အမှန်အတိုင်း ရေးသားဖေါ်ပြရမည်ဆိုလျှင် ရန်ကုန်မြို့ (MPC) မှာ ဧပြီ ၅ရက်က စတင်ကျင်းပနေတဲ့ အစည်းအဝေးဟာ Single Text ပြုစုရေး ပထမအကြိမ် အစည်းအဝေးသာလျှင် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ မဟုတ်ပါဘူး။ Single Text ပြုစုရေး ပထမအကြိမ်အစည်းအဝေးကိုပင် ဦးအောင်မင်း၏ အပြောအရဆိုလျှင် ၂ရက်ပဲ လျာထား သတ်မှတ်ထားပြီး အခြေအနေအရ နောက်ထပ် ၂ရက် ထပ်တိုးခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂၁ဖွဲ့ တက်ရောက်လို့ “မြန်မာနိုင်ငံ၏ သက်တမ်းတစ် လျှောက်တွင် တစ်ကြိမ် တစ်ခါမှ ယခုကဲ့သို့ စုံစုံညီညီနှင့် ဆွေးနွေးခဲ့သည့် အစည်းအဝေးမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးကြောင်း” အသားယူ၍ ပြောဆိုနေသော် လည်း ဒီအစည်းအဝေးကို (NCCT) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၆)အဖွဲ့နဲ့ ပြုလုပ်ရတာဖြစ်ပြီး ကျန် ၅ဖွဲ့ ဟာ လေ့လာသူအဖြစ်သာ တက်ရောက်ကြတာဖြစ်ပါတယ်။ Single Text ပြုစုရေးမှာ သူတို့ပါဝင်ဆွေးနွေးကြမှာ မဟုတ်ပါဘူး။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) မှ ကိုယ်စားလှယ် ဦးအောင်မြင့်ပြောစကားက “တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်” ဆိုတာအပေါ် သူတို့ (UWSP) ပါတီက ဘယ်လိုသဘောထားနေတယ်ဆိုတာ အထင်အရှား ဖော်ပြနေပါတယ်။
ဦးအောင်မြင့်က “မိမိတို့အဖွဲ့အနေဖြင့် ၁၉၈၉-၁၉၉၀ခုနှစ်တွင် ငြိမ်းချမ်းရေးရယူခဲ့သည်မှာ ယခုအချိန်အထိ တည်ဆဲဖြစ်ကြောင်း တစ်လျှောက်လုံး ငြိမ်းချမ်းခဲ့၍ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ခဲ့ကြောင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုကို စောင့်နေပါကြောင်း” ပြောသွားတာဖြစ်ပါတယ်။
သူဆိုလိုတာက သူတို့ အပစ်ရပ်ခဲ့တာ/ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စောင့်နေတာ ၂၅နှစ်နီးပါးရှိပြီ။ တစ်ပြည်လုံးအပစ်ရပ်ရေးမှာ သူတို့ ပါဝင်လက်မှတ်ထိုးဖို့ မလိုတော့ဘူး ဆိုတဲ့သဘောအဓိပ္ပါယ် ဖြစ်ပါတယ်။ (နဝတ-နအဖ) အစိုးရလက်ထက်က စောင့်နေ ခဲ့တာ (နဝတ-နအဖ) စစ်အစိုးရ၏ အမွေခံ ကြံ့ဖွံ့အစိုးရလက်ထက် ရောက်လာပြီ စောင့်နေရဆဲပဲလို့ပြောချင်တာပါ။
ဒါ့အပြင် လေ့လာသူအဖြစ် (အားပေးသူအဖြစ်) တက်ရောက်လာတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) က နိုင်ငံ ရေးဆွေးနွေးပွဲကို စိတ်ဝင်စားမှုမရှိကြောင်း ဗြောင်ထုတ်ပြောတာပါ။ သူတို့နိုင်ငံရေးဦးတည်ချက်က အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ် နိုင်ငံစလုံးနဲ့ သက်ဆိုင်နေတာလို့လည်း ပြောသွားပါတယ်။
ဒီဆွေးနွေးပွဲမှာ အစိုးရ၊ စစ်တပ်၊ လွှတ်တော်တို့ကို ကိုယ်စားပြုသူများက ပြောသွားတဲ့စကားတွေ တိကျပြတ်သား တင်းမာလှပါ တယ်။ သူတို့ပြောဆိုချက်တွေက တစ်ဖတ်သတ် အပေါ်စီးယူထားတဲ့ ပြောဆိုချက်၊ ရပ်တည်ချက်၊ မူဝါဒတွေလည်း ဖြစ်နေပါ တယ်။ တစ်ဖက်အဖွဲ့အစည်းများအတွက် အကြည်အသာ လက်ခံနိုင်ဖို့ ခက်ခဲလှတဲ့အချက်တွေလည်း ဖြစ်နေပါတယ်။
အချို့ကို ကောက်နုတ်ပြချင်ပါတယ်။ ဒီလိုကောက်နုတ်ပြရတာကလည်း အစိုးရနဲ့ စစ်တပ်ကွဲနေတယ်။ အစိုးရနဲ့ လွှတ်တော် အကြားမှာ ပွတ်တိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ ယုံထင်ကြောင်ထင်၊ ဝေဝေဝါးဝါး၊ ထင်ယောင်ထင်မှား ဖြစ်နေကြတာတွေကို ရပ် တန်းကရပ်ပြီး ရှင်းရှင်းလင်းလင်း၊ ကြည်ကြည်လင်လင်၊ မြင်နိုင်ကြည့်နိုင်၊ နားလည်သဘောပေါက်နိုင်ကြပါစေဆိုတဲ့ စေတနာ အရင်းခံကြောင့်ပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ အပြော (အစိုးရ)
-“တပ်မတော်အနေဖြင့်လည်း လက်ရှိ တည်ဆောက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အစိုးရနှင့် တစ်သားတည်းရှိပြီး ဟန်ချက်ညီညီ အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်းကိုလည်း နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့ပါ ကြောင်း” (တစ်သားတည်းရှိပြီး ဟန်ချက်ညီညီ တဲ့)
ကျေးလက်လူမှုဘဝ မြှင့်တင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၏အပြော (လွှတ်တော်)
-“အချုပ်အခြာအာဏာ ထိပါးမည့်ကိစ္စနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်က ခွဲထွက်မည်ကိစ္စမျိုးကလွဲပြီး အခြားကိစ္စများအားလုံး ကို ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားပါသည်ဟု နိုင်ငံတော်သမ္မတကြီးက အတိအလင်း ကြေညာပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း” (ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မည်ဟူသော အာမခံချက်ပေးမယ်လို့တော့ တစ်လုံးမှ မဟဘူး / ခွဲမထွက်ရဘူး ဆိုတာတော့ ခပ်တင်းတင်းပြောနေတယ်)
ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၏အပြော (တပ်မတော်)
-“ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့်တပ်မတော်တို့ တစ်စိတ်တစ်ဝမ်းတည်း အားလုံးကြိုးပမ်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း”
-“ထာဝရ ငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘော တူညီချက်အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထား သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်ပါဆောင်ရွက်ရန် ဟူသည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒ ၆ရပ်”နှင့် စပ်လျဉ်း၍လည်းကောင်း ပြောဆိုကြပါတယ်။
အထက်ပါကောက်နုတ်ချက်များဟာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၆ရက်နေ့ထုတ်၊ အစိုးရပိုင်ကြေးမုံသတင်းစာထဲက အချက်အလက်များ ကို ကူးယူဖော်ပြလိုက်တာဖြစ်ပါတယ်။ အခြားသော ပြည်တွင်း/ပြည်ပမီဒီယာများက မဟုတ်ပါဘူး။ အစိုးရ၊ လွှတ်တော်၊ တပ်မ တော်တို့သဘောထားကို အစိုးရပိုင်သတင်းစာမှာ ဖော်ပြချက်တွေက ပိုပြီးတိတိကျကျ ထင်ဟပ်ထားတာဖြစ်လို့ပါ။
ဒီလိုပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ The Voice Weekly မှ (NCCT) ခေါင်းဆောင် နိုင်ဟံသာ ကို မေးမြန်းတဲ့အခါ “သူ့ဘက်က အဆိုပြုလာတဲ့ အချက်ပါ။ တကယ်တမ်း ဆွေးနွေးမယ်ဆိုရင် လက်ခံလို့ မရပါဘူး။ တစ်ဖက် သတ် ဖြစ်နေတယ်။ အားလုံးကို ပြန်ပြီးတော့ ညှိနှိုင်းသွားရမှာပါ”ဟု ဖြေကြားသွားတာ ဖတ်ရပါတယ်။
တကယ်တော့ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့ကိစ္စဟာ တစ်ဖက်နဲ့တစ်ဖတ်တန်း တူရည်၊ အပေး အယူရှိရှိ ဆွေးနွေးညှိနှိုင်းကြရမှာပါ။ ပြည်တွင်းစစ်ဆိုတာ ပြည်တွင်းနိုင်ငံရေးပြဿနာတွေရဲ့ အကျိုးဆက်ရလဒ်မဟုတ်ပါလား။ ဒီတော့ ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ပြည်တွင်းနိုင်ငံရေး (ဒီမိုကရေစီရေးနဲ့ တန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး) ပြဿနာရပ်တွေကို သက်ဆိုင်သူတွေအားလုံး ပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးအဖြေရှာကြရမှာပါ။
အခုတော့ ကာချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ “မူဝါဒ ၆ရပ်” ဆိုတာရဲ့ အနှစ်သာရက တိုင်းရင်းသား လက်နက်ကိုင် အင် အားစုတွေကို လက်နက်ကိုင်တပ်ကိုဖျက်သိမ်းပြီး၊ ၂၀၀၈ အခြေခံဥပဒေအောက် ဇွတ်အတင်း သွတ်သွင်းနေတာမျိုး ဖြစ်နေပါ တယ်။
ဒီလိုသာ တစ်ဖက်သတ်ကျပြီး၊ အနိုင်ထက်အပေါ်စီးယူထားတဲ့ သဘောထားအခြေခံ၊ မူဝါဒတွေနဲ့သာဆိုရင် လူမျိုးပေါင်းစုံ ပြည် သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားနေကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ဝေးနေပါလိမ့်မယ်။ ဒါကြောင့် တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ သဘောထားကိုဖော်ပြပြီး ဒီဆောင်းပါးကို နိဂုံး ချုပ်ပါရစေ။
“ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်တော့မှခွဲလို့မရဘူး၊ အဲဒီဟာကို ကျမတို့ ခိုင်ခိုင် မာမာကို ကိုင်ရမယ်၊ ဒီနှစ်ခုကို ခွဲခြားပြီးမြင်လို့မဖြစ်ဘူး။ ငြိမ်းချမ်းရေးရေရှည်တည်ဖို့ဆိုတာ ဒီဖွဲ့စည်းပုံအခြခံဥပဒေ မပြောင်းလဲ ဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျမ ယုံကြည်တယ်”။
ဤဆောင်းပါးပါ အချက်အလက်များကို အောက်ပါသတင်းစာ၊ စာစောင်များမှ ရယူပါတယ်။
- ကြေးမုံသတင်းစာ၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၆ ရက်၊
- The Voice Weekly ၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၅ ရက်၊
- ဒီလှိုင်းစာစောင်၊ အတွဲ ၂ ၊ အမှတ် ၃၅၊ ၉/၉/၂၀၁၃