ကရင်ပြည်နယ် ပညာရေး တိုးတက်စေနို်င်မှာလား

ကရင်ပြည်နယ် ပညာရေး တိုးတက်စေနို်င်မှာလား
by -
မနိုက်အွာ

လက်ရှိမြန်မာနိုင်ငံတွင် ပညာရေးစနစ်အဆင့် အတန်းနိမ့်ကျမှုနှင့်စီးပွားရေးကြပ်တည်း မှု တွေကြောင့် ကလေးလူငယ်တွေဟာကျောင်းနေ ချင်ကြပေမဲ့ မနေနိုင်သူတွေ အများကြီးရှိနေ သလို တချို့မှာ ကျောင်းနေရဖို့အတွက်အခက် အခဲ အတားအဆီး အမျိုး မျိုးနှင့်ရင်ဆိုင်နေရ တဲ့အထဲမှာ နန်းမူးမူလည်း အပါအဝင် ဖြစ်တယ်။

PICT2594

အသက် (၁၆)နှစ်ရှိပြီဖြစ်တဲ့ နန်းမူးမူဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးအတွင်းရှိ မိတန်ကျေးရွာတွင် နေထိုင်ပြီး ဒီနှစ်တွင် ၉တန်းတက်ရမယ့် ကျောင်းသူလေးဖြစ်ပါတယ်။ မောင်နှမ ရဦးရှိတဲ့ သူမဟာ ကျောင်းဆက်တက်ဖို့အတွက် ကုန်ကျစရိတ် များ လွန်းတာကြောင့် မိဘတွေက မထောက်ပံ့နိုင်ဘူးလို့ ဆိုပါတယ်။

“ဒီနှစ်က ၉တန်းဆိုတော့ အရင်နှစ်တွေထက် အကုန်အကျများမယ်။ ကျမအပေါ်က အစ်ကို အစ်မတွေက ကျောင်းမနေတော့ပေ မယ့် ကျမအောက်က ညီမတစ်ယောက်လည်း ဒီနှစ် (၆)တန်း။ မောင်လေးတစ်ယောက်လည်း ကျောင်းစနေနေပြီဆိုတော့ အဖေ အမေတွေက ကျမကို မပို့နိုင်တော့ဘူး။”လို့ နန်းမူးမူက ပြောတယ်။

“ကျောင်းဆက်မနေရရင်တော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို သွားပြီး အလုပ်လုပ်မယ်။”လို့ သူမအနေနဲ့ စဉ်းစားထားတယ်။

စီးပွားရေး ကြပ်တည်းနေတဲ့ လက်ရှိမြန်မာပြည်မှာ စားကုန်၊ သုံးကုန်ပစ္စည်းတွေ စျေးနှုန်းမြင့် တက်နေသလို ပညာသင်စရိတ်လည်း အကုန်အကျများတော့ သားသမီးတွေရဲ့ ပညာရေးကို အားပေးချင်သော်လည်း ထောက်ပံ့ပေးဖို့ အင်အားမရှိဘူးလို့ နန်းမူးမူရဲ့ မိခင် ဖြစ်သူ ဒေါ်နန်းစေ (နာမည်အရင်းမဟုတ်)က ပြောပါတယ်။

“သမီးက ၉တန်းဆိုတော့ အရမ်းကုန်တယ်။ ကျူရှင်ခက တစ်လတစ်လကို သောင်းချီကုန်တယ်။ ပြီးတော့ အိမ်မှာနေလို့မရဘူး။ အထက်တန်းကျောင်းရှိတဲ့ ကျိုက်ဒုံမှာ သွားနေရမယ်။ အဲဒီအတွက် အိမ်ဌားခ၊ စားဖို့သောက်ဖို့အတွက် အကုန်လုံးကို ထုတ်ပေးရ မယ်။ ကျမတို့ မတတ်နိုင်ဘူး။”လို့ ဒေါ်နန်းစေက ပြောပါတယ်။

မိတန်ကျေးရွာတွင် မူလတန်း၊ အလယ်တန်းကျောင်းတွေရှိပေမယ့် အထက်တန်းကျောင်းကိုတော့ ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲ ကျိုက်ဒုံမြို့သို့ ပြောင်းရွှေ့ ပညာသင်ကြားရတာဖြစ်တဲ့အတွက်ကျောင်းစရိတ် အပြင် အခြား နေစရာ၊ စားစရာအတွက် ကုန်ကျ စရိတ်များ လွန်းသောကြောင့် နန်းမူးမူတို့ မိသားစုလိုပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြားမိသားစုတွေလည်း အများကြီး ရှိ နေပါတယ်။

United Nations International Children’s Emergency Fund (UNICEF)အဖွဲ့ရဲ့ ၁၉၉၅ခုနှစ်ကလေ့လာတွေ့ ရှိချက်အရ မြန်မာ နိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်အေးချမ်းမှု မရှိတာရယ်၊ ဒေသတွင်း စီးပွားရေးကြပ်တည်း လာတာရယ်ကြောင့် ကလေး ၁၀ဦးမှာ ၃ဦး က ကျောင်းတခါမှ မနေဖူးသလို ကျောင်းနေတဲ့ ကလေးတွေ ထဲက ၄၀ရာခိုင်နှုန်းမှာ မူလတန်းအထိ မတက်နိုင်ကြပါဘူး။ ဒါ့အပြင် မိဘတွေထဲက၂၆ရာခိုင်နှုန်း လောက် ဟာ သားသမီးရဲ့ ပညာရေးကို မထောက်ပံ့နိုင်သလို ကျောင်းနေတဲ့ ကလေး ၆၀ရာခိုင်နှုန်း လောက်ဟာလည်း မူလတန်းကျောင်းကို ပြီးဆုံးအောင် မတက်နိုင်ကြပါဘူးလို့ ဆိုတယ်။

ကရင်ပြည်နယ်၊ ဖားအံမြို့မှာ နေထိုင်ပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတခုမှာ ပညာရေးနှင့်ပတ်သက်၍ နယ်ဆင်းကူညီဆောင် ရွက်ပေးနေတဲ့ စေတနာဝန်ထမ်း လူငယ်တဦးက သူရောက်ရှိခဲ့တဲ့ ကရင်ပြည်နယ်ရှိ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်း ဘွဲမြို့နယ်တွေထဲက ကျေးလက်ဒေသတွေမှာရှိတဲ့ကလေး တွေ အတော်များများဟာ ကျောင်းမနေနိုင်ပဲ မိဘတွေရဲ့ လုပ်ငန်းခွင်မှာ ရောက်ရှိအလုပ်လုပ်နေကြရပါ တယ်လို့ ဆိုပါတယ်။

“အထူးသဖြင့် မြို့နဲ့ မနီးမဝေး ကျေးလက်တောရွာတွေမှာ ကလေးလူငယ်တွေ အများစုက ကျောင်းမနေ နိုင်ကြပါဘူး။ ကျောင်းနေ တဲ့ကလေးတွေ အများစုဟာလည်း မူလတန်းအထိပဲ နေနိုင်ပြီးတော့ အလယ်တန်း၊ အထက်တန်း မတက်နိုင်တာ များတယ်။”လို့ ထိုလူငယ်က ဆိုပါတယ်။

ကျောင်းမနေနိုင်တဲ့ ကလေးလူငယ်တွေဟာ မိဘတွေရဲ့လယ်ယာ၊ တောင်ယာ၊ ခြံလုပ်ငန်းတွေမှာဝင်ရောက် လုပ်ကိုင်နေကြတာ ရှိ သလို အရွယ်ရောက်လာတဲ့ ကလေးလူငယ်တွေ အချို့က ဝင်ငွေနည်းနည်းကောင်းတဲ့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်နေ ကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာက မိဘတွေရဲ့ အထွေထွေစီးပွားရေး အကြပ်အတည်းတွေကြောင့် ကလေးတွေ ကျောင်းမနေနိုင်ကြ သလို အစိုးရရဲ့ လျစ်လျူရှုမှုကြောင့် ပညာရေးစနစ် အဆင့်အတန်း နိမ့်ကျနေရတာဖြစ်ပြီး ကျောင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အ တွက် အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေ ရှိဖို့လိုအပ်သလို ကလေးတွေ ပညာရေးကို ပိုမို စိတ်ဝင်စားလာအောင် ခိုင်ခန့်တဲ့ ကျောင်းဆောင်တွေ လုပ်ဆောင်ပေးဖို့လိုအပ် ကြောင်း ထိုစေတနာ့ဝန်ထမ်းလူငယ်က အခုလို ထောက်ပြပြောဆိုပါတယ်။

“ပညာရေးစနစ် အဆင့်အတန်းမြင့်မားလာဖို့က အဓိက အုပ်ချုပ်သူတွေမှာ လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ ပညာရေးအဆင့် နိမ့်ကျတဲ့ အကြောင်းက သင်ရိုးညွှန်းတမ်း ခေတ်မမီတာလည်း ပါတယ်။ အခု ကျောင်းမှာ စာအုပ်ကြည့် အလွတ်ကျက်စနစ်နဲ့ သွားနေတာ။ အခုခေတ်နဲ့ဆို အရမ်းကို နောက်ကျနေပြီ။ တိုင်းပြည်ကို အကျိုးပြုတဲ့ စီးပွားရေးပညာရှင်တွေ၊ ပညာရေးပါမောက္ခကြီးတွေ၊ ဆရာ ဝန်၊ အင်ဂျင်နီယာ၊ နိုင်ငံ ခေါင်းဆောင် ကောင်းတွေဟာ အဲဒီအခြေခံ စာသင်ကျောင်းကနေတဆင့် လာတာပဲလေ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက်ဖြစ်စေ၊ ကလေးလူငယ်တွေရဲ့ အနာဂတ်အတွက်ဖြစ်စေ ပညာရေးဟာ အင်မတန် အရေးကြီးပါတယ်။”

အစိုးရတွေကတော့ မြန်မာနိုင်ငံမှာ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို ပြဌာန်းထားပါတယ်။

ဖားအံမြို့က အသက် ၆၀ကျော်အရွယ် အမျိုးသမီးတဦးက အခမဲ့ ပညာရေးစနစ်က ဘာကိုဆိုလိုတာလဲဆိုတာ သူမအနေနဲ့ နားမ လည်ဘူးလို့ ပြောပါတယ်။ ၂၀၁၁-၂၀၁၂ စာသင်နှစ်မှာ စတုတ္ထတန်းတက်ရမယ့် မြေးလေးရဲ့ ကုန်ကျစရိတ်တွေကို တွက်ကြည့်ရင် ဘယ်အရာမှ အခမဲ့ဆိုတာ မရှိဘူးလို့ သူမက ဆိုပါတယ်။

“အခမဲ့ဆိုတာ ဘာလဲ။ ကျမတော့ နားမလည်ဘူး။ ကျမ မြေးလေးဆို သူငယ်တန်းကလေးကနေစပြီး ဒီနေ့အထိက အကုန်ဝယ်ရ တာပဲ။ ကျောင်းမှာတော့ အည့ံစား စာအုပ်တချို့ ဝေတာကလွဲလို့ တခြားအကုန် ဝယ်ရတယ်။”လို့ ဆိုပါတယ်။

လက်ရှိ အစိုးရ၏ ပညာရေးစနစ်မှာ ကျောင်းတွင်းသင်ကြားမှုတစ်ခုတည်းနှင့် မပြည့်စုံဘဲ ကျောင်းချိန်ပြင်ပ သင်ကြားသည့် ကျူရှင် ကိုပါ ပူးတွဲ သင်ယူနေရတဲ့အတွက် ကုန်ကျစရိတ်ကလည်း မူလတန်းအဆင့်တောင် လစဉ် ကျူရှင်ခပင် ကျပ်ငွေတစ်သောင်း ကုန် ကျနေတယ်လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

သူမက “အခုခေတ် ပညာရေးက ထူးဆန်းတယ်။ ပညာသင်စနစ်က ကျောင်းမှာထက် ကျူရှင်က ပို အဓိကကျတယ်။ သူငယ်တန်း ကအစ ကျူရှင်မတက်ရင် အောင်ချက်အမှတ် ကောင်းကောင်းမရဘူး။ မြေးလေးကို သူငယ်တန်းကလေးကစပြီး အခု ၄တန်းတက် ရမယ့်အချိန်အထိ အခြားကလေးတွေလို အောင်ချက်ကောင်းအောင် နေ့တိုင်း ကျူရှင်ပေးတက်နေရတယ်။ ကျူရှင်ခက တလကို တစ်သောင်း ပေးရတယ်။”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရ သမ္မတ ဦးသိန်းစိန်က မတ်လ ၃၀ရက်မှာ ပြောကြားတဲ့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာတော့ အနာဂတ် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမဲ့ မျိုးဆက်သစ်လူငယ် အပါအဝင် တနိုင်ငံလုံး ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး မြင့်မားရေးဟာ အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်တာကြောင့် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာအောင် ဆောင်ရွက်သွားမယ်။ လက်ရှိ ကျင့်သုံးနေတဲ့ အခမဲ့ မသင်မ နေရ မူလတန်း ပညာရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ရက်နေ့က ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်ပြန်တမ်းအရ ၂၀၁၁ခုနှစ်ရဲ့ ဘဏ္ဍာငွေ အသုံး စရိတ်မှာ စစ်အသုံးစရိတ် ကို (၂၃.၆)ရာခိုင်နှုန်း လျာထားပြီး ပညာရေးစရိတ်ကိုတော့ (၄.၁၃)ရာခိုင်နှုန်းသာ လျာထားခဲ့ပါတယ်။

ဒီလိုသာ ပညာရေးအတွက် အသုံးစရိတ်ကို (၄.၁၃)ရာခိုင်နှုန်းပဲ သုံးစွဲသွားမယ်ဆိုရင် မြန်မာပြည်တစ်ဝှမ်းလုံး အတိုင်းအတာနဲ့ ကရင်ပြည်နယ်က ကလေးလူငယ်တွေရဲ့ ပညာရေးအတွက် သုံးစွဲနိုင်မဲ့ ရာခိုင်နှုန်းကတော့ ဆင်ပါးစပ် နှမ်းပက်သလို အရင် စစ်အ စိုးရလက်ထက်အတိုင်း အရာထင် တိုးတက်လာမှာ မဟုတ်ဘူးလို့ ကရင်လူထုတွေက ယုံကြည်နေကြပါတယ်။

(မှတ်ချက် – နန်းမူမူနှင့် မိခင် ဒေါ်နန်းစေမှာ နာမည်အရင်းမဟုတ်ပါ။)