မြန်မာပြည်တွင် အရွယ်ရောက်သူတိုင်း စာသင်ခန်းတွင်း ရောက်စေရမည်ဟူသည့် မူဝါဒရှိသော်လည်း လက်တွေ့တွင်မူ ကျောင်းခန်းထဲမရှိဘဲ လုပ်ငန်းခွင်များ၌ ကလေးငယ်အများအပြား ရောက်နေသည် ...
နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာပြည်တွင် အရွယ်ရောက်သူတိုင်း စာသင်ခန်းတွင်း ရောက်စေရမည်ဟူသည့် မူဝါဒရှိသော်လည်း လက်တွေ့တွင်မူ ကျောင်းခန်းထဲမရှိဘဲ လုပ်ငန်းခွင်များ၌ ကလေးငယ်အများအပြား ရောက်နေသည်က တိုင်းပြည်စီးပွားရေး ချွတ်ခြံုကျမှု၊ မိဘများ၏ ပညာရေးအပေါ် သဘောထားအမြင် ပြောင်းလဲလာမှု၊ တိုင်းပြည်မငြိမ်သက်မှုများနှင့် အဆက်အစပ် ဖြစ်သည်ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီအချို့က ဆိုသည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းရွှေကြာ၊ ကရင်ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးစောစေးဝါးကမူ တို့ကို မေးမြန်းထားသည်။
မြန်မာနိုင်ငံ၌ အခြေခံပညာကျောင်းများ တည်ဆောက်ပေးလျက်ရှိပြီး ၁၉၈၈ ခုနှစ်တွင် ၃၃၇၄၇ ကျောင်း ရှိခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင် ၄ဝ၈၇၆ ကျောင်း ရှိလာသည်ဟု ၂ဝ၁၁ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း အခြေခံပညာမူလတန်းအဆင့် အခမဲ့ ပညာသင်ကြားရေးစနစ် ရှိပြီးသား ဖြစ်ပေမယ့် ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကလည်း ရှိနေသေးတယ်။ ဒီတော့ကာ ပါတီအနေနဲ့ အစိုးရရဲ့ ဘက်ဂျက်အကူအညီ မပါဘဲနဲ့ မိမိတို့ပါတီ အခြေစိုက်ရာ ပြည်နယ်၊ တိုင်းတွေမှာ ဒီကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်လို အကောင်အထည်ဖော်သွားဖို့ အစီအစဉ်ရှိလဲခင်ဗျ။
ဦးစိုင်းအိုက်ပေါင်း
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
“လောလောဆယ်တော့ ကျနော်တို့က မလုပ်နိုင်သေးဘူးဗျ။ ဘာလို့ဆိုတော့ ဒီဟာလုပ်မယ်ဆိုရင် ကျနော်တို့က ရန်ပုံငွေ လိုတယ်မဟုတ်လား။ ကျနော်တို့က ရန်ပုံငွေ မတောင့်တင်းသေးတော့ လုပ်နိုင်မယ့် အခြေအနေ မရှိသေးပါဘူး။ လုပ်ဖို့ရည်မှန်းချက် ရှိပေမယ့် လုပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဖွံ့ဖြိုးတောင်မှ ဒါမျိုးတွေက မလုပ်နိုင်ဘူးလေ။ သူတို့မှ Fund (ရန်ပုံငွေ) တွေ အများကြီး ရှိတယ်လေ။ ကျနော်တို့က Fund မရှိတော့ ပိုဆိုးတာပေါ့”
ဒေါ်နန်းရွှေကြာ
(ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
“အခု အန်တီတို့ လှုပ်ရှားနေတဲ့ တိုင်းနဲ့ ပြည်နယ်ဒေသမှာရှိတဲ့ မြို့နယ်၊ ရပ်ကျေးတွေမှာ စာသင်ကြားခွင့် မရတဲ့ ကလေးတွေနဲ့ ပါတီတွေထဲမှာရှိတဲ့လူ အားလုံးကို ခေါ်ပြီး အိမ်တအိမ်မှာ ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက် ဘယ်လောက်ရှိသလဲ၊ ရှိနေတဲ့အထဲမှာ စာသင်ကြားခွင့်မရတဲ့ ကလေးက ဘယ်နှယောက်ရှိသလဲ။ အဲဒါကို အန်တီတို့က အသေးစိတ် စာရင်းပြုစုထားလိုက်တယ်။ ပြုစုပြီးတော့ သူတို့ ကျောင်းစာတတ်ခွင့် ရှိရမယ်၊ ဘာတွေ လုံလောက်မှု မရှိသလဲ၊ မပြည့်စုံသလဲ၊ ဘယ်လိုအခက်အခဲရှိသလဲ အဲဒါတွေကို ပါတီတွင်း တလတကြိမ် အစည်းအဝေးလုပ်ပြီး အန်တီတို့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ပံ့ပိုးပြီးတော့ နီးစပ်ရာ ရှိတဲ့ကျောင်းမှာ ထားပေးနိုင်အောင်လို့ အန်တီတို့ စီစဉ်ဆောင်ရွက်မှုတွေတော့ ရှိပါတယ်”
“အန်တီတို့ တလ တကြိမ်ကိုလည်း ပညာရေးနဲ့ ပတ်သက်တဲ့ ကျောင်းမှာ၊ လုံလောက်မှုမရှိတဲ့ ဗသ ဘုန်းကြီး ကျောင်းမှာ ပညာသင်ထောက်ကူပစ္စည်းတွေကို ဝိုင်းဝန်းပြီး ထောက်ပံ့သွားမယ်။ နောက်ပြီး ထပ်ပြီးတော့တိုးချဲ့မယ့် ဘုန်းတော်ကြီးသင် ပညာသင်ကြားခွင့်၊ ပညာသင်ကြားနေရတဲ့ ကလေးတွေ၊ မပြည့်စုံတဲ့ ဘဝတွေကို မြှင့်တင်ပေးတဲ့ ဟာတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်လို့ အန်တီတို့ ပါတီအနေနဲ့ပေါ့။ NGO လုပ်ငန်းတွေပေါ့”
“စခန်းသာမှာ အခု ဘုန်းတော်ကြီးသင်ကျောင်းအနေနဲ့ ရလိုက်ပြီ။ ရတဲ့အခါကျတော့ ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မှာ။ ဖွင့်လှစ်တဲ့အခါမှာ အန်တီတို့အနေနဲ့ ဒီပုံစံနဲ့ အနေအထားမှာ ဘာတွေလိုအပ်တယ်၊ ကလေးတွေအတွက် ပညာသင်ထောက်ပံ့သွားမယ့် လုပ်ငန်းတွေကအစ … ဝန်ထမ်းခကို အခမဲ့ သင်ကြားနိုင်တဲ့ အမျိုးအစားပေါ့။ ဒီဘက်မှာ ရှိတဲ့ ပညာမသင်နိုင်တဲ့ ကလေးတွေကအစ လုပ်အားပေး ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်”
ဦးစောစေးဝါး
(ကရင်ပြည်သူ့ပါတီ)
“အခု အသင်းအဖွဲ့လေးတွေက လောလောဆယ် စီစဉ်နေပါတယ်။ ကျေးရွာအဆင့်ထိပေါ့နော်။ စာမသင်နိုင်တဲ့ ကလေးတွေ၊ နောက် ကျန်းမာရေးကိစ္စ၊ လူမှုရေးတွေ စပြီးတော့ လုပ်နေကြပါပြီ။ မူလည်း ချထားပါတယ်။ ကျေးရွာအခြေခံ အဆင့်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် အခုချထားတဲ့ ဘတ်ဂျက်အတိုင်း ဆိုလို့ရှိရင် နည်းနည်း နည်းသေးတာပေါ့။ ကြည့်ရတာတော့ သိပ်အားမရဘူးပေါ့။ အားမရပေမယ့်လည်း သူချတဲ့အတိုင်းဆိုတော့ ဘာမှ လုပ်လို့ မရဘူး။ ဒါကတော့ အခြေအနေအရပေါ့”
“အသိပညာနည်းတယ်ဆိုရင် ဘာမှလုပ်လို့ မရဘူး။ ဒီတော့ Community Build၊ အခြေခံ လူမှုအဖွဲ့အစည်းပေါ့။ အဲဒါတွေကစပြီး လုပ်ရမယ် ထင်ပါတယ်။ အဲဒီလိုပဲ ခံယူထားတယ်လေ’’
ပါတီအနေနဲ့ အကောင်အထည်ဖော်မယ်ဆိုရင် ဘယ်လိုအခက်အခဲရှိမယ် ထင်သလဲ။
ဦးစိုင်းအိုက်ပေါင်း
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
“ဘဏ္ဍာရေးက အဓိကပြဿနာ ဖြစ်နေတာပေါ့။ ဒါပေမဲ့ ကျနော်တို့ နွေရာသီ ကျောင်းပိတ်ရက်မှာတော့ ရှမ်းစာသင်တန်းတော့ ဖွင့်နေပါတယ်”
ဒေါ်နန်းရွှေကြာ
(ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
“အဲဒီဟာလေးကိုလည်း အခက်အခဲရှိရင်၊ ရှိသော် နိုင်ငံတော်အစိုးရကို တင်ပြသွားမှာပေါ့။ လိုအပ်တဲ့ ထောက်ပံ့မှုကို ကြေညာသွားမှာပေါ့။ ကြေညာသွားမှာက စာရေးခုံတွေ အလုံအလောက် မရှိဘူး။ စာရေးခုံ လုံလောက်မှု မရှိတဲ့ကိစ္စကို ဘယ်လိုပုံစံနဲ့ ထောက်ပံ့မလဲ၊ ဘယ်လိုကူညီမလဲ။ နောက်ပြီးတော့ ကျောင်းမှာရှိတဲ့ ကျောင်းအကျိုးတော်ဆောင်တွေ၊ မိဘဆရာ အသင်းတွေကနေ ပြီးတော့ ဒါတွေကို ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့်သလဲ။ နောက် အခက်အခဲ ရှိတဲ့အခါမှာ နိုင်ငံတော်အစိုးရကို ဘယ်လိုတင်ပြသွားမယ် ဆိုတာကအစ အန်တီတို့က နည်းလမ်းချပေးသွားမှာပေါ့”
ဦးစောစေးဝါး
(ကရင်ပြည်သူ့ပါတီ)
“အခုလောလောဆယ်တော့ အတားအဆီး အပိတ်အပင် မရှိပါဘူး။ ဒါကတော့ ရပါတယ်။ မြို့နယ်အဆင့်လောက်တော့ ရနိုင်ပါတယ်။ ဟိုးအပေါ်ပိုင်းအထိမှ မဟုတ်ဘဲ။ ဒီဥစ္စာက မြို့နယ်အဆင့်ဆိုတော့ လုပ်လို့ ရပါတယ်။ စာပေသင်ကြားတာက အခု စတော့ လုပ်နေကြပါပြီ”
ပါတီရဲ့ ပညာရေးဆိုင်ရာ မူဝါဒကိုကော ဘယ်လိုချမှတ်ထားသလဲ။
ဦးစိုင်းအိုက်ပေါင်း
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
“ပညာရေးမူဝါဒက မသင်မနေရ မူလတန်းပညာကိုတော့ ဖြစ်စေချင်တာပေါ့နော်။ အခမဲ့ ပညာပေါ့နော်။ အခမဲ့ မူလတန်းပညာ ဖြစ်စေချင်တာပေါ့နော်။ အခြေခံ ဥပဒေထဲမှာလည်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ရှိနိုင်မယ် မထင်ဘူး။ အဲဒီလို ဖြစ်စေချင်တာပေါ့ ပါတီရဲ့ရည်ရွယ်ချက်က”
ဒေါ်နန်းရွှေကြာ
(ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
“ပညာရေးပတ်သက်တာကတော့ အန်တီတို့က ပညာရေးကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် အဆင့်အတန်း မြှင့်တင်ပေးချင်တယ်။ မိမိတို့ မြန်မာနိုင်ငံအနေနဲ့ တခြားနိုင်ငံနဲ့ ရင်ဘောင်တန်းနိုင်အောင် တကယ့်ကို နည်းစနစ်ကျတဲ့ ပညာသင်ကြားရေးနည်းစနစ်ကို တိုးချဲ့မြှင့်တင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ထားပါတယ်’’
ဦးစောစေးဝါး
(ကရင်ပြည်သူ့ပါတီ)
“ပညာရေးဆိုင်ရာကတော့ အခြေခံကတော့၊ မူလတန်းပညာကတော့ လုပ်ဆောင်သွားရမယ့် အပိုင်းပဲလေ။ အခု တချို့ကလည်းပဲ မူလတန်းပညာတန်းမှာ အခမဲ့ မသင်သေးတဲ့ အပိုင်းလေးတွေ တချို့ရှိတယ်။ တွေ့နေရတယ်။ တောလက်ကျေးရွာတွေမှာလေ။ ဆိုတော့ မူလတန်းပညာ အခြေခံကတော့ ဖြစ်အောင် လုပ်သင့်တယ်ပေါ့နော်။ နောက်တခါကျတော့ မျိုးနွယ်စုပေါ့နော်။ မျိုးနွယ်စုလေးတွေရဲ့ စာပေသင်ကြားရေးကတော့ မူလတန်းအဆင့်ကတော့ လွှတ်တော်မှာပဲ စကားပြောရမှာပေါ့။ ဒါပေမဲ့ သာမန်အားဖြင့် သင်ကြားသင့်တယ်လေ။ အမျိုးသားစာပေ၊ ယဉ်ကျေးမှုကတော့ ကိုယ့်ဟာကိုယ် လုပ်ဆောင်နိုင်ဖို့အတွက်က အကြမ်းဖျဉ်းတော့ လျာထားပါတယ်။ ဒါပေမဲ့ ကျောင်းမှာ ပြဋ္ဌာန်းဖို့ကိစ္စကတော့ လွှတ်တော်မှာ ပြောရမှာပေါ့’’
ပါတီအခြေစိုက်ရာ ဒေသတွေမှာ ပညာမသင်နိုင်တဲ့ ကလေးတွေရဲ့ အခြေအနေတွေကို ဘယ်လိုမြင်တွေ့ရလဲဗျ။
ဦးစိုင်းအိုက်ပေါင်း
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
“မိဘရဲ့ စီးပွားရေးအပေါ်မှာ မူတည်တယ်ပေါ့။ မိဘစီးပွားရေး အဆင်မပြေရင် သူတို့က ကျောင်းမတက်နိုင်ရှာဘူးပေါ့နော်’’
ဒေါ်နန်းရွှေကြာ
(ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
“အဲဒါကတော့ မိဘအနေနဲ့ ပြည့်စုံမှု မရှိတာပေါ့နော်။ ခက်ခဲမှုတွေလည်း ရှိတယ်။ အခု ကုန်စျေးနှုန်း တက်လာတဲ့ အပေါ်မှာလည်း တော်တော်လေး ဟိုဝှာဖြစ်ပါတယ်။ တချို့ဆိုရင် ကျောင်းနေတော့လည်း ဘာထူးမှာလဲ၊ နောက်ပြီးတော့ မိဘတွေထဲမှာလည်း အတွေးအခေါ်၊ အယူအဆအနေနဲ့ ကျောင်းထားတော့လည်း ဘာထူးမှာလဲ၊ ဘွဲ့ရပညာတတ် ဖြစ်တော့လည်း ဘာအလုပ်မှ မရှိဆိုတဲ့ အယူအဆလေးတွေ ရှိနေတာ တွေ့ရတယ်”
“၄ တန်း အောင်ပြီးလို့ အထက်ကို ထပ်တက်လို့ရှိရင် ကျောင်းထုတ်ပြီးတော့ စျေးရောင်းတယ်။ မိသားစုရဲ့ စီးပွားရေး၊ စားဝတ်နေရေး ကျပ်တည်းမှုအပေါ်မှာလည်း ဆက်စပ်မယ်လို့ အန်တီတို့ ယူဆတယ်”
ဦးစောစေးဝါး
(ကရင်ပြည်သူ့ပါတီ)
“မသင်နိုင်တဲ့ အပိုင်းကတော့ နံပါတ်တစ်အပိုင်းကတော့ ဆင်းရဲမွဲတေမှု အပိုင်းပေါ့နော်။ ဆင်းရဲမွဲတေမှု အပိုင်းကတော့ အဓိက ဖြစ်နေတာပေါ့နော်။ စားဝတ်နေရေးအတွက်ပဲ လုံးပန်းနေရတော့ တကယ့် တကယ် ကျတော့ အားလုံးက သင်ချင်ကြတယ်လေ”
“ဒုတိယအပိုင်းကတော့ ငြိမ်းချမ်းမှု မရှိဘူးပေါ့နော်။ အထူးသဖြင့် ကရင်ပြည်နယ်တို့ ဘာတို့အပိုင်း။ ငြိမ်းချမ်းမှုမရှိတော့ စာပေသင်ကြားချင်သည့်တိုင်အောင် သင်ကြားနိုင်တဲ့ အခြေအနေက မပေးဘူး ဖြစ်နေတယ်။ အဓိကကတော့ အဲဒါပါပဲ”
မြန်မာပြည်ရဲ့ ပညာရေးစနစ်တခုလုံးမှာ အားမလို အားမရဖြစ်တဲ့၊ မကျေမလည် ဖြစ်နေတဲ့ ကိစ္စရပ်တွေက ဘာတွေဖြစ်မလဲ။
ဦးစိုင်းအိုက်ပေါင်း
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
“ကျနော်တို့ လက်ရှိကတော့ တက္ကသိုလ်၊ ကောလိပ်ပြီးသွားရင် အသက်မွေးဝမ်းကျောင်းပညာကို အထောက်အကူဖြစ်တဲ့ ပညာရေးစနစ် ဖြစ်စေချင်တယ်။ စာတတ်ရုံနဲ့၊ သေရုံရှင်ရုံလောက်နဲ့ ကျောင်းပြီးသွားလည်း အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်ဖို့က မလွယ်ဘူးလေ။ ဒီခေတ်အခြေအနေက ဘယ်လိုမှ မလွယ်ဘူးလေ။ Professional လိုင်းကိုတော့ များများတော့ ဖွင့်ပေးရမယ်ဗျ။ ဒါမှ ကျောင်းပြီးသွားလည်း အသက်မွေးဝမ်းကျောင်းပညာ လုပ်လို့ရမှာပေါ့”
ဒေါ်နန်းရွှေကြာ
(ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
“အခုလောလောဆယ် ပညာရေးအနေနဲ့ ပြည့်စုံလုံလောက်မှု မရှိဘူးလို့ ထင်တယ်လို့ အန်တီတို့အနေနဲ့ ယူဆထားတယ်။ အန်တီရဲ့ သားသမီးတွေလည်း ကျောင်းနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ပါတယ်။ လိုအပ်ချက်တွေက ဘာတွေရှိလဲ၊ ဘာတွေ အားနည်းချက်ရှိတယ် ဆိုတာက အဓိကကတော့ မိသားစုရဲ့ စီးပွားရေးကျပ်တာ အဓိကကျတာပေါ့နော်။ စီးပွားရေးမပြေလည်လို့ ဒီကလေးတွေ ကျောင်းကို ပြီးဆုံးအောင် မသင်နိုင်တာရယ်၊ နောက်တခုက အန်တီတို့ ငယ်ငယ်တုန်းကဆိုရင် အထက်တန်းအောင်ပြီး ကောလိပ်လိုဟာမျိုးထိ ကျူရှင်မတက်ခဲ့ရဘူး။ ကျူရှင်မတတ်နိုင်တဲ့ ကလေးက သူများနဲ့တန်းတူ ဖြေနိုင်တဲ့ အဆင့်ရှိနေတဲ့ အခါကျတော့… အဓိကကတော့ စီးပွားရေးပေါ့”
“စီးပွားရေး မပြေလည်တဲ့အခါကျတော့ ဒီကလေးတွေရဲ့ ပညာရေးကို ပြည့်ဝအောင်၊ ပြည့်စုံအောင် မထောက်ပံ့နိုင်ခဲ့ဘူးပေါ့နော်။ မထောက်ပံ့နိုင်တဲ့ အပေါ်မှာလည်း အများကြီး အားနည်းချက်ရှိတာပေါ့။ အဲဒီ အားနည်းချက်အပေါ် မူတည်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဟာ နိုင်ငံစီးပွားရေးရဲ့ အထောက်အပံ့ တခုအနေနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့ အတွက်ကြောင့် အဲဒီအပေါ်မှာ အားနည်းချက်၊ အားသာချက်ကို ဝိုင်းပြီးတော့ ဘယ်လိုလုပ်မယ်ဆိုတာ လွှတ်တော်မှာ ဆွေးနွေးပြီးတော့ အဖြေရှာသင့်တယ်လို့ အန်တီ ယူဆတာပေါ့နော်”
ဦးစောစေးဝါး
(ကရင်ပြည်သူ့ပါတီ)
“သင်ကြားမှုစနစ်ကတော့ အပေါ်က ဆရာပြောတာကိုပဲ အောက်က အလွတ်ကျက်မှတ်ပြီး အလွတ်ဖြေတဲ့ပုံစံ သွားဖြစ်နေတယ်ဗျ။ အားလုံးက ဒီအတိုင်းပဲ။ တက္ကသိုလ်ပညာရေးအဆင့်ထိ အဲဒီလိုကို ဖြစ်နေတယ်။ ဆိုတော့ ကျနော်လိုချင်တာကတော့ အခြေခံကျကျ ပြန်လည်ဆွေးနွေးတယ်၊ ပြန်လည်သုံးသပ်တယ်၊ ဝေဖန်တယ်၊ ဆန်းစစ်တယ် စသဖြင့် အဲဒီစနစ်ကြီးနဲ့ သွားချင်တာပေါ့။ အဲဒါမှလည်း လူတွေလည်း အသိဉာဏ်တိုးမပေါ့။ အခုက ဆန်းစစ်တဲ့ အပိုင်းမဟုတ်ဘဲ စာမေးပွဲဖြေတယ်ဆိုလည်း အလွတ်ကျက်၊ ဖြေ ပုံစံသွားဖြစ်နေတယ်။ အဲဒီစနစ်က ပြန်ပြုပြင်ရမယ် ထင်တယ်။ ဒါက အကြမ်းဖျဉ်း ပြောတာပါ”
(အခြားပါတီများ၏ သဘောထား အမြင်များကို ဆက်လက်ဖော်ပြသွားပါမည်။)