွှား role တွေ ယူတယ်။ အတွေ့အကြံုက သိပ်မရှိသေးဘူးလေ။ Theatre တွေ၊ ပြဇာတ်တွေမှာ တော်တော်ကြာတယ်။ ကောလိပ်ရောက်တော့ Community ကောလိပ်ကို အရင်သွားတယ်။ အဲဒီမှာ Theatre ပညာ လေ့လာတယ်။ အဲဒီနောက် University of Southern California ရောက်တော့ ရုပ်ရှင်တွေမှာ ပိုပါဝင်လာတယ်’’
သရုပ်ဆောင်လိုင်းကို မရောက်ခင် ဘဝမှာ တခြားရည်ရွယ်ချက်တွေ ထားခဲ့ဖူးလား။ အဖေလို ဆရာဝန် ဖြစ်ချင်တာလိုမျိုးပေါ့။
’’စိတ်ဝင်စားစရာပဲ။ ကျနော့်မှာတော့ တခြားဟာ သိပ်မရှိဘူး။ ကျနော်က သရုပ်ဆောင်ဖြစ်သွားရင် အကုန်လုံး ဖြစ်သွားလို့ရတယ်။ (ရယ်မောလျက်) ဆရာဝန် လုပ်လို့ရတယ်၊ ပုလိပ် လုပ်လို့ရတယ်၊ စစ်သား လုပ်လို့ရတယ်၊ လူဆိုး လုပ်လို့ရတယ်’’
ဘယ်လိုဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ဖူးလဲ။
’’မျိုးစုံပဲ။ ပုလိပ်၊ လူဆိုး အများကြီးပဲ’’
ဘယ်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရတာ အားအရဆုံးလဲ။
’’လူကောင်းနေရာက ပိုအဖိုးတန်ပေမယ့် လူဆိုးလုပ်ရတာလည်း ပျော်စရာကောင်းပါတယ်။ ရူးတဲ့သူနေရာမှာ သရုပ်ဆောင်ရတာ ပိုစိတ်ဝင်စားတယ်။ ရိုက်ဖူးပါတယ်။ ဒီဗီဒီခွေပါ။ (ရယ်မောလျက်) တော်တော်ဆိုးတယ်။ ရှက်လို့ ဘယ်သူမှ မပြချင်ဘူး’’
ဇာတ်ကောင်တော်တော်များများမှာ သရုပ်ဆောင်ခဲ့ဖူးတော့ သရုပ်ဆောင်ကောင်းတယောက် ဖြစ်ဖို့ ဘာတွေက အရေးကြီးဆုံးလဲ။
’’ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုတယ်။ စာဖတ်ရမယ်။ ရုပ်ရှင်တွေ ကြည့်ရမယ်။ တအားကို လုပ်ချင်စိတ် Passion ရှိနေရမယ်။ သရုပ်ဆောင်လုပ်ရတာက အစမှာ ဘာပိုက်ဆံမှ လုံးဝ မရနိုင်ဘူး။ တအားကို စိတ်ဝါသနာပါမှ ကောင်းလာမယ်။ စိတ်ရှည်ရမယ်ဗျ’’
ဒီလောက် အောင်မြင်လာဖို့ တော်တော်ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။ ဒီလိုကြိုးစားရင်း စွန့်လွှတ်ခဲ့ရတာတွေ ရှိလား။
’’အချိန်တွေ အများကြီး ပေးရတယ်။ ပုံမှန်အလုပ်ဆိုတာ မရနိုင်ဘူး။ ၉-၅ ဆိုတာ မလုပ်နိုင်ဘူး။ အဲဒီအချိန်မှာ ရုပ်ရှင်ရိုက်နေရတယ်။ အဲဒါမျိုးတွေအပြင် သူငယ်ချင်းတွေလည်း ဆုံးရှုံးရတယ်။ သူတို့ခေါ်တဲ့ ပါတီပွဲတွေဘာတွေ မသွားနိုင်ဘူး။ လေ့ကျင့်ရမှာတွေ၊ စာဖတ်ရမှာတွေက ရှိသေးတယ်။ နောက်တော့ စွန့်လွှတ်ရတာ တန်ပါတယ်’’
ဘာစာအုပ်မျိုးတွေ ဖတ်လဲ။
’’ကျောင်းတုန်းကတည်းက Directing တို့၊ Acting တို့ စာအုပ်တွေ ဖတ်ပါတယ်။ သူများတွေ ဖတ်ချင်ရင် ကျနော် ညွှန်းပေးလို့ရတယ်။ ဒီစာအုပ်တွေက စျေးပေါပြီး စာတွေက တော်တော်တန်ဖိုးရှိပါတယ်။ အခုလောလောဆယ်တော့ Directing the Actors ဖတ်နေပါတယ်။ ဇာတ်ညွှန်းတွေ၊ ဇာတ်လမ်းတွေ ဖတ်နေပါတယ်’’
ဒီလကုန်ရင် ဖြန့်ချိတော့မယ့် Burmese Refugee ဇာတ်ကားမှာ အဓိကသရုပ်ဆောင်အနေနဲ့ ဝင်ရောက်သရုပ်ဆောင်ပေးရတဲ့ ရည်ရွယ်ချက် သိပါရစေ။
’’ဒီရုပ်ရှင်ကနေ ဗမာက ဘာလဲဆိုတာ လူတွေအများကြီးကို သိစေချင်တယ်။ ကျနော် ဒီမှာ အလုပ်လုပ်နေတာ ကြာပြီ။ လူတွေက ကျနော့်ကို “ဘယ်ကနေ လာလဲ” ၊ ကျနော်က “Burma ကနေ လာတယ်၊ Myanmar ကနေ လာတယ်” လူတွေက မသိဘူး။ (ရယ်မောလျက်) China လား၊ ဂျပန်လားတဲ့။ မဟုတ်ဘူးလို့။ ဒီရုပ်ရှင် ထွက်လာတဲ့အခါ လူတွေ ပိုသိလာမှာပါ’’
ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို နည်းနည်း အကျဉ်းရုံး ပြောပြပေးပါဦး။
’’ကျနော်က ‘စန်းအောင်’ ပေါ့။ မိန်းမနဲ့ ကလေးငယ်က ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းမှာ ရှိနေတယ်။ စန်းအောင်က ဗမာပြည်တုန်းက မီးပြင်တဲ့အလုပ် လုပ်ခဲ့ဖူးတယ်။ တော်တော် ဦးနှောက်ကောင်းတယ်။ ပညာတော်တယ်။ လော့စ်အိန်ဂျယ်လိစ်မှာ အလုပ်လုပ်ပြီး မိန်းမနဲ့ ကလေးကို ခေါ်ချင်တယ်။ ဒါပေမဲ့ ဒီမှာ အင်္ဂလိပ်လို မပြောတတ်တော့ ပန်းကန်ဆေးတဲ့အလုပ်ပဲ လုပ်ရတယ်။ သူ မီးပြင်နိုင်တယ်ဆိုတာပြောတော့ နားမလည်ကြဘူး။ ဒီလိုဒုက္ခမျိုး၊ အခက်အခဲမျိုးဟာ ဗမာတွေ အများကြီး တွေ့ဖူးတယ်။ စန်းအောင်က သိပ်ကြိုးစားတယ်။ အင်္ဂလိပ်စာ လေ့လာတယ်’’
ဘယ်မှာ ရိုက်လဲ။ ဒုက္ခသည်စခန်းတွေ ပါလား။
’’လော့စ်အိန်ဂျယ်လိစ်မှာပဲ ရိုက်ပါတယ်။ ဒုက္ခသည် စခန်းတွေ မပါပါဘူး’’
မြန်မာပြည်က အခုဆို ဒုက္ခသည် မွေးထုတ်ရာ တိုင်းပြည်တခုလို ဖြစ်နေတော့ကာ ဒီလို ဒုက္ခသည်တွေ မဖြစ်ရအောင် ဘယ်လိုများ အကြံပြုချင်ပါသလဲ။
’’အစိုးရကောင်းသာ ရှိရင်၊ လူနေမှုဘဝတွေ ကောင်းရင် လူတွေ ထွက်မပြေးချင်ပါဘူး။ လူနေမှုဘဝတွေ တအားဆိုးရင် လူတွေက ထွက်ပြေးချင်တယ်။ ဒုက္ခသည်တွေ ဖြစ်သွားတာပေါ့’’
ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်် ၂ ယောက်က လာအိုနဲ့ ယိုးဒယားဖြစ်ပြီး သူတို့ကို ဇာတ်ညွှန်းထဲမှာ ပါတဲ့ ဗမာစကားတွေ ပြောတတ်အောင် Adrian ရဲ့ ဖခင်က အသံထွက် သင်ပေးရတယ်ဆို။ အဆင်ပြေလား။
’’တော်တော် ရယ်ရတယ်။ (ရယ်မောလျက်) တော်တော်တော့ ခက်တယ်။ သေချာ သင်ထားပေးပေမယ့် တကယ် ရိုက်တဲ့အခါမှာ မှားတတ်တယ်။ ဥပမာ… သူက ကျနော့်ကို “မင်း သေချာလား” လို့ မေးရမှာ။ သူပြောလိုက်တာက “မင်း .. သေချင်လား” တဲ့။ ကဲ’’
အဲဒီမှာ မြန်မာစစ်စစ် ထည့်ရိုက်ဖို့ အခက်အခဲ ရှိလို့လား။
’’ဟုတ်တယ်။ ကျနော့်မှာလည်း ဒီကိစ္စပြီးသွားရင် မြန်မာတွေနဲ့ အတူတူတွဲလုပ်ဖို့ အစီအစဉ်တွေ၊ Dream တွေ အများကြီးရှိတယ်’’
ဘယ်လိုမျိုးတွေလဲ။ ဥပမာ ပြောရရင်။
’’Facebook ကနေ ကျနော့်ကို အားပေးကြပါတယ်။ ကျနော် ဒီနိုင်ငံခြား စရောက်တုန်းက ဗမာတွေ သိပ်မရှိဘူး။ တခါတလေ ဗမာ ရှားရှားပါးပါးတွေ့ရင် ဗမာဖြစ်တာ ရှက်ကြတယ်။ အဲဒါ ကျနော် စိတ်နာတာပေါ့။ အခု ကျနော် သိပ်ကံကောင်းလွန်းလို့ ဒီလိုဖြစ်တာပါ။ ခုဆို ကျနော် သိပ်ကောင်းတဲ့ ဗမာရုပ်ရှင်တွေ လုပ်ချင်တယ်။ ရုပ်ရှင်ရိုက် ဝါသနာပါတဲ့ သူတွေကို ခေါ်ပြီး Organization လုပ်ပြီး ဖျော်ဖြေမှုတွေကို ကူညီချင်တယ်။ ဗမာလူငယ်တွေကို role model ဖန်တီးချင်တယ်။ ကျနော်ကကျတော့ ဖောင်ဒေးရှင်း ဖန်တီးချင်တယ်။ တခြားဗမာလူငယ်တွေက ကျနော်လုပ်ထားတာလေးတွေကို လိုက်လျှောက်ပြီးတော့ အောင်မြင်အောင် သူတို့ဟာသူတို့ လုပ်သွားစေချင်တယ်’’
’’ဒီတော့ တကမ္ဘာလုံးက ဗမာလူငယ်တွေအနေနဲ့ ကျနော့်ကို Facebook မှာ ရှာပါ။ စကားပြောပါ။ ဘာရုပ်ရှင်တွေ ကြိုက်လဲ၊ ကြည့်ချင်လဲဆိုတာ ကျနော်က ပူးပေါင်းဆောင်ရွက်ပေးချင်ပါတယ်
ဒီဖောင်ဒေးရှင်းအတွက် ဘယ်လောက်ထိ အစပြုထားပြီးပြီလဲ။
’’ကျနော့် Facebook မှာ Add လုပ်ထားသူတွေကို Group လုပ်မယ်။ ကွန်ယက် ဖွဲ့ပါမယ်။ ဒီနိုင်ငံမှာ ဖျော်ဖြေရေးလုပ်ငန်းမှာ အရေးအကြီးဆုံး အရည်အချင်းက တခါတလေကျရင် အကောင်းဆုံး သရုပ်ဆောင် ဖြစ်စရာမလိုဘူး။ ‘ဘယ်သူသိလဲ’ ဆိုတာ ပိုအဖိုးတန်တယ်။ It’s not what you know. It’s who you know. အဲဒါကြောင့် လူငယ်တွေကို မြှင့်တင်ပေးဖို့ ကွန်ယက် လုပ်ပေးချင်တယ်’’
မြန်မာရုပ်ရှင်တွေ၊ ဗီစီဒီတွေရော ကြည့်ဖြစ်လားဗျ။
’’သိပ်မကြည့်နိုင်ဘူး။ မိဘတွေနဲ့ တခါတလေကျရင် ကြည့်တယ်’’
မြန်မာကားတွေရဲ့ အတတ်ပညာပိုင်း၊ ဇာတ်လမ်း၊ ဇာတ်ဆောင်တွေအပေါ် ဘယ်လိုသုံးသပ်မိလဲ။
’’Lighting တို့၊ Filming တို့ အရေးကြီးပါတယ်။ နိုင်ငံခြားမှာ အကယ်ဒမီပေးတာတွေက Best Picture, Best Film Photography အဲဒါမျိုးတွေ ဗမာရုပ်ရှင်တွေမှာ တိုးတက်ဖို့လိုတယ်။ Lighting နားလည်ဖို့ သိပ်အရေးကြီးတယ်။ ဇာတ်လမ်းတွေက အများကြီးရှိပေမယ့် ဆင်တူတွေ ဖြစ်နေတယ်’’
ဒီလို ဖြစ်ရတာ ဘာကြောင့်လို့ သုံးသပ်မိလဲ။
’’အစိုးရပိုင်းကနေ အကန့်အသတ်တွေ ရှိနေတော့ အခွင့်အလမ်းတွေကလည်း အကန့်အသတ် ဖြစ်နေတယ်။ ထူးချွန် excel ဖို့ တော်တော်ခက်တယ်။ ဒီနိုင်ငံမှာတော့ ဘာအကန့်အသတ်မှ မရှိဘူး။ ကောင်းတာ၊ ဆိုးတာ အကုန်ရိုက်လို့ရတယ်။ ကျနော်တွေ့တာက ဗမာပြည်မှာ အဲလိုမျိုး လွတ်လပ်မှုမရှိဘူး။ မလွတ်လပ်တော့ ဖန်တီးနိုင်စွမ်းက အကန့်အသတ်နဲ့ ဖြစ်နေတယ်။ လွတ်လပ်မှုတွေ၊ အမှားတွေ ရှိနေရမယ်။ နောက် အသစ်စမ်းသပ်မှုတွေ ရှိနေရမယ်။ ဒါတွေမရှိရင် တိုးတက်မလာနိုင်ဘူး’’
Adrian က ၅ နှစ်သားကတည်းက အမေရိကား ရောက်နေပေမယ့် အခုထိ ဗမာစကား ကောင်းကောင်း ပြောနိုင်တုန်းပဲနော်။ ဘယ်လို သင်ယူလေ့ကျင့်နေခဲ့လဲ။
’’အိမ်မှာ ဗမာလိုပဲ ပြောတယ်။ ငယ်ငယ်တုန်းက ကလေးလေးဆိုတော့ မိဘတွေက “ဟာ .. ချစ်စရာကောင်းတယ်” လို့ ပြောတယ်။ ကြီးလာတော့လည်း ဗမာလိုပြောရင် ကလေးလေးလိုပဲ ပြောနေသေးတယ် “ချစ်ရာကောင်းတယ်” တဲ့။ သူတို့ မပြင်တော့ နည်းနည်း ရှက်စရာကောင်းတယ်’’
ကျနော်တို့ နိုင်ငံခြားရောက် ဗမာတွေထဲက အထူးသဖြင့် ကလေးတွေမှာ ကိုယ့်ဗမာစကား မတတ်ကြတော့တာတွေ တွေ့နေရတယ်။ အဲလိုမျိုးတွေ မဖြစ်ရအောင် အတွေ့အကြံုနဲ့ယှဉ်ပြီး ဘယ်လိုပြောချင်လဲ။
’’အိမ်မှာတော့ ဗမာလို ပိုပြောစေချင်တယ်။ ခက်တော့ခက်တာပေါ့။ ကျောင်းမှာက ဗမာလိုမှ ပြောလို့မရတာ၊ သူငယ်ချင်းတွေကိုရော။ ကျနော် တိုက်တွန်းချင်တာက ဗမာစကားတတ်တာ တအားကို အဖိုးတန်တယ်။ ကျနော် ကံမကောင်းတာက ဗမာစာ မရေးတတ်၊ မဖတ်တတ်ဘူး။ ဒီတော့ ဗမာလို ရေးနိုင်၊ ဖတ်နိုင်တဲ့ သူတွေကို ကျနော် တော်တော်ချီးကျူးတယ်။ ဒီမှာရှိတဲ့သူတွေကို ကိုယ်ဘယ်ကလာလဲဆိုတာ မမေ့စေချင်ဘူး။ မေ့သွားရင် ဗမာပြည်မှာ ဒုက္ခရောက်တဲ့ သူတွေက အလကားဖြစ်သွားမယ်’’
Adrian အနေနဲ့ ကြိုးစားအောင်မြင်လာခဲ့ပြီးတော့ တခြားလူငယ်တွေကိုရော အောင်မြင်မှုတွေ ရလာဖို့အတွက် ဘယ်လိုသင်္ခန်းစာတွေ ဝေငှချင်ပါလဲ။
’’ပထမကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်၊ Self confident ။ ဒုတိယက လုပ်ချင်ရမယ်၊ Motivation ။ အဲဒါတွေမရှိဘဲ ဘာမှ မအောင်မြင်နိုင်ဘူး။ တတိယက စိတ်ရှည်ရမယ်၊ Patience ။ အကုန်လုံးက တန်းဖြစ်သွားတာ မဟုတ်ဘူး။ ကျနော် ရုပ်ရှင်ရိုက်တုန်းက ပိုက်ဆံတပြားမှ မရဘဲနဲ့ အကြာကြီးပဲ အလကားရိုက်ရတယ်။ နောက်မှ နည်းနည်း ရလာတယ်။ (ရယ်မောလျက်) အခုချိန်ထိ ကျနော် ချမ်းသာတာ မဟုတ်သေးဘူး။ ကျောင်းတက်ခဲ့တာ၊ စာဖတ်တာ တအား အဖိုးတန်ပါတယ်’’
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို ပိတ်ပစ်ပြီး ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ အခု သတင်းတွေ ထွက်နေပါတယ်။ အဲဒီအပေါ်မှာရော Adrian ဘယ်လိုသဘောရလဲ။
’’ဒုက္ခသည်တွေမှာ သိပ်ရုန်းကန်ရတယ်။ အစိုးရက ပြန်ခေါ်ရင် ပြုမူဆက်ဆံပုံ ကောင်းရင် ကျနော် စိတ်ချမ်းသာမယ်’’
Adrian ဘဝအနာဂတ်မှာ ဘယ်လိုစိတ်ကူးတွေ ရှိထားလဲ။
’’နိုင်ငံတကာအသိအမှတ်ပြုတဲ့ ရုပ်ရှင်အကြီးစားတွေ လုပ်ချင်တယ်။ အကယ်ဒမီရတဲ့ ရုပ်ရှင်တွေ လုပ်ချင်တယ်။ အခု ကျနော် ဟောလိဝုဒ်ကို ဝင်သွားတာ ကျနော်တယောက်ထဲအနေနဲ့ ဝင်သွားတာ။ ဗမာအနေနဲ့ ဝင်သွားတာ မဟုတ်ဘူး။ တခြားဗမာတွေကိုလည်း ကျနော့်ထက် ပိုပြီး အောင်မြင်စေချင်တယ်’’
မြန်မာလူငယ်တွေကို ဘာများ ပြောချင်ပါသေးလဲ။
’’တကမ္ဘာလုံးမှာရှိတဲ့ မြန်မာလူငယ်တွေနေနဲ့ တခုခုကို ပြောင်းလဲချင်ရင် သူတို့ကိုယ်ကို ပြောင်းလဲဖို့လိုတယ်။ အင်္ဂလိပ် စကားရပ် Phrase တခု ရှိတယ်။ Be the change you want to see. တွေ့ချင်တဲ့ ဥစ္စာကို ကိုယ့်ကိုယ်ကို ဖြစ်ဖို့လိုတယ်။ Facebook မှာ ကျနော့်ကို လာရှာကြပါ။ တွေ့တဲ့အခါ အများကြီး ဝမ်းသာမှာ။ ကြိုဆိုနေမှာပါ’’