(ဖဆပလ)၊ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ)၊ ကြံ့ဖွံ့အစိုးရ စသဖြင့် အုပ်စိုးသူအစိုးရတွေ “ပြောင်း” သွားသော် လည်း ယနေ့အထိ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ပြဿနာကို ရှင်းရှင်းပြတ်ပြတ် ပြေလည်စွာ မဖြေရှင်းနိုင်သေး။ ပြည်တွင်းစစ်သည် တိုးလို့တန်းလန်း တည်ရှိနေဆဲပင်။ ပြည်တွင်းစစ်ဆို သည်မှာ အရင်းစစ်လိုက်လျှင် ပြည်တွင်းနိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းဖြင့် မဖြေရှင်းနိုင်သည့်အခါ လက်နက်စွဲကိုင်ဖြေရှင်းကြရမှ ပေါ်ပေါက်လာသည့် အထွက်ရလဒ်ပင် မဟုတ်ပါလား။
ပြည်တွင်းစစ်ပြဿနာ၏ အရင်းခံနိုင်ငံရေးပြဿနာမှာ “ဒီမိုကရေစီကင်းမဲ့မှု၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အခွင့်အရေးများ ကင်းမဲ့မှုပင် ဖြစ်သည်။ သို့ပါ၍ ပြည်တွင်းစစ် ပြဿနာဖြေရှင်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေးဆိုသည်မှာ ဒီမိုကရေစီ ပြည့်ပြည့် ဝဝရှိရေးနှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိလာစေရေးပင် ဖြစ်သည်။
ဒီမိုကရေစီပြည့်ဝပြီး စစ်မှန်သည့် တန်းတူမှုသာရှိနေလျှင် မည်သူသည်၊ မည်သည့်လူမျိုးသည်၊ မည်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းမှ လက်နက်စွဲကိုင်၍ ခုခံတော်လှန်နေစရာ လိုလိမ့်မည်မဟုတ်ပါ။ ဒီမိုကရေစီနည်းလမ်းဖြင့် တန်းတူရည်တူ ဖြေရှင်းမရသည့်အပြင် အုပ်စိုးသူများက လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်လာခဲ့သဖြင့် ရရာလက်နက် စွဲကိုင်ခုခံကြရာမှ ပြည်တွင်းစစ်၏ ဘောင်သည် ကျယ်ပြန့်နက်ရှိုင်း လာခဲ့ရခြင်း ဖြစ်ပါသည်။ သို့ဖြင့် ပြည်တွင်းစစ်ကြီး ရှည်လျားကြာမြင့်လာခဲ့ရခြင်းဖြစ်သည်။
အုပ်စိုးသူ အစိုးရအဆက်ဆက်က ပြည်တွင်းစစ်ကို “ပြည်တွင်းဆူပူသောင်းကျန်းမှု”ဟု တစ်သမတ်တည်း ရှုမြင်ခဲ့ကြသည်။ “ဝါဒရေး၊ လူမျိုးရေး သောင်းကျန်းသူများ”ဟု သရုပ်ဖျက် ရေးသား၊ စွပ်စွဲကာ တစ်ဖက် သတ် ဝါဒဖြန့်ခဲ့ကြသည်။ သို့ဖြင့် စစ်ရေးနည်း ဖြစ်သော “အပြုတ်တိုက်ချေမှုန်းရေး”ကို အဓိကထားခဲ့ကြပြီး အခြားတစ်ဖက်မှလည်း “ချော့မြှူသိမ်းသွင်းရေး”ဖြင့်လည်း လက်နက်ချစေခဲ့သည်၊ လက်နက်စွန့်စေခဲ့သည်။
ရှည်လျားလှသည့် ပြည်တွင်းစစ်ကြီးအတွင်းဝယ် လက်နက်ချသူတို့၊ လက်နက်ချသည့်အဖွဲ့အစည်းတို့ ရှိခဲ့ကြသော်လည်း ပြည်တွင်းစစ်ဟူသော စစ်ရထားကြီးသည် တစ်ခဏမျှပင် မရပ်နားခဲ့။ အသက်များ၊ သွေးများ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ၊ ဝါးမျိုစားသောက်ခဲ့ပြီး ယမ်းခိုးယမ်းငွေ့များ၊ မီးတောက်မီး လျှံများကို မှုတ်ထုတ်လျက် သက္ကရာဇ်ဘူတာကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ခုတ် မောင်းလာခဲ့သည်မှာ ယနေ့အထိပင်။
ယနေ့ ထိုပြည်တွင်းစစ်ကြီး အပြီးတိုင်ရပ်စဲနိုင်ဖို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ဆွေးနွေးနေကြဆဲဖြစ်သည်။
ထိုသို့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ ကြိုးပမ်းမှုထဲက ကြီးမားသော အားထုတ်မှုတစ်ခုဖြစ်သည့် လက်နက် ကိုင်တိုင်း ရင်းသား တော် လှန်ရေးအဖွဲ့အစည်းများ၏ ကွန်ဖရင့်ကြီးကို ဇန်နဝါရီလ (၂၀-၂၅)ရက်နေ့များတွင် ကော်သူးလေနယ်မြေ၊ လော်ခီးလာ၌ အောင် မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။
ရှေ့တစ်ဆင့် တက်ကြရပေတော့မည်။ “လော်ခီးလာကွန်ဖရင့်ကြီး”၏ သိသာထင်ရှားသော ရလဒ်မှာ “တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တစ်စောင်ကို တညီတညွတ်တည်း အတည်ပြုနိုင်ခြင်း ပင် ဖြစ်ပေသည်”ဟု ဖော်ပြထားသည်။
စာချုပ်ဆိုသည်မှာ နှစ်ဖက်လက်ခံနိုင်မှသာ အတည်ဖြစ်ပေလိမ့်မည်။ သို့ပါ၍ ရှေ့တွင် ညှိစရာ၊ နှိုင်းစရာ များက လှေကားထစ် များလို “အဆင့်ဆင့်” ရှိနေပေလိမ့်ဦးမည်။ လက်တွေ့ကျကျပြောရလျှင် ရှေ့တစ်ဆင့် တက်နိုင်မည့် လှေကားထစ်တွေ ရှိမှာဖြစ်သ လို ရောက်နေသည့် လှေကားထစ်ပေါ်တွင် မရွေ့မလျား ဆက်ရပ်နေကြရမည့် အနေအထားမျိုးလည်း ကြံုရနိုင်သည်။
ထို့အပြင် နောက်ပြန် ဆုတ်သွား၊ နောက်ပြန်ဆင်းသွားရမည့် လှေကားထစ်များလည်း ရှိနေနိုင်သေးသည်ဟု မျှော်လင့်ပြင် ဆင်ထား ကြရပေလိမ့်မည်။ သမ္မတဦးသိန်းစိန် မျှော်မှန်းနေသလို သူ့၏သမ္မတသက် တမ်း ကာလအတွင်း ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိနိုင်မည့် အလားအလာမှာလည်း “လော်ခီး လာ”နှင့် “လိုင်ဇာ” တစ်နေရာနှင့် တစ်နေရာ ခရီးအလှမ်း ကွာဝေးသကဲ့သို့ ကွာဝေးနေဆဲ ဖြစ်ပါသည်။
ထို့အပြင် လော်ခီးလာကွန်ဖရင့်၏ အသက်ဝိဉာဉ်ဟု ပြောလျှင်ရမည်ဖြစ်သည့်၊ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ဘုံနိုင်ငံရေးရည်မှန်းချက်ဖြစ်သော “စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စု” တည်ဆောက်ရေး နိုင်ငံရေးရည် မှန်းချက်သို့ ပေါက်မြောက်အောင်မြင်သည်အထိ တက်လှမ်းကြရမည်ဖြစ်သည်။
“စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု” သည် မည်သူက မည်သူ့ထံ တောင်းယူရမည့် အရေးကိစ္စမဟုတ်ပါ။ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်ပြီး လူမျိုးပေါင်းစုံက ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပါသည်။ သို့ပါ၍ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည်မှာ နိုင်ငံရေး အင်အားစုအားလုံး တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းပြီး တည်ဆောက် ယူကြ ရမည့် အရေးကိစ္စသာ ဖြစ်သည်။
ထို့အပြင် “စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု”သို့ တကယ်တမ်း ချီတက်မည်ဆိုလျှင် တည်ဆဲ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှ လုံးဝ မဖြစ်နိုင်ပါ။ “ဇယား ၁ ၊ ဇယား ၂”ကို ပြင်ဆင်ဖြည့်စွက်ရုံမျှဖြင့်လည်း “ဖက်ဒရယ်ပြည်ထောင်စု” မဖြစ်နိုင်ပါ။ သို့ပါ၍ အဓိက လိုအပ်သည့်အခြေခံမှာ တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ညှိနှိုင်းနိုင်ကြဖို့သာ လိုပါသည်။
ယင်းသို့မဟုတ်ဘဲ ယခင်အစိုးရအဆက်ဆက်ကဲ့သို့ “မဖြစ်နိုင်သည်များကို တောင်းဆိုနေသဖြင့် တွေ့ဆုံဆွေး နွေးနေမှုများကို ရုပ်သိမ်းလိုက်သည်”ဟူသော တစ်ဖက်သတ် ဖျက်သိမ်းမှုမျိုး လက်ရှိအစိုး ရအနေဖြင့် မပြုလုပ်သင့်ဘဲ လူမျိုးပေါင်းစုံပြည်သူများ ၏ လတ်တလောနှင့် ရေရှည်အကျိုးစီးပွားကို မြော်မြင်ကာ စိတ်ရှည်လက်ရှည် အပေးအယူရှိရှိ ညှိနှိုင်းကြရပေလိမ့်မည်။
နိဂုံးချုပ်အားဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအား “တော်လှန်ရေး” ဆိုသည့်စ ကားလုံးကို ရင့်ရင့် သီးသီး ဖြုတ်ခိုင်းနေသည့် အနေအထားတွင် တော်လှန်ရေးသတိရှိဖို့ အထူးလိုအပ်ပါ သည်။
သို့ပါ၍ လော်ခီးလာကွန်ဖရင့် စတုတ္ထနေ့တွင် သဘာပတိအဖြစ် ဆောင်ရွက်သူ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌဖြစ်သူ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီးအင်ဘန်လ ပြောကြားသည့် အောက်ဖော်ပြပါစကားဖြင့် ဆောင်းပါးကို အနားသတ်လိုက်ရပါသည်။
“အခု အုပ်ချုပ်နေတဲ့ အစိုးရဟာ အင်မတန်မှဉာဏ်များတယ်။ ဒါ အားလုံးအသိဖြစ်တယ်။ နည်းနည်း ဟာကွက်လေးရှိရင် အဲဒါ ကို အသုံးချပြီး ကျနော်တို့ကို တိုက်ခိုက်နိုင်တယ်။ ကျနော်တို့ရဲ့ စုစည်းမှုကို တိုက်ခိုက်နိုင်တယ်။ ဒါတွေ မဖြစ်ရလေအောင် စုစု စည်းစည်း၊ ခိုင်ခိုင်မာမာနဲ့ ကျနော်တို့ လိုချင်တာကို တောင်းဆိုကြရအောင်”
(မောင်ကျော်စွာ)