စာရေးဆရာ အောင်သင်း၊ ထိုင်းနိုင်ငံအခြေစိုက် Thinking Class Foundation ဒါရိုက်တာ ဒေါက်တာ သိန်းလွင်တို့ကို မေးမြန်းထားခြင်း ဖြစ်သည်။ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ စာရေးဆရာ အောင်သင်း၊ ထိုင်းနိုင်ငံအခြေစိုက် Thinking Class Foundation ဒါရိုက်တာ ဒေါက်တာ သိန်းလွင်တို့ကို မေးမြန်းထားခြင်း ဖြစ်သည်။
ဆရာအောင်သင်းမှာ အလယ်တန််းပြဆရာ၊ မော်လမြိုင်ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် နှစ်ပေါင်း ၂ဝ နီးပါး ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဒေါက်တာသိန်းလွင်မှာ အင်္ဂလန်မှ ပညာရေးဆိုင်ရာ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ရရှိခဲ့ပြီး၊ ပြည်တွင်း၌ နေထိုင်ခဲ့စဉ် တွဲဖက်ကျောင်း၊ အလွတ်ပညာသင်ကျောင်းများ၌ ၉ နှစ်ကျော် အလယ်တန်းပြဆရာ လုပ်ကိုင်ခဲ့သည်။ ၂ဝဝဝ ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ်စပ် အခြေခံ၍ နယ်စပ်ဒေသရှိ ပုဂ္ဂလိက ကျေးလက်ကျောင်းများ၌ သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဆရာဆရာမများကို သင်ကြားမှုပိုင်းဆိုင်ရာ နည်းပညာများကို ပို့ချပေးခြင်းကို လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း မြန်မာပြည်မှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အခမဲ့ကျောင်း ဖွင့်ပေးထားပြီး၊ ထိုင်းနှင့် အင်္ဂလိပ်ဘာသာများ၊ ကွန်ပြူတာပညာရပ်များ သင်ကြားပေးလျက်ရှိသည်။
အခမဲ့ပညာရေးစနစ်တခုရဲ့ ကောင်းကျိုးဆိုးပြစ် သက်ရောက်မှုတွေ ရှိတယ်ဆိုရင် ဘယ်လိုအချက်တွေ ဖြစ်နိုင်မလဲ။
ဆရာအောင်သင်း
“အခမဲ့ပညာရေးစနစ်က မူလတန်း၊ အလယ်တန်းအထိအောင် ကောင်းတယ်လို့ ထင်တယ်။ ဒါ လူတိုင်း မတက်မနေရ မူလတန်းကျောင်း ဘာညာဆိုတော့ အခမဲ့ပညာရေး ကောင်းပါတယ်။ ဒါပေမဲ့ အထက်တန်းတို့၊ တက္ကသိုလ်တို့ဆိုရင် အခမဲ့ပညာရေးထက် ပိုက်ဆံယူတာ ပိုကောင်းမယ်လို့ ကျနော်ထင်တယ်။ ဘာ့လို့တုန်းဆိုတော့ ပညာရေးအတွက်ကို အစိုးရပေးနိုင်တဲ့ ငွေပမာဏနှုန်းထား ဘယ်လောက်ရှိသလဲ။ အစအဆုံးကို လုပ်ပေးနေရင် အစိုးရက အဲဒီလောက်ထိတောင် ဘက်ဂျက်က မပေးနိုင်ဘူးလို့ ထင်တယ်။ အဲဒီတော့ အထက်တန်းနဲ့ တက္ကသိုလ်မှာဖြင့် အခမဲ့ပညာရေး မဟုတ်ဘဲနဲ့ ပြည်သူဆီကလည်းပဲ၊ ကျောင်းသားကျောင်းသူဆီကလည်းပဲ ငွေယူသင့်တယ်လို့ ထင်တယ်”
“ဒါမှ ငွေဖောဖောသီသီ သုံးနိုင်လေလေ၊ ပညာရေးအဆင့် မြင့်လေလေပဲ။ ဥပမာဆိုရသော် ပစ္စည်းပစ္စယ ဝယ်တာတွေ၊ ဥပမာ ဓာတ်ခွဲခန်းတွေလိုဟာမျိုး လက်တွေ့စမ်းသပ်ခန်းတွေလိုဟာမျိုး၊ အဲဒါမျိုးတွေကျရင် ငွေကုန်ကြေးကျ သိပ်များတယ်။ များတော့ အစိုးရတခုထဲ၊ ပညာရေးဌာနတခုထဲနဲ့ အခမဲ့ယူသွားလို့ ရနိုင်တယ်လို့ မထင်ဘူး။ ဒါကြောင့်မို့လို့ အထက်တန်းနဲ့ တက္ကသိုလ်ပညာရေးမှာတော့ဖြင့် အခမဲ့နဲ့ မဟုတ်ဘဲနဲ့ ကျောင်းသား၊ ကျောင်းသူတွေဆီက ငွေကောက်ခံသင့်တယ်လို့ ကျနော် ထင်တယ်။ သို့သော် မူလတန်း၊ အလယ်တန်းလောက်ကိုတော့ အခမဲ့ပညာရေး လုပ်ပေးသင့်တယ်လို့ ထင်တာပဲ”
ဒေါက်တာသိန်းလွင်
“ကျနော်တို့နိုင်ငံမှာ အခမဲ့ပညာရေးစနစ်က ဆောင်ရွက်သင့်တယ်။ အခမဲ့ပညာရေးဆောင်ရွက်မှ၊ အခမဲ့ ပညာရေးကို ဥပဒေပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်သင့်တယ်။ ဒါမှ ကလေးတိုင်း၊ ကလေးတိုင်းက ကျောင်းနေနိုင်တဲ့ အခွင့်အရေး ရမယ်။ ဒါပေမဲ့ လက်ရှိမှာတော့ မြန်မာနိုင်ငံ ပညာရေးဥပဒေမှာတော့ မူလတန်းပညာရေးဟာ အခမဲ့ပညာရေးပဲ။ ကျနော်တို့က အခမဲ့ပညာရေး ဖြစ်ရုံမျှမက မသင်မနေရဥပဒေ ပြဋ္ဌာန်းသတ်မှတ်သင့်တယ်။ ဒီ မသင်မနေရ ပညာရေးဖြစ်မှ”
“အခုက မြန်မာနို်င်ငံဥပဒေမှာတော့ မသင်မနေရ ပညာရေးကတော့ မူလတန်းအဆင့်မှာ ရှိတယ်။ ဒါပေမဲ့ လက်တွေ့မှာ အကောင်အထည် မပေါ်ဘူး။ အကောင်အထည် မဖော်တဲ့အတွက် မြို့ပေါ်မှာလည်း ကျောင်းမနေဘဲ လမ်းဘေးမှာ နေတဲ့ကလေးတွေ အများကြီးရှိတယ်။ အထူးသဖြင့် ကျေးရွာတွေ၊ နယ်စပ်တွေမှာ၊ မြို့နဲ့ဝေးတဲ့ ဒေသတွေမှာ ကျောင်းမနေရတဲ့ ကလေးတွေ အများကြီး ရှိတယ်။ အဲဒီအတွက် ကျနော်တို့က မသင်မနေရ ပညာရေး သတ်မှတ်ရမယ်။ မသင်မနေရ ပညာရေးဟာ အခမဲ့ ဖြစ်ရမယ်။ အခမဲ့ဖြစ်မှ လူတိုင်းက တတ်နိုင်မယ်လေ”
“မသင်မနေရ ပညာရေးမှာ လခပေးရမယ်၊ တခုခု ပိုက်ဆံပေးရမယ်ဆိုရင် ဒါ မိဘတွေမှာ အခက်အခဲ ရှိနိုင်တယ်။ အဲဒီတော့ မသင်မနေရ ပညာရေးဥပဒေ ပြဋ္ဌာန်းသင့်တယ်။ အဲဒီမသင်မနေရ ပညာရေးက အခမဲ့ ဖြစ်ရမယ်။ မသင်မနေရ ပညာရေးမှာဆိုရင် နိုင်ငံတကာမှာ အနိမ့်ဆုံးစံက၊ ကုလသမဂ္ဂရဲ့ အနိမ့်ဆုံးစံက အနည်းဆုံး စာသင်နှစ် ၉ နှစ်ပေါ့။ ကလေးအသက် ၁၅ နှစ်ရှိတဲ့အထိက အနိမ့်ဆုံးစံ သတ်မှတ်ထားတယ်။ အဲဒါ နိုင်ငံတိုင်းက လိုက်နာနိုင်ဖို့ပေါ့။ ကုလသမဂ္ဂကနေ ဆော်သြပြီးတော့ ဆောင်ရွက်နေတာ ဖြစ်တယ်”
“အင်မတန် ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတော့ ကလေးအသက် ၁၆ နှစ်အထိ၊ ထိုင်းနိုင်ငံမှာဆိုရင် ကလေးအသက် ၁၆ နှစ်၊ ၁၇ နှစ်၊ ၁၂ တန်း အောင်တဲ့အထိက မသင်မနေရ ပညာရေး မြို့ပေါ်မှာ ဖြစ်တယ်။ တောင်ပေါ်တွေမှာ ၉ နှစ်အထိက မသင်မနေရ ပညာရေး ဖြစ်တယ်။ အင်္ဂလန်မှာဆိုရင် ၁၁ နှစ်အထိက မသင်မနေရ ပညာရေး ဖြစ်တယ်။ အဲဒီ ကျောင်းနေရမယ့် အရွယ်အားလုံးက ကျောင်းမှာ ရှိရမယ်။ မိဘက ကလေးကို ကျောင်းမလွှတ်လို့ မရဘူး။ မိဘက ကျောင်းမလွှတ်ရင် အရေးယူခံရတယ်။ နောက် အဲဒီကျောင်းနေရမယ့် အရွယ်မှာ ကလေးကို အလုပ်ခိုင်းရင် အလုပ်ခိုင်းတဲ့သူက ဥပဒေအရ အရေးယူခံရမယ်”
“အဲဒီတော့ ကျနော်တို့က မြန်မာနိုင်ငံမှာ အဲဒီလိုပဲ မသင်မနေရ ပညာရေးကို အနိမ့်ဆုံးပေါ့… ကုလသမဂ္ဂ သတ်မှတ်တဲ့ စံအထိ မသင်မနေရ ပညာရေးကို ဥပဒေပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်သင့်တယ်။ အဲဒီ မသင်မနေရ ပညာရေး အကောင်အထည် ဖော်ဖို့အတွက် အခမဲ့ ဖြစ်ရမယ်။ အစိုးရအနေနဲ့ ကလေးတွေ ကျောင်းနေနိုင်အောင် ပံ့ပိုးပေးရမယ်”
ဘယ်လိုနိုင်ငံမျိုးတွေမှာ အခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးလေ့ရှိသလဲ။
ဆရာအောင်သင်း
“အဲဒါကတော့ ချို့တဲ့သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေပေါ့လေ။ တကယ်လို့ ဥပမာဆိုပါတော့…ကျနော် ပြောချင်တာက မူလတန်းလိုဟာမျိုး၊ အလယ်တန်းလိုဟာမျိုးပေါ့။ မသင်မနေရ ဆိုတာမျိုးပေါ့။ အဲဒါမျိုးတွေကတော့ လူတိုင်း သင်နိုင်အောင်လို့ အခမဲ့ပညာရေး လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ခုနက ပြောတဲ့ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ကျနော်ပြောချင်တာက အထက်တန်းနဲ့ တက္ကသိုလ် အဆင့်မှာဖြင့် ပညာရေးအဆင့်မြင့်အောင် ပစ္စည်းကိရိယာများလေလေ ဥပမာ… စာကြည့်တိုက်ကြီးတွေ၊ စမ်းသပ်ခန်းကြီးတွေ၊ ဓာတ်ခွဲခန်းကြီးတွေ အဲဒါမျိုးကြီးတွေ လုပ်မယ်ဆိုရင် ဒီငွေကို အစိုးရတခုထဲက ထမ်းနိုင်ဖို့ မလွယ်ဘူး”
“ဒါ့ကြောင့်မို့လို့ ကျနော့်စိတ်ထဲမှာ အခကြေးငွေ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သူတို့ဟာ ပညာရဲ့ တန်ဖိုးကို မြတ်နိုးစွာ လုပ်တာ၊ အခမဲ့မဟုတ်ဘဲနဲ့ ဒီဥစ္စာကို ကျောင်းသားဆီက၊ ကျောင်းသူဆီက ပြန်ပြီးလိုလိမ့်မယ်လို့ ကျနော် ထင်ပါတယ်”
ဒေါက်တာသိန်းလွင်
“ပညာရေးကို ဦးစားပေးတဲ့ နိုင်ငံတွေပေါ့။ ပညာရေးက နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်။ ပညာရေးက အနာဂတ် ဖြစ်တယ်။ အဲဒီလို ယုံကြည်တဲ့နိုင်ငံက ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မသင်မနေရ ပညာရေး ချမှတ်ပြီးတော့ ပညာရေးကို အခမဲ့လုပ်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေလည်း အလားတူပဲ။ မသင်မနေရ ပညာရေးက အခမဲ့ ဖြစ်တယ်။ အဲဒီလို မသင်မနေရ ပညာရေးက အခမဲ့ဖြစ်မှ လူတိုင်းက ကျောင်းကို ထားနိုင်မယ်”
မြန်မာနိုင်ငံမှာ အခမဲ့ မူလတန်း ပညာရေးစနစ် မအောင်မြင်ရတာ ဘာကြောင့်လို့များ ထင်သလဲ။
ဆရာအောင်သင်း
“အဲဒီဥစ္စာက အစိုးရကလည်းပဲ စောစောကပြောသလို ထောက်ပံ့ကြေးကိုပေါ့။ အခမဲ့ပညာရေးလို့ ဆိုသော်လည်းပဲ ကျောင်းတွေမှာ တကယ်ကျတော့ အခမဲ့ မဟုတ်ပါဘူး။ ကျောင်းလခ ပေးရတာပါပဲ။ တက္ကသိုလ်မှာဆိုလည်း ပေးရတာပါပဲ။ ဘယ်တက္ကသိုလ်တက်တက် ကျောင်းလခ ပေးရတာပါပဲ။ အခမဲ့ ပညာရေး မဟုတ်ဘူး။ သို့သော် ကျနော်ပြောချင်တာက ဒီအစိုးရက ပညာရေးနဲ့ပတ်သက်လို့ ထောက်ပံ့ကြေးငွေကို များများပေးနိုင်လေလေ၊ ထောက်ပံ့နိုင်လေလေ ပညာရေး မြင့်လာလေလေပေါ့”
“ကျနော် နားလည်တဲ့ ဥစ္စာက တိုင်းပြည်တပြည်မှာဖြစ်စေ၊ လူမျိုးတသိုက်မှာဖြစ်စေ ကျန်းမာရေးနဲ့ ပညာရေးက အရေးအကြီးဆုံးလို့ တွက်တယ်။ မကျန်းမာ သေတာပဲ ရှိတာပေါ့။ မကျန်းမာတဲ့လူကို လူ့လောကမှာ သူလည်း လိုနေတာပဲ။ ဒါ့ကြောင့်မို့ ကျန်းမာရေးအတွက် အင်မတန် အရေးကြီးတယ်လို့ ထင်တယ်။ အဲဒီကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့အတွက် ပညာရေး၊ နောက် အသက်မွေးဝမ်းကြောင်းအတွက် ပညာရေး၊ တိုင်းပြည်အတွက်ကိုလည်းပဲ ပညာရေး။ အဲဒီတော့ ကျန်းမာလည်း ကျန်းမာမှ၊ တိုင်းပြည်ကိုလည်း ပြန်စောင့်ရှောက်စေချင်လို့ရှိရင် အဲဒီလူက ပညာလည်း တတ်မှ။ အဲဒီလို ကျန်းမာတဲ့၊ ပညာတတ်တဲ့ လူတွေ များလာလေလေ တိုင်းပြည်က မြင့်လာလေလေပဲလို့ ကျနော် ထင်တယ်”
“အဲဒီတော့ သူတို့အတွက် ငွေကုန်ကြေးကျခံပြီးတော့ အစိုးရက လုပ်နိုင်ရင် လုပ်နိုင်၊ မလုပ်နိုင်လို့ ရှိရင်လည်းပဲ ပြည်သူ့ဆီကနေ ပညာရေးအတွက် ရန်ပုံငွေကို ကောက်ခံရမှာပဲ။ ကျောင်းသင်စရိတ် ကောက်ခံရမှာပဲ။ ကျနော်ကတော့ အဲဒီလို ထင်ပါတယ်။ ဘာလို့ဆိုတော့ ဒါ တိုင်းပြည်အတွက်ပဲ။ လုပ်ကြရမှာပဲ”
ဒေါက်တာသိန်းလွင်
“မအောင်မြင်ရတဲ့ အဓိကအကြောင်းကတော့ ပညာရေးမှာ အားပေးမှု နည်းတယ်။ ပညာရေး အသုံးစရိတ်က နည်းတယ်။ အဲဒီအတွက် မအောင်မြင်တာ ဖြစ်တယ်။ ပညာရေးက အခမဲ့ပညာရေး ဖြစ်နိုင်ဖို့အတွက်၊ မသင်မနေရ ပညာရေး ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ ကျောင်းအဆောက်အအုံ ရှိရမယ်။ လုံလောက်တဲ့ ဆရာအရေအတွက် ရှိရမယ်။ အခမဲ့ ဖြစ်တဲ့အတွက် ကလေးတွေအတွက် စာအုပ်စာတမ်း စသဖြင့် သင်ထောက်ကူပစ္စည်း ပြည့်ပြည့်စုံစုံ ထောက်ပံ့ရမယ်။ အဲဒီလို ထောက်ပံ့နိုင်မှ မသင်မနေရ ပညာရေးက အောင်မြင်မယ်”
“မြန်မာနိုင်ငံက ပညာရေးစရိတ် အသုံးနည်းတဲ့ အခါကျတော့ ကျောင်းအဆောက်အအုံ မလုံလောက်ဘူး။ မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာ ကျောင်းမရှိဘူး။ ဆရာတွေ လုံလောက်အောင် မခန့်နိုင်ဘူး။ အဲဒီအတွက် မအောင်မြင်တာ ဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့က မသင်မနေရပညာရေး အောင်မြင်ဖို့ဆိုရင် ပညာရေး အသုံးစရိတ်ကို လုံလုံလောက်လောက် သုံးပြီးတော့ လုံလောက်တဲ့ ကျောင်းတွေ၊ လုံလောက်တဲ့ ဆရာတွေ ရှိအောင် ဆောင်ရွက်ရမယ်”
ဆရာသာ မူလတန်းအဆင့် အခမဲ့ပညာရေးစနစ်ကို ကိုယ်တိုင် အကောင်အထည် ဖော်ရမယ်ဆိုရင် အောင်မြင်ဖို့အတွက် ဘာတွေကို ပြောင်းလဲပြင်ဆင်သွားမလဲ။
ဆရာအောင်သင်း
“အခမဲ့ပညာရေးစနစ်က အခုလည်း အခမဲ့ပါပဲ။ အခြေခံပညာကတော့ အခမဲ့ပါပဲ။ မူလတန်းလိုဟာမျိုးက အခမဲ့ လုပ်ပေးနေတာပါပဲ”
“ကလေးတွေ ကျောင်းခန်းထဲ ရောက်လာဖို့ကတော့ စီးပွားရေးစနစ်ကြီးတခုလုံးနဲ့ လူမှုစနစ်ကြီးတခုရဲ့ အပြစ်တွေ။ ဒါ ကျနော် မပြောတတ်တော့ဘူး။ ဘာကြောင့်လဲလို့ဆိုတော့ ဥပမာ… တချို့မိဘက ကျောင်းထားချင်တယ်။ ကျောင်းထားချင်ပေမယ့် အိမ်မှာက စားဝတ်နေရေးအတွက် လောလောဆယ် ကလေးက အမှိုက်ကောက်ချင် ကောက်နေရတာ။ ပလပ်စတစ်ကောက်ချင် ကောက်နေရတာ။ စာသင်ရမယ့် အချိန်၊ အရွယ်ပဲ။ ဒါပေမဲ့ သူတို့တတွေက ခုနကပြောတဲ့ အိမ်အတွက်ကို ကူပြီး လုပ်ပေးနေရတယ်။ သူ့ကို ကျောင်းမထားနိုင်ဘူး”
“ကျောင်းထားပြန်မယ်ဆိုတော့လည်း ကျောင်းထားတဲ့ဥစ္စာက ကျောင်းထားတယ်ဆိုတာ လွယ်တာကိုး။ တကယ်လို့ ကျောင်းထားမယ်ဆိုရင် ဒီကလေးအတွက်ကို ဘာလာမလဲ။ အကျင်္ီလေးတွေ၊ အဝတ်အစားလေးတွေ လိုတာနော်။ နောက်တခုက အဲဒီကလေးကို သွားတဲ့အခါမှာ စားဖို့သောက်ဖို့အတွက် ထမင်းဘူးလေးဘာလေး၊ မုန့်ဖိုးလေးဘာလေး လိုလာမယ်။ အဲဒီဟာတွေရဲ့ အစက စီးပွားရေးပြဿနာက ဖြစ်နေတာကိုး။ ဖြစ်နေတဲ့အခါကျတော့ အဲဒီတော့ သူတို့က ကျောင်းမထားနိုင်လို့ကို မထားတာ”
“ကိုယ့်သားသမီးကို ပညာမတတ်စေချင်တဲ့ မိဘရယ်လို့တော့ ဘယ်ရှိမလဲ။ ကျောင်းထားချင်တာ၊ သူသူငါငါ ဖြစ်စေချင်တာပေါ့။ သို့သော်လည်း အဲဒီလိုဖြစ်သွားတဲ့၊ အလဟဿ ကုန်ဆုံးသွားတဲ့ ကလေးတွေပေါ့။ အဲဒါမျိုးတွေကတော့ ရှိနေတာပဲ။ ဆိုတော့ အဲဒီဥစ္စာအတွက်ကတော့ ကျနော် မပြောတတ်ဘူး။ အဲဒါ စီးပွားရေးနဲ့လည်း ဆိုင်တယ်၊ အကုန်လုံး အထွေထွေ၊ မိဘတွေရဲ့ ပညာတတ်ခြင်း၊ မတက်ခြင်း၊ ပညာမဲ့ခြင်း၊ မမဲ့ခြင်း၊ အဲဒီအပေါ်မှာပဲ မူတည်တယ်လို့ ထင်တယ်”
“အဲဒါကတော့ ကျနော် ပညာရေးစနစ်နဲ့ သိပ်မပြောတတ်၊ မဆိုင်ဘူးလို့ ထင်တယ်။ အကျုံးမဝင်ဘူးပေါ့။ ပညာရေးစနစ်နဲ့ မဆိုင်တော့ဘူး။ ကျနော်ပြောချင်တာက အဲဒီစီးပွားရေုးတို့ ဘာတို့ အိမ်တွင်းရေးပြဿနာ၊ မိဘတွေရဲ့ မသိဉာဏ်မဲ့မှု၊ မမဲ့မှုအပေါ်မှာ တည်တယ်လို့ ထင်ပါတယ်”
“နောက် ကျနော့်သဘောအရ ပြောရရင်တော့ အခမဲ့ပညာရေး အစအဆုံးဟာ မဖြစ်နိုင်ဘူး။ မအောင်မြင်နိုင်ဘူးဗျ။ အောင်မြင်လို့ရှိရင်လည်း ကောင်းကောင်း မအောင်မြင်နိုင်ဘူး။ ကျနော်ပြောချင်တာ ပညာရေးဟာ အခုခေတ်ကြီးမှာ ငွေကြေး အင်မတန်ကုန်ကျတယ်။ ငွေကြေးကုန်ကျတယ်ဆိုတာ စက်ရုံကြီးတွေ လုပ်မယ်ဆိုပါတော့ ကျောင်းမှာ။ စမ်းသပ်ခန်းကြီးတွေလုပ်မယ် ဆိုပါတော့။ ဒါ ပညာရေးအတွက် နည်းတဲ့စရိတ် မဟုတ်ဘူး။ အဲဒီဥစ္စာက အခမဲ့လုပ်လို့ မရနိုင်ဘူး။ အခကို ပေးရမယ်ပေါ့။ ဒါပေမဲ့ သီးခြားပေါ့ Scholarship (ပညာသင်ဆု) လို ဟာမျိုးပေါ့။ တကယ့် ထူးချွန်တဲ့ သူတွေကို Scholarship ပေးတာပေးတာ တခြား။ သာမန်အားဖြင့် ကျောင်းတက်ချင်လို့ရှိရင် ပညာရေးကို ပေးရမှာပဲ။ လခပေးပြီးတော့ သင်ရမှာပဲ”
“အဲဒီလို လခများများရလေလေ ပစ္စည်းကိရိယာ များများထားနိုင်လေလေ။ ဒီထက် ပိုပြောရမယ်ဆိုရင် တကယ်ကျွမ်းကျင်တဲ့ ဆရာတွေကို နိုင်ငံခြားကဖြစ်ဖြစ် အကူအနေနဲ့ဖြစ်စေ၊ လခပေးပြီးတော့ဖြစ်စေ အဲဒီလို ငှားနိုင်မှ။ မငှားနိုင်လို့ရှိရင် ခေတ်မီတဲ့ ပညာရေးစနစ်၊ ခေတ်မီတဲ့ အတတ်ပညာ၊ ခေတ်မီတဲ့ Technology (နည်းပညာ) ကို ရနိုင်မှာ မဟုတ်ဘူး။ ကျနော်ကတော့ ပညာရေး တကယ်မြင့်စေချင်တယ်ဆိုရင် ကျောင်းလခ ယူရမယ်လို့ တွက်တယ်။ သို့သော် ကျနော်ပြောသလို ပညာရေးထူးချွန်လို့ရှိရင် Scholarship ပေးတာမျိုးတွေ၊ ပညာသင်ဆုပေးတာမျိုးတွေ အဲဒါမျိုးက တခြား။ ကျနော် ပညာရေးအမြင်နဲ့ ပြောရရင်တော့ ယူရမှာပဲ။ နောက်ပြီးတော့ အစိုးရကလည်း အစွမ်းကုန် ပညာရေးအတွက်ကို၊ ရန်ပုံငွေအတွက်ကို တိုင်းပြည်က အောပြီးတော့ ပေးရမှာပဲ”
“ကျနော် နမူနာတခု ပြောမယ်။ အိမ်တအိမ်မှာ မိသားစုကို မြှင့်တင်ချင်တဲ့၊ ကိုယ့်ဆွေစဉ်မျိုးဆက်ကို မြှင့်တင်ချင်တဲ့ မိဘဟာ ကိုယ့်ထမင်းတလုပ် လျှော့စားပြီးတော့၊ မအေဖြစ်တဲ့သူက လုံချည်တထည် လျှော့ဝတ်ပြီးတော့ သားသမီးကို ပညာအဖြစ် ရင်းနှီးမြှုုပ်နှံကြတာပဲ။ မိသားစုတိုးတက်လာဖို့အတွက် အခြေခံပဲ။ အဲဒီအတိုင်းပေါ့”
ဒေါက်တာသိန်းလွင်
“အဲဒီအတွက် ကျနော်တို့က ပညာရေးမူဝါဒကို ပြင်ရမယ်။ ပညာရေးအသုံးစရိတ်ကို တိုးချဲ့သုံးစွဲရမယ်။ ပညာရေးမူဝါဒမှာ မသင်မနေရ ပညာရေးကို အကောင်အထည်ဖော်ဖို့ ဥပဒေပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်ရမယ်။ အခြေခံဥပဒေမှာလည်း ပါရမယ်။ အဲဒီအပြင် ဘဏ္ဍာရေးအသုံးစရိတ်လည်း ခွင့်ပြုရမယ်။ ဘဏ္ဍာရေးက လုံလောက်တဲ့ ခွင့်ပြုငွေရမှ မသင်မနေရ ပညာရေးကို လက်တွေ့ အကောင်အထည်ဖော်တဲ့ ဆရာတွေက ဆောင်ရွက်နိုင်မယ်”
အစိုးရဘက်ဂျက်မှာ ပညာရေးကဏ္ဍအတွက် အသုံးစရိတ်နည်းနေတယ်လို့ ဝေဖန်သံတွေ ကြားနေချိန်မှာ ဆရာ့ရဲ့ သဘောထားကကော။
ဆရာအောင်သင်း
“အဲဒါက အတိအလင်း သူတို့က ပညာရေးအတွက် ဘယ်လောက်၊ ဘယ်ဟာအတွက် ဘယ်လေက်ဆိုတာ ဘက်ဂျက်မှာ အတိအလင်း ကြေညာတာ ကျနော် မသိဘူး။ ပါချင်လည်း ပါမှာပေါ့။ ကျနော် မျက်စိလျှမ်းသွားတာ ဖြစ်ချင်လည်း ဖြစ်မယ်။ တကယ့် တကယ်ကျတော့ အဲဒါ အထွတ်အထိပ်ကျတဲ့ ဥစ္စာ။ ဘယ်ဟာ ဘယ်လောက် သုံးမယ်၊ ဘယ်ဟာ ဘယ်လောက်သုံးမယ်ဆိုတာ သူတို့ပြောနေတဲ့ဟာက ကာကွယ်ရေးအတွက် သုံးတာ များတယ်။ တပ်မတော်အတွက် သုံးတာ များလွန်းတယ်ဆိုတာ ဒါတွေကတော့ ပြောနေကြတာပါပဲဗျာ။ ကျနော်က တိတိကျကျ ကိန်းဂဏန်းနဲ့ သေချာသိရတာ မဟုတ်ဘူး။ ကျနော် သိပ်မပြောတတ်ဘူး”
“သို့သော် ကျနော် မြင်တာကတော့ဖြင့်… ကျနော် တချက်ဘဲ ပြောချင်တာက တိုင်းပြည်ကို မိဘသဖွယ် သဘောထားမယ်ဆိုရင် ခုနက ကျန်းမာရေးနဲ့ ပညာရေး။ ပညာရေးကို သွားမယ်ဆိုရင် ကျန်းမာရေးမှာကျတော့ ဆေးရုံမှာ ဆေးမရှိဘူးဗျာ။ ကျနော် ပြောချင်တာ အဲဒါပဲ။ ဘာလို့ဆိုတော့ ဒါတွေက ကျနော် သိပ်မပြောချင်ဘူးဗျာ။ ကျနော်က ဒီမှာ နေရတာ။ ခင်ဗျားက အပြင်ကရေးတာ”
ဒေါက်တာသိန်းလွင်
“ကျနော့်ရဲ့ သဘောထားကတော့ ပညာရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်တယ်။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးုဖို့၊ အစစအရာရာ တိုးတက်လာဖို့ဆိုရင် ပညာရေးကို ကောင်းအောင် လုပ်ရမယ်။ အဲဒီအတွက် ကျနော်တို့က ပညာရေးကို တကယ့်ကို အားကျိုးမာန်တက် ဆောင်ရွက်ရမယ်။ လုံလောက်တဲ့ ငွေကြေး ထောက်ပံ့မှုရှိအောင် ဆောင်ရွက်ရမယ်။ အဲဒီအတွက် ကျနော်တို့က ပညာရေးအတွက် ဘဏ္ဍာငွေကို လုံလုံလောက်လောက် သုံးစွဲဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်လည်း အခုလုပ်နေတဲ့ လွှတ်တော်ကနေပြီးတော့ ဘဏ္ဍာရေးကိစ္စတွေမှာ ပညာရေးအတွက်၊ လုံလုံလောက်လောက် သုံးဖို့အတွက် ဆောင်ရွက်သင့်ပါတယ်”
အစိုးရက အခမဲ့ပညာရေးစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်မယ်ဆိုရင် ပထမ ဦးစားပေးအနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကို အကြံပေး တိုက်တွန်းချင်ပါသလဲ။
ဆရာအောင်သင်း
“ကျနော်တို့ တိုက်တွန်းလို့ ရတာ မဟုတ်ဘူးဗျ။ ကျနော်တိုက်တွန်းတယ်ဆိုတာ တိုက်တွန်းတဲ့အတိုင်း ဖြစ်တာမှ မဟုတ်တာဘဲ။ ဒါ သူတို့ဘာသာ သူတို့ ဒီစနစ်ကို ဒီလိုဒီလို ဖြစ်မယ်ဆိုတာ သူတို့ သိဖို့ ရှိတာပေါ့။ ကျနော့်ထက် သူတို့က ပိုအမြင်ကျယ်တာပဲ။ သူတို့ လုပ်လိိမ့်မပေါ့။ အဲဒီအခါ သိဖို့လို့လည်း ကျနော်က ပြောနိုင်တယ်။ ဒီလိုဖြစ်နေတယ်ဆိုတာကို အသိပေးဖို့ လိုတယ်။ ဖြစ်နေတဲ့ဥစ္စာ သူတို့ တကယ်လို့ သိချင်လည်း အဲဒါ ဘယ်လိုဖြေရှင်းမလဲ။ ဒါ အစိုးရရဲ့ တာဝန်ပဲ။ ဘယ်လိုလုပ်မလဲ… လိုလျှင်ကြံဆ နည်းလမ်းရဆိုတာ၊ အဲဒီအခါကျရင် ဝိုင်းစဉ်းစားကြရမှာပေါ့။ ကျနော်က သူတို့ကို တိုက်တွန်းနေလို့ ရတာ မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ သိရမှာ”
“မိဘဖြစ်တဲ့သူက ကိုယ့်သားသမီးကို ကျောင်းထားချင်တာချည်းပဲ။ အဲဒီအစိုးရကလည်း မိဘသဖွယ် သဘောထားပြီးတော့ သားသမီးတွေကို ကျောင်းထားပေးသလို၊ ကျောင်းပညာကို လုပ်ပေးသလို သူတို့လည်း ဒါကို ကြိုးစားပြီးတော့ လုပ်ကြရမှာပဲလို့ ကျနော် ထင်တယ်။ အခု မြန်မာပြည်မှာ ဖြစ်လာတာ တခုက ကံကောင်းတာ… ပရဟိတ ဘုန်းတော်ကြီးကျောင်းတွေ ပေါ်လာတယ်။ အဲဒီကျောင်းတွေကို ကျနော် သွားပြီးတော့ ဟောပြောရတယ်။ အဲဒီ ပရဟိတဘုန်းတော်ကြီးကျောင်းတွေ ပေါ်လာတာ အဲဒီကွက်လပ်ကို ဖြည့်ပေးနေတယ်လို့ ကျနော် ထင်တယ်”
“သူတို့က ပရဟိတကျောင်းတွေဆိုတော့ မိဘမဲ့တွေလည်း ထားတယ်။ နောက် မိဘသိပ်ဆင်းရဲတဲ့ ကလေးတွေကိုလည်း ကျောင်းမှာ ခေါ်ထားတယ်။ သူတို့ကို ထမင်းကျွေးတယ်။ အစစအရာရာ လုပ်ပေးတယ်။ အဲဒီတော့ ကျနော် အားကိုးအနေနဲ့ဆိုတာ ဘုန်းတော်ကြီးတွေကို အားကိုးအနေနဲ့လို့ ထင်တယ်။ နောက်ပြီးတော့ ကျနော်တို့ ဗမာတွေဟာ ဘယ်လိုလဲဆိုတော့ ဘုရားတည်တာ ရွှေချတာကိုမှ ကုသိုလ်လို့ ထင်တယ်။ ကလေးတွေရဲ့ ပညာရေးအတွက်ကို ဝိုင်းဝန်းပြီး ထောက်ပံ့တယ်၊ လှူဒါန်းတယ်ဆိုတာ၊ အဲဒီပညာရေးအလှူဆိုတာ အမြင့်ဆုံး အလှူဆိုတာဟာ ဗမာလူမျိုးတွေ မေ့နေကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ မေ့နေကြတယ်လို့ ပြောချင်တယ်”
“အခု ဘုန်းတော်ကြီးကျောင်းပညာရေး၊ ပရဟိတပညာရေးတွေ တော်တော်များများ ပေါ်လာခဲ့ပြီ။ အခု အတောအတွင်းမှာကို ကျနော် အဲဒီကျောင်းတွေ သွားပြီးတော့ ဟောခဲ့၊ ပြောခဲ့ရပြီးပြီ။ ဆရာတော်တွေကိုလည်း ကျနော် အားပေးခဲ့ရတယ်။ ဒီဥစ္စာအတွက်ကို သိပ်ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်လို့ အားပေးပါတယ်။ အဲဒီတော့ တချို့ မိဘမဲ့ကလေးတွေ ရှိတယ်။ မိဘ သိပ်ချို့တဲ့တဲ့ ကလေးတွေ ရှိတယ်။ အဲဒီကလေးတွေကို ကျောင်းမှာပဲ ခေါ်ထားတယ်။ ထမင်းကျွေးတယ်ပေါ့။ အဲဒီကို ဒါနရှင်တွေက သွားပြီး လှူတာတန်းတာ လုပ်တယ်ပေါ့။ အခုတော့ အစိုးရက မလုပ်နိုင်ပေမယ်လို့ အဲဒီဘာသာရေးအသင်းတွေ၊ ဘုန်းတော်ကြီးများကတော့ လုပ်နေပြီ။ အဲဒါ မျှော်လင့်ချက် ရောင်ခြည်တခုပဲလို့ ထင်တယ်”
ဒေါက်တာသိန်းလွင်
“ပထမဆုံး အကြံပေးချင်တာကတော့ ကလေးအားလုံး ပညာသင်နိုင်တဲ့ အခွင့်အရေးရှိဖို့အတွက် အဲဒါကို ဦးစားပေး ဆောင်ရွက်သင့်တယ်။ ဒုတိယအဆင့်က ပညာရေးအဆင့် မြင့်မားလာဖို့အတွက် ဆရာတွေရဲ့ အရည်အချင်းမြင့်မားဖို့၊ လုံလောက်တဲ့ သင်ထောက်ကူပစ္စည်းဖြစ်ဖို့ အဲဒါတွေ လုပ်သင့်တယ်။ ပထမ အဆင့်က မသင်မနေရ ပညာရေးကို ပထမဆုံး၊ အရင်ဆုံး အကောင်အထည်ပေါ်အောင် ဆောင်ရွက်သင့်ပါတယ်”
“ဖြည့်စွက်ပြောချင်တာက ကျနော်တို့ မြန်မာနိုင်ငံ ပညာရေးဟာ လူတိုင်းနဲ့ သက်ဆိုင်တယ်။ အားလုံးနဲ့ သက်ဆိုင်တယ်။ မြန်မာနိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဒေသအားလုံးကနေပြီးတော့ ကျေးရွာတွေ အထိပေါ့။ ပညာရေးကိစ္စကို အားတတ်သရော ဆောင်ရွက်သင့်တယ်။ ကျေးရွာအုပ်ချုပ်တဲ့သူတွေ၊ ရပ်မိရပ်ဖတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေက ပညာရေးအတွက် အားကျိုးမာန်တက် ဆောင်ရွက်မယ်ဆိုရင် ကလေးတွေရဲ့ ပညာရေးက ဒီ့ထက်ကို ပိုကောင်းလာလိမ့်မယ်”
(ဆရာဆရာမနှင့် ကျေင်းသားမိဘများ၏ သဘောထားအမြင်များကို ဆက်လက်ဖော်ပြကာ ဤကဏ္ဍကို အဆုံးသတ်ပါမည်။)