မီးဘေး ရေရှားပါးမှုဘေးရှိဟု စံဇာဏီဘို ဟောကိန်းထုတ်

မီးဘေး ရေရှားပါးမှုဘေးရှိဟု စံဇာဏီဘို ဟောကိန်းထုတ်
by -
သဲသဲ

မြန်မာ့ရိုးရာ ပြက္ခဒိန် မဟာသင်္ကြန်စာကို ကိုးကား၍ ယခုနှစ်အတွင်း  (ဧပြီ ၁၄ ရက်၊ ၂ဝ၁၁ ခုနှစ်မှသည် နောင်နှစ်သင်္ကြန်မကျမီ) မြန်မာနိုင်ငံတွင် မီးဘေး အန္တရာယ် ထူပြောနိုင်သလို ရေရှားပါးနိုင် ...

နယူးဒေလီ (မဇ္စျိမ) ။      ။ မြန်မာ့ရိုးရာ ပြက္ခဒိန် မဟာသင်္ကြန်စာကို ကိုးကား၍ ယခုနှစ်အတွင်း  (ဧပြီ ၁၄ ရက်၊ ၂ဝ၁၁ ခုနှစ်မှသည် နောင်နှစ်သင်္ကြန်မကျမီ) မြန်မာနိုင်ငံတွင် မီးဘေး အန္တရာယ် ထူပြောနိုင်သလို ရေရှားပါးနိုင်သည်ဟု ဗေဒင်ပညာရှင် ဆရာ စံဇာဏီဘိုက ဟောကိန်းထုတ်လိုက်သည်။

SanZarniBo1မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်အတွက် ထုတ်ဝေသည့် မဟာသင်္ကြန်စာပါ အချက်အလက်များ အရ ဧပြီလ ၁၄ ရက် ၊ ၂ဝ၁၁ ခုနှစ် (ကြာသပတေးနေ့) မွန်းလွဲ ၃ နာရီ ၄ဝ မိနစ် ၄၉  စက္ကန့်တွင် မဟာသင်္ကြန် ကျရောက်မှာ ဖြစ်သည်။

မြန်မာနိုင်ငံ ပြက္ခဒိန်တော်အဖွဲ့က တွက်ချက် ထုတ်ဝေသော မဟာသင်္ကြန်စာအရ သိကြားမင်းသည် သိန္ဓောမြင်း စီးကာ ရေချမ်းအိုးပိုက်လျက် လူ့ပြည်သို့ ဆင်းမည်ဟု ပါရှိသည်။

မြန်မာပြည်တွင် ဖြစ်ပေါ်နိုင်သည့် နို်င်ငံရေးအခြေအနေ၊ စစ်မက်ရေးရာများ၊ စီးပွားရေး၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် စသည့် သင်္ကြန်စာ၏ ဟောကိန်းများနှင့်ပတ်သက်၍ မဇ္စျိမသတင်းထောက် သဲသဲက ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုကို ဆက်သွယ် မေးမြန်းထားသည်။

ဆရာစံဇာဏီဘိုသည် အသက် ၂၂ နှစ်အရွယ်မှစ၍ ဗေဒင်လောကသို့ ဝင်ရောက်ခဲ့ကာ၊ ၁၉၈၃ ခုနှစ်မှစ၍ ဗေဒင်ဟောပြောခဲ့သူ ဖြစ်သည်။ ဗေဒင် လက္ခဏာပညာဖြင့် International Biographical Centre (IBC) က ၂ဝ ရာစု ဗေဒင်လက္ခဏာဆုနှင့် ကိန်းဘရစ် Cambridge တက္ကသိုလ်က ပေးအပ်သည့် ၁၉၉၇ ခုနှစ် ဗေဒင်ဆရာဆုများ ရရှိခဲ့ဖူးသည်။

သင်္ကြန်စာဆိုတဲ့ အဓိပ္ဗာယ်နဲ့ သဘော သဘာဝကို ရှင်းပြပေးပါဦး။

“သင်္ကြန်စာဆိုတာ နှစ်တခုကို ရောက်လာတဲ့အခါမှာ အဲဒီနှစ်တခုကို ကြိုတင်ပြီးတော့ Predict (ဟောကိန်းထုတ်) လုပ်ဖို့အတွက် ပြင်ဆင်တဲ့၊ ဆောင်ရွက်တဲ့ နည်းပညာပေါ့နော်။ သင်္ကြန်စာက ပုံတွေ သူ့ဟာနဲ့သူ လှည့်ပတ်ပြီး ဖြစ်နေကျ အနေအထားတွေကို ပြီးခဲ့တဲ့ ရက်တွေက၊ ပြီးခဲ့တဲ့ နှစ်တွေက ဘယ်လိုဖြစ်တယ်၊ အစဉ်အဆက်တွေက သင်္ကြန်စာနဲ့ ဖော်ပြတဲ့အနေအထား ရှိတယ်လေ။ အဲဒီ့သင်္ကြန်စာကို ခေတ်အဆက်ဆက်လည်း သုံးပါတယ်။ အမှန်တကယ်ကို အသုံးတည့်တဲ့ အရာတခု ဖြစ်တယ်”

“ဒါပေမဲ့ ရေးပုံသားပုံနဲ့ သင်္ကြန်စာ တင်ပြပုံလေးက နည်းနည်း ရှေးရိုးဆန်ချင်တယ်။ တချို့တွေ နားမလည်နိုင်တဲ့ အနေအထားလေးတွေကို စာသားတွေ ထည့်ထားတော့ တော်တော်လေး ဂွကျပြီးတော့ သင်္ကြန်စာ လိုက်ရောင်းတဲ့ သူတွေ ပြောသလောက်ပဲ အချစ်ရေး ဒီလမှာ ဘာဖြစ်မယ်၊ ဒီရက်တွင်းမှာ ဒီနှစ်မှာ ဗုဒ္ဓဟူးမွေးသူတွေ ဘယ်လိုဖြစ်မယ်၊ ကြာသပတေး မွေးသူတွေ ဘယ်တယောက်၊ ညာတယောက်။ ဒီလိုစကားကြားပြီး ဝယ်ကြတာလောက်ပဲ ရှိတယ်”

ဒီနှစ်သင်္ကြန်စာမှာ တွေ့ထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဆရာက ဘယ်လို ယူဆထားလဲရှင့့်။

“သင်္ကြန်အနေအထားကို ကျနော်တို့ လေ့လာလိုက်တော့ ယေဘုယျ အယူအဆအရ သိန္ဒောမြင်းကိုစီးပြီး ညောင်ရေအိုးပေါ့နော်၊ ရေချမ်းအိုးခေါ်တာပေါ့။ ရေချမ်းအိုးကို ပိုက်ပြီးတော့ အနောက်ကဝင်ပြီး အရှေ့မြောက် အရပ်ကို သွားတယ်ပေါ့နော်။ ဒီလိုမျိုး သကြားမင်း ဝင်ထွက်သွားလာတယ်ပေါ့။ ရေချမ်းအိုးကို ကိုင်ဆင်းတဲ့ သဘောကတော့ ကောင်းတဲ့ အနေအထားလို့ ယူဆတယ်လေ။ သင်္ကြန်အမျိုးအစားကို ကြည့်လိုက်ရင်တော့ အခြေအနေ ကောင်းတယ်။ ဒါပေမဲ့ အပူများနိုင်တယ်၊ တိုင်းပြည်မှာ။ အပူလှိုင်းတို့၊ အပူဓာတ်တို့ များမယ်ဆိုတာ ဟိုနေ့ကလည်း ရှင်းပြထားတယ်။  မီးနဲ့ပတ်သက်တဲ့ အန္တရာယ် နည်းနည်း  ဂရုစိုက်ရမယ့်သဘော ရှိတယ်။ ရေမြင်လို့ အေးတာ မဟုတ်ဘူးပေါ့နော်။ ရေရဲ့ သဘာဝက နှစ်မျိုး တွက်ဆတာပေါ့။ မီးဘေးအန္တရာယ် ဒါမှမဟုတ် ရေငတ် ဘေးအန္တရာယ်၊ ရေနဲ့ ပတ်သတ်တဲ့ လျော့ပါးတဲ့ အန္တရာယ် ရှိနိုင်တဲ့အတွက် ရေအရင်းအမြစ်ရဲ့ သဘာဝ နည်းနည်း အားနည်းသွားနိုင်တဲ့အတွက် ဒါကို ဖြည့်စွမ်းဖို့အတွက် ယူရတဲ့ သဘော ရှိတယ်”

“နောက်ပြီး သိန္ဒောမြင်းရဲ့ သဘာဝ အနေအထားမှာ အပြောင်းအလဲလေးတွေ ဖြစ်စေတတ်တဲ့ သဘောသဘာဝကို ဆောင်တယ်။ သင်္ကြန်ပြီးအခါမှာ ယေဘုယျအားဖြင့် ဇွန်လအတွင်းမှာ နေကော၊ လကော ကြတ်တာ ၃ ကြိမ် သွားတွေ့ရတယ်။ လတကြိမ်နဲ့ နေကြတ်တာတွေလည်း  အဲဒီရက်ပိုင်းမှာ သွားဆုံတယ်။ တခုက တောင်ဝင်ရိုးစွန်း၊ တခုက မြောက်ဝင်ရိုးစွန်းက အရင်လာမယ်။ အဲဒီနှစ်ခုရဲ့ နေကြတ်ခြင်း သဘာဝလေးတွေ သွားတွေ့တယ်။ ဒီအကြောင်းအရာလေးတွေကြောင့် အပူလှိုင်းများခြင်းနဲ့ အပူဘေးဥပါဒ်နဲ့ မီးဘေးဥပါဒ်နဲ့ဆိုတော့ အဓိက ဂရုစိုက် ရမယ်လေ”

ဒီနှစ်သင်္ကြန်စာမှာ သိန္ဓောမြင်း စီးလာတာက အပြောင်းအလဲတရပ် ဖြစ်တယ်လို့ ဆရာပြောထားတော့ ဒီနှစ် တိုင်းရေးပြည်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဟောကိန်းထုတ်နိုင်မလဲ။

“တိုင်းရေးပြည်ရေးကတော့ သင်္ကြန်စာမှာလည်း ပါပါတယ်။ တိုင်းရေးပြည်ရေးကတော့ အရာရာ အသင့်ပြင်ခြင်း လောက်နဲ့ပဲ ပြီးသွားမှာပါပဲ။ သူတို့နေရာယူ အသင့်ပြင်ပေ့ါလေ။ ဒါပါပဲ။ ဒီအကွက်နဲ့ပဲ တိုင်းရေးပြည်ရေးကတော့ ဒီတနှစ် ပြီးသွားမယ့်သဘော ရှိပါတယ်။ လက်တွေ့ဆောင်ရွက်မှုတွေကတော့ နည်းနည်း အားနည်းလာလိမ့်မယ်”

“တိုင်းပြည်အုပ်ချုပ်မယ့် သူတွေက သူတို့ နေရာယူကြမယ်၊ ဘယ်သူကတော့ဖြင့် ဘယ်နေရာယူမယ်၊ ဘယ်သူကတော့ ဘယ်နေရာယူမယ်။ Power Sharing (အာဏာဖြန့်ဝေမှု) လုပ်သွားလိမ့်မယ်။ နောက်ပြီးတော့ နေရာချထားမှုလေးတွေကို ဘယ်သူကတော့ ဘယ်နေရာ လုပ်မယ်။ တည်ဆောက်မှုလို့ ခေါ်တာပေါ့ဗျာ။ ဒါကို နေရာယူမယ်ပေါ့။ အသင့်ပြင်တယ်ဆိုတာတော့ ရေတိုရေရှည် စီမံကိန်းတွေ စပြီးရေးဆွဲမယ်။ နောက် ဥပဒေမူတွေနဲ့ ပတ်သက်ပြီး ရေးဆွဲမှုတွေ ရှိနိုင်တယ်”

စစ်မက်ရေးရာနဲ့ပတ်သက်ရင်ကော ဘယ်လိုတွေ ဖြစ်နိုင်တယ်လို့ တွက်ချက်မိသလဲ။

“လက်နက်ကိုင်ပြီး ဆင်းတာ မဟုတ်ဘူး။ လက်နက် လေးမြားနဲ့ ပတ်သက်တဲ့ ကိုင်တွယ်မှု မပါလာဘူး။ မပါလာတဲ့ အတွက်တော့ လာမယ့် နှစ်မှာတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ အခု ဖြတ်သန်းနေတဲ့ နှစ်လေးမှာတော့ အခု သင်္ကြန်မကျမချင်း၊ သင်္ကြန်မတိုင်ခင် ဒီရက်ပိုင်းလေးတွေဖြစ်တဲ့ တပေါင်းလ၊ နောက်လာမယ့် နှောင်းတန်ခူးလေး အနည်းငယ်လောက်မှာတော့ လက်နက်သံလေးတွေကို မြန်မာပြည်မှာ ကြားရမှာ ဖြစ်ပါတယ်”

အရောင်းအဝယ် ကိစ္စတွေမှာကော ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲ။

“ရောင်းရေးဝယ်ရေးမှာတော့ ပုံမှန်ပဲ ဖြစ်မယ်။ ဘာလို့ဆိုတော့ Trading (ကုန်သွယ်မှု) တွေကတော့ နည်းနည်း အားနည်းတယ်။ နောက်ပြီး Global Trading (နိုင်ငံတကာ ကုန်သွယ်မှု) မဟုတ်ဘဲ ဒီလိုမျိုးသွားတဲ့ Trading တွေကတော့ ဆိုးတာ နည်းနည်း များနိုင်တယ်။ နောက်ပြီး Border Trading (နယ်စပ်ကုန်သွယ်ရေး) ကတော့ ထင်သလောက်ကို ဖြစ်လာမှာ မဟုတ်ဘူး။ နောက် တခြားသော ပုံမှန် Trading တွေကတော့ အခြေအနေ ကောင်းလာလိမ့်မယ်။ ခါတိုင်းထက် ပွင့်လာလိမ့်မယ်။ ကျနော်က ပွင့်လာမယ်လို့ ယူတယ်”

“နောက် ဒီနှစ်ကို ဖက်စပ်လုပ်ငန်းတွေ မြန်မာပြည်မှာ ပိုပြီးတော့ ပွင့်လာလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ နောက် စီးပွားရေးလုပ်ငန်းတွေကတော့ လုပ်ငန်းရှင်တွေ တော်တော်များများက အခွင့်အလမ်း၊ အာဏာကြီးမားစွာနဲ့ လုပ်ငန်းရပ်တွေကို လုပ်ကိုင်နိုင်ပြီး သူတို့ အခွင့်အရေးတွေနဲ့ လုပ်ငန်းရပ်တွေကို ထိုးဖောက်ရယူပြီး လုပ်ငန်းတွေကို ဖွံ့ဖြိုးအောင်လုပ်မယ့် သဘောတွေ ကျနော်မြင်တယ်။ နိုင်ငံတကာရဲ့ လုပ်ငန်းဆောင်ရွက်မှု အတိုင်းအတာတွေကိုလည်း လက်လှမ်းမီအောင် သူတို့ ကမ်းလင့်ပြီးတော့ ခါတိုင်းထက်ပိုပြီး တိုးချဲ့လုပ်မှာကို ကျနော်တို့ မြင်တယ်”

“စီးပွားရေးမှာတော့ မြန်မာပြည်ရဲ့ စီးပွားရေးအနေအထားက ပုံမှန်နဲ့ မတူဘဲ လမ်းကြောင်းကတော့ ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ အရင်းတွေကို ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ အရင်းရှင်စီးပွားရေး၊ အရင်းရှင်စနစ်ရဲ့ ဖွံ့ဖြိုးမှုအနှစ်သာရတွေကို ကျနော် မြင်ပါတယ်”

တောင်သူလယ်သမားတွေအတွက် ထူးခြားမှုနဲ့ သတိထားစရာတွေကကော ဘာတွေ ဖြစ်လာနိုင်မလဲ။

“တောင်သူလယ်သမားတွေကတော့ ပြဿနာတော့ မရှိပါဘူး။ ဒါပေမဲ့ စိုက်ပျိုးရေးလမ်းကြောင်းတွေမှာ တောင်သူလယ်သမားတွေကိုလည်း အများစုရဲ့ ထိန်းချုပ်မှုအောက်ထဲမှာ ရှိတော့ သူတို့ကတော့ တောင်သူလယ်သမား၊ တကယ် လုပ်ငန်းလုပ်သူ အများစုဟာ မြေပိုင်ရှင်များ သို့မဟုတ် မြေယာကို လွှမ်းမိုးထားသူများရဲ့ အောက်မှာ လုပ်ရတဲ့ သဘောလောက် ရှိပြီးတော့ ပုံမှန်ဝင်ငွေလောက်ပဲ သွားမယ့်သဘော ရှိတယ်။ ကိုယ်လယ်လုပ်ပြီးတော့ လယ်ယာရဲ့ အကျိုးကို ရရှိမှုကိုတော့ နည်းပါးနိုင်တယ်”

“မြန်မာပြည်မှာ မြေရှင်၊ ကြေးရှင်စနစ် ပြန်ပေါ်ပေါက်နိုင်တဲ့ အနေအထားကို ကျနော်တို့ ဗေဒင်အရ တွေ့ရရှိရတယ်။ အဲဒီတော့ မြေပိုင်ရှင်ကြီးတွေရဲ့ လုပ်ငန်းအောက်မှာ ဝင်ပြီးတော့ လုပ်တာ၊ ဒီမြေကို အဖွဲ့အစည်းတခု သို့မဟုတ် တစုံတရာရဲ့ ပိုင်ဆိုင်မှုအောက်မှာ ငွေကြေးတစုံတရာ ရယူပြီးလုပ်တာ သို့မဟုတ် ရထားတဲ့ ပစ္စည်းတို့ကို ပိုင်ရှင်တို့ကို ထိုးအပ်ရတာလေးတွေ ကျနော်တို့ တွေ့ရှိနိုင်ပါတယ်။ ဥပမာ စပါးပေးတာတို့၊ ပဲပေးတာတို့၊ အကြွေးယူထားတာလေးတွေ ပြန်ဆပ်တာတို့၊ ဒီသဘောလောက်ကိုပဲ တွေ့ရပါတယ်”

လူထုစားဝတ်နေရေးနဲ့ ပတ်သက်ပြီးကော လာမယ့်နှစ် ဘာလိုဖြစ်နိုင်မယ်လို့ မြင်ပါသလဲ။

“အနေအထားကတော့ အနောက်ကဝင်ပြီး အရှေ့မြောက်အရပ်ကို သွားတဲ့ ပုံစံရှိတယ်လေ။ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကို ဗြဟ္မာ့ဦးခေါင်းကို ယူတဲ့အချိန်အခါမှာ ငိုကြွေးပြီး ယူတယ်။ ဒီတခေါက်က ပုဆစ်တုပ်ပြီး ယူတဲ့သဘောရှိတယ် ဦးခေါင်းကို။ အဲဒီဟာလေးက အရေးကြီးတယ်။ ဗြဟ္မာ့ဦးခေါင်းကို ရွေ့ပြီးတော တယောက်နဲ့ တယောက် လက်ကမ်းယူတဲ့ အနေအထားမှာ အခု ဒီတခေါက် လက်ကမ်းယူတာ ဒူးထောက် ပုဆစ်တုပ်ပြီး ယူတဲ့သဘော ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ငိုကြွေးပြီးတော့ ယူရတာကိုး”

“ဒီနှစ်ကတော့ ငိုကြွေးတဲ့ကိန်းတော့ နည်းတယ်။ ဒါပေမဲ့ လူတွေကတော့ အထိုင်သဘောမျိုးလောက် များတယ်။ သွားလာလှုပ်ရှားနိုင်ခြင်း၊ ပျော်ရွှင်ခြင်းကတော့ နည်းနည်း အားနည်းမယ်။ ဒါပေမဲ့ Life ကို Enjoy လုပ်နိုင်ပြီးတော့ နေ့တိုင်းတော့ ကိုယ့်ဟာကိုယ် ဖူဖူလုံလုံနဲ့ Enjoy လုပ်နိုင်ကြလိမ့်မယ်။ နောက် စီးပွားရေးအကြီးစားကြီးတွေကလည်း သူ့ဟာသူ အကြီးစား ဖွံ့ဖြိုးသွားလိမ့်မယ်။ ဒါပေမဲ့လည်း ပြည့်ပြည့်စုံစုံကြီး Financial Development ဖြစ်တာကိုတော့ လုံးဝ မတွေ့ရပါဘူး”

ဗြဟ္မာ့ဦးခေါင်းကို ပဆစ်တုပ်ယူတယ်ဆိုတာကကော ဘယ်လိုမျိုး ထူးခြားနိုင်သေးလဲ။

“သင်္ကြန်စာထဲမှ ပါပါတယ်။ ကမ်းလင့်တဲ့အခါမှာ နောက်တယောက်က ဘယ်လိုပုံစံနဲ့ ယူတယ်။ နောက် အဝတ်အဆင်းကအစ အရေးကြီးတယ်။ ဒီတခေါက်လာတာကတော့ ရွှေရောင်အဆင်းရှိသော အဝတ်အထည် ဝတ်တဲ့အတွက် ရွှေစျေးတက်နိုင်တယ်ပေါ့လေ။ ဒီလို တချို့တွေကလည်း အယူအဆ ရှိတယ်။ ရွှေစျေးတက်နိုင်တယ်။ ရွှေစျေးကတော့ ကြီးသွားမှာပေါ့”

မွေးမြူရေးပိုင်းနဲ့ ပတ်သက်ပြီးကော ဘာတွေသတိထားဖို့လိုလဲ…။

“သတ္တဝါတွေနဲ့ ပတ်သက်ပြီးတော့ သင်္ကြန်စာအလိုအရ ဒီနှစ်ထဲမှာ သေကြေမှု များမယ်…ဒီလိုသဘောတော့ ရှိတယ်။ ဥပမာ ငါးဆိုရင်လည်း ငါးတွေ၊  ရောဂါရှိနိုင်တဲ့ ကြက်ဆိုလည်း ကြက်ပေါ့နော်။ အဲဒီလို ဝေဒနာလေးတွေ ရှိနိုင်တယ်။ အထူးသဖြင့် ဒီနှစ်ကိုတော့ တနင်္ဂလာနံ သတ္တဝါတွေနဲ့ ဗုဒ္ဓဟူးနံ သတ္တဝါတွေကို အဓိက သူတို့နဲ့ပတ်သက်တဲ့ သေကြေမှုနှုန်း များမယ်ပေါ့။ ဒီလို သတ်မှတ်ပါတယ်။ ရောဂါဝေဒနာ သူတို့ဆီမှာ ဖြစ်နိုင်တယ်”

“တနင်္လာဆိုတော့ ကြက်တို့ ငှက်တို့ပေါ့။ ဗုဒ္ဓဟူးနံဆိုရင် ဝက်။ ဒီလို ယ၊ ရ၊ လ၊ ဝ။ နောက် ရေသတ္တဝါပေါ့နော်။ ဒီလို သတ္တဝါတွေရဲ့ အနေအထား မကောင်းဘူးပေါ့”

တိုင်းပြည်မှာ ရောဂါဘယဘေးနဲ့ပတ်သက်ပြီးကော ဘာပြောနိုင်မလဲဆရာ…။

“အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကိုတော့ ဂရုစိုက်ရမယ်။ ဥပမာအားဖြင့် အပူကြောင့်ဖြစ်တတ်တဲ့ Heat Wave တွေ ဝင်လာတဲ့အခါမှာ ဖြစ်တတ်တဲ့ မျက်စိနဲ့ ပတ်သက်တာတို့၊ လူတွေရဲ့ အပူရှပ်ခြင်း ဒီလိုသဘောလေးတွေ ပါနိုင်တယ်။ နောက်ပြီး အပူကြီးခြင်းကြောင့် ဖြစ်တတ်တဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ဟာလေးတွေ၊ နောက် မျက်ခမ်းစပ်နဲ့ပတ်သက်တဲ့ အပူပိုင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေ၊ နောက် အနာကြီးရောဂါတို့၊ အရေပြားရောဂါတို့ ဒါမျိုး။ အပူပိုင်းမှာ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေနဲ့ ပတ်သက်တာတွေ၊ နောက်ပြီး Dehydration (ရေခမ်းခြောက်ခြင်း) နဲ့ ပတ်သက်တဲ့ အနေအထားတွေပေါ့။ ချွေးထွက်လွန်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေ၊ နောက်ပြီး Heat Shock ရနိုင်တာလေးတွေ ဒီနှစ်မှာ ပိုပြီးတော့ သတိရှိရမှာ ဖြစ်တယ်”

ဒီနှစ်မှာ သဘာဝဘေးဒဏ်နဲ့ပတ်သက်လို့ကော ဘာတွေများ ရှိနိုင်မယ်လို့ မြင်သလဲဆရာ။

“ဆိုးဆိုးဝါးဝါးကြီးတော့ မမြင်ဘူး။ ဒါပေမဲ့ သူက မြေထက်၊ လေနဲ့ ပတ်သက်တာ။ လေတောင်မှ ပင်လယ်ပြင်ရဲ့ မုန်တိုင််းအနေအထားမျိုး မဟုတ်ဘဲ ကောင်းကင်မုန်တိုင်းလေးတွေတော့ နည်းနည်းသတိထားရမယ့် အနေအထားမျိုး ရှိတယ်။ ပြီးတော့ နောက်တခါ လေယာဉ်နဲ့ ပတ်သက်ပြီးတော့ သဘာဝပေါ့နော်။ နည်းနည်း ဂရုစိုက်ရမယ့်သဘော ရှိတယ်။ ဒီနှစ်ခုကိုတော့ သဘာဝရဲ့ဘေးဥပါဒ်အနေနဲ့ ထည့်တွက်ရမယ်’’

ခါတိုင်းနှစ်ထက် မတူနိုင်တဲ့ ဒီတနှစ်ရဲ့ ထူးခြားချက်ကော ရှိသေးလားရှင့်။

“ထူးထူးခြားခြား ကျနော်တို့ စောင့်ကြည့်ရမှာက ဇွန်၊ ဇူလိုင်မှာ စောင့်ကြည့်ရမှာပါ။ အဲဒီ့ကာလတိုအတွင်းမှာ၊ ဒါ လွန်ခဲ့တဲ့ ၂ဝဝဝ ခုနှစ် ဝန်းကျင်မှာလည်း တခါ ရှိပါတယ်။ အဲဒါက နေကြတ်၊ လကြတ် တလထဲမှာ ၃ ကြိမ် ဖြစ်ပေါ်မှာပေါ့။ အဲဒါလေးတခုကတော့ ထူးထူးခြားခြား ဖြစ်ရပ်အနေနဲ့ ကျနော်တို့ ဒီနှစ်ထဲမှာ တွေ့ရမှာပါ။ အဲဒီ့ အချိန်မှာ ဘာဖြစ်မလဲဆိုတော့ စောင့်ကြည့်ရမှာပေါ့။ ဇွန်လ ၂ ရက်နေ့ကနေစပြီး တလအတွင်း ကျနော်တို့က စောင့်ကြည့်ရမှာပါပဲ”

Most read this week