ပညာသင်ပြီးတဲ့အခါ နော်ဆာ့ကမွီးဖောဟာ ရွာမှာ ကျန်းမာရေးမှူးတစ်ယောက် ပြန်ဖြစ်ချင်ပါတယ်။ ဒီအိပ်မက်ဟာ သူမအတွက် အမြင့် မားဆုံးသော ဆုကြီးတစ်ခုအဖြစ် ခံယူထားပါတယ်။ အသက် ၁၈နှစ်ထဲ ၀င်နေပြီဖြစ်တဲ့ နော်ဆာ့ကမွီးဖောဟာ သူမရဲ့ မိသားစုတွေနဲ့ မိုင် ပေါင်း ရာနဲ့ချီကွာဝေးတဲ့ ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ အသက် ၁၃နှစ်အရွယ်ကတည်းက လာရောက် ပညာသင်ကြားနေရ သူ ဖြစ်ပါတယ်။
သူမဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကရင်လူမျိုးတွေချည်း နေထိုင်တဲ့ အိမ်ခြေ ရ၀ခန့်ရှိတဲ့ လယ်ဖိုး(ကျောက်တောင်လေး)ရွာက ဖြစ်ပြီး မိဘတွေက ဗမာပြည်မှာ ကျောင်းဆက်မထားနိုင်တော့တဲ့အတွက် ပညာရေးအခွင့်အလမ်းရအောင် ဒုက္ခသည်စခန်းကို ရွှေ့ပြောင်း ပညာသင်ကြားရသူလည်း ဖြစ်ပါတယ်။ သူမဟာ မူလတန်းပညာ အောင်မြင်ပြီးတဲ့နောက် ၂၀၀၇ခုနှစ်မှာ ရွာကိုစွန့်ပြီး ပညာ ဆက်လက် သင်ကြားနိုင်ဖို့ မယ်လဒုက္ခသည်စခန်းကို ရောက်ရှိလာရတာပဲ ဖြစ်ပါတယ်။။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းက မယ်လဒုက္ခသည်စခန်းမှာ စခန်းတွင်း ကြီးပြင်းသူ ကလေးသူငယ်များသာမက အချို့ကလည်း နော်ဆာ့ကမွီးဖောလို မြန်မာပြည်တွင်းကနေ လာရောက်ပညာ သင်ကြားကြသူတွေလည်း ရှိပါတယ်။ အဲသလို မြန်မာပြည် ထဲက မိဘအသိုင်းအဝိုင်းနဲ့ ရပ်စွန့်ရွာစွန့်ပြီး ဒုက္ခသည်စခန်းမှာ ပညာလာသင်ကြတဲ့အထဲ အချို့က အစိုးရကျောင်းမှာ သင်ကြားဖို့ ငွေကြေးမတတ်နိုင်တာ ရှိသလို အချို့က ငွေကြေးတတ်နိုင်ပေမဲ့ အစိုးရရဲ့ ကျောင်းပညာရေးစနစ်ကို မနှစ်သက်ကြတာလည်း ဖြစ်ပါတယ်။
သူမဟာ ၂နှစ်ကာလ မှီခိုနေထိုင်ခဲ့တဲ့ မယ်လစခန်း ဇုံ(A3)က မိဘမဲ့ဘော်ဒါဆောင်ဟာ အလှူရှင်ရဲ့ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်ခံ ရလို့ ဆက်နေလို့မရတော့ အသိအိမ်တွေမှာ နေထိုင်ရင်းနဲ့ပဲ လက်ရှိ မယ်လစခန်း၌ အမှတ်(၅) အထက်တန်းကျောင်းမှာ ဆယ်တန်း ကျောင်းသူအဖြစ် ပညာကို ဆက်လက် သင်ကြားနေပါတယ်။
“ရပ်ဝေးမှာ ဆွေမျိုးမရှိဘဲ သူများအိမ်မှာနေရတာ စိတ်အားတော့ ငယ်ရတာပေါ့။ ဒါပေမယ့် အားငယ်တာ ကိုတွေးပြီး ကိုယ့်မျှော်မှန်းချက် ကို စွန့်လို့မဖြစ်ဘူးလေ။ အဆိုးဆုံးက ကလေးဘဝမှာ မိဘရဲ့နွေးထွေးမှု အရိပ်အောက်မှာ နေချင်ပေမယ့် နေခွင့်မရတာ ၀မ်းနည်းမိတယ်။ အခု အရွယ်နည်းနည်းရလာပြီဆိုတော့ အားငယ်စိတ်တွေ အရင်ကလို မရှိတော့ဘူး”လို့ သူမက ခံစားပြောဆိုပါတယ်။
နော်ဆာ့ကမွီးဖောက “ဒီနှစ်ဆယ်တန်းအောင်ရင် ဒီမယ်လစခန်းမှာ ဖွင့်တဲ့ Post Ten ကျောင်းတကျောင်း ကျောင်းတက်မယ်။ အထူးသ ဖြင့် ကွန်ပြူတာနဲ့ အင်္ဂလိပ်စာ ဘာသာရပ်ပါတဲ့ကျောင်းပေါ့။ ပြီးရင် ဆေးပညာ ဆက်သင်မယ်လို့ ရည်မှန်းထားတယ်”လို့ ပြောပါတယ်။
အတန်းတူ၊ ဘော်ဒါဆောင်အတူနေသူ သူမ၏ သူငယ်ချင်း နော်စူးလာ့ဖောက “သူ(ဆာ့ကမွီးဖော)က ပြောတဲ့အတိုင်း လုပ်တတ်တယ်။ သူ့ရဲ့ရည်မှန်းချက်အတိုင်း လုပ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”လို့ ထောက်ခံပြောဆိုလိုက်ပါသေးတယ်။
မွေးချင်းမောင်နှမ ရဦးအနက် ၄ဦးမြောက်ဖြစ်သူ နော်ဆာ့ကမွီးဖောဟာ တကယ်တော့ လယ်နဲ့ တောင်ယာ လုပ်ကိုင်နေတဲ့ မိဘ၊ မောင်နှမ တွေနဲ့အတူ မြန်မာပြည်မှာ နေထိုင်ပြီး ပညာသင်ချင်သူပါ။ ဒါပေမဲ့လည်း သူမတို့ မောင်နှမများတော့ မိဘတွေက မိသားစု စားဝတ်နေရေး ကိုပဲ အဓိက အာရုံစိုက် လုံးပမ်းနေရတာကြောင့် ကျောင်းစရိတ်သက်သာပြီး ကျောင်းသုံးပစ္စည်းတွေ မဝယ်ရတဲ့ မယ်လစခန်းကို ပို့ဆောင် ခဲ့တာလို့လည်း သူမက ပြောပါတယ်။
ထောက်ပံ့သူမရှိဘဲ ဒုက္ခသည်စခန်းမှာ ကျောင်းစနေလာကတည်းက သူမဟာ ကျောင်းအတွက် မဖြစ်မနေ ထည့်ရမဲ့ ကျောင်းဝင်ကြေး၊ ရံဖန်ရံခါ ထည့်ရတဲ့ ကျောင်းအလှူငွေတွေအတွက် ပြည်တွင်းက မိဘ၊ အစ်မနဲ့ တတိယနိုင်ငံရောက်ရှိနေတဲ့ ဦးလေးတွေထံက ပြန်လည် ဆက်သွယ် တောင်းယူရပါတယ်။
ဒုက္ခသည်စခန်းထဲက ကျောင်းသူကျောင်းသား အများစုဟာ ဆယ်တန်းအောင်ပြီးနောက် စခန်းတွင်းက ဆယ်တန်းလွန်ကျောင်း၊ ကျောင်း ဆရာဖြစ်သင်တန်း၊ ဆေးဆရာဖြစ်သင်တန်းနှင့် လူ့အခွင့်အရေးသင်တန်း အပါအဝင် ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွေမှာ မိမိတို့ ၀ါသ နာပါရာကို တက်ရောက်ကြပါတယ်။ အဲဒီနောက် လူမှုအဖွဲ့အစည်းတွေမှာ ၀င်ရောက်လုပ်ကိုင်ကြသူတွေ ရှိသလို အချို့ကလည်း ငယ်ရွယ် ချိန် အိမ်ထောင်ရက်သားကျပြီး ပညာရေးကို ကျောခိုင်းသွားခဲ့သူတွေလည်းရှိတယ်လို့ ကရင်ဒုက္ခသည်များကော်မတီ-ကေအာရ်စီရဲ့ပညာ ရေးတာဝန်ခံ ဆရာမနော်တဘိုးရာထူးက ပြောပါတယ်။
ဆက်လက်၍ သူမက “စခန်းထဲက ကလေးတွေ တော်တော်များများဟာ ဒုက္ခသည်မှာသင်တဲ့ ပညာရေး လောက်ပဲ သင်ကြားကြရတယ်။ သူတို့ဆီမှာ Documentary (ပညာဆက်သင်နိုင်မဲ့ စာရွက်စာတမ်း)မရှိဘူး။ နောက်တချက်က အဆင့်မြင့်တဲ့ ကျောင်းတက်မယ်ဆိုလည်း လူအကန့်အသတ်နဲ့ လက်ခံကြလို့ ထိုးဖောက်ဖို့က မလွယ်ဘူး”လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒုံယန်းနှင့် ထမ်းဟင် စတဲ့ ကရင်ဒုက္ခသည်စခန်း ရခုမှာ မူလတန်း ၂၇ကျောင်း၊ အလယ်တန်း ၁၄ကျောင်း၊ အထက်တန်း ၂၄ကျောင်းနှင့် အထက်တန်းလွန် ၁၈ကျောင်း ရှိပြီး ကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်း ၃၃,၀၀၀ (သုံးသောင်းသုံးထောင်)ကျော်ရှိတယ်လို့ ကရင်ဒုက္ခသည်ကော်မတီ(KRC)က ပညာရေးမှတ်တမ်းအ ရ သိရပါတယ်။
နော်ဆာ့ကမွီး ပညာသင်ကြားနေတဲ့ လက်ရှိ မယ်လဒုက္ခသည်စခန်းမှာတော့ မူလတန်း ၁၂ကျောင်း၊ အလယ်တန်း ရကျောင်း၊ အထက် တန်း ၈ကျောင်းနှင့် အထက်တန်းလွန် ၅ကျောင်းမှာ ကျောင်းသား ကျောင်းသူဦးရေ ၁၀,၀၀၀ (တစ်သောင်း)ကျော်ရှိတယ်လို့ KRC မှ ဆရာမနော်တဘိုးရာထူးက ပြောပါတယ်။
နော်ဆာ့ကမွီးဖောရဲ့ မိခင်ဟာ အသက် ၄၅နှစ်သာ ရှိသေးပေမဲ့လည်း အိမ်မှာ အဓိက အလုပ်လုပ်ရတဲ့ ဖခင်ဖြစ်သူကတော့ အသက် ၆၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ သူမဟာ ကျောင်းနေခဲ့တဲ့ သက်တမ်းတစ်လျှောက် ထူးချွန်ထက်မြက်တဲ့ ကျောင်းသူတစ်ဦး မဟုတ်ခဲ့ပေမဲ့လည်း အတန်းပညာကို နှစ်စဉ် အောင်မြင်ခဲ့သူပါ။ ဒါ့အပြင် သူမရဲ့ဇာတိ လယ်ဖိုးကျေးရွာမှာကလည်း ဆေးပညာပိုင်း တတ်ကျွမ်းသူ မရှိတဲ့အ ပေါ် ဒီရည်မှန်းချက်ကိုပဲ မဖြစ်မနေ အကောင်အထည်ဖော် ကြိုးစားသွားမယ်လို့ သူမက အားမာန်အပြည့်နဲ့ ပြောဆိုလိုက်ပါတယ်။
“ကျမ မယ်လရောက်ကတည်းက ရွာကို ၃ခေါက် အလည်ပြန်ပါတယ်။ ပြန်တိုင်းလည်း ကျမရွာဟာ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး တွေက အရင်အတိုင်းပဲ။ မတိုးတက်ဘူး။ ဒီလို အဖက်ဖက်က လိုအပ်နေတဲ့အထဲမှာ ကျမဝါသနာပါတဲ့ ဆေးပညာနဲ့ ပြန်အကျိုးပြုရင် အကောင်းဆုံးပဲ”လို့ သူမရဲ့ ဆုံးဖြတ်ချက်ကို ပြောဆိုပါတယ်။
သူမအနေနဲ့လည်း အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူဖို့ရာ ခက်ခဲတဲ့ ဒုက္ခသည်စခန်းအတွင်းရှိ ကျောင်းသားလူငယ်တွေကို အလုပ် မရွေးဘဲ သင့်တော်ရာကဏ္ဍမှ တတ်စွမ်းသမျှ အမျိုးသားရေးအတွက် အကျိုးပြုစေချင်တဲ့ဆန္ဒရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။