တန်းတူမှုလည်းရှိ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်းရှိ၊ ဒီမိုကရေစီလည်းပြည့်ပြည့်ဝဝရှိတဲ့ ညီညွတ်မှုနဲ့ငြိမ်းချမ်းမှုကို လူတိုင်းနှစ် သက်၊ လိုလားကြပါတယ်။ အဲဒီလို တန်းတူမှုလည်းရှိ ဒီမိုကရေစီလည်း ပြည့်ပြည့်ဝဝရှိတဲ့ ညီညွတ်မှုနဲ့ ငြိမ်းချမ်းမှုကို အရှည် တည်တံ့ခိုင်မြဲစေချင်ကြပါတယ်။
အဲဒီလိုမဟုတ်ဘဲ။ တစ်ဖက်သတ်အပေါ်စီးယူထားလို့ ငုံ့ခံနေရတဲ့၊ အားမတန်လို့မာန်လျှော့ရတဲ့၊ မချစ်သော် လည်း အောင့်ကာ နမ်းရတဲ့ “တည်ငြိမ်မှုနဲ့အေးချမ်းသာယာမှု” ဆိုတာမျိုးကိုတော့ ဘယ်သူမှ လိုလားမယ် မထင်ပါဘူး။ အဲဒီလို “တည်ငြိမ်မှုနဲ့အေးချမ်းသာယာမှု”ဆိုတာမျိုးဟာ မုန်တိုင်းတိုက်ခတ်မလာခင်အခိုက်အတံ့ ကာလလေးမှာရှိနေတတ်တဲ့ သာယာမှုမျိုးသာဖြစ်ပါလိမ့်မယ်။
ဒါကြောင့် အရှည်တည်တံ့ခိုင်မြဲစေမယ့် ညီညွတ်မှုနဲ့ငြိမ်းချမ်းမှုကို တကယ်တန်းလိုလားတယ်ဆိုရင် တန်းတူမှု၊ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီကို လှည့်စားမှုမဟုတ်ဘဲ၊ ဟန်ပြမဟုတ်ဘဲ၊ အပေါ်ယံမဟုတ်ဘဲ စစ်စစ်မှန်မှန် ပြည့်ပြည့်ဝဝရှိဖို့ လိုအပ်ပါတယ်။
“ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းရင်းသားလူနည်းစုလက်နက်ကိုင်အဖွဲ့များသည် လွန်ခဲ့သောနှစ် ပေါင်း ၆၀ ကပင် ယုံမှားသံသယဖြစ်မှုများအပေါ်အခြေခံ၍ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကြောင်း၊”
ဒီစကားဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နှုတ်ထွက် စကား ဖြစ်ပါတယ်။
သူတို့သဘောထားအမြင်ကို တိတိကျကျဖေါ်ပြလိုတဲ့အခါမျိုးမှာ “ ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ” ဆိုတဲ့စကားလုံး တွေနဲ့ ပြောလေ့ရှိ ပါတယ်။“ပြည်ပအားကိုးမှု၊ ပြည်ပသွေးထိုးမှု” ဆိုတဲ့စကားလုံးလည်း ထည့်သုံးတတ်တယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့်ဒီမိုကရေစီ ပြည့်ပြည့်ဝဝရရှိရေး ပြဿနာဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၆၀ကျော်က ယုံမှားသသယဖြစ်မှု မဟုတ်ပါ။ တင်းပြည့်ကျပ်ပြည့် တန်းတူမှုမရှိလို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိလို့၊ ဒီမိုကရေစီပြည့်ပြည့်ဝဝမရှိလို့ တောင်းဆိုခဲ့ကြတယ်။ ဒီလို တောင်းဆိုမှုတွေကို အုပ်စိုးသူအစိုးရအဆက်ဆက်က လက်နက်နဲ့ ဖိနှပ်ချေမှုန်းခဲ့တယ်။ (ဖိနှိပ်ချေမှုန်းနေဆဲဖြစ်တယ်)။ ဒီတော့ ဖိနှိပ်ခံရသူတွေဟာ မလွဲမရှောင်နိုင်တော့ဘဲ၊ ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ကြရတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ပြည်တွင်းစစ်လည်း သက်တမ်းရှည်ကြာလာခဲ့ရ တယ်။ ပြည်တွင်းစစ်ဖြစ်တော့ ပြည်တွင်းစစ်ရှည်ကြာ တော့ တိုင်းပြည်နဲ့ ပြည်သူတွေ ထိခိုက်နစ်နာပါတယ်။
ပြည်တွင်းစစ်ကို ရပ်စဲဖို့ ပထမဆုံးလိုအပ်ချက်က အစိုးရဘက်က သဘောထားမှန်ဖို့ဖြစ်ပါတယ်။“နှစ်ပေါင်း ၆၀ကျော် ယုံမှားသံသယ”၊ “ ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ” ဆိုတဲ့ အမြင်မှား၊ အစွဲမှားတွေနဲ့သာကြည့်မြင် သဘောထား နေသမျှ ကာလပတ်လုံး ပြည်တွင်းစစ်ရပ်စဲဖို့လည်း မဖြစ်နိုင်သလို ပြည်တွင်းငြိမ်းချမ်းရေးလည်း လက်တွေ့ဖြစ်မြောက်လာနိုင်မှာ မဟုတ် ပါဘူး။ လက်တွေ့မဖြစ်မြောက်ခဲ့လို့လည်း နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ မဟုတ်ပါလား။
လူပြိန်းဆန်ဆန်ငြီးတွားရမယ်ဆိုရင် သြော် —တော်တော်ခိုင်မြဲတဲ့ “နှစ်ပေါင်း ၆၀ကျော် ယုံမှားသံသယ”။
သေချာတဲ့ကောက်ချ ချနိုင်တာကတော့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်းမှာ အုပ်စိုးသူအစိုးရအဆက်ဆက် (လက်ရှိအစိုးရ အထိ) ဟာ ပြည်တွင်းစစ်ပြဿနာအပေါ် သဘောထား မမှန်ခဲ့ကြဘူးဆိုတဲ့အချက်ဖြစ်ပါ တယ်။
တိုင်းရင်းသားအင်အားစုတွေ တောင်းဆိုခဲ့ကြတဲ့ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” မှာ အခြေခံမူကြီး ၄ရပ် ပါရှိပါ တယ်။ အဲဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအခြေခံမူကြီး ၄ ရပ် မှာ
(၁) ဗမာပြည်နယ်ဖွဲ့စည်းရေး
(၂) လွှတ်တော် နှစ်ရပ်အာဏာတူပေးရေး
(၃) အထက်လွှတ်တော်သို့ တူညီသော လွှတ်တော်ကိုယ်စားလှယ်ဦးရေ စေလွှတ်ရေး
(၄) ဗဟိုကိုအာဏာကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာများ ရယူရေး
တို့ ဖြစ်ပါတယ်။
အဲဒီအထဲက ပထမဆုံးအချက်ဖြစ်တဲ့ “ဗမာပြည်နယ်ဖွဲ့စည်းရေး”ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ခုစလုံး (၁၉၄၇/၁၉၇၄/၂၀၀၈) က လက်မခံခဲ့ပါဘူး၊ အသိအမှတ်မပြုခဲ့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ခုစလုံးဟာ ကျန်တဲ့အချက်တွေနဲ့လည်း မကိုက်ညီပါဘူး။
မေလ ၃ ရက်၊ နေ့စွဲဖြင့်ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် (၁၂/၂၀၁၂)မှာ ပါရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီရဲ့လုပ်ငန်းတာဝန်တွေကို လေ့လာကြည့်ပါ။
(က) နဲ့ (ခ) ဆိုပြီး ၂ ပိုင်းခွဲထားပါတယ်။ အပိုင်း (ခ) ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း ( အချက် ၈ ချက် ဖေါ်ပြထားပါတယ်) ဆိုတဲ့ အနှစ်သာရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို လက်ခံ၊ နိုင်ငံရေးပါတီထောင်၊ လက်နက်ကိုင်အဖွဲ့ကို ဖျက်သိမ်းဖို့ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုရင် လည်း လွှတ်တော်ထဲမှာ အများသဘောဆန္ဒနဲ့ အညီဆောင်ရွက်ရမယ်တဲ့။ အဲဒီ အချက်တွေထဲမှာအဓိက အကျဆုံး အချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို လက်ခံနိုင်သလား/လက်မခံနိုင်ဘူးလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုရင်လည်း လွှတ်တော်ထဲမှာ အများသဘောဆန္ဒနဲ့အညီဆောင်ရွက်ရမယ်လို့ ဆိုထားတဲ့ အတွက် လွှတ်တော်ပြင်ပကနေ တောင်းဆိုနေလို့ မရဘူးဆိုတာကို ရှင်းရှင်းပြတ်ပြတ်ပြောတာ ပါဘဲ။ “အပိုင်း(ခ) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း”မှာ ဖေါ်ပြထားတာတွေဟာတစ်ဖတ် သတ်ကျတဲ့ အပေါ်စီးယူထားတဲ့ နည်းလမ်းတွေလို့ ယူဆပါတယ်။ ဖွဲ့စည်းပုံအခြခံဥပဒေ(၂၀၀၈)ကို လက်ခံမှ ထာဝရငြိမ်းချမ်းရေးရမယ်လို့ ပြောချင်တာပါ။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က Peace Donor Support Group(PDSG) နဲ့တွေ့ဆုံရာမှာ “မိမိတို့၏ ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးရရှိရေး နှင့် ဥပဒေတစ်ခုတည်းအောက်တွင် တန်းတူညီမျှ နေထိုင်ကြရေး” လို့ ထုတ်ပြောပါတယ်။ ဒီလိုသဘောထား၊ ဒီလိုအမြင်၊ ဒီလိုနည်းလမ်းတွေနဲ့ “နှစ်ပေါင်း ၆၀ကျော် ယုံမှားသံသယ” တွေကို ဖြေရှင်း ကျော်လွှား ကုစား နိုင်ပါ့မလား။ ပြည်တွင်းစစ် အဆုံးသတ်နိုင်ပါ့မလား၊ ထာဝရငြိမ်းချမ်းရေးတကယ် ရနိုင်ပါ့မလား။
တချို့“လေ့လာသူတွေ” ကလည်း အခုလို သုံးသပ်ပြောဆိုကြပါတယ်။ ဒီကနေ့ဆွေးနွေးနေကြတယ်ဆိုတာ သူ့ဘက်ကိုယ့်ဘက်၊သူ့အကွက်၊ ကိုယ့်အကွက် “နိုင်ငံရေးကစား” နေကြတာတဲ့။ ဒီလိုဆိုရင်တော့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို အပေါင်ထားပြီး “နိုင်ငံရေး မကစားကြပါနဲ့” လို့ အားလုံးကို မေတ္တာရပ်ခံပါရစေ။ တန်းတူမှုလည်းရှိ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်းရှိ၊ ဒီမိုကရေစီပြည့်ပြည့်ဝဝရှိတဲ့ အခြေခံအပေါ်မှာ ပြည်တွင်းစစ် ရပ်စဲကြပါစို့။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ကြပါစို့။