နယူးဒေလီ ။ ။ မြန်မာနိုင်ငံတွင် အများပြည်သူ ကျန်းမာရေးအတွက် “စရိတ်မျှပေး ကျန်းမာရေး” အစီအစဉ်ကို ပြဋ္ဌာန်းထားသော်လည်း အောင်မြင်မှု မရှိကြောင်း ပြည်သူ့ကျန်းမာရေးအတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းနှင့် လူမှုအခြေပြု အဖွဲ့များက ပြောသည်။
“စရိတ်မျှပေး ကျန်းမာရေး” မူဝါဒကို ချမှတ်လုပ်ကိုင်နေသော်လည်း အဆိုပါမူဝါဒ မမှန်ကန်ခြင်း၊ ပြည်သူများ အနေဖြင့် ဆေးဝါးကုသမှုကုန်ကျစရိတ်များကို မိမိကိုယ်တိုင်ကသာ ကျခံနေခြင်းကြောင့် မအောင်မြင်ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ကျန်းမာရေးနှင့် ပညာရေးကော်မတီတွင် ကျန်းမာရေးစီမံကိန်း ဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့ဖူးသူ ဒေါက်တာသီဟမောင်က မဇ္စျိမကို ပြောသည်။
နာရေးကူညီမှုအသင်း၏ သုခ ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံဟောင်းဖြစ်ကာ လက်ရှိအသင်း၏ ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်ရွှေဇီးကွက်ကမူ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများနှင့် ဆေးကုသခံယူသူ လူနာများ၏ စာရိတ္တပျက်ပြားမှုများက ပြည်သူ့ကျန်းမာရေးအတွက် ထိရောက်အောင်လုပ်ဆောင်ရာတွင် အခက်အခဲဖြစ်စေသည်ဟု သုံးသပ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လူငယ်တာဝန်ခံတဦးဖြစ်သူ မဖြူဖြူသင်းကလည်း လက်ရှိ တိုင်းပြည်၏ စီးပွားရေးချွတ်ခြံုကျမှု၊ ပြဋ္ဌာန်းထားသည့် နိုင်ငံတော်ဘက်ဂျက်တွင် ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲမှုမှာ နည်းပါးနေခြင်းများနှင့်လည်း သက်ဆိုင်နေသည်ဟု ဆိုသည်။
မဖြူဖြူသင်းမှာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် HIV/AIDS နှင့် အတူနေထိုင်သူများအတွက် ဂေဟာ ဖွင့်လှစ်၍ အခမဲ့ ကူညီနေသူလည်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ ကျေးလက်နှင့် ဒေသန္တရ ကျန်းမာရေးဌာနများ တည်ဆောက်ပေးလျက်ရှိပြီး ၁၉၈၈ ခုနှစ်တွင် ကျေးလက်ကျန်းမာရေးဌာန ၁၃၃၇ ခုနှင့် ဒေသန္တရ ကျန်းမာရေးဌာန ၆၄ ခု ရှိခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင် ကျေးလက် ၁၅၀၈ နှင့် ဒေသန္တရ ၈၆ ခုထိ ရှိလာသည်ဟု ၂ဝ၁၁ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် နိုင်ငံတဝန်း ဖွံ့ဖြိုး တိုးတက်လာသော အခြေခံအဆောက်အအုံများ - ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဆောင်းပါးတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စရိတ်မျှပေး ကျန်းမာရေး ဖြစ်ပေါ်လာနိုင်ဖို့အတွက် မအောင်မြင်ရသည့် အကြောင်းအရင်းများ၊ အခက်အခဲများ၊ ပြင်ဆင်သင့်သည့်အချက်များ၊ အစိုးရအနေဖြင့် လုပ်ကိုင်သင့်သည့် အချက်များနှင့် လက်ရှိ ပြဋ္ဌာန်းထားသည့် ကျန်းမာရေးအသုံးစရိတ်အပေါ် အမြင်သဘောထားများကို မဇ္စျိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။
မြန်မာပြည်မှာ “စရိတ်မျှပေး ကျန်းမာရေး”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လုပ်ဆောင်နေတယ် ဆိုပေမယ့် မအောင်မြင်ဘူးဆိုပြီး ပြောဆိုမှုတွေ ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အခမဲ့ ကုသရေးလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းအနေနဲ့ ဘယ်လိုမျိုး သုံးသပ်နိုင်ပါသလဲ။
ဒေါက်တာသီဟမောင်
“စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ဟာက တကယ်တမ်းမှာ ကျနော်တို့ အယူအဆအရ ဖြစ်သင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုးတော့ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ တကယ့်တကယ်တမ်းမှာ ပြည်သူ့ ကျန်းမာရေးမှာ ဆောင်ရွက်ရမယ့်ကိစ္စက လူထုအခြေပြုအဖွဲ့အစည်းတွေကို အခြေခံတဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုတို့၊ နောက် ဒီ့ထက်ပိုလိုအပ်လာလို့ရှိရင် ကျနော်တို့ ဥပမာ ဆေးရုံတွေမှာ Secondary Care ခေါ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေါ့”
“အခု မြန်မာပြည်မှာ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ဟာက ကောင်းသလိုလိုနဲ့ တကယ့်တကယ်တမ်းမှာ ကျတော့ အခု ကြားကြားနေတာက စရိတ်အကုန်ပေး ကျန်းမာရေး ဖြစ်နေတယ်ဗျ။ အကုန်ပေး ကျန်းမာရေးဆိုတာက ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူချင်တဲ့ ဆေးရုံသွားတဲ့သူဟာ ပတ်တီးလိပ်၊ ဂွမ်းလိပ်၊ ဆေး အကုန်ဘာမှမကျန် အကုန်ဝယ်ပေးရတယ်ဆိုတော့ စရိတ်မျှပေး ကျန်းမာရေးဆိုတာက ကျနော်တို့က အမြဲပြောလေ့ရှိတာ စရိတ်အကုန်ပေး ကျန်းမာရေးပေါ့လေ”
“အဲဒီတော့ အဓိက အကျဆုံးကတော့ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းဆိုင်ရာ မူဝါဒမှာ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ ပေါ်လစီမျိုး ပေါ်လာတာဟာ တကယ့်တကယ်တမ်းမှာ မြန်မာပြည်ရဲ့ ကျန်းမာရေး အခြေအနေ၊ ကျန်းမာရေး အဆင့်အတန်းကို မြင့်လာအောင် လုပ်တာနဲ့မတူဘဲနဲ့ ပိုပြီးတော့ ဆိုးသွားအောင် လုပ်တာနဲ့ တူတယ်လို့ ကျနော်တို့ ယူဆပါတယ်”
ဒေါ်ရွှေဇီးကွက်
“ဒါကလေ တာဝန်ယူလုပ်ကိုင်တဲ့ သူတွေမှာလည်း တော်တော် တာဝန်ရှိတယ်။ သူတို့ကလည်း အရမ်းကို မှန်ကန်ရမယ်။ နောက်ပြီးတော့ အကူအညီတောင်းတဲ့ဘက်ကလည်း မှန်ရမယ်။ ကျမတို့ အဲဒီ့ဟာတွေ နှစ်ခုစလုံး အမြဲ ရင်ဆိုင်ရတယ်။ သူတို့ဘက်ကလည်း မှန်အောင် ကြိုးစားရတယ်။ အကူအညီတောင်းတဲ့ ဘက်ကလည်း၊ လူနာတွေဘက်ကလည်း မသမာမှုတွေ ရှိတတ်တယ်။ သူတို့က တကယ်မဆင်းရဲဘဲနဲ့ ဆင်းရဲတယ်ပြောတာ အဲဒါမျိုးတွေလည်း ကြံုရတတ်တယ်”
“ပြီးတော့ ဒီဘက်ကကျတော့လည်း၊ ပေးတဲ့သူတွေကျတော့လည်း တကယ်လို့ ဒီစရိတ်မျှပေး ပိုတဲ့၊ တကယ် ရထားတဲ့ငွေကို တကယ်လိုအပ်တဲ့လူနာတွေကို မျှပြီး သုံးပေးဖို့ မလုပ်ဘဲနဲ့ ကိုယ်ကျိုးအတွက် သုံးလိုက်တာမျိုးတွေ။ ဒါမှမဟုတ်ရင် တခါတလေ တချို့ဆေးရုံမှာ ကြားဖူးတာပေါ့နော်။ လကုန်သွားရင် အဲဒီစရိတ်မျှပေးအတွက် ယူထားတဲ့ ဂွမ်းတွေ၊ ပက်တီးတွေ ဘာညာတွေ အကုန်ရောင်းပြီးတော့ ခွဲဝေယူလိုက်တာမျိုးလည်း ကြားဖူးတယ်။ ကိုယ့်ကို လာပြီးတော့ ကိုယ်နဲ့ ခင်တဲ့သူ ဒါမှမဟုတ် ကိုယ့်ကို လာဘ်ထိုးတဲ့သူအတွက် သုံးပေးလိုက်တာမျိုးတွေလည်း ရှိတယ်”
“အဲဒါတွေက နှစ်ဖက်စလုံးက အရမ်းကို ဖြောင့်မတ်နေမှ အောင်မြင်နိုင်မယ့် ကိစ္စတွေပါ”
မဖြူဖြူသင်း
“အဓိကကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေး ချို့တဲ့လာတာပေါ့နော်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ စရိတ်မျှပေး ကျန်းမာရေးဆိုတာတောင်မှ တော်တော်များများက မတတ်နိုင်ကြတော့ဘူး။ အခုနောက်ပိုင်း တွေ့ရတာကတော့ ဆေးရုံ၊ ဆေးခန်းတွေတောင် လူနာတော်တော်များများ မသွားတော့ဘဲနဲ့ ဒီအတိုင်းကို နေနေကြတာတွေ တွေ့ရတယ်။ အဓိကကတော့ ဘာ့ကြောင့်လဲဆိုရင် ဒီတိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ဆုတ်ယုတ်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ ၀င်ငွေက ကျဆင်းလာတယ်ဆိုတော့ ဒီကျန်းမာရေးကို သူတို့ သိပ်ဂရုမစိုက်တော့ဘူး။ စရိတ်မျှပေးတဲ့ ဟာတောင်မှ သူတို့မှာ မျှပေးနိုင်တဲ့အင်အား မရှိတော့တာကို တွေ့ရတယ်။ အဲဒါကြောင့်မို့ မအောင်မြင်ဘူးလို့ ပြောလို့ရတာပေါ့”
ဒီစနစ်အောင်မြင်ဖို့ လုပ်ဆောင်မယ်ဆိုရင် ဘာတွေက အခက်အခဲတွေ ဖြစ်နေမလဲ။
ဒေါက်တာသီဟမောင်
“ဘာတွေက အခက်အခဲရှိမလဲဆိုတော့ တကယ့်တကယ်တမ်းမှာက ဆေးရုံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုကိုပေးဖို့ဆိုရင် တကယ့် ကျန်းမာရေးအသုံးစရိတ်။ ကျန်းမာရေးအသုံးစရိတ်ကလည်း ခင်ဗျာတို့ သိတဲ့အတိုင်းပဲလေ။ အခု ၂၀၁၁ ခုနှစ်အတွက်ကို ကျန်းမာရေးအသုံးစရိတ်က နိုင်ငံတော် ဘက်ဂျက်မှာ ရှိတဲ့အခါမှာ ကျန်းမာရေးကော ပညာရေးကော နှစ်ခုပေါင်းတောင်မှ စစ်ရေးအသုံးစရိတ်ထက် အဆပေါင်းများစွာနည်းတဲ့ ဥပမာ… ၄၊ ၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ပဲ ဆိုတဲ့အခါကျတော့ ကျန်းမာရေးအသုံးစရိတ် နည်းပါးမှုဟာလည်း ကျန်းမာရေးစောင့်ရှောက်မှုကို အခက်အခဲဖြစ်စေတာလည်း ပါပါတယ်”
“နောက်တဖက်ကလည်း ဘာလဲဆိုလို့ရှိရင် ပုဂ္ဂလိကပေါ့လေ။ Private Sector ကို မြှင့်ပေးရာ များတဲ့အခါမှာ အစိုးရဘက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှု၊ စောစောက ပြောခဲ့တဲ့ အသုံးစရိတ်လို ဟာမျိုးပေါ့လေ။ မများတဲ့အပြင် လျော့လျော့လာတယ်ဆိုတော့၊ ပြင်ပပုဂ္ဂလိက ဆေးခန်းတွေ မှိုလိုပေါက်ပြီးတော့၊ ပြောတာတော့ ရှိတာပေါ့ဗျာ။ နိုင်ငံတကာ အဆင့်မီအောင် အခု ဘာတွေ လုပ်နိုင်တယ်၊ ညာတွေ လုပ်နိုင်တယ်ပေါ့။ ဒါပေမဲ့ တကယ့် ပြည်သူ့ကျန်းမာရေးရှုထောင့်က ကြည့်တဲ့အခါမှာ ပြည်သူလူထုအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ ငွေများ တရားနိုင်ဆိုတာမျိုးဆိုတော့ ငွေရှိမှ ဆေးကုနိုင်မယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်ရတာပေါ့”
“အဲဒီတော့ ဒါတွေဟာ စောစောက ပြောတဲ့ အသုံးစရိတ်ပိုင်းနဲ့လည်း ဆိုင်တယ်။ နောက်တချက်က ပြင်ပ ပုဂ္ဂလိကဆေးရုံတွေပေါ့လေ။ ဆေးရုံတွေ ဆေးကုခန်းတွေကို ဖွင့်ခွင့်၊ ဆောင်ရွက်ခွင့်ကို ဇောင်းပေးတဲ့ အခါမှာ အဲဒီလိုမျိုး ဖြစ်လာတယ်။ အဲဒီတော့ ပြည်သူ့ဆေးရုံတွေမှာ ကြည့်လိုက်မယ်ဆိုရင် ဆေးဝါးမပြည့်စုံတာ ရှိသလို ပြင်ပဆေးရုံ၊ ဆေးခန်းလုပ်ငန်းမှာ ပိုပြီး အောင်မြင်တယ်ဆိုတဲ့အခါကျတော့ ပြည်သူ့ဝန်ထမ်း တချို့တွေလည်းပဲ ဆေးရုံ၊ ဆေးခန်းရဲ့ စောင့်ရှောက်မှုထက် ပြင်ပပုဂ္ဂလိကမှာ၊ အထူးကု ဆေးရုံတွေမှာ လုပ်တာက ပိုပြီးတော့ အဲဒီ့ဘက်ကို စိတ်သန်တဲ့ သဘောမျိုးတွေ ရှိတယ်။ အဲဒါသည်လည်းဘဲ မအောင်မြင်ရတဲ့ အကြောင်းရင်းထဲမှာ ပါတယ်”
ရွှေဇီးကွက်
“လူရဲ့ အကျင့်စာရိတ္တလို့ ပြောရမယ် ထင်တယ်။ လူတွေရဲ့ အကျင့်စာရိတ္တတွေက အတော့်ကို ခြစားနေကြတာ။ စရိတ်မျှပေးဆိုတာကတော့ အမှန်မှန်ကတော့၊ အဓိကကတော့ တတ်နိုင်တဲ့ လူနာဆီက ပိုက်ဆံနည်းနည်း ပိုယူလိုက်တယ်။ ကျမတို့ ဆေးခန်းနဲ့ကျတော့ နည်းနည်းအဆင်ပြေတာက ကျမတို့ ဆေးခန်းက လူတွေကိုပဲ ကျမတို့ ဆေးရုံတွေ ပို့ပါတယ်။ ဆေးရုံတွေပို့ရင် ကျမတို့ကို စရိတ်မျှပေးထဲ ထည့်ပေးတယ်”
“ထည့်ပေးတဲ့ အခါကျတော့ တော်တော်လေး သက်သာသားပဲ။ တယောက်ကို လွန်မှ ၁၅၀၀၀၊ ၂၀၀၀၀ လောက်နဲ့ သူတို့ ပြီးအောင် လုပ်ပေးတယ်။ ကျမ မေးကြည့်တယ်။ ဘာလို့ အဲဒီလောက် သက်သာအောင် လုပ်ပေးနိုင်တာလဲဆိုတော့ ဒါကတဲ့…သူတို့ လူနာတယောက်ကို ဟိုဝှာလုပ်တယ်ဆိုရင် တကယ်လို့ ဂွမ်းက လက်တဝါးလောက်ပဲ လိုရင် အဲဒီ့လက်တဝါးစာပဲ တွက်တယ်။ စပရစ်က လက်သုံုးလုံးလောက်ဘဲ ကုန်တယ်ဆိုရင် အဲဒီလောက်ပဲ အတိအကျ တွက်ပေးတဲ့အတွက် အဲဒီလောက်ပဲ ကုန်တာ”
“စရိတ်မျှပေးကျတော့ သူတို့က ၁၀၀၀၀၊ ၂၀၀၀၀ ကုန်မယ့်သူကို၊ စပရစ် လက်သုံးလုံးလောက်ပဲ ကုန်မယ့် သူကို သူက တပုလင်း၊ ၂ ပုလင်း မှာလိုက်တာပေါ့။ ပိုတာကို သူတို့က သိမ်းထားပေးပြီးတော့ တခြားလူနာကို သုံးပေးရမှာ။ အဲဒီလိုမျိုး သုံးမပေးဘဲနဲ့ ရောင်းစားပစ်လိုက်တာမျိုးတွေ။ မသုံးပေးတဲ့အခါကျတော့ လူနာဘက်ကလည်း တကယ်မလိုအပ်ဘဲနဲ့၊ သူတို့ဘာသာ သူတို့ မဆင်းရဲဘဲနဲ့ ဆင်းရဲတဲ့ပုံစံမျိုးနဲ့ လာပြီးတော့ အကူအညီ တောင်းတာမျိုးတွေမှာ အရမ်းကို နှစ်ဖက်စလုံးရဲ့ စာရိတ္တမှာ အများကြီး တည်ပါတယ်”
မဖြူဖြူသင်း
“အဓိက ပြောမယ်ဆိုရင် ဒီဟာတွေ အောင်မြင်အောင်လုပ်ဖို့ ပြောရမယ်ဆိုရင် နိုင်ငံရေးပဲ ပြန်ရောက်သွားမှပဲ။ နိုင်ငံထဲမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးတွေ ပြေလည်လာမယ်၊ လုပ်ငန်းကိုင်ငန်းတွေ ရှိလာမယ် ဆိုရင်တော့ အားလုံးက ဒီလိုမျိုး သွားလို့ရတာပေါ့။ အခုလက်ရှိ အခြေအနေကတော့ ပြောရမယ်ဆိုရင် နိုင်ငံရဲ့ ဖြန့်ကျက်နေတဲ့ ကိစ္စတွေပေါ့နော်။ အဲဒါတွေကြောင့်မို့လို့ မြင်တယ်။ အခု မြန်မာပြည်ထဲမှာဆိုရင် ပြည်သူတွေ အားလုံးက စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသဖြင့် အားလုံး ချွတ်ခြံုကျတဲ့ အခြေအနေဖြစ်နေပြီလေ”
“နောက်တချက်ကကျတော့ လူတန်းစားဆိုတာကလည်း တအားကြီးကို ကွာခြားသွားပြီ။ ကားရှိတဲ့သူနဲ့ မရှိတဲ့သူပေါ့။ လူလတ်တန်းစားဆိုတဲ့အလွှာက မရှိတော့ဘူး။ မရှိတော့တဲ့အခါကျတော့၊ အားလုံး တော်တော်များများက ပျောက်သွားတဲ့ အခါကျတော့ ဆင်းရဲတဲ့သူတွေကျတော့လည်း တအားကို ဆင်းရဲချို့တဲ့ပြီး ရှိတဲ့သူဆိုရင် တအားရှိနေကြတယ်။ အဲဒီလိုမျိုး နှစ်ခုကွဲသွားတဲ့အခါကျတော့ လူတော်တော်များများက ဒီလိုမျိုး စနစ်ကို အောင်မြင်ဖို့ ဆိုလို့ရှိရင်တော့ အဲဒီစနစ်ကို အောင်မြင်ဖို့့ဆိုတာထက် လက်ရှိလုပ်ရမှာက မြန်မာပြည်ထဲမှာ အခမဲ့ပေါ့နော်”
“ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခုနလို စရိတ်မျှပေးဆိုတာထက် အခမဲ့ ရနိုင်အောင် အစိုးရ အဆင့်ဆင့်ကနေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေလိမ့်မယ်လို့ မြင်တယ်။ ဒီအတိုင်း ဆက်သွားနေရင်တော့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး”
ဒီစနစ်အောင်မြင်အောင် ကိုယ်တိုင်လုပ်ဆောင်ရမယ်ဆိုရင် ဘယ်အချက်တွေကို အရင်ပြင်ဆင်ချင်သလဲ။
ဒေါက်တာသီဟမောင်
“ကျနော် ပြည်တွင်းမှာတုန်းကလည်းပဲ နိုင်ငံဝန်ထမ်းအနေနဲ့လည်း ဆောင်ရွက်ခဲ့ဘူးတယ်။ နောက် ပြည်ပရောက်တဲ့ အခါမှာလည်း နိုင်ငံတကာ အတွေ့အကြံုတွေပေါ်မှာ မူတည်ပြီး ပြောမယ်ဆိုရင် တကယ့် တကယ်တမ်းမှာ ကျန်းမာရေး စောင့်ရှောက်မှုကို အားလုံး အခမဲ့နဲ့ အခမဲ့ ဆေးဝါးကုသရေးဆိုတာဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးဖို့ ကြိုးစားနေတဲ့ နိုင်ငံအနေနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး’’
“အဲဒီတော့ ဖွံ့ဖြိုးတဲ့နိုင်ငံတွေ တောင်မှ နိုင်ငံတကာ အတွေ့အကြံုတွေပေါ် မူတည်ပြီး ပြောမယ်ဆိုရင် ကျန်းမာရေး Health Insurance (ကျန်းမာရေးအာမခံ) ပေါ့လေ။ အဲဒီလိုမျိုးပေါ့လေ။ ကျန်းမာရေး စောင့်ရှောက်မှုကို မျှပြီးတော့ ခံတဲ့၊ ဥပမာဆိုပါတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာ ဆိုလို့ရှိရင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် Life Insurance Policy ၊ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတခုပေါ့ဗျာ”
“ဥပမာပြောရရင် ထိုင်ဝမ်မှာဆိုလိုရှိရင် “ကျင့်ပေါင်” လို့ သူတို့ခေါ်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာမခံကြေးပေါ့လေ။ လူတိုင်းက ပေးရတယ်။ ပြီးတဲ့အခါကျလို့ရှိရင် နိုင်ငံတော်က ဆောင်းပေးတဲ့ငွေနဲ့ အဲဒီ ကိုယ်ထည့် ၀င်ထားတဲ့ငွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပြန်ပြီးတော့ ကူညီပေးတယ်ပေါ့လေ။ ဒါက မြန်မာပြည်မှာ လုပ်တဲ့ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့ တခုရှိတဲ့ဥစ္စာက ပြည်သူလူထုပိုင်းကလည်း တတ်နိုင်သလောက် ကိုယ့်ရဲ့ ၀င်ငွေ အနည်းအများပေါ်မှာ မူတည်ပြီးတော့ အချိုးကျထည့်ဝင်ရသလို နိုင်ငံတော် အစိုးရကနေပြီးတော့ ကျခံတာလည်း ရှိတယ်ပေါ့လေ”
“ဒါပေမဲ့ လုံးဝ မတတ်နိုင်တဲ့ ဥပမာ ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် ကျနော်တို့ တချို့ သိပ်ဆင်းရဲတဲ့ လူတွေဆိုရင် ဆေးရုံမှာ အကျိုးအကြောင်း ဆီဆီလျော်လျော် ခိုင်ခိုင်လုံလုံနဲ့ ပြောပြလို့ရှိရင် ဆေးဝါးကုသမှု ကုန်ကျစရိတ် နည်းနည်းပါးပါးပဲ ကျခံစေတာတို့၊ နောက် သိပ်ဆင်းရဲလွန်းမက ဆင်းရဲရင်လည်းဘဲ အခမဲ့ ဆေးကုသပေးတာတို့ အဲဒီလိုမျိုးတွေ ရှိတယ်ခင်ဗျ။ အဲဒီတော့ ကျနော်ဆိုလိုတာက စရိတ်မျှပေး ကျန်းမာရေး ဆိုတာကို တကယ် ထိထိရောက်ရောက် လုပ်မယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်သူ့ ဆေးရုံတွေမှာ တစုံတခုသော အတိုင်းအတာအထိ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းအောင် လုပ်ပေးဖို့ဆိုရင် တချို့ဝင်ငွေကောင်းတဲ့၊ ဒါမှမဟုတ်ရင်လည်းပဲ အစိုးရကနေပြီးတော့ ၀င်ငွေထဲက ကျခံစေတဲ့ ကျန်းမာရေး အာမခံကြေးထည့်ဝင်မှုစနစ် အဲဒီလိုမျိုးတွေ လုပ်ပေးမယ်ဆိုရင်တော့ စရိတ်မျှပေး ကျန်းမာရေးက အောင်မြင်လာနိုင်မယ်”
ရွှေဇီးကွက်
“ကျမတို့က အခု လုပ်ရင်းလုပ်ရင်းနဲ့ပေါ့။ ကျမတို့ အသုဘချတယ်။ အသုဘချတဲ့အခါမှာ ဘာမြင်လာသလဲဆိုတော့ လူတွေဟာ မသေသင့်ဘဲ သေရတယ်။ ဆေးမကုနိုင်လို့။ အဲဒါနဲ့ ကျမတို့က လူတွေကို ဆေးကုတဲ့ဟာကို ဆက်လုပ်လာတယ်။ ဆက်လုပ်လာတဲ့ အခါကျတော့ လူတွေဟာ သူတို့မှာ ဗဟုသုတ နည်းလို့ မနာသင့်ဘဲ နာတာကို မြင်လာတယ်။ အဲဒါကြောင့် ကျမတို့ ပညာရေးဘက်ကို ထပ်ကူးလာတာပေါ့”
“အသုဘကိစ္စတုန်းကတော့ လူတွေရဲ့ မသမာမှုကို ကျမတို့ သိပ်မတွေ့ရဘဲနဲ့ လူနာတွေဘက်ကလည်း တော်တော်လေးကို အတ္တကြီးတာတွေကို ကျမတို့ မြင်လာတယ်။ အဲဒါလေးကို မြင်လာတဲ့အခါကျတော့ ကျမတို့က ဘာလုပ်ရသလဲဆိုတော့ အခု လူတွေရဲ့ စာရိတ္တတွေကိုပါ ပြင်ဖို့ ကြိုးစားနေတယ်။ နိုင်သလောက်ပေါ့နော်။ ကျမတို့အသင်းနဲ့ ဆက်စပ်မိတဲ့သူတွေက ကျမတို့ရဲ့ စည်းကမ်း။ ကျမတို့ စည်းကမ်းကလည်း အားလုံးအတွက် တပြေးညီသွားမယ့် စည်းကမ်း။ အဲဒီစည်းကမ်းထဲကို ၀င်အောင်၊ နေနိုင်အောင်လို့ ကျမတို့ ကြိုးစားတယ်။ ကျမတို့ဘက်ကလည်း တပြေးညီ အားလုံးကို ပြန်ဆက်ဆံနိုင်ဖို့ ကြိုးစားနေပါတယ်”
“အဲဒီမှာ အားလုံးက တပြေးညီ ကိုယ့်အတ္တကို ရှေ့တန်းမတင်ကြဘဲနဲ့ ကိုယ်ရသင့်ရထိုက်တဲ့နေရာမှာ ရသင့် ရထိုက်သလောက်ကိုပဲ ယူပြီးတော့ ပိုယူဖို့ မကြိုးစားတဲ့အကျင့်ကို ရအောင် ကျမတို့ ကြိုးစားနေတယ်။ ကိုယ့်အသင်းသူ အသင်းသားတွေလည်း ရအောင်လုပ်နေသလို ကျမတို့နဲ့ ဆက်စပ်လာတဲ့သူတွေကိုလည်း ကျမတို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲပေးနေပါတယ်”
မဖြူဖြူသင်း
“အဓိကတော့ ခုနပြောလိုဘဲ ပြည်သူတွေ စားဝတ်နေရေး ပြေလည်အောင်လုပ်ပြီးတော့မှဘဲ ဒီစနစ်ကို သွားလို့ရမယ် မြင်တယ်။ အခုလောလောဆယ်ကတော့ မမြင်ဘူး။ ကျမတို့ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေပေါ့နော်။ ကျမတို့ ၂၀၀၂ ကနေစပြီး ဒီကနေ့အထိ လုပ်လာတဲ့ခြေအနေမှာ ပြည်သူလူထုရဲ့ အခြေအနေက တဖြည်းဖြည်း ဆိုးဝါးလာတာကို တွေ့ရတယ်”
“ဘာ့ကြောင့်လဲဆိုတော့ ကျမတို့ ၂၀၀၂ တုန်းကဆိုရင် လူနာတွေကို ကူညီပေးရုံနဲ့တင်ကို အဆင်ပြေတယ်။ သူတို့ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင်လုပ်ပေးမယ်၊ ဆေးဝါးဘယ်နေရာမှာ ရနိုင်တယ်၊ ဘယ်နေရာမှာ ၀ယ်လို့ရတယ်၊ ဒီရောဂါ ဘယ်လိုကုသနိုင်တယ်။ ဒီလောက်ပြောတာနဲ့ကို လူတွေ အကုန်လုံးက ကိုယ့်စရိတ်နဲ့ကိုယ် တတ်နိုင်ကြတယ်။ အခုနောက်ပိုင်း တွေ့ရတာကတော့ လူတွေ အကုန်လုံးက ဆေးဝါးကုသဖို့နေနေသာသာ ဘယ်လိုတွေ ဖြစ်လာသလဲဆိုတော့ တချို့ဆိုရင် ဆေးဝါးကုသခံယူချင်တယ်။ ဆေးဝါးခ မပြောနဲ့ ခရီးစရိ်တ်တောင် မရှိတဲ့ မြန်မာပြည်လက်ရှိ အခြေအနေက အဲဒီလို ဖြစ်နေတဲ့အခါကျတော့ ဒိလိုစနစ်မျိုးသွားဖို့ဆိုတာ လက်ရှိ အခြေအနေအရ တော်တော်ကြီး ခက်လိမ့်မယ်လို့ ကျမ ထင်တယ်’’
“အဓိက လုပ်ပေးနိုင်မယ်ဆိုရင်တော့ နိုင်ငံတကာမှာလိုပဲ အစိုးရတရပ်အနေနဲ့က ကိုယ့်ပြည်သူလူထုရဲ့ ကျန်းမာရေး၊ အခြေခံကျန်းမာရေးတွေကို အခမဲ့လိုပုံစံမျိုး လုပ်ပေးနိုင်မှပဲ မြန်မာပြည်အခြေအနေနဲ့ သင့်တော်မယ်လို့ ထင်တယ်”
စရိတ်မျှပေး ကျန်းမာရေးစနစ် အောင်မြင်နိုင်ဖို့အတွက် အစိုးရကိုကော ဘာတွေ တိုက်တွန်းချင်သလဲ။
ဒေါက်တာသီဟမောင်
“ကျနော် ကျန်းမာရေးနယ်ပယ်မှာ ကျင်လည်ခဲ့တဲ့ သူတယောက်အနေနဲ့ နိုင်ငံတော်အစိုးရမှာ ဘာလုပ်ရမယ် ဆိုတဲ့တာဝန် သူတို့ ပိုသိပါတယ်။ ကျနော်တို့ ကျန်းမာရေး ၀န်ထမ်းတွေအနေနဲ့ကတော့ ကျန်းမာရေး အသုံးစရိတ်ကို နိုင်ငံတော်မှာရှိတဲ့ ဘက်ဂျက်အသုံးစရိတ်က ကျန်းမာရေး စောင့်ရှောက်မှုထက်ကို ရှိသင့်ရှိထိုက်တဲ့ အချိုးအစားကို ချပေးဖို့ လိုတယ်”
“နောက်တချက်က နိုင်ငံတော်အစိုးရက ပြင်ပ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းတွေကို သိပ်ပြီးတော့ ဇောင်းပေးပြီးတော့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ အစိုးရဆေးရုံတွေမှာ ၀န်ဆောင်မှုလုပ်ငန်းကို အားနည်းစေတာမျိုးကိုလည်း မဖြစ်သင့်ပါဘူး”
“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကြည့်တဲ့အခါမှာ ပြင်ပပုဂ္ဂလိကဆေးရုံတွေမှာ ပိုက်ဆရှိရင် ဘာမဆို အကုန်လုပ်လို့ရတယ်ဆိုပေမယ့် ပြည်သူ့ဆေးရုံတွေမှာ ဗလာနတ္ထိဘဲ ဆိုတဲ့အခါကျတော့ ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်း မခံယူနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့”
ရွှေဇီးကွက်
“အမှန်မှန်ကတော့ အစိုးရအနေနဲ့ စရိတ်မျှပေး မထားသင့်ဘူးပေါ့နော်။ သြစတြေးလျလိုမျိုး လူနာတွေကို အကုန်ကုပေးနိုင်ရင်တော့ ကောင်းတာပေါ့။ သူတို့အနေနဲ့လည်း ကျမတို့နိုင်ငံက သယံဇာတပေါတဲ့ နိုင်ငံပါ။ သယံဇာပေါတဲ့ နိုင်ငံဆိုတော့ ပြည်သူလူထုအပေါ်မှာ ပုံမချထားဘဲနဲ့ သူတို့ဘက်ကလည်း အတတ်နိုင်ဆုံး လုပ်သင့်ပါတယ်”
“သူတို့လည်း ဒီသယံဇာတတွေ ရောင်းလို့ရတဲ့ငွေတွေနဲ့ ကျမတို့ရဲ့ပညာရေး။ အဓိကကတော့ စာရိတ္တနော်။ တိုင်းပြည်အတွက် လိုအပ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကိုတော့ ဒီ့ထက် အများကြီး ဘက်ဂျက်ကို သုံးပေးနိုင်ရင်တော့ ဒီကိစ္စတွေက နည်းနည်း ပိုပြီးတော့ အဆင်ပြေလာမှာပေါ့။ အခုက အချင်းချင်း ကူရတဲ့ကြားမှာ အချင်းချင်းကလည်း မနိုင်မနင်း ကူရသလိုတွေ ဖြစ်နေကြလို့ပါ”
မဖြူဖြူသင်း
“ဘာတွေတိုက်တွန်းချင်သလဲဆိုတော့ အမှန်တကယ်ဆိုရင်တော့ အများကြီးပါ။ မြန်မာပြည်မှာ လုပ်ရမယ့်ဟာက အစိုးသစ်တရပ်အနေနဲ့ ဘာပဲပြောပြော ပြည်သူလူထုက ရွေးချယ်တင်မြှောက်တယ်ပဲ ပြောပြော၊ မတရားအသင်း အစိုးရလို့ပဲ ပြောပြော ဒါက အစိုးရတရပ် ဖြစ်သွားပြီပေါ့နော်။ ဒါ ပကတိ အခြေအနေတရားကိုး။ သူတို့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေက အများကြီးပဲ”
“ဘာ့ကြောင့်လဲဆိုတော့ ကျမတို့ တနိုင်ငံလုံးအနေနဲ့ ဖြစ်ပျက်နေတာပေါ့နော်။ တိုင်းနဲ့ ပြည်နယ်အနှံ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတယ်လို့တောင် ပြောလို့မရဘူး။ လုံးဝကို မရှိသလောက် ဖြစ်နေပြီ။ ဒီရန်ကုန်ဒေသတွေမှာဆိုရင် ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးဝါးတွေလည်း မရှိဘူး။ ပြောရရင်တော့ ကျန်းမာရေးအနေနဲ့ လုပ်မယ်ဆိုရင် အများကြီး လုပ်ရမှာ။ ပညာပေးမှုအပိုင်းတွေ၊ ဆေးဝါးရရှိမှုအပိုင်းတွေ၊ တချို့ဆိုရင် ကျမတို့လုပ်နေတဲ့ HIV တင် မဟုတ်ဘူး။ တချို့ဆိုလို့ရှိရင် မသေဆုံးသင့်ဘဲနဲ့ သေဆုံးနေတယ်ပေါ့နော်။ ၀မ်းလျှောတာနဲ့လည်း သေနေကြတာပဲ မြန်မာပြည်မှာ”
“နောက်တခုက ကလေးတွေ။ အခုနောက်ပိုင်းဆိုလို့ရှိရင် ကလေးမွေးဖွားမှုနှုန်းနဲ့ သေဆုံးနေတဲ့ကလေးတွေ အများကြီးပဲ။ အခုနောက်ပိုင်းဆိုရင် တွေ့နေရတယ်။ မြန်မာပြည်မှာက ဘာတွေလုပ်ရမလဲဆိုရင် အစိုးရတရပ်အနေနဲ့ ဒီကျန်းမာရေးကို အခြေခံကစပြီး တတိုင်းတပြည်လုံးအနေနဲ့ တခုချင်းစီပေါ့နော်။ စနစ်တကျ တခုချင်း ပြောင်းလဲသွားနိုင်မှဘဲ အဆင်ပြေလိမ့်မယ်လို့ မြင်တယ်”
အခု ပြဋ္ဌာန်းလိုက်တဲ့ ကျန်းမာရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီးကော ဘယ်လို မြင်ပါသလဲ။
ဒေါက်တာသီဟမောင်
“တကယ်ပြောမယ်ဆိုရင် စောစောက ကျနော်ပြောခဲ့သလိုပါပဲ။ ကျန်းမာရေး၊ ပညာရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ မရှိမဖြစ် အသုံးပြုရမယ့်၊ ခွင့်ပြုရမယ့်၊ သုံးစွဲရမယ့် စရိတ်တွေလေဗျာ။ ထို့အတူ နိုင်ငံတော် ကာကွယ်ရေး ဆိုတာကလည်းပဲ နိုင်ငံတော်ရဲ့ လုံခြံုရေးကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးမှာ ရှိတယ်ဆိုလို့ရှိရင်တော့ နိုင်ငံတော်အသုံးစရိတ်၊ စစ်စရိတ်ဆိုတာဟာ သုံးစွဲသင့်ထိုက်တဲ့ စရိတ်မျိုးပဲပေါ့လေ”
“ဒါပေမဲ့ နိုင်ငံတော်ကို ပြန်ထူထောင်နေတဲ့ အပိုင်းမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မြင့်မားစေချင်တယ်ဆိုရင်တော့ အချိုးမညီတဲ့ ဘက်ဂျက်ခွဲဝေချထားမှုတွေကတော့ မဖြစ်သင့်ဘူးလို့ ကျနော် ယူဆပါတယ်’’
ရွှေဇီးကွက်
“ကျမပြောချင်တာကတော့ ဒီ့ထက်ပိုသုံးပေးစေချင်တာပေါ့ ဘက်ဂျက်ကို။ တိုင်းပြည်အတွက် တကယ် လိုအပ်နေတဲ့ ဒီ့ထက်ပို သုံးပေးစေချင်တာပါပဲ။ သုံးမယ်ဆိုရင် တကယ့်ကို ထိထိရောက်ရောက်ပေါ့နော်။ တကယ်လိုအပ်တဲ့ ပြည်သူတွေဆီရောက်အောင် သုံးပေးစေချင်တာပေါ့နော်။ ချပေးလိုက်ပြီး ကြားထဲက စားသွားတာမျိုးလည်း မဖြစ်အောင်လို့ ကျမ အဲဒါပြောတာပါ။ ကူညီခံတဲ့ဘက်ကကော၊ ကူညီတဲ့ဘက်ကကော နှစ်ဖက်စလုံးက စာရိတ္တတွေက ဖြောင့်မတ်နေရမှာ”
“ဘက်ဂျက်ကတော့ ချပေးလိုက်ပါပြီ။ ပြည်သူလူထုဆီ မရောက်ဘူးဆိုတာလည်း မဖြစ်စေချင်ဘူးပေါ့။ တကယ်ကို လူနာတွေဆီ ရောက်တဲ့ စနစ်မျိုးနဲ့ လုပ်စေချင်ပါတယ်”
မဖြူဖြူသင်း
“ဟုတ်တယ်။ ဘတ်ဂျက်တွေမှာတော့ အမှန်တကယ် ကျန်းမာရေးနဲ့ပတ်သက်ပြီး နည်းနေတယ်။ သူတို့ စစ်အသုံးစရိတ်တွေ များတယ်ပေါ့နော်။ သူတို့ ပြဋ္ဌာန်းထားတဲ့အထဲမှာ။ အမှန်တကယ်ကတော့ နိုင်ငံတနိုင်ငံမှာတော့ ကျန်းမာရေး၊ ပညာရေး ဒါတွေကို အဓိကထားပြီးတော့ ဘက်ဂျက်တွေကို အများကြီး ပြဋ္ဌာန်းထားရမယ်။ ဒါ တိုင်းပြည်အတွက် အရမ်းကို အရေးကြီးတဲ့ အခြေအနေပေါ့နော်။ ကျန်းမာရေးကြောင့် လူငယ်တွေ မသေသင့်ဘဲ သေဆုံးနေတယ်။ ဒါဟာ ကျမတို့က ကျန်းမာရေးကိုလည်း အဓိကထားပြီးတော့ ဘက်ဂျက်အနေနဲ့ များများစားစား ထားပြီး သုံးစွဲသင့်တယ်လို့”
“နောက် ပညာရေးကဏ္ဍပေါ့။ ပညာရေးကဏ္ဍမှာလည်း တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပညာရေး ကောင်းမှပဲ ဒီတိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာပါ။ အဲဒီအတွက် အများကြီးထားဖို့ လိုအပ်ပါတယ်။ ကျမတို့ တိုင်းပြည်မှာကတော့ ဘတ်ဂျက်ဆွဲတဲ့အခါမှာ အဲဒါတွေ အလွန်အားနည်းနေတာ တွေ့နေရပါတယ်’’