ဒီမိုကရေစီကို အသွင်ကူးပြောင်းနေ သည်ဟု ကြွေးကြော်ဖော်ဆောင်နေသော ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တိုင်းရင်း သားပြည်နယ်များ၌ စစ်မှန်သည့် ပြည် တွင်းငြိမ်းချမ်းရေးရရန် အလားအလာ မတွေ့ရသေး။
အပိုင်း (၁) နိဒါန်း
ဒီမိုကရေစီကို အသွင်ကူးပြောင်းနေ သည်ဟု ကြွေးကြော်ဖော်ဆောင်နေသော ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တိုင်းရင်း သားပြည်နယ်များ၌ စစ်မှန်သည့် ပြည် တွင်းငြိမ်းချမ်းရေးရရန် အလားအလာ မတွေ့ရသေး။ လက်နက်ကိုင်တိုက်ပွဲ မဖြစ်ပွားသည့် မြေပြန့်ဒေသများမှာပင် အကြမ်းဘက် ပဋိပက္ခများတိုး များလာ၊ နိုင်ငံပြင်ပမှလည်း ဟိုကသည်က ခြိမ်းခြောက်မှု များပေါ် လာလျှက်ရှိနေကြောင်း တွေ့ရသည်။တိုင်းပြည်လုံခြံုရေး တပ်ဖွဲ့များကိုထိတ် လန့်ရ၊ ဘာသာရေး အစွန်း ရောက် များကို ကြောက်ရ၊ အကြမ်းဘက်သမား များ၏ အန္တရာယ်ကို သတိထားနေရနှင့် တိုင်းပြည်၏ ဒေသ အမြောက် အများ၌ သာမန်လူထုပေါင်းမြောက်များစွာမှာ ယုံသူငယ်များ ဘဝ သို့ကျဆင်းနေရသည်။ ဥပဒေစိုးမိုးရေးသည် ပြိုကျ တော့ မည်လားဟု စိုးရိမ်ရ သည် အထိပင် ယိုင်လဲ ချိနဲ့လာခဲ့သည်။ တိုင်းပြည် ငြိမ်းချမ်း၊ တည်ငြိမ်ကာ အခြေခံလူထု စီးပွား ရေး တိုးတက်မှုရနိုင်ရေးအတွက် “စစ်မှန် သည့် ဥပဒေ စိုးမိုးရေး အခြေခံများ” ကို တည်ဆောက်ရန်မှာ အရေး တကြီး လိုအပ်ချက် ဖြစ်လာသည်။
“စစ်မှန်သည့် ဥပဒေ စိုးမိုးရေး အခြေခံများ” [1] ဟူသော စကားလုံးကို သုံးစွဲရခြင်းမှာ ဥပဒေစိုးမိုးရေး အတု လွှမ်းမိုးနေ သောကြောင့် ဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်သည် ဥပဒေစိုးမိုးရေး ကို စကားလုံးအရသုံး စွဲခဲ့သော်လည်း ယင်းမှာ မည်သို့ အဓိပ္ပါယ်ရှိ ကြောင်းကို မည်သည့်အခါကမျှ လူထုကိုရှင်းပြခဲ့ခြင်းမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံ တော် အခြေခံမူများ ဟူသော ကဏ္ဍတွင်မူ ဥပဒေစိုးမိုးရေး ကို စကားလုံးအရ ပင် ထည့်သွင်းမထားတော့။ အကြောင်း မှာ ယင်း၏ အနှစ် သာရများကို တိုင်းပြည်၏ အချုပ်အခြာဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီကျင့်သုံး လိုခြင်း မရှိသောကြောင့်သာ ဖြစ်ကြောင်း မှတ်ယူ ရပါတော့မည်။
ချုပ်ပြောရလျှင် မြန်မာနိုင်ငံ၌ “စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံများ” အား လူထုတရပ်လုံး စနစ်တကျ လေ့လာ ခွင့် မရသေးပါ။ စစ်အစိုးရအဆက်ဆက်က ယနေ့အချိန်အထိ ကျင့်သုံးနေသော ဥပဒေစိုးမိုးရေးဟူသည်မှာ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး Rule of Law မဟုတ်။ အာဏာပိုင်များက ပြဌာန်းထားသည့် ပြည်တွင်းဥပဒေ များအတိုင်း စိုးမိုးအုပ်ချုပ်ခြင်း Rule by Law အဆင့်တွင်သာ ရှိနေသေးကြောင်း တွေ့ရသည်။
၁၉၈၂ ခုနှစ်တွင် ပြဌာန်း၍ ၂၀၀၄ ခုနှစ်တွင် ပြင်ဆင်ကာ ယနေ့တိုင်အတည်ပြုကျင့်သုံးလျှက်ရှိသော တရုတ်ပြည်သူ ့ သမ္မတ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅) တွင်အောက်ပါအတိုင်းတွေ့ရှိရသည်။
“တရုတ်ပြည်သူ့သမတ နိုင်ငံသည် အခွင့်အာဏာများအား ဥပဒေနှင့် အညီကျင့်သုံးသည်။ ဥပဒေစိုးမိုးရေး အောက်တွင် ဆိုရှယ်လစ်နိုင်ငံကို တည်ဆောက်သည်။” [2] ယင်းပြဌာန်းချက်ကို လေ့လာလျှင် တရုတ်နိုင်ငံသည် ဥပဒေစိုးမိုးရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံး နေပြီ ဖြစ်ကြောင်း ထင်ရှားသည်။ သို့ရာတွင် ယင်းမှာ မည်ကဲ့သို့သော ဥပဒေစိုးမိုးရေး ဖြစ်ပါသနည်း။
“တရုတ်နိုင်ငံသည် Rule by Law နှင့် Rule of Law ကို ပေါင်းစပ်ကျင့်သုံးနေခြင်းဖြစ်ကြောင်း၊” ဆွီဒင်နိုင်ငံ စတော့ ဟုမ်းမြို့၊ စတော့ ဟုမ်းတက္ကသိုလ် ဥပဒေပညာဌာနတွင် ၂၀၁၃ ခုနှစ်မေလ (၈) ရက်နေ့က ကျင်းပ ခဲ့သည့် နီးနှော ဖလှယ်ပွဲ၌ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ် ဥပဒေ ပညာဌာနမှ ပါမောက္ခ Dr. Gong Renren က ပြောကြားသွား ခဲ့ သည်။ ၄င်း၏ အဆိုအရ တရုတ်နိုင်ငံသည် နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး အဆင့်ကို မသွားနိုင်သေးကြောင်း သုံးသပ်နိုင်သည်။ သို့ရာတွင် ဤမျှပေါင်းစပ်ကျင့်သုံးခြင်းသည်ပင် တရုတ်နိုင်ငံအတွက် များစွာ အကျိုးရှိကြောင်း ထင်ရှား သည်။ ဥပဒေစိုးမိုးရေး အခြေခံတွင် ယနေ့ တရုတ်နိုင်ငံ သည် စည်းလုံးညီညွတ် မှုတည် ဆောက်နိုင်ရုံသာမက နိုးနေ သောနဂါးကြီးအဖြစ် စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးလာ လျှက် ရှိသည်။
Rule of Law နှင့် Rule by Law စကားလုံးနှစ်လုံး၏ ဆက်စပ်မှုနှင့် ကွာခြားမှုကို လေ့လာမိပါက “ဥပဒေစိုးမိုးရေး” ဟူသောစကားလုံးကို လွယ်လင့်တကူ သုံးစွဲ၍ မရနိုင်ကြောင်း ထင်ရှားပါသည်။ ဖြစ်နိုင်လျှင် နိုင်ငံတကာ စံထားချက် များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး ဟူသည်ကို လူထုကြီးတရပ်လုံး လေ့လာကာ တတ်နိုင်သမျှ လက်တွေ့ ဖေါ် ဆောင်သင့် သော အချိန်ရောက်ပါပြီ။ စစ်အာဏာရှင်များတည်ဆောက်ထားသည့် ဥပဒေဘောင်[3] နှင့် ၄င်းတို့ စိတ် ကြိုက်ပြဌာန်းထားသည့် ဥပဒေများအတိုင်း စိုးမိုးအုပ်ချုပ်ခြင်း Rule by Law တို့အား တိုက်ဖျက်သင့်သော အချိန်သို့ ရောက်ပါပြီ။
ဤစာတမ်းငယ်တွင် ဥပဒေစိုးမိုးရေးကို အကျယ်တဝင့်ရှင်းလင်းပြ မည်တော့ မဟုတ်ပါ။ သို့ရာတွင် မျက်မှောက်ဖြစ်ပွား နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ ထောက်ပြ သုံးသပ်ပါမည်။ ထို့နောက် ယင်းတို့အား စနစ်တကျဖြေရှင်းကာ တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံး ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် တိုးတက်ဖွံ ့ဖြိုးမှုတို့ ရနိုင် ရေး အတွက် နိုင်ငံတကာ စံထားချက် လမ်းကြောင်းတွင် မြန်မာနိုင်ငံအနေဖြင့် ကျင့်သုံးနိုင်ရေးအတွက် ဥပဒေ စိုးမိုးရေး ဆိုင်ရာ အခြေခံ အကျဆုံးအဆိုပြုချက် အချို့ ကို တင်သွင်းဆွေးနွေးသွားပါမည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေစိုးမိုးရေး အခြေခံကို မတည်ဆောက်နိုင်ခြင်း။
မည်သည့်နိုင်ငံတွင် မဆို ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံး၏ အချုပ်အခြာ[4] ဖြစ်သည်။ ယင်း၏ သဘောမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော တည်ဆဲဥပဒေမှန်သမျှကို ဖျက်သိမ်းပစ်ရသည်။ နောင်ပြဌာန်းမည့် ဥပဒေများ သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ကိုက်ညီရသည်။ သို့ဖြစ်၍ ဥပဒေစိုးမိုးရေး အခြေခံကို တည်ဆောက်လိုပါက ဥပဒေအားလုံး၏ အချုပ်အခြာဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်း၏အုတ်မြစ်ကို ချမှတ်ရပါမည်။
ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးမူမှာ ပြစ်မှုကျူး လွန်သူကိုအပြစ်ပေးရမည်ဖြစ်ပြီး လူတိုင်းဥပဒေရှေ့မှောက် တွင် တန်းတူခံစားခွင့်ရှိရမည် ဖြစ်သည်။ ဤမူကို အခြေခံအားဖြင့် ဥပဒေနှင့် နီးစပ်သူတိုင်း သိကြပါသည်။ အသစ်အဆန်း မဟုတ်ပါ။ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖမ်းဆီးအရေးယူခဲ့စဉ်က ဗိုလ်ချုပ်ကြီးသူရရွှေမန်း (ယခုဦးရွှေမန်း) ကိုယ်တိုင်ပင်တိုင်းသိ ပြည်သိ ကြွေးကြော်ခဲ့သည်။
သို့ရာတွင် ဥပဒေစိုးမိုးရေး၏ အသစ်အဆန်းမဟုတ်သည့် ဤမူ နှင့် စပ်လျှဉ်း၍ မည်သို့လက်တွေ့ကျင့်သုံး အကောင် အထည်ဖေါ်သင့်သည်၊ မည်သည်တို့မှာ အဟန့်အတားဖြစ်နေသည်၊ ဤမူကို ဖေါ်ဆောင်နိုင်ရေးအတွက် မည်သည့် ဥပဒေများကို ဖျက်သိမ်း၊ ပြင်ဆင်၊ အသစ်ပြဌာန်းသင့်သည်၊ ဟူသည် တို့နှင့် စပ်လျှဉ်း၍အလေးထားကာ ယခု လွှတ် တော် ဥက္ကဌနေရာတွင် ယူထားသော ဦးရွှေမန်းသည် လွှတ်တော်အတွင်း၌ မည်သည့်အခါကမျှ ဦးဆောင်ဆွေးနွေးခဲ့ သည်ကို မကြားသိရပါ။ ဦးသိန်းစိန် အစိုးရက ဦးဆောင်ရန် ဆိုသည်မှာ ဝေလာဝေးပင်။
၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၅ အပေါ် သုံးသပ်ချက်
ပြစ်မှုကျူး လွန်သူကိုအပြစ်ပေးရမည်ဖြစ်ပြီး လူတိုင်းဥပဒေရှေ့မှောက်တွင် တန်းတူခံစားခွင့်ရှိရမည်ဟူသည့် မူကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံရပါ မည်။ မဆန့်ကျင်စေရပါ။ သို့ရာတွင် ၁၉၈၈ ခုနှစ် မှစ၍ အာဏာသိမ်း အုပ်ချုပ် ခဲ့သည့် သက်တမ်းကာလအတွင်း ဖြစ်ပွားကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် စပ်လျှဉ်း၍ စစ်အာဏာရှင်တို့၏ တာဝန်ရှိမှုကို ဖုံးကွယ်ကာ “မည်သည့် တရားရုံး တွင်မျှ တရားစွဲဆိုခွင့် မရှိစေရ” ဟူသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် ပြဌာန်းထား သည်။ ယင်းမှာ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခြင်းဖြစ်သည်။ အဆို ပါပြဌာန်းချက်မျိုးကို ကမ္ဘာပေါ် တွင် တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေများ၌ မည် သည့် နိုင်ငံတွင်မျှ မတွေ့ ရပါ။ ယင်း အပေါ် ဥပဒေအထောက်အကူပြု ကွန်ယက်မှဆွေးနွေးမှုအား ၂၀၁၃ မေလ (၇) ရက်နေ့တွင် ဘီဘီစီမှအသံ လွှင့်သွား သည်ကို ဤလင့်ခ် တွင် နားဆင်ပါ။ https://docs.google.com/file/d/0BzC8VZhwp11AbTdrNlVyQ1FUb0k/edit?usp=sharing
ပုဒ်မ ၄၄၅ ပြဌာန်းချက်သည် လူတိုင်း ဥပဒေရှေ့မှောက်တွင် တန်းတူရေး ဟူသည့် အခြေခံမူကို အဆင့်နှစ်ဆင့်အရ ဆန့်ကျင်လျှက်ရှိသည်။ ပထမ အဆင့်မှာ စစ်အစိုးရအာဏာပိုင်ဟောင်းများသည်သာ အကြွင်းမဲ့လွတ်ငြိမ်း ချမ်းသာခွင့် ရနေကြသည်။ အခြား သာမန် ပြည်သူများ မခံ စားရပါ။ ဒုတိယအဆင့် မှာပြစ်မှုကျူးလွန်သူခြင်း တူပါက နဝတ၊ နအဖ စစ်အစိုးရအဖွဲ့ဝင်များသာ လွတ်ငြိမ်းခွင့်ကို ခံစားကြရသည်။ ၄င်းတို့၏ အမိန့်ပေးမှုအရ သက်ဆိုင်ရာမှုခင်းများ ၌ မြေပြင်တွင် ကြီးကြပ်ကွပ်ကဲ ဖေါ် ဆောင်ခဲ့ ကြသည့် အခြားစစ် ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အာဏာပိုင်များ မှာ အဆိုပါ အခွင့်အရေးကို ခံစားခွင့် မရကြပါ။ အချိန်မရွေး တရားစွဲခံရ နိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ သည် ခွဲခြားမှု[5] ကို အခြေခံဥပဒေနှင့် အညီကျင့်သုံးထား ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့် ပေးခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ အုတ်မြစ်တချပ် ဖြစ်နေ သည်။ သို့ဖြစ်၍ ပြစ်မှုကျူး လွန်သူ မည်သူ့ကို မဆို တိတိကျကျ စုံစမ်းရှာဖွေ ဖေါ်ထုတ်ကာ အရေးယူ အပြစ်ပေးခြင်း ဖြင့် ဥပဒေ စိုးမိုးရေးတည် ဆောက်ရမည်ဟူသောအသံကို လူ့အဖွဲ့အစည်း၌ ကျယ်လောင်စွာ မကြားရတော့ပါ။ အကျိုး ဆက် အနေဖြင့် ဥပဒေ စိုးမိုးရေးပျက်သည့် အခြေအနေကို တပြည်လုံး၌ ကြံုတွေ့နေကြရသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် တိုင်းပြည်တွင် ဥပဒေ စိုးမိုးရေးအတွက် ပန်းခင်းသော လမ်းကို မတည်ဆောက်နိုင်ပါ။ ပြောင်းပြန်ပင် ၄င်းသည် ဥပဒေစိုးမိုးရေး ဆက် လက် ပျက်သုဉ်းစေရန် ငရဲမီးခင်းသောလမ်းကို ဖေါက်ပေးထားကြောင်းတွေ့ရှိရသည်။
ရခိုင်ပြည်နယ်တွင် ဥပဒေစိုးမိုးရေးပျက်စီးစေခဲ့ရာ၌ မည်သူ့တွင် အမြင့်ဆုံးတာဝန်ရှိသလဲ။
ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏အစီရင်ခံစာ စာမျက်နှာ ၈၇ တွင် “နစက သည် ကက (ကြည်း) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေ ကြောင်းနှင့် လုံခြံုရေး အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အမိန့်ကိုသာနာခံရပြီး ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး ဆောင်ရွက်သူများ၏ အမိန့်ကို နာခံနိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ကြောင်း” အတိအလင်း ဖေါ်ပြထား သည်။ ကက (ကြည်း) သည် (ကာ/လုံ) ၏ အဖွဲ့ ၀င်များဖြစ်သော ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို ့၏ တိုက်ရိုက်အမိန့် ပေးညွှန်ကြားမှုအောက်တွင် ရှိသည်။
ရခိုင်ပဋိပက္ခများအတွင်း (ကာ/လုံ) က ဥပဒေစိုးမိုးရေးအခြေခံကိုရိုက်ချိုး ခဲ့သည့် အဓိက ဖြစ်ရပ်ကြီးနှစ်ခုရှိခဲ့ ကြောင်း ကော်မရှင်၏ အစီရင်ခံစာအရ ပေါ်လွင်သည်။ ၄င်းတို့မှာ ၂၀၁၂ ဇွန်လ (၃) ရက်နေ့တွင် တောင်ကုတ်၌ အစ္စလာမ် ဘာသာဝင် ဆယ်ဦး အသတ်ခံရခြင်းနှင့် ဇွန်လ (၈) ရက်နေ့ တွင် မောင်းတော၌အစ္စလာမ်ဘာသာ ၀င်များက ရခိုင် လူထုများအပေါ် ပြန်လည်၍ အကြမ်းဘက်မှုများ ပြုကြခြင်း ဖြစ်သည်။
အစ္စလာမ်ဘာသာဝင် ဆယ်ဦး အသတ်ခံရခြင်း နှင့် စပ်လျှဉ်း၍ ပြစ်မှုကျူးလွန်သူများကို ယခုအချိန်အထိ ဖေါ် ထုတ် အရေးယူခြင်းမပြုပါ။ ထိုနည်းတူ မောင်းတောတွင် အစ္စလာမ်ဘာသာဝင်များ၏ ပြန်လည် အကြမ်းဘက်မှုကို တားဆီး နိုင်ပါ လျှက် အာဏာပိုင်များက ကာကွယ်တားဆီးမှု မပြုခဲ့ပါ။ ယင်းနှင့် စပ်လျှဉ်း၍ ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ ၈၂ တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်။
“မောင်းတောဖြစ်စဉ်တွင် ထိုစဉ်က နစက အကြီးအကဲလုပ်သူက ပြတ်သားစွာ ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့မည် ဆိုပါက ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများစွာ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း ရခိုင်ရပ်မိ၊ ရပ်ဖ များမှ ဝေဘန် သုံးသပ်ခဲ့ကြပါသည်။”
ပထမ ဖြစ်ရပ်တွင် ပြစ်မှုကျူးလွန်သူကို အရေးမယူသဖြင့် ရိုဟင်ဂျာများနှင့် အစ္စလာမ်ဘာသာ ၀င် အမြောက်အများ ယခုအချိန်အထိ အကြိတ်အခဲဖြစ်နေဆဲဖြစ်သည်။ ဒုတိယ ဖြစ်ရပ်တွင် ကာကွယ်တားဆီးနိုင်ပါလျှက် မကာကွယ်ခဲ့ သဖြင့် ထိခိုက်ဆုံးရှံုးမှုများဖြစ်ပွားခဲ့ရသည့်အပြင် ရခိုင်ပြည်နယ် အခြားဒေသများသို့ ပျံ့သွားခဲ့ သောကြောင့် ရခိ်ုင် လူထုများက မကြေမနပ် ဖြစ်နေဆဲဖြစ်သည်။ ၄င်းအကြိတ်အခဲများ၊ မကြေနပ်မှုများသည် ဥပဒေ စိုးမိုးရေးပျက်သုဉ်း ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယင်း၏ အကျိုးဆက် အနေဖြင့် ပဋိပက္ခများ ဆက်လက် ကြီးထွားသွားခဲ့ ခြင်းဖြစ်သည်။ ကော်မရှင်၏ အစီရင်ခံစာအရ ပေါ်လွင်သော ဖြစ်ရပ်နှစ် ခုလုံး တွင်သာမက ပထမဆုံး စတင်ဖြစ်ပွားခဲ့ သည့် ကျောက်နီမော် လူသတ်မုဒိန်းမှုတွင် အမှန်တရားကို ဖုံးကွယ်ခဲ့သည့် အတွက် ဥပဒေစိုးမိုးရေး ပျက်သုဉ်းရာတွင် အဓိက တာဝန်ရှိသူမှာ (ကာ/လုံ) နှင့် ဦးသိန်းစိန်ဦးဆောင်သည့် ဗဟိုအစိုးရဖြစ်သည်။ အဘယ်ကြောင့်ဆို သော် လုံခြံုရေးတပ်ဖွဲ့များသည် ၄င်းတို့၏တိုက်ရိုက်အမိန့်ပေးညွှန်ကြားမှုအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရ သောကြောင့် ဖြစ်သည်။ (ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရက ဥပဒေစိုးမိုးရေးကို မတည်ဆောက်ခဲ့သဖြင့် အကြမ်းဘက်ပဋိပက္ခများ သည် မြန်မာနိုင်ငံ အခြားနေရာ အတော်များများသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာက လူ့အခွင့်အရေးရှုဒေါင့်မှ စွပ်စွဲလာမှုကို ကော်မရှင်က ပယ်ချသည် ဟူသည့်အပေါ်
သုံးသပ်ချက်
နိုင်ငံတကာက လူ့အခွင့်အရေးရှုဒေါင့်မှ စွပ်စွဲလာမှုကို ပယ်ချကြောင်း ကော်မရှင်အဖွဲ ့ဝင် ဒေါက်တာ ဒေါ် ရင်ရင်နွယ် က ပြောခဲ့သည်။ ပယ်ချရသည် ့အဓိကအကြောင်းမှာ နိုင်ငံတကာ သည် ဘင်္ဂါလီ တဘက်တည်းကို သာမေးခဲ့ပြီး ရခိုင် လူမျိုးများဘက်ကို မမေးခဲ့သောကြောင့် ဟူ၍ ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင်အခြားသူတချို့က လည်း အလားတူ တုန့်ပြန်ခဲ့ဘူးသည်။ စင်စစ်အားဖြင့်မူ နိုင်ငံတကာသည် ရခိုင်တိုင်းရင်းသားများဘက်ကိုလည်း မေးသင့်သလောက် မေးမြန်းခဲ့သည်။ အရင်းခံအားဖြင့်မူ ဘက်နှစ်ဘက် ရှုဒေါင့်မှ အဓိက ချဉ်းကပ်ရန် မဟုတ်ပါ။ နိုင်ငံတနိုင်ငံ အတွင်း၌ မည်သို့သော အခြေအနေများဖြစ်ပွားသောအခါ နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖေါက်မှု ရှုဒေါင့်မှ ချဉ်းကပ် ကိုင် တွယ်သည်ကို ကော်မရှင်အနေဖြင့် လေ့လာသင့်သည်။ ရိုးရိုးပြစ်မှု နှင့် လူ့အခွင့် အရေး ချိုးဖေါက်မှု တို့၏ ဆက်စပ်မှု နှင့် ကွာခြားမှုအပေါ်လည်း ရှင်းလင်းစွာ နားလည်ရန်လိုပါသည်။
သာဓက ဆိုပါမည်။ နိုင်ငံတနိုင်ငံ အတွင်း၌ ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ အခြားအကြောင်းတခုခု အရဖြစ်စေ လူတဦးက အခြားတဦးကို၊ လူအုပ်စုတခုက အခြားအုပ်စုတခုကို၊ သတ်ဖြတ်မှုကျူးလွန်သည် ဆိုကြပါစို့။ လူ့အခွင့်အရေးရှုဒေါင့်မှကြည့်လျှင် သတ်ဖြတ်ခံရသူ၏ အသက်ရှင်ရပ်တည်ပိုင် ခွင့် ရုပ်သိမ်းခံလိုက်ရခြင်းဖြစ်သည်။ သို့ရာတွင် သာမန်အားဖြင့် နိုင်ငံတကာက ၀င်ရောက်စွက်ဘက် ပြောဆိုမည် မဟုတ်ပါ။ သက်ဆိုင်ရာ နိုင်ငံ၏ အချုပ် အခြာအာဏာ[6] အတွင်း ကျရောက်နေသောကြောင့် ဖြစ်သည်။ ၄င်းနိုင်ငံ၏ အစိုးရကသာလျှင် အဆိုပါနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ပြစ်မှုကျူးလွန်သူ သို့မဟုတ် ကျူးလွန်သူများကို အရေးယူ အပြစ်ပေးရမည်ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ် အနောက်ခြမ်းတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး အတော် များများ သေဆုံးကာ လူဦးရေ နှစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂသည်လည်း ကောင်း၊ နိုင်ငံ တကာ လူ့အခွင့်အရေး အဖွဲ့ အစည်းကြီးများသည်လည်းကောင်း ၀င်ရောက်စွက်ဘက်ပြောဆိုကြ ခြင်းမရှိပါ။ အိန္ဒိယ နိုင်ငံ၏ အချုပ်အခြာအာဏာ အတွင်းတွင် သက်ဆိုင်ရာအစိုးရများကဖြေရှင်းဆောင်ရွက် ခဲ့ကြသည်။
သို့ရာတွင် အစိုးရကိုယ်တိုင်က လူထုအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုကို ကျူးလွန်ခြင်း၊ သို့မဟုတ် အင်အားစု တရပ်ရပ်က ကျူး လွန်မှုကို အစိုးရက အားပေးကူညီခြင်း၊ တနည်းနည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သို့မဟုတ် လူ့အခွင့်အရေးချိုး ဖေါက်ကျူးလွန်မှုကြီးများ ဖြစ်ပွားနေပါလျှက် ကျူးလွန်သူများကို အစိုးရက ထိထိရောက်ရောက် အရေးယူမှုမပြုခြင်း တို့ဖြစ်လျှင်မူ ကုလသမဂ္ဂ အနေဖြင့် ဖြစ်စေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများ အနေဖြင့် ဖြစ်စေ ၀င်ရောက်အရေးယူဆောင်ရွက်ရန် ကြိုးပမ်းကြရသည်။ ဤသည်မှာ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေအခြေခံများပေါ်၌ နိုင်ငံတကာက ကျင့်သုံးသည့်အစဉ်အလာလည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည် နယ်၌အလားတူ အခြေအနေများ ဖြစ်ပွားနေသည့် အထောက်အထားများအား နိုင်ငံတကာတွေ့ရှိသဖြင့်သာ ကုလ သမဂ္ဂ နှင့် နိုင်ငံတကာက ၀င်ရောက်ပြောဆိုလာကြခြင်းဖြစ်သည်။ အရေးယူဆောင်ရွက်မှုများလည်း ရှိလာနိုင်သည်။
ဒေါက်တာဒေါ်ရင်ရင်နွယ် နှင့် ကော်မရှင်အဖွဲ ့ဝင်အချို ့ပြောသလို နိုင်ငံတကာ အနေဖြင့် ရခိုင်တိုင်းရင်းသားများအား စစ်ဆေးမေးမြန်းမှု နည်းကောင်းနည်းပါမည်။ ဤသည်မှာ အကြောင်းနှစ်ချက်ကြောင့် ဖြစ်နိုင်သည်။ တချက်မှာ ဦးသိန်း စိန်အစိုးရ၏ စစ်တပ်နှင့် အခြားလုံခြံုရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာများနှင့် ပေါင်းကာ ရခိုင်တိုင်းရင်းသား များ အပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများ ကျူးလွန်နေကြောင်း သတင်းမရခဲ့သောကြောင့်ဖြစ်နိုင်သည်။ နောက်တချက်မှာ ရခိုင် တိုင်းရင်းသားများ ကိုယ်တိုင်ကလည်း ဦးသိန်း စိန်အစိုးရ၏ စစ်တပ်နှင့်အခြားလုံခြံုရေး တပ်ဖွဲ့များသည် မိမိတို့အပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ကျူးလွန်နေကြသည်၊ ရွာများမီးရှို ့၊ လူသတ်၊ မုဒိန်းကျင့် စသဖြင့် ကျူးလွန်နေပါသည် ဟု တိုင်တန်းခြင်း မပြုခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။
ယင်းသို့ကျူးလွန်မှု သက်သေအထောက်အထားများ ရှိပါက ကော်မရှင်အနေဖြင့် ဖြစ်စေ၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ် အနေဖြင့်ဖြစ်စေ နိုင်ငံတကာသို့တိုင်တန်းမည်ဆိုပါက ရခိုင်တိုင်းရင်းသားများအား အဓိကထား၍ လာရောက် စစ်ဆေး မေးမြန်းရန်မှာ ရာခိုင်နုန်းပြည့်သေချာသည်။
အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားရခြင်း၏ လတ်တလောအကြောင်းရင်း နှင့် နောက်ဆက်တွဲအကြောင်းရင်းများ
ရခိုင်ပြည်နယ်မှ စတင်ခဲ့ပြီး တနိုင်ငံလုံးသို့ တဖြေးဖြေးပျံ့နှံ့နေပြီဖြစ်သော အကြမ်းဘက် ပဋိပက္ခကြီး၏ လတ်တလော အကြောင်းရင်းမှာ လူမျိုးရေးကွဲပြားမှုနှင့် ဘာသာရေးယုံကြည်ချက်ခြားနားမှုတို့အပေါ်အခြေခံပြီး တဘက်နှင့် တဘက် အပြန်အလှန်ပုတ်ခတ် စွပ်စွဲကြရာမှ စတင်ပေါ်ပေါက်လာခဲ့သည့် ပြသနာ မဟုတ်ပါ။ ဥပဒေစိုးမိုးရေးအခြေခံအရ ပြစ်မှု ကျူး လွန်သူမှန်သမျှကို ကျောသား ရင်သားမခွဲခြားဘဲ တန်းတူထား၍ ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေး မယူခဲ့ ခြင်းမှာ ပထမ လတ်တလော အကြောင်းရင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်နှင့် အခြားလုံခြံုရေးတပ်ဖွဲ့ များကိုယ်တိုင်က ဘက်တဘက်တွင် ရပ်၍ ပြစ်မှု ကြီးများအား ပါ၀င်ကျူးလွန်ခဲ့ကြသည် ဟု နိုင်ငံတကာက ထောက်ပြ စွပ်စွဲလာသည်က ပို၍ အရေးကြီးသော ဒုတိယ လတ်တလော အကြောင်းရင်း ဖြစ်သည်။
ဤလတ်တလော အကြောင်းရင်းနှစ်ရပ်ဖြစ်တည်လာခဲ့ပြီးနောက် နောက်ဆက်တွဲအကြောင်းရင်း တို့လည်း ပေါ်ပေါက် လာပြန်သည်။ ယင်းတို့မှာ ဘာသာရေးအုပ်စုကြီး နှစ်ခုမှ အချို့သော အစွန်း ရောက်ဘာသာရေး ခေါင်းဆောင်များ၊ ဘာသာဝင်များ နှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများက နည်းလမ်းပေါင်းစုံသုံး၍ လှုံ့ဆော်လာခဲ့ကြခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် အကြမ်းဘက် ပဋိပက္ခကြီးများသည် တိုင်းပြည်၏ နေရာဒေသ အတော်များများသို့ပျံ့နှံ့သွားခဲ့ရ ခြင်းဖြစ်သည်။
လတ်တလော အကြောင်းရင်း နှင့် နောက်ဆက်တွဲ အကြောင်းရင်းတို့ကို နိုင်းယှဉ်လေ့လာရန်လိုပါမည်။ လတ်တလော အကြောင်းရင်းသည် ဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည်။ နောက်ဆက်တွဲအကြောင်း ရင်းသည် သာသာရေး အရ မတူကွဲပြားသည့် ဘာသာများ အတူငြိမ်းချမ်းစွာရပ်တည်နိုင်ရေး၊ အပြန်အလှန်လေး စားမှုတည်ဆောက်ရေးတို ့နှင့် လည်းကောင်း၊ နိုင်ငံရေးအရ အစွန်းရောက် အမျိုးသားရေးဝါဒကို စွန့်လွှတ်ပြီး လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေ ထိုင် ရေး အခြေခံတွင် မိမိအမျိုးသား အကျိုးစီးပွားကို သမာသမတ်ကျစွာ ဖေါ်ဆောင်နိုင်ရေး အတွေးအခေါ် စိုက်ထူမှု နှင့် လည်းကောင်း သက်ဆိုင်သည်။
နောက်ဆက်တွဲအကြောင်းရင်းများသည် အရေးမကြီးမဟုတ်ကြီးပါသည်။ သို့ရာတွင် ယနေ့တပြည်လုံးသို့ ပျံ့နှံ့နေ ပြီ ဖြစ်သော အကြမ်းဘက်ပဋိပက္ခကြီးများနှင့်စပ်လျှဉ်း၍ လူ့အဖွဲ့အစည်းတခုလုံးနီးပါးသည် နောက်ဆက်တွဲ အကြောင်း ရင်းများအပေါ်တွင်သာ ကုစားအဖြေရှာကြရန်ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ ထိရောက်မှု အားနည်း နိုင်သည်။ လတ်တလောအကြောင်းရင်းများနှင့်စပ်လျှဉ်း၍ အမှန်တရားပေါ်အောင် အဓိကထားဖေါ်ထုတ်ပြီး အရေးယူဆောင်ရွက် နိုင်မှ သာလျှင် ဥပဒေစိုးမိုးရေးကို အခြေခံအားဖြင့်တည်ဆောက်နိုင်ပါမည်။ ထို့နောက် နောက်ဆက်တွဲအကြောင်းရင်း များကို တဖြေးဖြေး အချိန်ယူကုစားသွားရန် ဖြစ်ပါသည်။
ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် လတ်တလော အကြောင်းရင်းကို မီးမောင်းထိုးကာ အမှန်တရားပေါ်အောင်ဖေါ်ထုတ်ခဲ့ခြင်း မရှိ။ လတ်တလောအကြောင်း ရင်းနှစ်ရပ် အနက် ပထမ တရပ်ကို ကော်မရှင်ကိုယ်တိုင်ဝန်ခံရသည်။ ထို ့အပြင် လုံခြံုရေးတပ်ဖွဲ့များကိုယ်တိုင်က ဘက်တဘက် နှင့်ပူးပေါင်းကာ ပြစ်မှုကြီးများအား ပါ၀င်ကျူးလွန်ခဲ့ကြသည်ဟု နိုင်ငံတကာက ထောက်ပြစွပ်စွဲသည့် ဒုတိယအကြောင်း ရင်းကိုလည်း ကော်မရှင်ကမျက်စိမှိတ်ပယ်ချခြင်းမှလွဲ၍ အချက်အလက်နှင့် မငြင်းနိုင်။ သို့ရာတွင် အစီရင်ခံစာ၌ လတ် တလောအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ မဖေါ်ထုတ်ဘဲ နောက်ခံအကြောင်းရင်း နှင့်နောက်ဆက်တွဲ အကြောင်းရင်းများကိုသာ ဋီကာချဲ့ပြီးဖေါ်ပြခဲ့သည်။ ထို့ကြောင့် ဥပဒေစိုးမိုး ရေး အခြေခံကို ဖျက်ဆီးခဲ့သည့် ကာလုံ နှင့် သမတ ဦးသိန်းစိန်၏ တာဝန်ရှိမှုကို ဖုံးကွယ် သွားစေခဲ့ သည်။ ယင်းအတွက် ကော်မရှင်အား ဦးသိန်းစိန်က များစွာ သဘောကျ သွားပုံရ သည်။ ၂၀၁၃ ခုနှစ် မေလ (၆) ရက်နေ့တွင် တိုင်းပြည်သို့ မိန် ့ခွန်းပြော၍ပင် ချီးမွမ်းခဲ့သည်။ (ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရ သည် ဥပဒေစိုးမိုးရေးပျက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်သလား။
ရခိုင်မှ တရုတ်ပြည်သို့ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ချီကာ တန်ဘိုးရှိသည့် သဘာဝ ဓါတ်ငွေ ့ ပိုက်လိုင်း သွယ်တန်း တည်ဆောက်နေပါသည်။ ယင်းအပေါ် ရခိုင်ပြည်နယ် အတွင်းရှိလူထုများက အားကောင်း ကောင်း နှင့် ကန့်ကွက်နိုင်ခြင်း မရှိစေရန်အာရုံလွှဲလိုက်ခြင်းဖြစ်နိုင်သည်ဟု လူထုအတော်များများက ယူဆလာကြသည်။ ထို့ပြင် တည်ဆောက်ပြီးသည့်အချိန်တွင် လက်ရှိနှင့်နောင်တက်လာဦးမည့် စစ်အစိုးရအဆက်ဆက်က နှစ်ပေါင်းမြောက်များ စွာ ဆက်လက်အမြတ်ထုတ်အကျိုးခံစားနေဦးမည့်အပေါ် မကန့်ကွက်နိုင်တော့စေရေးအတွက်ရခိုင်ပြည်နယ်အတွင်း ရှိ လူထု များနှင့် ၄င်းတို ့၏ နိုင်ငံရေးပါတီများအားနည်းချိနဲ ့သွားစေရန်၊ လုံခြံုရေးအရ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်နှင့် အခြား လုံခြံုရေးအဖွဲ့များကိုသာ ထာဝရအားကိုးသွားစေရန် မဟာဗြူဟာချမှတ်လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။
အထက်ပါသုံးသပ်ချက် မမှန်ဟူ၍ (ကာ/လုံ) နှင့် ဦးသိ်န်းစိန် အစိုးရက သက်သေပြလိုပါက ပိုက်လိုင်းနှင့် ဆက်စပ် သော သတင်းအချက်အလက်မှန်သမျှကို ရှင်းလင်းစွာ တပြည်လုံးသို့ထုတ်ပြန်ကြေငြာရန်လိုသည်။ ပို၍အရေးကြီး သည်မှာ အကြမ်းဘက် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် လူထု၏ စီးပွားရေးမှာ ချွတ်ခြံုကျပျက်စီးသွားခဲ့ပြီဖြစ် သဖြင့် ပြန်လည်ကုစားနိုင်ရန် ပိုက်လိုင်းမှရသော ၀င်ငွေအားလုံးကို ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက်သာ သုံးစွဲသွားနိုင်စေ ရန် ဥပဒေတရပ် ပြဌာန်းကာ လွှဲအပ် ဖေါ်ဆောင်သွားရန်လိုအပ်သည်။ မည်သို့ပင်နောက်ဆက်တွဲ ကုစား မှုများပြုစေဦး၊ ရခိုင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေးပျက်စီးစေခဲ့သည့်အတွက်ယင်းမှ စတင်ကာ တပြည်လုံးသို့ပျံ ့နှံ ့စေခဲ့ရာ၌တာဝန်ရှိမှုမှနေ၍ (ကာ/လုံ) နှင့် ဦးသိန်းစိ်န်အစိုးရသည် ရှောင်လွှဲ၍ မရနိုင်။
အဖွဲ့အစည်းသဘောအရ တာဝန်ရှိမှု[7] နှင့် အမိန့်ပေးခြင်းအရ တာဝန်ရှိမှု[8]
၁၉၈၂ ခုနှစ်တွင် ဂွါတီမာလာနိုင်ငံ၌ အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး အက်ဖရိန် ရိုင်ယို မွန် ့[9] သည် အစ်ဇီးလ်မာယာ အမည်ရှိ တိုင်းရင်းသားလူမျိုးစုဝင်ဦးရေ ၁၇၇၁ ဦးအပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူး လွန်ခဲ့သည် ဟု စွဲချက်တင်ကာ တရားရုံး၌ သက်သေပေါင်းတရာကျော်ကို စစ်ဆေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ ့ တွင် ၄င်းအပေါ် ထောင် နှစ်ရှစ်ဆယ်ချခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှုအတွက် နှစ်ငါးဆယ်၊ လူသားဖြစ်မှုကို ဆန့်ကျင် သည့် ပြစ်မှုအတွက် နှစ်သုံးဆယ် နှစ်ခုပေါင်း ထောင်နှစ်ရှစ်ဆယ်ဖြစ်သည်။ “သမတ တာဝန်ယူထားစဉ်အတွင်း သတ် ဖြတ်မှုကြီးများ ကျူးလွန်နေတာကိုသိရက်နဲ့ရပ်ဆိုင်းသွားအောင်ကာကွယ်တား ဆီးခြင်းမလုပ်ခဲ့တာကြောင့် ပြစ်မှု ကျူး လွန်ရာရောက်တယ်” ဟု တရားသူကြီး ဂျက်စ်မင် ဘာရီရော့[10] က စီရင်ချက်တွင်ထည့်သွင်းဖတ်ကြားသွားခဲ့သည်။
အာဂျင်တီးနား၊ ချီလီ၊ ဂွွါတီမာလာ အစရှိသော နိုင်ငံများတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်ကို အကြောင်း ပြ၍ ပြစ်မှုကျူးလွန်မှုကြီးများအားမေ့မထားဘဲ ပြန်လည်ဖေါ်ထုတ်ပြီး အရေးယူနေကြခြင်းမှာ စစ်မှန်သည့် ဥပဒေစိုးမိုး ရေး အခြေခံများ တည်ဆောက်ပြီး တိုင်းပြည် တည်ငြိမ်၊ ငြိမ်းချမ်းကာ၊ လူထုတရားမျှတမှု ရစေရန်ဖြစ်သည်။
၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ၄င်း၏ တပ်မတော်သည် မည်သည့်အခါကမျှ လူမျိုးတုံးသတ်ဖြတ်မှု နှင့် စစ်ရာဇဝတ်မှုများ မကျူးလွန်ခဲ့ကြောင်းထည့်သွင်း ပြောကြားသွားခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှု၊[11] စစ်ရာဇဝတ်မှု[12] နှင့် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ပြစ်မှု[13] များအား မြန်မာနိုင်ငံအတွင်းတွင် ဥပဒေအဖြစ်ပြဌာန်းထားမှု မရှိသေးပါ။ နိုင်ငံတကာ ဥပဒေ၏အစိပ်အပိုင်းများ ဖြစ်ကြပါသည်။ ယင်းတို့ကို ချိုးဖေါက် ကျူးလွန်ခြင်းမှာ ပြစ်မှုမြောက်သည်ဟူ၍ ကာချုပ်မင်းအောင်လှိုင် ကိုယ်တိုင်က ၀န်ခံလိုက် သည့် သဘောဖြစ်သည်။ ယင်းမိန့်ခွန်းကိုးကားကာ အာဏာပိုင်များက ပြဌာန်းထားသည့် ပြည်တွင်းဥပဒေများအတိုင်း သာ စိုးမိုးအုပ်ချုပ်ခြင်း Rule by Law မှနေ၍ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး Rule of Law သို့ ပြောင်းလဲဖေါ်ဆောင်နိုင်ရေးအတွက် စတင်လှုပ်ရှား လုပ်ဆောင်သင့်ပြီဖြစ်ပါသည်။
အထက်ပါ နိုင်ငံတကာ ပြစ်မှုကြီးများအား တပ်မတော်က မကျူးလွန်ပါဟူ၍ ကာချုပ်မင်းအောင်လှိုင်၏ ငြင်းဆိုချက်ကိုမူ လက်ခံနိုင်ဘွယ်မရှိပါ။ ၄င်းပြစ်မှုကြီးများမှာ မည်သည့်အရာများဖြစ်သည်ကိုဥပဒေသမားများ ပင်နားလည်အောင် မနည်းကြိုးပမ်းကြရသည်။ ယင်းတို့နှင့် စပ်လျှဉ်း၍တပ်မတော်အတွင်းကျယ်ကျယ် ပြန့်ပြန့်ပညာပေးရေးလုပ်ခဲ့ ကြောင်း လည်း တကြိမ်တခါမျှ မကြားသိခဲ့ရပါ။ သို့ဖြစ်၍ တပ်ဗိုလ်၊ တပ်သားတကယ့်အများစုကြီးမှာ မည်သည်တို့ကို ကျူးလွန်လျှင် မည်သည့်ပြစ်မှုမြောက်သည်ဟူ၍ နားလည်နိုင်ကြခြင်းမရှိသေးသည်မှာ ရာနုန်းပြည့်နီးပါး သေချာသည်။ လတ်တလောဖြစ်ရပ်များကို သုံးသပ်လျှင်ပင် ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ ကချင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှု နှင့် လက်ပံတောင်းတောင်ဒေသတွင် ဆန္ဒပြသံဃာများအပေါ် လူသားဖြစ်မှုကို ဆန့်ကျင့်သည့်ပြစ်မှု များ ကျူးလွန်ခဲ့ပြီးပြီဟု နိုင်ငံတကာ ဥပဒေ အခြေခံမှ သုံးသပ်နိုင်သည်။ အသေးစိပ်ကို ဤစာတမ်း၏ ဒုတိယပို်င်းတွင် ဆက်လက်ဆွေးနွေးပါမည်။
အထက်ပါ ပြစ်မှုကြီးများနှင့် စပ်လျှဉ်း၍ တာဝန်ရှိမှုကို ရှာဖွေရာတွင် အဖွဲ့အစည်းသဘောအရ တာဝန်ရှိမှု နှင့် အမိန့် ပေးခြင်းအရ တာဝန်ရှိမှု နှစ်ခုတို့၏ ဆက်စပ်မှုနှင့်ကွာခြားမှု တို့ကို လေ့လာဘို့လိုပါမည်။ သမတ ဦးသိန်းစိန်သည် လည်းကောင်း၊ ကာချုပ်မင်းအောင်လှိုင်သည်လည်းကောင်း တိုင်းပြည်တွင်အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်း ဖြစ်သည့် (ကာ/လုံ) ၏ အဖွဲ့ဝင်များဖြစ်ကြသဖြင့် ယနေ့တိုင်းပြည်တွင် ဖြစ်ပွားနေသော အကြမ်းဘက် ပဋိပက္ခကြီးများနှင့် စပ် လျှဉ်း၍ ၄င်းတို့တွင် ယေဘုယျအားဖြင့် တာဝန်ရှိကြသည်။ ရခိုင်ပဋိပက္ခတွင် လုံခြံုရေး တပ်ဖွဲ့များအား(ကက/ကြည်း) က တိုက်ရိုက်အမိန့်ပေးခဲ့ကြောင်း ကော်မရှင်၏အစီရင်ခံစာအရ ပေါ်လွင်သဖြင့် ကာချုပ်မင်းအောင်လှိုင်တွင် တာဝန် ရှိသည်။ (ကာ/လုံ) အစည်းအဝေးခေါ်ပြီး ကာချုပ်မင်းအောင်လှိုင်ကို တာဝန်ပေးခဲ့ခြင်းဖြစ်ပါက (ကာ/လုံ) အဖွဲ့ဝင် အားလုံးတွင်တာဝန်ရှိသည်။ သို့မဟုတ်ဘဲ သမတ ဦးသိန်းစိန်က ကာချုပ်မင်းအောင်လှိုင်အား ရခိုင်ပဋိပက္ခများ ကိစ္စ ဆောင်ရွက်ရန်တာဝန်ပေးခဲ့ပါက ဦးသိန်းစိန်သည် အကြီးအကဲ[14] အနေဖြင့်လည်းကောင်း၊ ကာချုပ်မင်းအောင်လှိုင် သည် လက်အောက်ငယ်သား[15] အနေဖြင့်လည်းကောင်း တာဝန်ရှိသည်။
ကချင်ပြည်နယ်အတွင်း ကေအိုင်အိုကို ထိုးစစ်ကြီးများဆင်နွှဲခဲ့စဉ် စစ်ရေး သဘောအရ ကာချုပ်မင်းအောင်လှိုှု်င် မှာ အဓိကတာဝန်ရှိသည်။ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ခြင်းနှင့်စပ်လျှဉ်း၍မူ အကြီးအကဲ ကာချုပ်မင်းအောင်လှိုင်တွင် တာဝန်ရှိသလား၊ စစ်မြေပြင်တခုလုံးကို အနီးကပ်ကွပ်ကဲရသည့် လက်အောက်ငယ်သား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးတွင် တာဝန်ရှိသလား ဟူသည်ကို သုံးသပ်ရပါမည်။ ဤတွင် နိုင်ငံတကာဓလေ့ ထုံးတမ်းဥပဒေ[16] အရသာ မက (ရဝမ်ဒါ နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး[17] က ချမှတ်ခဲ့ပြီး ဆီအာရာလီယွန်းအထူး တရား ရုံး[18] ကပါ လိုက်နာကျင့်သုံး ခဲ့ သည့် လက်တွေ့အရ) သမားရိုးကျနိုင်ငံတကာဥပဒေ[19] အဖြစ်ပင်လိုက်နာကျင့် သုံးလာကြပြီဖြစ်သော သတ်မှတ် ပြဌာန်းချက်အရ အကြီးအကဲ နှင့် လက်အောက်ငယ်သား ဆက်ဆန်ရေး[20] အရတာဝန်ရှိမှု ကို လေ့လာရန်လိုပါသည်။ ဂွါတီမာလာနိုင်ငံက ဗိုလ်ချုပ်ကြီး အက်ဖရိန် ရိုင်ယိုမွန်၏ မှုခင်းနှင့် နိုင်းယှဉ်လေ့လာလျှင်အကျိုးရှိပါမည်။
အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ယက်တည်ထောင်သူ ၂၀၁၃ ခုနှစ် မေလ (၁၄) ရက်