နယူးဒေလီ (မဇ္စျိမ) ။ ။ စရိတ်မျှပေး ကျန်းမာရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ခံဆရာမနှင့် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကြီးတွင် နှစ်ကြိမ်တိုင် မျက်စိခွဲစိတ်ခံရဖူးသူတဦးကို မေးမြန်းထားပါသည်။
ဒေါက်တာ ဒေါ်သန်းလှ
(မြို့နယ်ဆေးရုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်း)
စရိတ်မျှပေး ကျန်းမာရေးစနစ် ဆိုတာကို ဆရာမတို့ ဆေးရုံမှာ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဆောင်ပေးနေပါသလဲ။
“ကျမတို့ စရိတ်မျှပေးဆိုတာက တတ်နိုင်တဲ့သူတွေကို စရိတ်မျှပေးသုံးတယ်။ မတတ်နိုင်တဲ့သူဆိုရင် ကျမတို့က အခမဲ့ ကုပါတယ်။ ကျမတို့ဆီ စရိတ်မျှပေးဆိုရင် ဥပမာ ဓာတ်ခွဲခန်းရှိတယ်၊ နောက်ပြီးတော့အခါ ဓာတ်မှန်ရှိတယ်ပေါ့။ အဲဒါမျိုးကိုလေ။ ဆေးကတော့ အားလုံး အခမဲ့ပေးတယ်။ ဆေးမှာတော့ ကျမတို့က စရိတ်မျှပေး မလုပ်ပါဘူး။ နောက် အခန်းခ ရှိပါတယ်။ Special (အထူး) အခန်းပေါ့။ အဲဒီလို အထူးခန်းရှိတယ်။ အထူးခန်းရယ် နောက်တခါကျတော့ ဓာတ်မှန်ရယ်၊ ဓာတ်ခွဲရယ် ကျမတို့က စရိတ်မျှပေးလုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ ဆေးကတော့ ကျမတို့က အခမဲ့ ပေးပါတယ်။ ဆေးတော့ ကျမတို့က စရိတ်မျှပေးအနေနဲ့ ရောင်းချတာ မရှိပါဘူး’’
စရိတ်မျှပေးမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆေးကုသသူက ပေးဆောင်ရတာလဲဆိုတာလေး ရှင်းပြပေးပါ။
“အဲဒါကလည်း နိုင်ငံတော်က သတ်မှတ်ထားပြီးသားရှင့်။ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက်။ အဲဒီလိုမျိုးလေ။ သတ်မှတ်ထားပြီးသားရှင့်။ ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ကျမတို့က ဆောင်ရွက်တာပါ။ ကျန်းမာရေးဦးစီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း ကျမတို့က ဆောင်ရွက်ရပါတယ်’’
တကယ်လို့ ကျပ်တထောင် ကုန်ကျခဲ့မယ်ဆိုရင် လူနာက ဘယ်လောက်ရာခိုင်နှုန်း ကုန်ကျခံရမှာမျိုးလဲ။
“အဲဒီလို မဟုတ်ဘူး။ စရိတ်မျှပေးဆိုတာ အဲဒီလို မဟုတ်ဘူး။ အဲဒါကြောင့်မို့ ပြောတာ။ ကျန်းမာရေး ဦးစီးဌာနရဲ့ ကုသရေးမှာ Medical Care ရှိပါတယ်။ အဲဒီကို သေချာ မေးလိုက်ပါ။ Information (သတင်း အချက်အလက်) တွေ အပြည့်ရနိုင်ပါတယ်။ နောက်ပြီးတော့ အဲဒီမှာလည်း သူတို့ အင်တာနက် ရှိချင် ရှိနိုင်တယ်။ ကျန်းမာရေးဦးစီးဌာန နေပြည်တော်ပေါ့နော်။ Medical Care ကို မေးပါ။ Medical Care မှာ စရိတ်မျှပေးဆိုပြီးတော့ သီးသန့် လက်ထောက်ညွှန်မှူးတယောက် ကိုင်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ သူ့ကိုမေးလိုက်ရင် Information အပြည့် ရနိုင်ပါတယ်။ ကျမ အဲဒီလောက် အများကြီး မသိပါဘူး’’
လက်တွေ့ အကောင်အထည်ဖော်နေတဲ့ ဆရာမအနေနဲ့ ဆရာမတို့အတွက်ကော၊ ဆေးရုံအတွက်ကော ဘာတွေ အခက်အခဲ ရှိပါသလဲ။
“အခက်အခဲတော့ မရှိပါဘူး။ အခုဟာ တတ်နိုင်တဲ့သူပဲ ကျမတို့က စရိတ်မျှပေး လုပ်တာလေ။ မတတ်နိုင်တဲ့သူက All are free ဆိုတဲ့အတွက်ကြောင့်မို့ ဘာမှ ပြဿနာ မရှိဘူး။ ဥပမာ အခန်းဆိုရင်လည်း အထူးခန်း နေချင်တဲ့သူဆိုရင် ကျမတို့က အထူးခန်းနေတယ်။ အဲဒါဆိုရင် သူ့အခန်းခအတွက် သူ ပေးဆောင်ရမယ်၊ ဒါပဲလေ။ မတတ်နိုင်တဲ့သူက အထူးခန်း မနေဘူးဆိုရင် ရိုးရိုးအခန်းမှာ နေတယ်။ ဒါ ကျမတို့က Medical Care ကတော့ အားလုံး အတူတူ လုပ်ပေးတာပဲ”
ဒီစနစ်ကို ပိုပြီး ထိထိရောက်ရောက် လုပ်ချင်တယ်ဆိုရင် ဘာတွေ ပြုပြင်ပြောင်းလဲမှု လုပ်ချင်ပါသလဲ။
“ကျမ နားမလည်ပါဘူးရှင့်။ ကျမ မပြောတတ်ပါဘူး။ ဒီဟာကိုပဲ သီးသန့်ဆောင်ရွက်နေတဲ့ အကြီးအကဲကို မေးတာ ပိုကောင်းပါလိမ့်မယ်။ ကျမတို့အနေနဲ့ command (မှတ်ချက်) တွေ ပေးခွင့် မရှိပါဘူး”
နောက်ဆုံးမေးချင်တာက စရိတ်မျှပေးဆိုပြီး လူနာရှင်က အကုန်ကျခံနေရတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီးကော…။
“မရှိပါဘူးရှင့်။ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ စရိတ်မျှပေးဆိုတာ တတ်နိုင်သူများကိုလို့ ဆိုလိုထားပါတယ်။ မတတ်နိုင်သူကို ကျမတို့က အခမဲ့ ဆောင်ရွက်တာပါ။ လူနာက တတ်နိုင်တဲ့သူကိုပဲ ကျမတို့က စရိတ်မျှပေး ဆောင်ရွက်ပါတယ်။ မတတ်နိုင်သူများကို ကျမတို့ ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့ အခက်အခဲ မရှိပါဘူး”
(နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးဌာန၊ စီမံကိန်းဌာနနှင့် ကုသရေးဌာနများကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများဘက်က ပြန်လည်ဖြေကြားခြင်း မရှိပါ။)
မျက်စိ၊ နား၊ နှာခေါင်း ပြည်သူ့ ဆေးရုံတွင် ကုသခံခဲ့ဖူးသူ
ဆေးကုသခဲ့ရာမှာ တွေ့ကြံုခဲ့ရတဲ့ အတွေ့အကြံုနဲ့ ဘယ်လောက် ကုန်ကျခဲ့တယ်ဆိုတာ ပြောပြပေးပါ။
“ရှင်းရှင်းပြောရရင် ကျနော့်ကို Sponsor (ကူညီပေးသူ) တဦးက ကူညီပေးတယ်။ နောက်ပြီး သူတို့က ကျနော့်နဲ့ အမျိုးမကင်းတဲ့သူတွေ။ ကျနော့်ရောဂါကလည်း နည်းနည်းကြီးတယ်။ ဘာလို့လဲဆိုတော့ ကျနော့်မျက်စိက ဒီအတိုင်းထားရင် မျက်စိက ကွယ်မယ့်သဘော ရှိတာကိုး။ အဲဒါနဲ့ ကျနော်လည်း ဆေးရုံတက်ဖြစ်ခဲ့တာပေါ့”
“ကျနော့်ကို ကူညီခဲ့တဲ့သူက တသိန်းလောက် ကူတယ်။ နောက် ရုံးကလည်း ၅ သောင်း ကူတယ်။ ကျနော်တို့ချည်း ရ သောင်း ကျော်ကျော်လောက် ကုန်တယ်ဆိုတော့ အဲဒီမှာတင် ၂ သိန်းခွဲ၊ ၃ သိန်းလောက်ကို ဖြစ်သွားတယ်။ နှစ်ခါခွဲရတာလည်း ရှိတာကိုး။ အိပ်ယာထဲမှာတင် တလလောက် နေလိုက်ရတယ်။ အိမ်မှာတင်ပေါ့။ အဲဒီလို ဖြစ်သွားတာ”
“ဆရာဝန်ကြီးတွေကတော့ သူတို့လက်ခပေါ့။ တခြား ထွေထွေထူးထူး လုပ်ပေးစရာတော့ မလိုဘူး။ သူ့ကိုတော့ လက်ခပဲ ပေးလိုက်တာပဲ။ နောက်ပြီး ဒီမှာက ကျနော်တယောက်ထဲ ယောကျ်ားဖြစ်တဲ့ အခါကျတော့ မိန်းမကလည်း မစောင့်နိုင်၊ မိဘတွေကလည်း မစောင့်နိုင်တော့ နတ်စ် (သူနာပြု) တယောက် ငှားလိုက်ရတယ်။ အဲဒီလိုမျိုး တချို့ဟာလေးတွေ ကုန်တယ်”
“နောက် ကျနော်က အခန်းနဲ့ မနေလိုက်ဘူးဗျ။ ကျနော့်ကို စပယ်ရှယ် (အထူး) ခန်းနဲ့ နေဖို့ ပြောပေမယ့် ကျနော် အခန်းနဲ့ မနေဘူး။ ဘာလို့ဆိုတော့ အခန်းနဲ့နေရင် ကျနော်တယောက်ထဲ နေရမှာလေ။ နတ်စ် ဆိုတာကလည်း သိတဲ့အတိုင်းပဲ။ ခွဲပြီးတဲ့နေ့မှာ တယောက်ထဲ နေရမှာ။ ကြောင်တောင်တောင်နဲ့ ဖြစ်မှာ။ မျက်စိခွဲထားတာဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒီတော့ ဟောလ်တိုက်ပဲ နေလိုက်တာပေါ့”
“ကျနော့်ရောဂါက အပြင်မှာ ကုမယ်ဆိုရင် အခုအချိန် ရသိန်း၊ ၈ သိန်းလောက်တော့ အနည်းဆုံး သွားလိမ့်မယ် ထင်တယ်။ ဆေးခ ဘာညာ။ အဲဒီလိုမျိုးတွေက ရှိတယ်။ နောက် မသွားခင်ကို နှစ်ခေါက်၊ သုံးခေါက်လောက်က ပြနေရမှာ။ ခွဲစိတ်တော့မှ ဝုန်းခနဲ ကုန်ရမှာ။ ဘာလို့ဆိုတော့ ကျနော့်ကေ့စ်က နည်းနည်း ကြီးတယ်။ မျက်စိအာရုံကြော ကွာတာပေါ့။ ပထမတခါ ခွဲစိတ်တာက မအောင်မြင်ဘူး။ ဒုတိယတခါ ခွဲစိတ်ရတယ်”
အဲဒီတုန်းကသာ အကူအညီမရလို့ မကုလိုက်ရဘူးဆိုရင် ရောဂါအခြေအနေက ဘယ်လိုဖြစ်သွားနိုင်သလဲ။
“ခွဲခဲ့တာ ဘယ်နှနှစ်လောက် ရှိပြီလဲဆိုတော့ ၄ နှစ်လောက် ရှိပြီပေါ့။ အဲဒီတုန်းကသာ မခွဲခဲ့ရင် ဘယ်ပြော ကောင်းလိုက်မလဲ။ ကွယ်သွားနိုင်တယ်”
ဆေးရုံတက်ရာမှာ ဘာအခက်အခဲတွေ ရှိခဲ့သေးလဲ။
“ဆေးရုံတက်တော့ ပြည်သူ့ဆေးရုံမှာတောင် နည်းနည်းတော့ ပြင်ပအထူးကုဆေးရုံတွေလို Service မကောင်းဘူးပေါ့။ နောက် သန့်ရှင်းမှုလည်း မကောင်းဘူးပေါ့။ ဒါပေမဲ့ ဟိုးအရင်တုန်းကလောက်တော့ မဆိုးပါဘူး။ နောက်ပြီး မျက်စိဆေးရုံဆိုတော့ နည်းနည်းလည်း သန့်တာပေါ့။ ရန်ကုန်ဆေးရုံကြီးတို့ ဘာတို့ဆို အရမ်းဆိုးမှ ဆိုး။ မျက်စိဆေးရုံက လက်ဆေးဇလုံကအစ၊ အိမ်သာကအစ အများသုံးဆိုပေမယ့် မဆိုးဘူး။ ဒါပေမဲ့ သန့်တယ် ဆိုပေမယ့်လည်း တချို့ဟာတွေမှာ ဆေးန့ံနံတာတို့၊ ပိုးသတ်ဆေးနံ့တွေ ဘာတွေကတော့ ဆိုးတယ်”
“နောက် လက်ဖက်ရည်ဖိုး ပေးရတာတွေကတော့ ရှိတာပေါ့။ ပြောရမယ်ဆိုရင်တော့ သူတို့လည်း ဒါလေးလုပ်ပြီး ဒါလေး စားနေရတာပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ အဆင်ပြေရင် နည်းနည်းပါးပါး တတ်နိုင်သလောက်တော့ ပေးလိုက်ပေါ့။ မတတ်နိုင်တဲ့သူလည်း ပေးရမှာပဲ။ မတတ်နိုင်ဘူး။ ပေးရတာတော့ ဝန်ထမ်းတွေပေါ့။ တံခါးစောင့်တို့၊ လှည်းတွန်းတဲ့သူတို့ အဲဒါတွေပါ။ ဟို Tip ပေးရတာပေါ့။ ဘယ်လောက်ပေးရသလဲဆိုရင် အကြွေရှိ ရှိသလောက်ပေါ့။ ၂ဝဝ၊ ၃ဝဝ ပေါ့။ ဒါပေမဲ့ ကျနော့်အမျိုးတယောက်က အဲဒီမှာ နေတာဆိုတော့ ကျနော်က နည်းနည်းတော့ အဆင်ပြေတယ်”
ပိုက်ဆံမတတ်နိုင်လို့ ကျန်းမာရေး ချို့တဲ့သွားရတဲ့ သူတွေကော တွေ့ဖူးလား။ မြင်ဖူးတယ်ဆိုရင် အဲဒီဖြစ်ရပ်ကို ပြောပြပေးနိုင်မလား။
“ရပ်ကွက်ထဲတွေမှာတော့ ရှိတာပေ့ါ။ ဆေးရုံမှတော့ မရှိဘူး။ မျက်စိဆေးရုံ မသွားနိုင်လို့ ကွယ်သွားတာတွေ ဘာတွေ ရှိတာပေါ့။ အဲဒီလို ဖြစ်သွားတာတော့ အများကြီးပေါ့။ ကျနော် ငယ်ငယ်တုန်းက အဖြစ်အပျက်ပေါ့နော်။ ကျနော်နဲ့ တွဲနေတဲ့ မောင်မြင့်ဆိုတဲ့ သူငယ်ချင်းက အဲဒီလို ဖြစ်သွားတာ။ ဘယ်လိုခေါ်မလဲ… အမြင်အာရုံက ပထမတော့ ဝါးတားတားနဲ့ ရေတိမ်ပေါ့။ ရေတိမ်ရှိတယ်ပေါ့။ မွေးရာပါ ရေတိမ်ရှိတာတို့ ဘာတို့ပေါ့။ ရေတိမ်ကို မခွဲတဲ့ အခါကျတော့ ရေတိမ်ပေါက်တာတို့ ဘာတို့ပေါ့။ အဲဒီလိုမျိုး ရှိတယ်။ ရေကွဲတာပေါ့။ အာရုံခံလွှာ ကွယ်သွားတာပေါ့။ အဓိကက ဆေးပညာ မဖွံ့ဖြိုးတာရယ်၊ နေ့စဉ် စားဖို့သောက်ဖို့ကိုချည်း ရှာနေရတာတွေကြောင့်ပေ့ါ”
ဒါတွေဟာ ဘာကြောင့်လို့များ ထင်သလဲဗျ။
“တချို့လူတွေက ဆေးပညာမသိတဲ့ သဘောတွေလည်း ပါတယ်။ နောက်တခုက ဒါတွေက မထူးပါဘူးဆိုတဲ့ သဘောတွေပေါ့။ တချို့ ခန္ဓာကိုယ်မှာဆိုရင် အစာအိမ်တို့၊ အသည်း၊ ကျောက်ကပ်၊ ဘာညာတွေမှာ လူတွေက သိကြတယ်။ မျက်စိကျတော့ တော်ရုံတန်ရုံ မသိဘူး။ အသိ နည်းတယ်။ အသိနည်းလို့ ဖြစ်တာတွေလည်း ပါတယ်”
“နောက်တခုက ဆေးရုံဆေးခန်းကို မလွယ်တကူ မသွားရတဲ့ သဘောတွေလည်း ပါတယ်။ သူတို့သွားရင် အဲဒီရက်အတွက်က အလုပ်ပျက်ပြီ။ သွားလိုက်ရတယ်ဆိုကတည်းက အခမဲ့ဆေးခန်းဆိုပေမယ့်လည်း သိတဲ့အတိုင်းပဲလေ။ နောက် အနည်းဆုံး ဆိုက်ကားနဲ့တော့ သွားဦးမှ။ နောက်ပြီး ဂွမ်းကအစ တချို့နေရာမှာဆို ဝယ်ရတယ်။ နောက်ပြီးတော့ ဆေးပေးပေမယ့် နေ့စဉ် သွားနေရတာလေ။ အဲဒီလိုမျိုးတွေပေါ့လေ။ ဥပမာ TB (အဆုတ်ရောဂါ) ဆိုရင် Dots ပေးနေတယ်ဆိုပေမယ့်လည်း အမြဲသွားသွားကုနေရတဲ့ ကုန်ကျစရိတ်က မလွယ်ဘူး။ အဲဒီလိုမျိုးပေါ့။ ဒီတော့ ဆေးရုံ၊ ဆေးခန်းကို သူတို့က ကြောက်ကို ကြောက်တာ။ ဆေးခန်းကတော့ မပြောနဲ့တော့နော်။ သွားလိုက်တာနဲ့ လက်ထဲမှာ အနည်းဆုံး ပိုက်ဆံမရှိတဲ့သူတောင် အခုခေတ်မှာ ၅ ထောင်၊ တသောင်း ကိုင်ထားမှ ဖြစ်မယ်”
ဒီလိုမကုသနိုင်တဲ့ လူတွေကိုမြင်ရင် ဘယ်လိုခံစားရလဲဗျ။
“ဖီလင်ကတော့ မခံစားနိုင်ဘူးပေါ့ကွာ။ မခံစားနိုင်ဘူးဆိုတာက အမှန်တော့ မခံစားနိုင်တာက ကိုယ့်ခံစားချက်လေ။ ကိုယ်လည်း မတတ်မှ မတတ်နိုင်တာကိုး။ ကိုယ်လည်း မတတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ပြောရမယ်ဆိုရင်တော့ စနစ်ကြောင့် ဖြစ်တဲ့ကိစ္စကိုး။ အဲဒါကြောင့်မို့ ကျနော်က Public Health (ပြည်သူ့ကျန်းမာရေး) ကို မပြောချင်တာပေါ့။ ဟို အခြေခံလူတန်းစားတွေအတွက် လုပ်ပေးရမယ့် ဟာမျိုးတွေ။ ဆေးတို့ဘာတို့က အစပေါ့နော်။ ဘာပဲဖြစ်ဖြစ် လုံခြံုတဲ့ဘဝ။ အဲဒီလောက်ထိတော့ ပေးနိုင်ရမယ်။ ဂွမ်းတို့၊ ပတ်တီးတို့ကအစ ပေးနိုင်ရမှာပေါ့။ အဓိကအားဖြင့် အခြေခံအချက်တွေ အများကြီးပြင်ဖို့ လိုတယ်။ အဲဒါလေးပေါ့”
“နောက်ပြီးတော့ ဆေးရုံဆေးခန်းကို ပြည်သူ့ဆေးရုံတော့ လူတယောက်က ရောဂါရှိရင် သွားပြနိုင်ရမယ်။ သွားလည်း ပြရဲရမယ်။ အဲဒီမှာ ကုန်ကျတဲ့စရိတ်၊ နည်းနည်းပါးပါး ၅ ထောင်၊ တသောင်းလောက်ကတော့ ကုန်ကျခံနိုင်တဲ့ စနစ်မျိုးရောက်အောင်တော့ သူတို့ရဲ့ နေ့စဉ်ကုန်ကျမှုတွေကိုတော့ မြှင့်တင်ပေးဖို့ လိုတယ်။ မြှင့်တင်ပေးဖို့ လိုတယ်ဆိုတာ ရော့ … ဆိုပြီး သံပတ်တပ်ပြီး ပြင်လို့ မရဘူးလေ။ သိတယ်မလား။ သူတို့ရဲ့ အလဟဿ ကုန်နေတဲ့ ဥပမာ .. ညဘက် အလုပ်ဆင်းပြန်ရင် Outside ကားနဲ့ မိတာမျိုးပေါ့။ ဒါမျိုး မဖြစ်စေချင်ဘူး။ လူထု ပို့ဆောင်ရေးကို ည ၉ နာရီ၊ ၁ဝ နာရီ၊ ၁၂ နာရီ လောက်ထိ လုပ်ပေးလိုက်။ အဲဒါမျိုးပေါ့။ နောက်ပြီးတော့ မီးရထားကို အချိန်မှန်မှန် လုပ်ပေးလိုက်။ ဒီလိုအပ်ချက်တွေကို လုပ်ပေးတဲ့အခါ တချို့ဟာတွေ အဆင်ပြေသွားနိုင်တယ်။ ဒါတွေက ကျနော် ဥပမာအနေနဲ့ ပေးတာပါ”
ပြင်ပပုဂ္ဂလိကဆေးရုံတွေနဲ့ ပြည်သူ့ဆေးရုံတွေဟာ ဘာများ ကွာခြားလို့ ပြည်သူ့ဆေးရုံမှာ ကုဖြစ်တာလဲ။
“ကျနော့်အနေနဲ့ ပုဂ္ဂလိကဆေးရုံတွေ တက်လည်း မတက်နိုင်ဘူး။ တက်လည်း မတက်ချင်ဘူး။ ဝုန်းကနဲ ဝုန်းကနဲ ပေးလိုက်ရပြီးမှ ဘာမှလည်း ဟုတ်တာ မဟုတ်ဘူး ဖြစ်နေမှာစိုးလို့။ ကျနော်တို့ကတော့ တကယ့် ပြည်သူ့ဆေးရုံကိုပဲ အားကိုးတယ်။ ယုံလည်း ယုံတယ်။ ပြည်သူ့ဆေးရုံမှာ ကုန်တာလောက်တော့ အကုန်ခံနိုင်တယ်။ အဲဒီလိုမျိုးပေါ့နော်။ မသန့်တာ၊ Service (ဝန်ဆောင်မှု) ညံ့တာတို့ကတော့ အောင့်အည်းသည်းခံရတာပေါ့”
“Care ဂရုစိုက်တာကတော့ Private (ပုဂ္ဂလိက) ကို ပိုယုံတယ်။ ပြည်သူ့ဆေးရုံတွေမှာ ဖြစ်တတ်တဲ့ လှည်းတွန်းတဲ့ ကိစ္စတို့ ဘာတို့ကတော့ ပြဿနာမရှိဘူး။ အဲဒီလောက်တော့ ကုန်နိုင်တယ်။ ပုဂ္ဂလိက ဆေးရုံမျိုးတော့ မကုန်နိုင်ဘူး။ သူတို့တွေက ဘောက်ချာထွက်လာလို့ရှိရင် ဟဲဗီးကြီးတွေ ထွက်လာတာ။ ဘာတွေမှန်းကို မသိဘူး။ ရောဂါလည်း မပျောက်၊ ငွေလည်းကုန်ဖြစ်မှာစိုးလို့ ကျနော်တော့ ပြည်သူ့ဆေးရုံတွေကိုပဲ အားကိုးတယ်”